ကြင်ဖော်မဲ့မိဘ၏ မိသားစုအရေအတွက် တိုးများလာခြင်း
ကြင်ဖော်မဲ့မိဘ၏ မိသားစုအရေအတွက် တိုးများလာခြင်း
“‘မနက်ဖြန်ဘာဖြစ်လာမလဲဆိုတာ ကျွန်မ,မသိဘူး’ ဆိုပြီး ဘုရားသခင်ဆီ မျက်ရည်စက်လက်နဲ့ ဆုတောင်းခဲ့တဲ့ညတွေ မနည်းတော့ပါဘူး။”—ကလေးသုံးဦးရှိ ကြင်ဖော်မဲ့မိခင် ဂလိုရီယာ။
ယနေ့ လူ့အသိုင်းအဝိုင်းများစွာတွင် ကြင်ဖော်မဲ့မိဘ၏မိသားစုများသည် ဆက်လက်ဖြစ်ပေါ်နေကာ သိသာထင်ရှားလျက်ရှိသည်။ * ခင်ပွန်း၊ ဇနီးနှင့် သားသမီးများဖြင့် ဖွဲ့စည်းထားသော သမားရိုးကျမိသားစုဘဝပုံစံတွင် နောက်တစ်မျိုးက အစားထိုးဝင်လာသည့်အတွက် ကမ္ဘာ့ဒေသအသီးသီးမှ လူဦးရေပညာရှင်များနှင့် လူမှုရေးပညာရှင်များက အဘယ်ကြောင့်နည်းဟု မေးမြန်းလျက်ရှိကြသည်။
“မိသားစုဘဝပုံစံများနှင့် ကျား-မဆက်ဆံရေးသဘောထားများ ပြောင်းလဲလာသည်မှာ အချိန်အတန်ကြာပြီ” ဟုလူမှုရေးပါမောက္ခများဖြစ်ကြသော ဆိုင်မွန် ဒန်ကဲန်နှင့် ရိုဇလင်း အက်ဒ်ဝပ်တို့က ဖော်ပြသည်။ အဘယ်ကြောင့်နည်း။ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးတို့ ပြောင်းလဲနေသော ဝန်းကျင်တွင် မည်သို့အသက်ရှင်နေထိုင်မည်နှင့်ပတ်သက်၍ လူတို့ရွေးချယ်မှု၏ရလဒ်ဖြစ်သည်ဟု လေ့လာသူအချို့က ဖော်ပြကြသည်။
အဆိုပါပြောင်းလဲမှုတချို့အပြင် ရွေးချယ်မှုများကိုလည်း သုံးသပ်ကြည့်ကြစို့။ ဘဝဖိစီးမှုများသည် လူတို့၏အသက်တာကို ထိခိုက်နေသည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်၏။ ပြင်ပလောကတွင် ဖြစ်နေရာများသည် သူတို့ကို ထိခိုက်နေသည်။ ယခင်က မိသားစုလုပ်ငန်းဆောင်တာများနှင့် ကုန်ခဲ့ရသောအချိန်သည် ယခုအခါ အင်တာနက်ကြည့်ခြင်း၊ ရုပ်မြင်သံကြားကြည့်ခြင်း၊ တယ်လီဖုန်းဆက်ခြင်း၊ ကားစီးခြင်း၊ ပြေးလွှားရုန်းကန်နေရခြင်းတို့ဖြင့် အချိန်ကုန်လျက်ရှိ၏။
စီးပွားရေးဖိစီးမှုများကြောင့်လည်း ထိခိုက်၏။ ခေတ်မီအသုံးအဆောင်ပစ္စည်းများက ငွေကုန်ကျစေရာ ပိုများလာသောမိဘတို့သည် ပို၍အလုပ်,လုပ်လာကြရသည်။ ပြောင်းရွှေ့လုပ်ကိုင်ရန် *
