ကောင်းတဲ့အခန်းဖော်တစ်ယောက်ကို ငါဘယ်လို ရှာတွေ့နိုင်မလဲ
လူငယ်များအမေး
ကောင်းတဲ့အခန်းဖော်တစ်ယောက်ကို ငါဘယ်လို ရှာတွေ့နိုင်မလဲ
“အခန်းဖော်တွေသာမရှိရင် အချိန်ပြည့်ဧဝံဂေလိတရားဟောပြောသူအဖြစ် ကျွန်မအမှုထမ်းနိုင်မှာမဟုတ်သလို ငှားရမ်းခနဲ့ ဝန်ဆောင်ခတွေကို ပေးနိုင်မှာမဟုတ်ဘူး။”—လင်း။ *
လူငယ်လူရွယ်များ မိမိတို့နေအိမ်မှထွက်ခွာကြပြီး ‘လက်တွေ့ဘဝ’ ၌နေထိုင်ရခြင်းသည် အကုန်အကျများကြောင်း တွေ့ရှိကြသောအခါ သူတို့အံ့အားသင့်၍ တုန်လှုပ်သွားကြလေ့ရှိသည်။ များစွာသောသူတို့အတွက် မြင့်မားသော နေထိုင်မှုစရိတ် ကာမိစေသည့်နည်းတစ်နည်းမှာ အခန်းဖော်တစ်ဦး သို့မဟုတ် ထို့ထက်များသောအခန်းဖော်များနှင့် ဝေမျှကျခံခြင်းဖြစ်သည်။
သို့သော် ဤအခန်းဆက်၏ ယခင်ဆောင်းပါး၌ ဖော်ပြထားသည့်အတိုင်း တစ်စုံတစ်ဦး—အထူးသဖြင့် သူစိမ်းပြင်ပြင်တစ်ဦး—နှင့် ပေါင်း၍အခန်းငှားနေခြင်းသည် တကယ်ခက်ခဲနိုင်ပါသည်။ * ယင်းသည် အချိန်ပြည့်ဧဝံဂေလိတရားဟောပြောသူအဖြစ် အမှုထမ်းဖို့ ပေါင်း၍အခန်းငှားနေကြသော ခရစ်ယာန်လူငယ်များအချင်းချင်း၌ပင် အခက်တွေ့တတ်ပါသည်။ သင့်အခြေအနေ မည်သို့ပင်ရှိစေကာမူ တစ်ဦးတစ်ယောက်နှင့်ပေါင်း၍ အခန်းငှားနေဖို့ သင်စဉ်းစားနေလျှင် ထိုသူကိုရွေးချယ်ရာ၌ “လက်တွေ့ကျသောဉာဏ်ပညာ” ကိုအသုံးပြုမှသာ သင့်တော်ပေမည်။ *—သု. ၃:၂၁။
မကောင်းသောအပေါင်းအသင်း၏အန္တရာယ်
အရွယ်ရောက်လာသူ လူငယ်များစွာတို့သည် အခန်းဖော်အလောင်းအလျာကို ကြော်ငြာသင်ပုန်း၊ သတင်းစာထဲမှ ကြော်ငြာငယ်များနှင့် အင်တာနက်တို့၌ရှာဖွေကြသည်။ သို့သော် ငယ်ရွယ်သောခရစ်ယာန်များအတွက် ယင်းသို့သောသတင်းရပ်ကွက်များသည် စိုးရိမ်ဖွယ်အန္တရာယ်များဖြစ်၏။ ၎င်းတို့သည် သင်၏ယုံကြည်ခြင်း၊ ကိုယ်ကျင့်တရားနှင့် စံနှုန်းခြင်းမတူသူများနှင့် သင့်ကိုတွေ့ဆုံစေပေမည်။ ယုံကြည်ခြင်းတူသူနှင့်သာ အခန်းငှားနေလိုခြင်းသည် သဘောထားကျဉ်းမြောင်းခြင်း သို့မဟုတ် လူမှုရေးခေါင်းပါးခြင်းလော။ မဟုတ်ပါ၊ ယင်းသည် ပညာရှိလမ်းစဉ်ဖြစ်၏။ သမ္မာကျမ်းစာက “မကောင်းသောသူနှင့်ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ယိုယွင်းတတ်၏” ဟုသတိပေးသည်။—၁ ကောရိန္သု ၁၅:၃၃။
