ဖြေရှင်းနည်းရှိသလော
ဖြေရှင်းနည်းရှိသလော
မလိုချင်သောပစ္စည်းတစ်ခုကို သင်မည်သို့ပြုသင့်သနည်း။ “လွှင့်သာလွှင့်ပစ်လိုက်” ဟုလွယ်လွယ်လေးနှင့် အဖြေပေးလိမ့်မည်။ သို့သော် စွန့်ပစ်ပစ္စည်းများကို လွှင့်ပစ်ခြင်းမှာ ဤမျှလောက်အမြဲတမ်းမလွယ်ကူပေ။ မည်သည့်နေရာတွင် လွှင့်ပစ်မည်နည်း။ ပင်လယ်ထဲ ပစ်ချလိုက်သော ပုလင်းတစ်လုံး ကျေပျက်ရန် နှစ်ပေါင်း ၁,၀၀၀ ကြာလိမ့်မည်ဟု အီတလီပတ်ဝန်းကျင်အဖွဲ့တစ်ဖွဲ့က ခန့်မှန်း၏။ ယင်းနှင့်ခြားနားစွာ စက္ကူပါးများမှာမူ သုံးလတည်းနှင့် ကျေပျက်သွားလိမ့်မည်။ စီးကရက်တို တစ်တိုသည် ငါးနှစ်အထိ; ပလတ်စတစ်
အိတ်များသည် ၁၀ နှစ်မှ အနှစ် ၂၀ အထိ; နိုင်လွန်ပစ္စည်းများသည် အနှစ် ၃၀ မှအနှစ် ၄၀ အထိ; ဘူးခွံများသည် အနှစ် ၅၀၀ အထိ; ပလတ်စတစ်ဖော့ဖြူသည် အနှစ် ၁,၀၀၀ အထိ ပင်လယ်ရေကို ညစ်ညမ်းစေသည်။
ဤသို့သောအမှိုက်သရိုက်များသည် အလွန့်အလွန်များပြားလာသည်။ ယခုအခါ ဈေးကွက်တွင် ရောင်းချစရာ မြောက်မြားစွာရှိနေပြီး ကြော်ငြာလောက,ကလည်း ယင်းတို့အားလုံးကို ကျွန်ုပ်တို့လိုအပ်သည်ဟု ယူမှတ်စေလို၏။ ဗြိတိသျှသတင်းစာ သည်ဂါးဒီးယန်းက အတိုချုပ်ဤသို့ဆိုသည်– “ကြော်ငြာရှင်များသည် ကျွန်ုပ်တို့တစ်ခါမျှမသိရှိခဲ့သည့် လိုအပ်ရာများကို သိရှိစေသည်။” အမှန်မှာ ပစ္စည်းအသစ်များကို လက်လွတ်သွားမည်စိုး၍ နောက်ဆုံးပေါ်ပစ္စည်းများ ဝယ်ယူကြရန် တိုက်တွန်းနေခြင်းဖြစ်သည်။ ကြော်ငြာဝေါဟာရတွင် “အသစ်” ဟူသည် “သာလွန်ကောင်းမွန်ခြင်း” ဟုအဓိပ္ပာယ်ရပြီး “အဟောင်း” မှာမူ “အဆင့်မရှိ၊ ခေတ်နောက်ကျခြင်း” ဟုအဓိပ္ပာယ်ရသည်။
သို့ဖြစ်၍ ပစ္စည်းအဟောင်းကို ပြုပြင်မည့်အစား အသစ်ကို ဝယ်ယူရန် ကျွန်ုပ်တို့ တိုက်တွန်းခံရလေ့ရှိသည်။ ပစ္စည်းအဟောင်းကို ပြုပြင်ခြင်းထက် အစားထိုးလိုက်ခြင်းသည် ပို၍လက်တွေ့ကျပြီး ချွေတာရာရောက်သည်ဟု ဆင်ခြေပေးကြသည်။ ထိုသို့ဆင်ခြေပေးခြင်းသည် တစ်ခါတစ်ရံ မှန်ကန်၏။ သို့သော် အဟောင်းကို လွှင့်ပစ်ခြင်း၊ အသစ်နှင့်အစားထိုးခြင်းသည် အကုန်အကျများပြီး အပိုဖြစ်နေတတ်သည်။
မျက်မှောက်ခေတ် ကုန်ပစ္စည်းများစွာကို တစ်ခါသုံးပုံစံဖြင့် ထုတ်လုပ်ထားကြသည်။ ဈေးဝယ်သည့်အခါ သတိပြုရမည့်အချက်တစ်ချက်မှာ ကုန်ပစ္စည်းများသည် ပြုပြင်ရခက်ခြင်းဖြစ်၏။ ဂျာမန်စားသုံးသူမဂ္ဂဇင်းတစ်စောင်က ဤသို့မှတ်ချက်ပြုသည်– “ကုန်ပစ္စည်းတစ်ခုသည် ကြာရှည်မခံပါ။ မနေ့က ‘ခေတ်စားသော’ ပစ္စည်းသည် ယနေ့အတွက် ‘ခေတ်နောက်ကျ’ သွားပြီး အမှိုက်ပုံထဲ ရောက်သွားတတ်၏။ သို့ဖြင့် အဖိုးတန်ကုန်ကြမ်းပစ္စည်းများသည် နေ့စဉ်နှင့်အမျှ တန်ဖိုးမဲ့အမှိုက်သရိုက်ဖြစ်သွားတတ်သည်!”
