သင့်အကြားအာရုံကို ကာကွယ်လော့!
သင့်အကြားအာရုံကို ကာကွယ်လော့!
“ကမ္ဘာပေါ်ရှိ လူသန်းပေါင်း ၁၂၀ ကျော်မှာ အကြားအာရုံ ချွတ်ယွင်းလျက်ရှိသည်။”—ကမ္ဘာ့ကျန်းမာရေးအဖွဲ့။
ကျွန်ုပ်တို့၏ ကြားနိုင်စွမ်းသည် တန်ဖိုးထားရမည့် ဆုကျေးဇူးတစ်ခုဖြစ်သည်။ သို့သော် ကျွန်ုပ်တို့အသက်ကြီးရင့်လာသည်နှင့်အမျှ အကြားအာရုံလည်း တဖြည်းဖြည်းအားနည်းသွားသည်။ မျက်မှောက်ခေတ်လူ့အဖွဲ့အစည်းသည် အသံဗလံမျိုးစုံပေါ်ပေါက်စေပြီး ၎င်းလုပ်ငန်းစဉ်ကို အရှိန်တိုးမြှင့်နေပုံရသည်။ ယူ.အက်စ်.အေ. မစ်ဆူရီပြည်နယ် စိန့်လူးဝစ္စမြို့ရှိ နားမကြားသူများအတွက် ဗဟိုဌာနမှ ဝါရင့်သိပ္ပံပညာရှင်တစ်ဦးက ဤသို့ဖော်ပြခဲ့သည်– “အမေရိကန်နိုင်ငံသား ၇၅ ရာခိုင်နှုန်းခန့် သောတအာရုံဆုံးရှုံးခြင်းမှာ အိုမင်းခြင်းဖြစ်စဉ်တစ်ခုတည်းကြောင့်မဟုတ်ဘဲ ဘဝတစ်လျှောက် သင့်နားများ ထိခိုက်ခံစားခဲ့ရာများကြောင့်ဖြစ်သည်။”
ကျယ်လောင်သောအသံများကို ခေတ္တမျှစူးစိုက်နားထောင်မိခြင်းသည်ပင် အတွင်းနား၏ အာရုံခံအင်္ဂါများကို ထိခိုက်ပျက်စီးစေနိုင်သည်။ သို့သော် အများအားဖြင့် အကြားအာရုံဆုံးရှုံးရခြင်းမှာ “ဆူညံသောအလုပ်အကိုင်များ၊ ဆူညံသော ဝါသနာပါရာအလုပ်များ၊ ဆူညံသောအပန်းဖြေမှု” တို့ကြောင့် ဖြစ်လေ့ရှိသည်ဟု နားအထူးကု ဒေါက်တာ မာဂရက် ချိစ်မင်ကဆိုခဲ့သည်။ သင်၏အကြားအာရုံကို ကာကွယ်ဖို့ အဘယ်အရာပြုလုပ်နိုင်သနည်း။ အဖြေရှာတွေ့ရန် သင့်အကြားအာရုံ မည်သို့လုပ်ဆောင်ကြောင်း တစေ့တစောင်းသိထားခြင်းသည် အထောက်အကူရ၏။
ကျွန်ုပ်တို့ကြားရသော အသံများ
ကျွန်ုပ်တို့နေထိုင်သောဝန်းကျင်သည် အသံပိုပိုကျယ်လောင်လာပုံရသည်။ များစွာသောသူတို့သည် လမ်းများပေါ်မှ ကားများ၊ ဘတ်စကားများနှင့် ကုန်တင်ကားများ၏ စူးရှသောမြည်သံအမျိုးမျိုးမှသည် အလုပ်ခွင်ရှိ စက်ကိရိယာများ၏ ဆူဆူညံညံအသံများအထိ နေ့စဉ်မပြတ်ကြားနေရသည်။
တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် အသံကိုမြှင့်ပြီးမှ နားထောင်ခြင်းကြောင့် ပိုဆိုးစေသည်။ ခရီးဆောင်နားကြပ်စီဒီဖွင့်စက် သို့မဟုတ် ကက်ဆက်တို့ကိုနားထောင်ခြင်းသည် ခေတ်စားသော သီချင်းနားထောင်နည်းတစ်ခုဖြစ်သည်။ ကနေဒါနိုင်ငံ ဂီတပညာရှင်များ၏ဆေးခန်း တွဲဖက်တည်ထောင်သူ မာရှယ်လ် ခဲစဲင်၏အဆိုအရ နားကြပ်များဖြင့် အသံကုန်ဖွင့်နားထောင်ခြင်းကြောင့် အကြားအာရုံဆုံးရှုံးသည့် လူငယ်များတိုးများလာကြောင်း ကနေဒါနိုင်ငံနှင့်