လီအမည်ရှိ လုံမပျိုတစ်ဦးအကြောင်း သုံးသပ်ကြည့်ပါ။ တက္ကသိုလ်အဆောင်တစ်ခုတွင် နေခါစက သူသည် နှစ်ခြင်းခံပြီးသော ခရစ်ယာန်တစ်ဦးမဖြစ်သေးပါ။ သူဤသို့ပြန်ပြောပြသည်– “တကယ်အန္တရာယ်ရှိတဲ့ ဝန်းကျင်တစ်ခုပါပဲ။ မိန်းကလေးတချို့ဟာ သူတို့အဆောင်ပြန်လာတော့ သူတို့ရဲ့အခန်းဖော် လိင်ဆက်ဆံနေတာနဲ့တိုးတယ်။” ထိုတွင်နေထိုင်ခြင်းက မကြာမီ လီ၏ဝိညာဉ်ရေးအပေါ် မကောင်းသည့်သြဇာသက်ရောက်ခဲ့သည်။ “ကျွန်မ ခရစ်ယာန်အစည်းအဝေးအတော်များများကို မတက်ဖြစ်တော့ဘူး” ဟုသူဝန်ခံသည်။ တဖြည်းဖြည်းနှင့် သူ၏အကျင့်ယိုယွင်းလာခြင်းသည် အံ့အားသင့်စရာမဟုတ်ပါ။ “တစ်နေ့ကျတော့ ကျွန်မဆဲမိတယ်၊ မိန်းကလေးတစ်ယောက်က ‘အဲဒါ ယေဟောဝါကြိုက်ပါ့မလား’ လို့ပြောတယ်။” အရှက်ရစရာပါတကား! ဝမ်းသာစရာမှာ လီသည် ထိုမကောင်းသောဝန်းကျင်ကို စွန့်ခွာ၍ ဝိညာဉ်ရေးဘက် တိုးတက်စပြုခဲ့သည်။ သို့သော် သူ၏တွေ့ကြုံမှုက သင့်စံနှုန်းများကို မလေးစားသောသူနှင့် နေထိုင်ခြင်းအန္တရာယ်ကို ဖော်ပြပါသည်။
သင့်လျော်သောအခန်းဖော်များရှာခြင်း
သို့ဖြစ်လျှင် အဘယ်နေရာ၌ရှာမည်နည်း။ ယေဟောဝါသက်သေများ၏ ဒေသခံအသင်းတော်မှစပါ။ အချိန်ပြည့်ဧဝံဂေလိတရားဟောပြောသူများသည် အချိန်ပြည့်ဟောပြောသူများအတွက် အထူး * မိဘများ၊ ဒေသခံအကြီးအကဲများ၊ နယ်လှည့်ကြီးကြပ်မှူးများနှင့် အခြားသူများတို့သည်လည်း အထောက်အကူဖြစ်နိုင်ပါသည်; သင့်လျော်သည့်အခန်းဖော်များဖြစ်မည့် လူငယ်အချို့ကို သူတို့သိကောင်းသိကြပေမည်။
ကျင်းပပေးသော သင်တန်းကျောင်းအမျိုးမျိုးနှင့် အစည်းအဝေးများ၌ ဝိညာဉ်ရေးစိတ်ထားရှိသော အခြားလူငယ်များနှင့် တွေ့ဆုံလေ့ရှိကြသည်မှာ စိတ်ဝင်စားစရာဖြစ်သည်။နှုတ်ဖြင့်ကြားသိစေခြင်းသည်လည်း အလွန်အသုံးဝင်နိုင်သည်။ သင်လိုအပ်နေသည့်အရာကို လူများများအား အသိပေးထားလေလေ လိုအပ်ချက်ပြည့်ဖို့ အကြောင်းများလေလေဖြစ်သည်။ (ဒေ. ၁၁:၆) ထို့ထက်ကား အခန်းဖော်တစ်ဦးရှာဖွေရာ၌ ယေဟောဝါအား အကူအညီတောင်းပြီး သင့်ကြိုးပမ်းမှုများအောင်မြင်စေဖို့ ကိုယ်တော်အား မျှော်ကိုးပါလေ။—၁ ယောဟန် ၅:၁၄၊ ၁၅။