စိတ်ကူးပေါက်ရာဝယ်ယူသော ပစ္စည်းအားလုံးသည် သုံးစွဲသူအတွက် အမှန်တကယ် အကျိုးပြုသလော။ အမှန်စင်စစ် အကျိုးခံစားရသူများမှာ ဝင်ငွေများများရရှိရေးအတွက် ရောင်းဝယ်ဖောက်ကားသူများဖြစ်ကြသည်။ ဆွီစ္စအပတ်စဉ်သတင်းစာ ဒီ ဗီဝေါ့ခ်ျက ဤသို့ဖော်ပြသည်– “အကယ်၍ လူတိုင်းသည် သူတို့၏ပရိဘောဂနှင့် ကားကို တစ်သက်လုံးအသုံးပြုသွားမည် သို့မဟုတ် လက်ရှိအသုံးပြုသောသက်တမ်းထက် နှစ်ဆတိုး၍ အသုံးပြုသွားမည်ဆိုလျှင် စီးပွားရေးကျဆင်းသွားမည်မှာ သေချာသည်။” စီးပွားရေးကျဆင်းသွားမည့်အပြင် ယင်းက သုံးစွဲသူများအားလည်း အလုပ်လက်မဲ့ဖြစ်စေမည်။ သို့ဖြစ်၍ အမှိုက်ပုံကြီးနှင့်ပတ်သက်၍ ဖြေရှင်းနည်းအချို့ကား အဘယ်နည်း။
စွန့်ပစ်သလော ပြုပြင်အသုံးပြုသလော သို့မဟုတ် လျှော့ချသလော
စက်မှုနိုင်ငံအချို့သည် သူတို့၏စွန့်ပစ်ပစ္စည်းများကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စွန့်ပစ်လိုက်ခြင်းဖြင့် အလွယ်တကူဖြေရှင်းကြသည်။ ဥပမာ၊ အစီရင်ခံစာတစ်ခုက “နိုင်ဂျီးရီးယားနိုင်ငံရှိ ညစ်ညမ်းမြေတစ်ကွက်တွင် အဆိပ်ရှိဓာတုပစ္စည်း တန်ချိန်ပေါင်း ၃,၅၀၀ သည်သံချေးတက်ပေါက်ပြဲနေသောစည်ပိုင်း ၈,၀၀၀ ကျော်မှ ယိုစိမ့်ထွက်ကာ မြေဆီလွှာနှင့် မြေအောက်ရေတို့ကို အဆိပ်သင့်စေနေသည်” ဖော်ပြ၏။ ဤကဲ့သို့အမှိုက်ပစ်ခြင်းသည် လက်တွေ့ကျဖြေရှင်းနည်းမဟုတ်သလို သူတစ်ပါးကို မလေးမစားပြုမူဆက်ဆံရာလည်း ရောက်ပေမည်။
မလိုချင်သောပစ္စည်းများကို လွှင့်ပစ်မည့်အစား ထပ်မံအသုံးပြုရန် ပြန်လည်ပြုပြင်လျှင်ကော အသို့နည်း။ ဤအစီအစဉ်များတွင် တချို့ဒေသများ၌ တရားဥပဒေပြဋ္ဌာန်းထားပြီးသည့်အတိုင်း သုံးစွဲသူများက သူတို့၏စွန့်ပစ်ပစ္စည်းများကို အမျိုးအစားလိုက် ခွဲခြားပစ်ဖို့လိုသည်။ စက္ကူ၊ ကတ်ထူပုံး၊ သတ္တု၊ ပုလင်းနှင့် ဇီဝစွန့်ပစ်ပစ္စည်းများအစရှိသော အမှိုက်တို့ကို အမျိုးအစားအလိုက် ခွဲခြားထားရန် အာဏာပိုင်များက တောင်းဆိုကြပေမည်။ ပုလင်းများကိုလည်း အရောင်အလိုက် ခွဲထားရပေမည်။