ဝန်မလေးသည့် လူ့အဖွဲ့အစည်းဝင်ဖြစ်ခြင်းကြောင့် အိမ်သားအများစုသည် ဆွေမျိုးနီးစပ်အပါအဝင် မိသားစုကို ထောက်ပံ့ပေးနိုင်ရန် မိသားစုနှင့်ခွဲ၍၊ အချို့အခြေအနေများတွင် အိမ်ထောင်ဖက်နှင့်ခွဲ၍ပင် အဝေးတွင် သွားရောက်နေထိုင်ကာ အလုပ်,လုပ်ကြရ၏။ နိုင်ငံများစွာတွင် ရေပန်းစားနေသော ယဉ်ကျေးမှုသည် အကျိုးမပြုသည်သာမက ခိုင်မာသည်ဟုခံစားစေသော အိမ်ထောင်ရေးနှင့် မိသားစုစသည့် ဖွဲ့စည်းထားရာများကိုပါ အထင်အမြင်သေးစေသည်။ကြင်ဖော်မဲ့မိခင်ဖြစ်ခါစ
အမျိုးသမီးများစွာသည် ပညာကောင်းစွာ တတ်မြောက်ကြပြီး မိမိတို့ကိုယ်ကို ကောင်းစွာထောက်ပံ့နိုင်သူများဖြစ်ကြသောကြောင့် အိမ်ထောင်ရေးတွင် ငွေရေးကြေးရေးသည် မိခင်ဘဝအတွက် မရှိမဖြစ်လိုအပ်ရာ မဟုတ်တော့ချေ။
အထူးသဖြင့် ကွာရှင်းခံရသော မိဘများ၏အရွယ်ရောက် သားသမီးများဖြစ်သည့် ကြင်ဖော်မဲ့မိခင်အချို့သည် သူတို့၏ကလေးများအား မိသားစုကို မိဘတစ်ဦးစွန့်သွားသည်ကို မြင်ရသည့် စိတ်ဆင်းရဲမှုမခံစားစေလိုကြ၍ ကြင်ဖော်မဲ့နေကြသည်။ အခြားအမျိုးသမီးများသည် တစ်ဦးတည်းနေလို၍မဟုတ်ဘဲ စွန့်ပစ်ခံရခြင်းကြောင့် ကြင်ဖော်မဲ့မိခင်များ ဖြစ်လာရကြ၏။ ဂျိုးဇက် ရောန်သရီ ဗြိတိန်အဖွဲ့က “ကြင်ဖော်မဲ့မိဘဖြစ်ရခြင်းသည် အများအားဖြင့် တစ်ကိုယ်ကောင်းဆန်ဆန် တမင်ရွေးချယ်ခြင်းကြောင့်မဟုတ်ချေ၊ သို့ဖြစ်၍ ကြင်ဖော်မဲ့မိဘ၏မိသားစုများမှ ကလေးများသည် လျစ်လျူရှုမခံရပါ၊ စည်းကမ်းမဲ့သူများမဟုတ်ပါ” ဟုဖော်ပြသည်။
မည်သို့ပင်ဖြစ်ပါစေ၊ ကြင်ဖော်မဲ့မိဘ၏မိသားစုများကို နေရာအနှံ့တွေ့ရှိနေရခြင်းသည် စိုးရိမ်စရာဖြစ်၏၊ အကြောင်းမှာ ကြင်ဖော်မဲ့မိဘများနှင့် သူတို့၏သားသမီးများသည် စိတ်ဖိစီးမှု၊ စီးပွားရေးချို့ငဲ့မှုနှင့် လူမှုရေးဆုံးရှုံးမှုတို့ ခံစားနိုင်သောကြောင့်ဖြစ်သည်။ မိဘတစ်ဦးတည်းက သားသမီးများအား အောင်မြင်စွာ မွေးမြူနိုင်မနိုင်ကို လူတချို့ သိလိုကြပေမည်။ ကြင်ဖော်မဲ့မိဘ၏မိသားစုများ ရင်ဆိုင်ရသော အထူးစိန်ခေါ်ချက်တချို့ကား အဘယ်နည်း။ ကြင်ဖော်မဲ့မိဘအနေနှင့် ခရစ်ယာန်တစ်ဦးသည် သားသမီးမွေးမြူရခြင်း၏စိန်ခေါ်ချက်ကို မည်သို့အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည်နည်း။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 3 ကြင်ဖော်မဲ့မိခင်အရေအတွက်သည် ‘ကြင်ဖော်မဲ့ဖခင်အရေအတွက်ထက် အဆမတန်များပြားနေ’ ကြောင်းလူမှုရေးပညာရှင်များက ဖော်ပြကြ၏။ ထို့ကြောင့် ဤဆောင်းပါးများတွင် ကြင်ဖော်မဲ့မိခင်များကို အဓိကထား၍ သုံးသပ်ဖော်ပြထားသည်။ သို့ရာတွင် ဆွေးနွေးထားသောမူများသည် ကြင်ဖော်မဲ့ဖခင်များနှင့်လည်း သက်ဆိုင်ပါသည်။