အမေရိကန်ပြည်ထောင်စုတို့၌ ပြုလုပ်ခဲ့သော လေ့လာချက်များကဖော်ပြသည်။သို့သော် အသံကျယ်လွန်းခြင်းဟူသည် အဘယ်နည်း။ အသံကို အချိန်တာ၊ ကြိမ်နှုန်းနှင့် အသံလှိုင်းလွှဲခွင်ဟူ၍ နည်းသုံးနည်းဖြင့် တိုင်းတာသတ်မှတ်သည်။ အချိန်တာဟူသည် အသံကြားရသော ကြာချိန်ကိုဆိုလိုခြင်းဖြစ်သည်။ အသံကြိမ်နှုန်း သို့မဟုတ် အသံအနိမ့်အမြင့်ကို တစ်စက္ကန့်လျှင် စီးရီးဖြစ်စဉ်ဖြင့် သို့မဟုတ် ဟတ်ဇ်ဖြင့်ဖော်ပြကြသည်။ သာမန်၊ ကြားနိုင်သော ကြိမ်နှုန်းမှာ တော်သင့်သောကြားနာခြင်းသည် တစ်စက္ကန့်လျှင် ၂၀ မှ ၂၀,၀၀၀ စီးရီးဖြစ်စဉ်ဖြစ်သည်။
အသံ၏လွှဲခွင် သို့မဟုတ် ပြင်းအားကို ဒက်ဆီဗယ် (dB) ယူနစ်ဖြင့် တိုင်းတာကြသည်။ သာမန်စကားပြောဆိုချိန်တွင် အသံသည် ၆၀ ဒက်ဆီဗယ်ခန့်ရှိသည်။ ၈၅ ဒယ်ဆီဗယ်အထက်ရှိ အသံကိုကြားနာလေ နောက်ဆုံးတွင် အကြားအာရုံပျက်စီးဖို့အကြောင်းများလေဖြစ်သည်ဟု အကြားအာရုံနှင့်ဆိုင်သောပညာရှင်တစ်ဦးကဆို၏။ အသံကျယ်လေ ကြားနိုင်စွမ်း မြန်မြန်ပျက်စီးလေဖြစ်သည်။ နယူးစ်ဝိခ်မဂ္ဂဇင်းသတင်းတစ်ပုဒ်က ဤသို့ဖော်ပြသည်– “သင်၏နားသည် လျှပ်စစ်လွန်ပူ (၁၀၀ dB) အသံကို နှစ်နာရီမျှ နားခံနိုင်သော်လည်း ဆူညံသောဗီဒီယိုရုံ (၁၁၀ dB) ထဲတွင် မိနစ် ၃၀ ထက်ကျော်၍ နားမခံနိုင်ပါ။” ၁၀ ဒယ်ဆီဗယ်တိုးလာတိုင်း နားကိုဒဏ်ဖြစ်စေသည့်အသံ ၁၀ ဆပိုလာခြင်းဖြစ်သည်။ ဒယ်ဆီဗယ် ၁၂၀ နီးပါးရှိသောအသံသည် နာကျင်ထိခိုက်စေကြောင်း စမ်းသပ်မှုများက အတည်ပြုသည်။ မယုံကြည်နိုင်စရာမှာ အချို့သောအိမ်သုံးစတီရီယိုပစ္စည်းများသည် ဒယ်ဆီဗယ် ၁၄၀ ကျော်သော အသံကိုထုတ်လွှင့်နိုင်ခြင်းဖြစ်သည်!—ပူးတွဲဖော်ပြထားသောလေးထောင့်ကွက်ကိုရှု။
ကျယ်လောင်သောအသံသည် သင်၏အကြားအာရုံကို အဘယ်ကြောင့်ပျက်စီးစေနိုင်ကြောင်း သင်နားလည်စေဖို့ သင်၏နားသို့ အသံလှိုင်းများရိုက်ခတ်သောအခါ ဖြစ်ပျက်ရာတို့ကို သုံးသပ်ကြည့်ကြစို့။
ကျွန်ုပ်တို့၏အကြားအာရုံ ဖွဲ့စည်းထားပုံ