ပြန်လည်ပြုပြင်အသုံးပြုခြင်းသည် အကျိုးများစွာရှိသည်မှာ ထင်ရှားပါသည်။ ကမ္ဘာဂြိုဟ်ကိုကယ်တင်ရေးရက် ၅၀၀၀ စာအုပ်က ဒန်သတ္တုကို ပြန်လည်စီမံအသုံးပြုခြင်းသည် “စွမ်းအင်များစွာကို အကုန်သက်သာစေ” ပြီး “ဘောက်ဆိုက်သတ္တုကို တူးဖော်ခြင်းကြောင့် ဖြစ်ပေါ်သည့် ပတ်ဝန်းကျင်ပျက်စီးမှုကို လျော့နည်းစေ” နိုင်သည်ဟု ဖော်ပြ၏။ ထိုစာအုပ်က ဤသို့အကျယ်ချဲ့ဖော်ပြပေးသည်– “ထပ်တူစက္ကူပမာဏအတိုင်းထွက်ရှိရန် ပြန်လည်စီမံအသုံးပြုလျှင် စွမ်းအင်တစ်ဝက်နှင့် ရေဆယ်ပုံတစ်ပုံသာ ကုန်ခန်းသည်။ . . . စွန့်ပစ်ပစ္စည်းများစွာကို စုသိမ်းပြီး ပြန်လည်ပြုပြင်အသုံးပြုနိုင်၏။ . . . စက်မှုလုပ်ငန်းများသည် မိမိတို့၏စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးမပြုနိုင်လျှင်ပင် အခြားသူ
များ အသုံးပြုရန် ယင်းတို့ကို ပြုပြင်ပြောင်းလဲပေးနိုင်သောအခါများရှိသည်။ . . . ဟော်လန်နိုင်ငံတွင် ၁၉၇၀ ပြည့်လွန်နှစ် အစောပိုင်းကတည်းက စွန့်ပစ်ပစ္စည်းလဲလှယ်မှုကွန်ရက်တစ်ခုကို အောင်မြင်စွာ လုပ်ဆောင်လျက်ရှိသည်။”အမှိုက်ပစ်ရန် နည်းလမ်းရှာကြံနေမည့်အစား အစကတည်းက အမှိုက်တားဆီးရေးကို အခြားအာဏာပိုင်များက ပိုမိုအလေးပေးလျက်ရှိသည်။ အထက်တွင်ဖော်ပြထားသော စာအုပ်က “တစ်ခါသုံးစနစ်မှ . . . စွန့်ပစ်ပစ္စည်းလျော့နည်းစေပြီး ယင်း၏ရင်းမြစ်များ သုံးစွဲနေမှုကို လျှော့ချစေသည့် ထိန်းသိမ်းစောင့်ရှောက်ရေး လူ့ဘောင်သို့ ဦးတည်စေဖို့ဆိုလျှင် အရေးတကြီး လုပ်ဆောင်ရန် လိုနေသည်” ဟုသတိပေးသည်။
သို့သော် “တစ်ခါသုံးစနစ်ကိုရှောင်” လိုသူများသည် ဝယ်ယူထားသော ကုန်ပစ္စည်းများကို တတ်နိုင်သရွေ့ ကြာကြာအသုံးပြုပြီး ပြုပြင်၍မရနိုင်တော့မှသာ လွှင့်ပစ်လိုစိတ်ရှိရပေမည်။ မလိုချင်သော်လည်း အသုံးပြုနိုင်သေးသည့် ပစ္စည်းများကိုမူ အသုံးပြုမည့်သူအား ပေးလိုက်ရမည်။ “ပစ်မည့်အစား အသုံးပြု” ဟူသောမူကို အမြဲလိုက်လျှောက်သော အိမ်ထောင်စုတစ်စုသည် သာမန်အိမ်ထောင်စုက လွှင့်ပစ်သောအမှိုက်ထက် ၇၅ ရာခိုင်နှုန်း လျော့နည်းစေသည်ဟု ဂျာမန်အော့ကိုအင်န်စတီကျူတ် (အသုံးချဂေဟဗေဒကျောင်း) ၏ဒါမ်စတာတ်ဌာနက ခန့်မှန်း၏။