^ အပိုဒ်၊ 6 မိခင်ဘဝ၏ ယေဘုယျစိန်ခေါ်ချက်များနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးချက်ကို ၂၀၀၃၊ အောက်တိုဘာ ၈ ရက်ထုတ် နိုးလော့! တွင်ပါရှိသည့် “မိခင်ဘဝ—စူပါအမျိုးသမီးဖြစ်ဖို့လိုသလော” ဆောင်းပါးကိုရှု။
[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်]
အနက်ဖွင့်ဆိုချက်တချို့
ကမ္ဘာတစ်ဝန်းတွင် သားသမီးများကို တစ်ဦးတည်းမွေးမြူသည့် မိခင်များအား ဝေါဟာရအမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြသည်။ နိုင်ငံတချို့တွင် တစ်ခါမျှလက်မထပ်ဖူးသော မိခင်များအား “ကြင်ဖော်မဲ့မိခင်” ဟူ၍ ရည်ညွှန်းခေါ်ဆိုသော်လည်း တခြားနိုင်ငံများတွင် မိမိတို့၏အိမ်ထောင်ကို ခင်ပွန်းမပါဘဲ သားသမီးများမွေးမြူနေသည့် မိခင်အားလုံးကိုခြုံငုံ၍ “အဖော်မဲ့မိခင်” ဟုခေါ်ဝေါ်ကြသည်။ ဤသို့သောမိခင်များသည် ကွာရှင်းထားခြင်းဖြစ်ပေမည်၊ ခွဲနေခြင်းဖြစ်ပေမည်၊ မုဆိုးမဖြစ်ပေမည်၊ သို့တည်းမဟုတ် တစ်ခါမျှအိမ်ထောင်မပြုဖူးသူများလည်း ဖြစ်နိုင်ပေသည်။
ဤအခန်းဆက်ဆောင်းပါးများတွင် အိမ်ထောင်ဖက်မပါဘဲ သားသမီးများမွေးမြူနေကြသော မိဘများကို ရည်ညွှန်းရန် “ကြင်ဖော်မဲ့မိဘ” နှင့် “ကြင်ဖော်မဲ့မိခင်” ဟူသော ဝေါဟာရများကို အသုံးပြုထားသည်။
ကြင်ဖော်မဲ့မိဘ,ဘဝ—နိုင်ငံများစွာတွင် ခေတ်ရေစီးကြောင်း
ယူနိုက်တက်စတိတ်– “ကြင်ဖော်မဲ့မိခင်အရေအတွက်သည် ၁၉၇၀ ပြည့်နှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်း ၃ သန်းမှ ၁၀ သန်းအထိ တိုးများလာ၏; ထိုအချိန်အတွင်း ကြင်ဖော်မဲ့ဖခင်အရေအတွက်သည်လည်း ၃၉၃,၀၀၀ မှ ၂ သန်းအထိ များပြားလာ၏။”—ယူ.အက်စ်. အစိုးရသန်းခေါင်စာရင်းဌာန။
မက္ကဆီကို– လာဟိုရ်နာဒါ သတင်းစာ၏အဆိုအရ နိုင်ငံတွင် စုစုပေါင်းကိုယ်ဝန်ဆောင်အရေအတွက်၏ ၂၇ ရာခိုင်နှုန်းခန့်သည် ဆယ်ကျော်သက်မိခင်များ ဖြစ်ကြသည်ဟုဆို၏။
အိုင်ယာလန်– ကြင်ဖော်မဲ့မိဘ၏အိမ်ထောင်စုနှုန်းသည် ၁၉၈၁ ခုနှစ်တွင် ၅.၇ ရာခိုင်နှုန်းရှိရာမှ ၁၉၉၁ ခုနှစ်တွင် ၇.၉ ရာခိုင်နှုန်းအထိ တိုးများလာခဲ့သည်။ “ကြင်ဖော်မဲ့မိခင်ဘဝရောက်ရသည့် အဓိကအကြောင်းရင်းတစ်ခုမှာ အိမ်ထောင်ပြိုကွဲခြင်းကြောင့်ဖြစ်၏။”—နိုင်ငံတကာ ကြင်ဖော်မဲ့မိခင်များ၊ ၁၉၉၇။