အသံလှိုင်းများကို နားပြွန်အတွင်းသို့ပို့ပေးပြီး မကြာမီ နားစည်သို့ ရောက်စေဖို့ နားခွက် သို့မဟုတ် နားရွက်ဟုခေါ်သော အပြင်နားကိုပုံစံပြုထားသည်။ ထိုအခါ အသံလှိုင်းများက နားစည်မြှေးကိုလှုပ်ခါစေပြီး တစ်ဖန် အလယ်နားရှိ အရိုးသုံးခုကို တုန်ခါစေပြန်သည်။ ထို့နောက် တုန်ခါမှုသည် အရိုးအုပ်ထားသော ရေအိတ်ငယ်ရှိသည့် အတွင်းနားထိတိုင် ရောက်လေသည်။ တုန်ခါမှုသည် အာရုံခံဆဲလ်များရှိသော ခရုပုံ နားတွင်းအင်္ဂါဖြစ်သည့် ကော့ခလီယာအထဲရှိ အရည်ကိုဖြတ်သန်းသွားသည်။ ကော့ခလီယာအထဲရှိအရည်သည် အာရုံခံဆဲလ်များ၏ထိပ်ပိုင်းကို ရိုက်ခတ်၍ အာရုံကြောကိုနှိုးဆွလေသည်။ ထို့နောက် ဤနှိုးဆွမှုများသည် ဦးနှောက်သို့ရောက်သွားပြီး ထိုတွင် ၎င်းတို့ကိုအနက်ဖော်၍ အသံအဖြစ်ကြားရလေသည်။
ဦးနှောက်၏လင်းဘစ်အဖွဲ့က အဘယ်အသံကိုအာရုံစိုက်၍ အဘယ်အသံကိုအာရုံမစိုက်ဖို့ ဦးနှောက်ကိုဆုံးဖြတ်စေသည်။ ဥပမာ၊ မိခင်တစ်ဦးသည် ကစားနေသောကလေးတစ်ဦး၏ ပုံမှန်အသံကို မကြားမိဘဲ လန့်အော်သောအသံကိုမူ ချက်ချင်းတုံ့ပြန်ပေမည်။ နားနှစ်ဖက်ဖြင့် ကြားရခြင်းသည် အလွန်အသုံးဝင်သော စတီရီယိုသံဖြင့်
ကျွန်ုပ်တို့ကို ကြားစေနိုင်သည်။ အဘယ်နေရာမှအသံလာကြောင်း ခွဲခြားသိမြင်စေသည်။ သို့သော် ဦးနှောက်သည် စကားပြောသည့်အသံကိုမူ တစ်ကြိမ်လျှင် တစ်မျိုးတည်းကိုသာ နားလည်နိုင်သည်။ “ထို့ကြောင့် တယ်လီဖုန်းဖြင့် စကားပြောနေစဉ် လူတို့သည် မိမိတို့နံဘေး၌ရှိသူ ပြောဆိုနေရာကို အလွယ်တကူ မကြားနိုင်ခြင်းဖြစ်သည်” ဟု အာရုံများဟူသောစာအုပ်ကဆို၏။ကျွန်ုပ်တို့၏အကြားအာရုံကို အသံက ပျက်စီးစေပုံ
ကျယ်လောင်သောအသံများက ကျွန်ုပ်တို့၏အကြားအာရုံကို မည်သို့ပျက်စီးစေနိုင်ကြောင်းသိရှိရန် အောက်ပါဆင်တူချက်ကို သုံးသပ်ကြည့်ပါ။ လုပ်ငန်းခွင်လုံခြုံမှုနှင့်ပတ်သက်သော အစီရင်ခံစာတစ်ခုက အတွင်းနား၌ရှိသော မွေးနုများကို လယ်၌ရှိသောဂျုံပင်နှင့်၊ နားသို့ဝင်လာသောအသံကို လေနှင့်နှိုင်းယှဉ်ပြသည်။ နိမ့်သောအသံနှင့်တူသော လေပြေလေညင်းသည် ဂျုံပင်အဖျားပိုင်းကို လှုပ်ရှားစေသည်၊ သို့သော် ဂျုံပင်အနာတရမဖြစ်ပေ။ သို့ရာတွင် လေတိုက်နှုန်းမြန်လာသောအခါ ဂျုံပင်ရိုးတံကို ဖိအားများလာပေမည်။ ရုတ်တရက်၊ အရှိန်ပြင်းစွာလေတိုက်ခြင်း သို့မဟုတ် အချိန်ကြာမြင့်စွာ ဆက်တိုက် လေတိုက်ခံရခြင်းသည် ပြုပြင်၍မရတော့သည့်အထိ ဂျုံပင်ကိုပျက်စီးစေပြီး သေစေနိုင်သည်။