အကြောင်းအချက်များကို ဆန်းစစ်ကြည့်ခြင်း
အခန်းဖော်ဖြစ်မည့်သူတစ်ဦးကို သင်တွေ့ရှိထားပြီဆိုလျှင် မကြာမီ ထိုသူနှင့် သင်အတူနေရန်စိတ်ပြင်းပြပေမည်။ သို့သော် ဦးဆုံးအနေနှင့် ဆန်းစစ်မှုအချို့ပြုလုပ်ခြင်းသည် ပညာရှိရာကျ၏။ ထိုသူသည် သူ၏အသင်းတော်ရှိ “ညီအစ်ကိုတို့တွင် အသရေရှိသောသူ” ဖြစ်သလော။ (တမန်တော် ၁၆:၁၊ ၂) သင်နှင့် သင်၏မိဘတို့သည် သူ့ကိုသိကျွမ်းသော ဝိညာဉ်ရေးဘက်ရင့်ကျက်သူများနှင့် တိုက်ရိုက်စကားပြောနိုင်ဖွယ်ရှိမည်။ ဤသို့သင်မေးနိုင်သည်– ‘သူဘယ်လိုနာမည်မျိုးရထားသလဲ။ စိတ်လှုပ်ရှားမှုနဲ့ ဝိညာဉ်ရေးတို့မှာ ဒီလူတည်ငြိမ်မှုရှိရဲ့လား။ ဟောပြောခြင်းနဲ့ အစည်းအဝေးတွေမှာ မှတ်ချက်ပေးခြင်းတို့မှာ သူပါဝင်ရဲ့လား။ အမူအကျင့်ကောင်းသူလို့ လူတွေသိထားကြသလား။’
“ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏” ဟုဆိုသည်ကို သတိရပါ။ (သု. ၁၃:၂၀) “ကျွန်တော့်ရဲ့အခန်းဖော်ဟာ တကယ်ဝိညာဉ်ရေးစိတ်ထားရှိတယ်” ဟုဒေးဗစ်ပြောသည်။ “အဲဒါက ကျွန်တော့်ကို ဝိညာဉ်ရေးမှာဆက်မြဲစေတယ်။” အခန်းဖော်အတော်များများရှိခဲ့သူ ရီနီကလည်း အလားတူဆို၏– “ကျွန်မရဲ့အခန်းဖော်တချို့က ကျမ်းစာအခန်းကြီးတစ်ခုကို ညတိုင်းအတူတူဖတ်ဖို့ အကြံပြုကြတယ်။ ကျွန်မရဲ့ဆွေမျိုးဉာတိတွေက သက်သေခံတွေမဟုတ်တော့ မိသားစုကျမ်းစာသင်အံမှု တစ်ခါမှမရှိခဲ့ဘူး။ ဒါကြောင့် ကျွန်မရဲ့အခန်းဖော်တွေနဲ့ ‘မိသားစုသင်အံမှု’ ပြုလုပ်နိုင်တာဟာ ကျွန်မအတွက် သိပ်ကောင်းတာပေါ့!” မှန်ပါသည်၊ သင်နှင့်အတူ ဝိညာဉ်ရေးရာများကိုချစ်မြတ်နိုးသော အခန်းဖော်တစ်ဦးရှိခြင်းသည် စိတ်ချမ်းမြေ့စရာဖြစ်သည်။
အကြောင်းအချက်များကို ဆွေးနွေးခြင်း
ထို့နောက် လူချင်းတွေ့ဆုံပြီး ကိစ္စရပ်များကို ဆွေးနွေးကြည့်ပါ။ ဤသို့စကားလက်ဆုံပြောဆိုခြင်းက သင်တို့၏ပင်ကိုစရိုက်များ သဟဇာတဖြစ်မဖြစ် သိရှိစေနိုင်သည်။ ဆက်သွယ်ရေးသုတေသနမှတ်တမ်းများဂျာနယ်ပါ လေ့လာမှုတစ်ခုက ဆက်ဆံပြောဆိုသည့်စရိုက်တူသော အခန်းဖော်များသည် “အခန်းဖော်ဖြစ်ရသည့် ကျေနပ်၊ နှစ်သက်မှုအရှိဆုံးဖြစ်ကြောင်း” ဖော်ပြထားခြင်းသည် စိတ်ဝင်စားစရာဖြစ်သည်။ ထို့ကြောင့် အသင်သည် ပွင့်လင်းသော၊ အပေါင်းအသင်းမင်သော၊ စကားဖောင်ဖွဲ့တတ်သောသူမျိုးဖြစ်မည်ဆိုလျှင် ခပ်တည်တည်နေသော၊ အေးဆေးသော သို့မဟုတ် တစ်ဦးတည်းနေလိုသူမျိုးနှင့်နေခြင်းသည် ပြဿနာတွေ့နိုင်ပေမည်။