သို့သော် အိမ်ထောင်စု အတော်များများသည် ဤမူကို လိုက်နာကြမည်လော။ လိုက်နာနိုင်ဖွယ်မရှိချေ။ လူသားတို့၏အမှိုက်ပြဿနာသည် ကြီးကျယ်သောငြင်းခုံစရာတစ်ခုမျှသာ ဖြစ်နေသည်။ ယနေ့ တစ်ခါသုံးပစ္စည်းသုံးလေ့ရှိသည့် လူ့ဘောင်တွင် တစ်ခါသုံးစိတ်ထား ခံယူလာသူများ များသည်ထက်များလာကြသည်။ ထိုစိတ်ထားနှင့် ဖြစ်ပေါ်စေနိုင်သည့် အစွန်းရောက်မှုအချို့ကို ဆန်းစစ်ကြည့်ကြစို့။
တစ်ခါသုံးစိတ်ထား၏ အန္တရာယ်များ
တစ်ခါသုံးစိတ်ထားသည် အသေးအဖွဲဖြုန်းတီးမှုထက် မကတော့ချေ။ ယင်းက တန်ဖိုးမထားတတ်သည့်၊ အဆင်အခြင်မဲ့သည့်သဘောကို ဖြစ်ပေါ်စေနိုင်သဖြင့် မတို့ထိရသေးသော အစားအစာနှင့် အခြားပစ္စည်း မြောက်မြားစွာကို ဖြုန်းတီးတတ်လာကြမည်။ ကိုယ့်ကိုယ်ကိုသာအာရုံစိုက်ပြီး ပေါ်ပင်များကို နှစ်သက်ကာ အဟောင်းများကို မနှစ်သက်သူများသည် ကောင်းနေသေးသော အဝတ်အစားများ၊ ပရိဘောဂနှင့် တခြားပစ္စည်းများကို အသစ်များနှင့် အစားထိုးလိုစိတ် အမြဲရှိနေတတ်ပေမည်။
သို့ရာတွင် တစ်ခါသုံးစိတ်ထားသည် အရာဝတ္တုများလောက်နှင့် မပြီးနိုင်သေးချေ။ စွန့်ပစ်အိမ်ထောင်ပစ္စည်းများ အသုံးပြုခြင်းကို အဓိကထားသုံးသပ်ခဲ့သော ဂျာမန်လေ့လာမှုတစ်ခုတွင် မကြာသေးမီက ဤသို့ဖော်ပြခဲ့သည်– “လိုက်ဖက်သည်ဟု ကျွန်ုပ်တို့ယူဆထားသော ဧည့်ခန်းအသုံးအဆောင်ကို မကြိုက်တော့၍ ငါးနှစ်ကြာပြီးနောက် အသစ်နှင့်အစားထိုးရန် အဆိုပါအသုံးအဆောင်ကို လွှင့်ပစ်လိုက်သည်၊ ထိုသဘောတရားအတိုင်း လူတို့နှင့် ကျွန်ုပ်တို့ပြုမူဆက်ဆံကြသည်။ မေးခွန်းမှာ ကျွန်ုပ်တို့၏လူ့ဘောင်သည် ယင်းကို မည်မျှတိုင် သည်းခံနိုင်မည်နည်း။” အစီရင်ခံစာက ဤသို့ရှင်းပြသည်– “လူတစ်ဦးသည် အကောင်းဆုံးမစွမ်းဆောင်နိုင်တော့သည်နှင့် ချက်ချင်းဆိုသလို အစားထိုးခံရသည်။ အကြောင်းမှာ အလုပ်သမား မြောက်မြားစွာ ရရှိနိုင်သောကြောင့်ဖြစ်သည်!”