အသံနှင့် အတွင်းနားရှိ နူးညံ့သောအာရုံခံအမွေးဆဲလ်များတို့သည်လည်း ထိုနည်းတူပင်ဖြစ်သည်။ အဆက်မပြတ် ကျယ်လောင်သည့်အသံသည် အတွင်းနား၏တစ်သျှူးများကို ပျက်စီးစေပြီး ကြားနိုင်စွမ်းကို အပြီးအပိုင်ဆုံးရှုံးစေသည့် ဒဏ်ရာများကျန်ရစ်စေသည်။ ထို့အပြင် ကြာမြင့်သောဆူညံသံသည် နူးညံ့သောအာရုံခံဆဲလ်များကို ရာသက်ပန်ပျက်စီးစေနိုင်သည်။ ပျက်စီးပြီးသည်နှင့် ၎င်းတို့ ပြန်မကောင်းလာနိုင်တော့ပေ။ ယင်းနှင့်အတူ ဒွန်တွဲလာသောအကျိုးဆက်မှာ နားအူခြင်း—နား သို့မဟုတ် ဦးခေါင်းအတွင်း တဝီဝီ၊ တဝေါဝေါမြည်နေခြင်းဖြစ်သည်။
သင်၏အကြားအာရုံကို ကာကွယ်၍ အဓွန့်ရှည်စေပါ
မျိုးရိုးလိုက်ခြင်း သို့မဟုတ် ကြိုမမြင်နိုင်သော မတော်တဆမှုအချို့တို့သည် အကြားအာရုံကို ဆုံးရှုံးစေနိုင်သော်လည်း အဖိုးတန်သော ကျွန်ုပ်တို့၏သောတအာရုံကို ကာကွယ်ထိန်းသိမ်း၍ အဓွန့်ရှည်စေရန် ကြိုတင်ကာကွယ်နိုင်ပေသည်။ ကြားနိုင်စွမ်းကို အန္တရာယ်ပြုနိုင်သောအရာများကို ကြိုသိထားလျှင် ကောင်း၏။ အကြားအာရုံနှင့်ဆိုင်သောပညာရှင်တစ်ဦး ဆိုသကဲ့သို့ပင် “ပြုလုပ်စရာရှိသည်ကိုမပြုလုပ်ဘဲ ပြဿနာပေါ်လာရန် စောင့်နေခြင်းသည် နေလောင်ပြီးမှ နေလောင်ကာကွယ်ဆေးလိမ်းခြင်းနှင့်တူ၏။”
အများအားဖြင့် ကျွန်ုပ်တို့ နားထောင်သည့်အရာမဟုတ်ဘဲ မည်သို့နားထောင်သည်ဟူသောကိစ္စဖြစ်သည်။ ဥပမာ စတီရီယိုနားကြပ်ကို အသုံးပြုမည်ဆိုလျှင် သင့်ပတ်လည်ရှိအသံများကို ကြားနိုင်သည့် ပမာဏဖြင့် အသံချိန်ထားလိုပေမည်။ သင်၏ကား သို့မဟုတ် အိမ်သုံးစတီရီယိုသည် သာမန်စကားပြောဆိုမှုကို မကြားနိုင်သည့်အထိ အသံကျယ်မည်ဆိုလျှင် သင်၏အကြားအာရုံကို ပျက်စီးစေနိုင်သည့် လက္ခဏာပင်ဖြစ်ပေမည်။ ၉၀ ဒယ်ဆီဗယ်ရှိသောအသံကို နှစ်နာရီမှသုံးနာရီကြာ နားထောင်ခြင်းသည် သင်၏နားကိုပျက်စီးစေနိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးသည်။ ဆူညံသည့်ဝန်းကျင်၌ သင်ရှိနေသည့်အခါတိုင်း နားဆို့များ သို့မဟုတ် အကြားအာရုံကို ကာကွယ်ပေးသော အခြားကိရိယာများကိုသုံးရန် အကြံပြုထားသည်။
လူကြီးများထက် ကလေးငယ်များသည် အကြားအာရုံ ပို၍ပျက်စီးလွယ်ကြောင်း မိဘများသတိရသင့်သည်။ ဆူညံသောကစားစရာများ၏ ဖြစ်နိုင်ခြေရှိသောအန္တရာယ်ကို စိတ်စွဲမှတ်ထားပါ။ ကလေးကစားစရာ ဂျောက်ဂျက်ပင်လျှင် ၁၁၀ ဒယ်ဆီဗယ်ရှိနိုင်ပါသည်!