ဗြိတိန်– “ကြင်ဖော်မဲ့မိဘက ဦးဆောင်နေသော မိသားစုအချိုးသည် ပထမဦးဆုံးအကြိမ် ၂၅ ရာခိုင်နှုန်းထက် ကျော်လွန်ခဲ့သည်၊ လွန်ခဲ့သောအနှစ် ၃၀ ကျော်အတွင်း တစ်ခါမျှလက်မထပ်ခဲ့သော မိခင်အရေအတွက် အလွန်တိုးများလာပြီး ကွာရှင်းမှုနှုန်း သိသိသာသာ မြင့်တက်လာနေကြောင်း ထင်ရှား၏။”—တိုင်းမ်၊ လန်ဒန်၊ မတ် ၂၊ ၂၀၀၀။
ပြင်သစ်– “၁၉၇၀ ပြည့်လွန်နှစ်များအကုန်ပိုင်းမှစ၍ ကြင်ဖော်မဲ့မိဘ၏ မိသားစုအချိုးသည် ၅၀ ရာခိုင်နှုန်းကျော် တိုးများလာခဲ့သည်။”—နိုင်ငံတကာ ကြင်ဖော်မဲ့မိခင်များ၊ ၁၉၉၇။
ဂျာမနီ– “လွန်ခဲ့သောဆယ်စုနှစ် နှစ်ခုအတွင်း ကြင်ဖော်မဲ့မိဘအရေအတွက် နှစ်ဆတက်လာသည်။ ကြင်ဖော်မဲ့မိဘ၏မိသားစုအားလုံးနီးပါးကို . . . မိခင်က ဦးဆောင်လျက်ရှိသည်။”—နိုင်ငံတကာ ကြင်ဖော်မဲ့မိခင်များ၊ ၁၉၉၇။
ဂျပန်– ‘အဖော်မဲ့မိခင်၏မိသားစုများသည် ၁၉၇၀ ပြည့်လွန်များကတည်းက တိုးများလာလျက်ရှိသည်။ ၁၉၉၇ ခုနှစ်တွင် အိမ်ထောင်စုအားလုံး၏ ၁၇ ရာခိုင်နှုန်းကို ကြင်ဖော်မဲ့မိခင်များက ဦးဆောင်ခဲ့ကြသည်။’—နိုင်ငံတကာမှ ကြင်ဖော်မဲ့မိခင်များ၊ ၁၉၉၇; ကမ္ဘာ့အမျိုးသမီးများ ၂၀၀၀– ခေတ်ရေစီးကြောင်းနှင့် ကိန်းဂဏန်းများ။
ဂရိ– “[ဂရိနိုင်ငံ] တွင် ၁၉၈၀ ပြည့်နှစ်မှစ၍ လက်မထပ်ထားသည့် မိခင်အရေအတွက်သည် ၂၉.၈ ရာခိုင်နှုန်းအထိ များပြားလာ၏။ ထို့ ပြင် ဥရောပသမဂ္ဂမှပေးပို့သော အချက်အလက်အရ ၁၉၉၇ ခုနှစ်တွင် လက်မထပ်ဘဲ မွေးဖွားလာသည့် ကလေးရာခိုင်နှုန်းမှာ ၃.၃ ရာခိုင်နှုန်းရှိခဲ့သည်၊ သို့သော် ၁၉၈၀ ပြည့်နှစ်တွင် ၁.၁ ရာခိုင်နှုန်းသာရှိခဲ့သည်။”—တာနာသတင်းစာ၊ အေသင်မြို့၊ စက်တင်ဘာ ၄၊ ၁၉၉၈။
ဩစတြေးလျ– ကလေး ၄ ဦးလျှင် ၁ ဦးနီးပါးသည် မိဘတစ်ဦးတည်းနှင့်သာ နေထိုင်ကြရသည်။ အများအားဖြင့် မိဘများ၏အိမ်ထောင်ရေး သို့မဟုတ် ဆက်ဆံရေးပြိုကွဲသွားခြင်းကြောင့် ထိုသို့နေရခြင်းဖြစ်၏။ ကြင်ဖော်မဲ့မိဘ၏မိသားစုများသည် ၂၅ နှစ်ကျော်အတွင်း ၃၀ ရာခိုင်နှုန်းနှင့် ၆၆ ရာခိုင်နှုန်းကြားအထိ များပြားလာလိမ့်မည်ဟု ခန့်မှန်းခဲ့ကြသည်။—ဩစတြေးလျစာရင်းအင်းဌာန။