ခေတ်များတစ်လျှောက် အမွှေးနံ့သာ
ခေတ်များတစ်လျှောက် အမွှေးနံ့သာ
မက္ကဆီကိုနိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်
အမွှေးနံ့သာတွင် ရှေးကျသောသမိုင်းရှိသည်။ အမွှေးနံ့သာဖော်စပ်နည်း အတတ်ပညာ၏ အစမူလမှာ ဝတ်ပြုရေးအခမ်းအနားများတွင် အမွှေးတိုင်ထွန်းရန် သစ်စေးများနှင့် ထင်းရှူးစေးများကို မီးရှို့ခြင်းမှ စတင်သည်ဟု ထင်မှတ်ရဖွယ်ရှိ၏။ ထို့ကြောင့် “အမွှေးနံ့သာ” စကားလုံးသည် “မီးခိုးတောက်လျှောက်” ဟုအဓိပ္ပာယ်ရသည့် လက်တင်စကားလုံး ပါဗျူမ် မှဆင်းသက်လာသည်။ အမွှေးနံ့သာ၏ အစောပိုင်းမှတ်တမ်းတစ်ခုမှာ အီဂျစ်နိုင်ငံမှ စတင်ခဲ့၏။ ဖာရောထူတဲန်ခါမဲန်၏ သင်္ချိုင်းဂူကိုဖွင့်လိုက်သောအခါ ရာစုနှစ် ၃၀ ကျော်ပြီးနောက်၌ပင် အမွှေးရနံ့အတော်အတန် ရှိသေးသည့် အမွှေးနံ့သာထည့်ထားသော မြေအိုး ၃,၀၀၀ ကျော်ကို တွေ့ခဲ့ရသည်!
ခရစ်နှစ်မတိုင်မီ နှစ်ပေါင်းတစ်ထောင့်ငါးရာက ဘိသိက်ပေးရန် သန့်ရှင်းသောနံ့သာဆီအတွက် ဘုရားသခင်ပေးသည့် ပုံသေနည်းဖြင့် ဖော်စပ်ထားသော “မြတ်သောနံ့သာမျိုး” ကို ဣသရေလယဇ်ပုရောဟိတ်တို့ အသုံးပြုခဲ့ကြသည်။ (ထွက်မြောက်ရာ ၃၀:၂၃-၃၃) ဟေဗြဲလူတို့သည် မွှေးကြိုင်သောလိမ်းဆေးများကို အလှပြင်ပစ္စည်းများ၊ ဆေးဖက်ဝင်ပစ္စည်းများအနေနှင့်သာမက လူသေများကို သင်္ဂြိုဟ်ရန် ပြင်ဆင်ရာတွင်လည်း အသုံးပြုခဲ့ကြသည်၊ ပိုးသတ်ဆေးနှင့် အနံ့အသက်ပျောက်ဆေးအနေနှင့်လည်း အသုံးပြုမည်မှာအမှန်။ ဥပမာ၊ အမျိုးသမီးများသည် ဆီမွှေးနှင့် နံ့သာမျိုးတို့ကို ယူဆောင်ကာ သင်္ချိုင်းသို့သွား၍ ယေရှု၏ရုပ်အလောင်းကို လိမ်းပေးခဲ့ကြသည်။ (လုကာ ၂၃:၅၆; ၂၄:၁) ဣသရေလအိမ်တွင် ဧည့်သည်၏ခြေကို ဆီမွှေးနှင့်လိမ်းပေးခြင်းသည် ဧည့်ဝတ်ပျူငှာခြင်းဖြစ်သည်ဟု ယူဆခဲ့သည်။—လုကာ ၇:၃၇-၄၆။
မှတ်တမ်းအရ ပထမရာစုတွင် ရောမတို့သည် တစ်နှစ်လျှင် လော်ဗန်,တန် ၂,၈၀၀ နှင့် မုရန်စေး,တန် ၅၅၀ ခန့်အသုံးပြုခဲ့ကြသည်။ သူငယ်တော်ယေရှုကို လက်ဆောင်ပေးရန် ထိုသို့သောအမွှေးအကြိုင်ပစ္စည်းများ ယူဆောင်လာကြသည်။ (မဿဲ ၂:၁၊ ၁၁) စီ.အီး. ၅၄ ခုနှစ်တွင် ရောမဧကရာဇ်နီရိုသည် ပါတီပွဲ၌ မွှေးကြိုင်ထုံသင်းစေရန် ဒေါ်လာ ၁၀၀,၀၀၀ တန်ဖိုးနှင့်ညီမျှသော အမွှေးအကြိုင်ပစ္စည်းများကို အသုံးပြုခဲ့သည်ဟု အဆိုရှိ၏။ သူ၏ထမင်းစားခန်းများတွင် ကွယ်ဝှက်သွယ်တန်းထားသော ပိုက်များဖြင့် ဧည့်သည်များကို ရေမွှေးမှုန်များ ပက်ဖျန်းပေးခဲ့သည်။ တရုတ်လူမျိုးတို့သည် စီ.