ကျွန်ုပ်တို့၏နားများသည် နူးညံ့၊ သေးငယ်၍ အံ့ဖွယ်ကောင်းသော အင်္ဂါအစိတ်အပိုင်းစုဖြစ်သည်။ ၎င်းတို့အားဖြင့် ကျွန်ုပ်တို့ဝန်းကျင် ကမ္ဘာပေါ်ရှိ မျိုးပေါင်းစုံ၍ နှစ်လိုဖွယ်ကောင်းသောအသံများကို ကျွန်ုပ်တို့ကြားနိုင်သည်။ ဤအဖိုးတန်သော အကြားအာရုံဆုကျေးဇူးကို အမှန်ပင် ကာကွယ်ထိုက်ပါသည်။
ယေဘုယျအသံအချို့၏ ခန့်မှန်းခြေ ဒယ်ဆီဗယ်ပမာဏ
• အသက်ရှူခြင်း—၁၀ ဒယ်ဆီဗယ်
• တီးတိုးပြောခြင်း—၂၀ ဒယ်ဆီဗယ်
• စကားစမြည်ပြောဆိုခြင်း—၆၀ ဒယ်ဆီဗယ်
• ယာဉ်များအသွားအလာကျပ်ချိန်—၈၀ ဒယ်ဆီဗယ်
• အစာကြိတ်စက်—၉၀ ဒယ်ဆီဗယ်
• ဖြတ်သွားသောရထား—၁၀၀ ဒယ်ဆီဗယ်
• သံကြိုးလွှ—၁၁၀ ဒယ်ဆီဗယ်
• ဖြတ်သွားသောဂျက်လေယာဉ်—၁၂၀ ဒယ်ဆီဗယ်
• ပြောင်းချောသေနတ်သံ—၁၄၀ ဒယ်ဆီဗယ်
အသင် အောက်ပါတို့ကိုပြုလုပ်ပါက သင်၏ အကြားအာရုံကို ဆုံးရှုံးနေခြင်းဖြစ်ပေမည်
• အခြားသူများက နားမခံနိုင်သော်လည်း ရေဒီယို သို့မဟုတ် တီဗွီအသံကို တိုးမြှင့်ခြင်း
• အခြားသူများဘာပြောလိုက်သည်ကို တစ်ချိန်လုံး မေးနေခြင်း
• သင့်အား စကားပြောနေသူကို ကြားရဖို့ မျက်မှောင်ကြုတ်ခြင်း၊ ရှေ့သို့ ကိုင်းညွတ်ပြီး ဦးခေါင်းကို လှည့်ရလေ့ရှိခြင်း
• လူများစုရုံးသည့်နေရာ သို့မဟုတ် မိတ်ဆုံပွဲများ သို့မဟုတ် လူရှုပ်သည့်စတိုးဆိုင်တို့တွင် နောက်ခံအသံရှိသည့်အခါ ကြားဖို့ခက်ခဲခြင်း
• တစ်ဦးတစ်ယောက်ပြောဆိုရာကိုသိဖို့ အခြားသူများအပေါ် မှီခိုရလေ့ရှိခြင်း
[စာမျက်နှာ ၁၅ ပါ ပုံကြမ်း]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
နားရွက်
အလယ်နားရှိ အရိုးသုံးခု
နားစည်
နားအတွင်းပိုင်းခရုပတ်
ဦးနှောက်သို့သွားသည့် အာရုံကြောများ