ဆွေးနွေးခြင်းကို ပုလိပ်စစ်စစ်သကဲ့သို့ သင်စစ်ဆေးလိုမည်မဟုတ်သော်လည်း အခန်းဖော်ဖြစ်မည့်သူ၏ လတ်တလောပန်းတိုင်များနှင့် စိတ်ကူးများကိုဆွေးနွေးခြင်းသည် အထောက်အကူပြုပေမည်။ သူသည် ဝိညာဉ်ရေး၌တိုးတက်နေသလော သို့မဟုတ် အိမ်တွင်း တင်းမာသောအခြေအနေမှ လွတ်မြောက်ဖို့အတွက်သာ စိတ်ပါဝင်စားသူလော။ ပေါ်ပေါက်လာနိုင်သော ပြဿနာတစ်ခုကို လင်းကဤသို့ဖော်ပြသည်– “ကျွန်မရဲ့ အခန်းဖော်တစ်ယောက်မှာ အဆက်ရှိတယ်၊ သူ့ရည်းစားက ညဉ့်နက်တဲ့အထိ တစ်ချိန်လုံးအဆောင်မှာပဲ။” သူတို့၏ ပလူးပလဲလုပ်မှုများသည် အမြင်မတော်၊ စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း လင်းတွေ့ရှိခဲ့သည်။ သို့သော် အခြေခံစည်းကမ်းချက်အချို့ကို ကြိုတင်သတ်မှတ်ထားမည်ဆိုလျှင် တစ်ခါတစ်ရံ ထိုသို့သောပြဿနာများကို ရှောင်နိုင်ပါသည်။ ဥပမာ၊ “ယောက်ျားကလေးတွေ ဘယ်အချိန်အထိပဲနေရမယ်ဆိုတဲ့စည်းမျဉ်းကို ကျွန်မတို့ထုတ်ထားတယ်” ဟုရီနီပြောပြသည်။ အခန်းထဲတွင် သို့မဟုတ် တိုက်ခန်းတွင် လိင်ခြားသူတစ်ဦးနှင့် ဘယ်သောအခါမျှ နှစ်ယောက်တည်းမနေဖို့ အခန်းဖော်နှစ်ဦးစလုံး သဘောတူမှုယူထားခြင်းသည်လည်း လျော်ကန်သင့်မြတ်ပေမည်။
ထို့အပြင် ဝါသနာပါရာများ၊ ကြိုက်နှစ်သက်ရာများနှင့် တေးဂီတနှစ်ခြိုက်မှုများစသည်တို့ကို ဆွေးနွေးထားခြင်းသည်လည်း အကျိုးရှိ၏။ “ကျွန်တော်နဲ့အကြိုက်တူ၊ စရိုက်တူပြီး လုပ်ချင်တာချင်းတူတဲ့သူနဲ့ပဲ ကျွန်တော်နေချင်ပါတယ်” ဟုမာ့ခ်ကဆိုသည်။ အကြိုက်မတူသည့်အတွက် အတူနေ၍မရဟု မဆိုလိုပါ။ တကယ်အရေးပါသည်မှာ သင်တို့နှစ်ဦးစလုံး မည်မျှလိုက်လျော ညှိယူနိုင်မည်နည်း။ အမြင်မတူမှုများကို သည်းခံ၍ တစ်ဦးအကြိုက်ကို တစ်ဦးလိုက်လျောရန် ပြုပြင်ပြောင်းလဲမှုများပြုလိုစိတ်ရှိသလော စသည်တို့ဖြစ်သည်။