အီး. ခုနစ်ရာစုမှစ၍ မွှေးကြိုင်သည့်ပန်းပေါင်းထုပ်အပါအဝင် အမွှေးနံ့သာများကို အသုံးပြုခဲ့ကြသည်။ အလယ်ခေတ်တွင် အစ္စလာမ်ယဉ်ကျေးမှု၌ အထူးသဖြင့် နှင်းဆီရနံ့ပါသော ရေမွှေးများကို အသုံးပြုခဲ့သည်။
၁၇ ရာစုအတွင်း ပြင်သစ်နိုင်ငံ၌ ရေမွှေးလုပ်ငန်းသည် မည်မျှအခြေကျနေသနည်းဟူမူ လူးဝစ္စ ၁၅ ၏နန်းတော်ကို ရေမွှေးနန်းတော်ဟုခေါ်ခဲ့သည်။ အမွှေးရနံ့များကို အရေပြားတွင်သာမက အဝတ်အစားများ၊ လက်အိတ်များ၊ ယပ်တောင်များနှင့် အိမ်ထောင်ပရိဘောဂများတွင်လည်း သုတ်လိမ်းခဲ့သည်။
၁၈ ရာစုတွင် တီထွင်ခဲ့သော ကလုံးရေမွှေးကို ရေချိုးရေများတွင်ထည့်၍ အသုံးပြုသည်၊ ဝိုင်နှင့် ရောသည်၊ ခံတွင်းသန့်စင်ဆေးရည်အဖြစ် သကြားခဲနှင့်တွဲ၍ စားသုံးသည်၊ ဝမ်းချူခြင်းနှင့် အနာအုံဆေးဖယောင်းချက်များတွင် ဆေးဖက်ဝင်ပစ္စည်းအနေနှင့် အသုံးပြုသည်။ ၁၉ ရာစုတွင် ပေါင်းစပ်အမွှေးနံ့သာများကို ပြုလုပ်လာခဲ့သည်။ သို့ဖြစ်၍ ဆေးဖက်ဝင်ပစ္စည်းအဖြစ် အသုံးမပြုသင့်သော ပထမဆုံးရေမွှေးများကို ဈေးကွက်သို့ တင်ပို့ရောင်းချလေတော့သည်။ ယနေ့ ရေမွှေးလုပ်ငန်းသည် ဒေါ်လာဘီလီယံနှင့်ချီသည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်၏။ *
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 7 ရေမွှေးနှင့်အကဲဆတ်ခြင်းအကြောင်းကို ၂၀၀၀၊ ဩဂုတ် ၈ ရက်ထုတ် [လိပ်] တွင်ဆွေးနွေးထားသည်။
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
စီ.အီး. ၁၄ ရာစုနှစ်၊ အီဂျစ်နိုင်ငံ၊ ထူတဲန်ခါမဲန်၏သင်္ချိုင်းဂူမှ အမွှေးနံ့သာမြေအိုး
[Credit Line]
Werner Forman/Egyptian Museum, Cairo, Egypt/Art Resource, NY
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ဘီ.စီ.အီး. ၅ ရာစုမှ ဂရိ
[Credit Line]
Musée du Louvre, Paris
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
စီ.အီး. ၁၈ ရာစုမှ ပြင်သစ်
[Credit Line]
Avec lʹaimable autorisation du Musée de la Parfumerie Fragonard, Paris
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
မျက်မှောက်ခေတ် ရေမွှေးပုလင်း