လီက ဤသို့အကြံပြုသည်– “အတူနေဖို့အစီအစဉ်ကနေ သူဘာတွေမျှော်လင့်တယ်ဆိုတာကိုလည်း မေးထားသင့်တယ်။ တချို့လူတွေက သင့်ကို သူတို့ရဲ့အခင်ဆုံးသူငယ်ချင်း၊ အကောင်းဆုံးအဖော်ဖြစ်စေချင်ကြတာ။ ဒါပေမဲ့ ကျွန်မအဲဒါကို စိတ်မဝင်စားဘူး။” ဒေးဗစ်လည်း အလားတူဆို၏– “ကျွန်တော်နဲ့ အတူလုပ်ဆောင်နိုင်တဲ့သူ၊ ဒါပေမဲ့ တခြားသူတွေနဲ့ ကျွန်တော်လုပ်ဆောင်ချင်တဲ့အခါ အမြဲတမ်းသူပါမှဖြစ်မယ်လို့ မယူမှတ်တဲ့ အခန်းဖော်မျိုး ကျွန်တော်လိုချင်ပါတယ်။” အလားတူ ထိုသူသည် ဧဝံဂေလိတရားဟောပြောခြင်းလုပ်ငန်းတွင် သင်နှင့်တွဲဖက်ရန် စိတ်ဝင်စားမှုရှိမရှိ သို့မဟုတ် နိုင်ငံခြားဘာသာစကားပြောအသင်းတော်၌ အမှုထမ်းခြင်းစသည့် သူစိတ်ကူးထားရာ တစ်စုံတစ်ခုရှိမရှိ စုံစမ်းပါ။
နောက်ဆုံးတွင် (တစ်ဦးဦးက ချက်ပြုတ်တတ်လျှင်) ချက်ပြုတ်ခြင်း၊ အိမ်မှုကိစ္စများကိုခွဲဝေလုပ်ဆောင်ခြင်း၊ ကိုယ်ပိုင်ပစ္စည်းကိရိယာများအသုံးပြုခြင်း၊ ဗီရိုနေရာ၊ ပရိဘောဂ၊ စတိုခန်းနေရာနှင့် အိမ်မွေးတိရစ္ဆာန်များစသည့်ကိစ္စတို့ကိုလည်း လျစ်လျူရှုမထားပါနှင့်။ ဤကိစ္စများကို ဆွေးနွေးခြင်းက နားလည်လွဲမှားမှုများနှင့် စိတ်ထိခိုက်စရာများကို တားဆီးပေးနိုင်ပါသည်။ “သူတစ်ပါးနှင့်တိုင်ပင်လျှင် အကြံထမြောက်တတ်၏” ဟုနယပုံပြင် ၂၀:၁၈ ကဆို၏။
“လျောက်ပတ်စွာအစီအစဉ်အတိုင်း”
အထောက်အကူပြုသောမူနောက်တစ်ခုကို လုကာ ၁၄:၂၈ ၌ဤသို့တွေ့ရသည်– ‘ကုန်စရိတ်ကို ချင့်တွက်လော့။’ သင်၏နေထိုင်မှုစရိတ် မည်မျှရှိမည်ကို တွက်ချက်ကြည့်ပါ။ အိမ်ငှားခ၊ အစားအစာ၊ ဝန်ဆောင်ခတို့ မည်မျှကုန်ကျမည်နည်း။ တယ်လီဖုန်းကို အတူသုံးမည်လော။ သုံးမည်ဆိုလျှင် ဖုန်းခကို မည်သို့ခွဲဝေကျခံမည်နည်း။ “အခန်းဖော်တစ်ဦးအဖြစ် အတူမနေခင် မိန်းကလေးတစ်ယောက်ဟာ သူ့ရဲ့ကုန်ကျစရိတ်တွေကို ပေးနိုင်သူဖြစ်ဖို့ ကျွန်မသေချာအောင်လုပ်မယ်” ဟုလင်းကဆို၏။ နောက်ခြေလှမ်းဟူသော on-line မဂ္ဂဇင်းက ဤသို့မှန်ကန်စွာဖော်ပြသည်– “ငှားရမ်းခ သို့မဟုတ် အစားအစာအတွက် အကုန်အကျမခံသော . . . သို့မဟုတ် မြင့်မားသောဝန်ဆောင်ခများကိုမပေးသော အခန်းဖော်များသည် မလိုအပ်ဘဲ သင့်ကိုဝန်ပိစေသည်။”
ရီနီကဤသို့ဆို၏– “တစ်ခါတလေ ဘယ်လောက်ပေးရမယ်ဆိုတာက ကိစ္စမဟုတ်ပါဘူး၊ ဘယ်အချိန်ပေးရမယ်ဆိုတာပဲ!” သူဤသို့ရှင်းပြသည်– “လဆန်းသုံးရက်နေ့မှာ ကျွန်မတို့အိမ်လခပေးရမယ်။ ဒါပေမဲ့ တစ်ခါတလေ အခန်းဖော်တစ်ယောက်က သူ့ရဲ့ဝေစုကိုမပေးရသေးဘဲ စနေ၊ တနင်္ဂနွေမှာထွက်သွားတော့ အိမ်ပိုင်ရှင်ကို ကျွန်မကတောင်းပန်ရတယ်။” ရှင်းနေသည်မှာ အရာခပ်သိမ်းကို “လျောက်ပတ်စွာအစီအစဉ်အတိုင်း” လုပ်ဆောင်ပြီး အရေးပါသောကိစ္စရပ်များကို ဖြစ်ချင်ရာဖြစ် ပစ်မထားခြင်းသည် ပညာရှိရာရောက်သည်။ (၁ ကောရိန္သု ၁၄:၄၀၊ သမ္မာ) အများအားဖြင့် သဘောတူချက်များကို စာဖြင့်ရေးသားထားခြင်းသည် ပညာရှိရာကျ၏။
သတိနှင့် အမြော်အမြင်ရှိခြင်းက သင့်အတွက် စိတ်ညစ်စရာမဖြစ်ဘဲ စိတ်ချမ်းမြေ့စေမည့် အခန်းဖော်တစ်ဦးတွေ့ရှိရန် အကြောင်းများပါသည်။ သို့သော် ပြဿနာများနှင့် ပုဂ္ဂိုလ်ရေးပဋိပက္ခများ ပေါ်ပေါက်လာလျှင်ကော။ ဤအပိုင်းကို လာမည့်ဆောင်းပါး၌ ဆွေးနွေးပါမည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 3 အမည်အချို့ပြောင်းထားသည်။
^ အပိုဒ်၊ 5 ၂၀၀၂၊ ဧပြီ ၂၂ ရက်ထုတ် [လိပ်] စာစောင်ပါ “ငါ့ရဲ့အခန်းဖော်နဲ့နေဖို့ ဘာကြောင့်ဒီလောက်ခက်ရသလဲ” ဆောင်းပါးကိုရှု။
^ အပိုဒ်၊ 5 ယနေ့ များစွာသောသူတို့သည် အကျင့်ယိုယွင်းဖို့ ရည်ရွယ်ချက်များဖြင့် အတူတကွနေထိုင်ကြသည်ဖြစ်ရာ ဤဆောင်းပါးသည် ချွေတာရေးနှင့် သက်သာချောင်ချိရေးအတွက် လိင်တူအခန်းဖော်များ အတူနေထိုင်ခြင်းကိုဆွေးနွေးခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့အလေးပေးဖော်ပြလိုပါသည်။
^ အပိုဒ်၊ 10 အချိန်ပြည့်ဧဝံဂေလိတရားဟောပြောသူများသည် ရှေ့ဆောင်လုပ်ငန်းကျောင်း တက်ရသည့်အခွင့်ထူးရှိကြသည်။ ထို့အပြင် အချိန်ပြည့်ဧဝံဂေလိတရားဟောပြောသူများနှင့် တွေ့ဆုံစည်းဝေးခြင်းကို နှစ်စဉ်တိုက်နယ်အစည်းအဝေးများနှင့်အတူ ကျင်းပကြပါသည်။
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ကျမ်းစာကျင့်ဝတ်များကို မလိုက်နာသူများနှင့် ပေါင်း၍ အခန်းငှားနေခြင်းသည် အန္တရာယ်ရှိ
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
လူတစ်ဦးနှင့်အခန်းပေါင်းနေဖို့ သဘောမတူမီ အရေးပါသောကိစ္စများကို အတူတွေ့ဆုံဆွေးနွေးပါ