ယူ.အက်စ်. ဒုတိယသမ္မတဟောင်း အဲလ်ဂိုးသည် သူ၏ မရေရာသောကမ္ဘာစာအုပ်တွင် ဤမေးခွန်းကို ချက်ကျကျမေးခဲ့သည်– “ကျွန်ုပ်တို့အသုံးနေပြုသော ပစ္စည်းများကို တစ်ခါသုံးများအဖြစ် ယူမှတ်လာလျှင် လူသားချင်းနှင့် ပြုမူဆက်ဆံသည့်အခါ ထိုနည်းတူ သဘောထားမည်လော။ . . . ထိုသို့ပြုလျှင် ကျွန်ုပ်တို့သည် လူတစ်ဦးချင်းစီ၏ သူမတူထူးခြားချက်ကို တန်ဖိုးထားလေးစားမှု ပျောက်ဆုံးသွားပြီလော။”
သူတစ်ပါးကို တန်ဖိုးထားလေးစားမှုမရှိသူများသည် မိတ်ဆွေများ သို့မဟုတ် အိမ်ထောင်ဖက်များကို အပြစ်မရှိဘဲ လွယ်လွယ်နှင့် အဆက်ဖြတ်လိုကြပေမည်။ ထိုသို့စဉ်းစားတွေးခေါ်ပုံကို ဝေဖန်ရာတွင် ဂျာမန်သတင်းစာ ဇွတ်ဒဝိုက်ချာ ဇိုင်တွန်က ဤသို့ဖော်ပြသည်– “ကျွန်ုပ်တို့သည် အဝတ်အစားသစ်များကို တစ်နှစ်,နှစ်ကြိမ်၊ ကားအသစ်ကို လေးနှစ်,တစ်ကြိမ်၊ ဧည့်ခန်းအသုံးအဆောင်အသစ်ကို ဆယ်နှစ်,တစ်ကြိမ် ဝယ်ယူကြသည်; အားလပ်ရက်ခရီးထွက်မည့်နေရာအသစ်ကို နှစ်တိုင်း ရှာဖွေကြသည်; အိမ်၊ အလုပ်အကိုင်၊ စီးပွားရေးတို့ကို ပြောင်းနေကြသည်—သို့ဆိုလျှင် ကျွန်ုပ်တို့၏အိမ်ထောင်ဖက်ကိုကော။”
ယနေ့ လူအချို့သည် ဝန်ထုပ်ဝန်ပိုးဖြစ်လာသည့် အရာအားလုံးနီးပါးကို စွန့်ပစ်လိုပုံရ၏။ ဥပမာ၊ ဥရောပနိုင်ငံတစ်နိုင်ငံတွင် ၁၉၉၉ ခုနှစ်အတွင်း ကြောင်ကောင်ရေ ၁၀၀,၀၀၀ နှင့်ခွေးကောင်ရေ ၉၆,၀၀၀ တို့ကို ပိုင်ရှင်များက စွန့်ပစ်ခဲ့ကြသည်ဟု ခန့်မှန်းရ၏။ တိရစ္ဆာန်စောင့်ရှောက်ရေးဝါဒီတစ်ဦးက မိမိ၏နိုင်ငံသားချင်းများသည် “အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို အချိန်ကြာမြင့်စွာ တာဝန်ယူပိုင်ဆိုင်ဖို့ မစဉ်းစားကြပါ။ သူတို့သည် စက်တင်ဘာလတွင် ခွေးတစ်ကောင်ကို ဝယ်ယူကြပြီး [သူတို့ အားလပ်ရက်အပန်းဖြေခရီးထွက်မည့် နောက်တစ်နှစ်] ဩဂုတ်လတွင် ခွေးကို စွန့်ပစ်လိုက်ကြမည်။” ထို့ထက်ဆိုးသည်မှာ တစ်ခါသုံးစိတ်ထားသည် လူ့အသက်တာသို့ ကူးစက်လာ၏။
အသက်ကို တန်ဖိုးထားလေးစားမှု ကင်းမဲ့ခြင်း
ယနေ့ လူများစွာသည် သူတို့၏အသက်ကို အမှန်တကယ် တန်ဖိုးထားကြပုံမရှိတော့ချေ။ မည်သို့အားဖြင့်နည်း။ ဥပမာ၊ မကြာသေးမီနှစ်များအတွင်း စွန့်စားလိုကြသော လူငယ်များ တဖြည်းဖြည်းတိုးများလာကြောင်း ဥရောပမဂ္ဂဇင်းတစ်စောင်က မကြာမီကဖော်ပြခဲ့သည်။ ယင်းကြောင့် သူတို့သည် သက်စွန့်ဆံဖျားအားကစားများတွင် ပါဝင်လိုကြသည်ကို တွေ့မြင်နိုင်သည်။ အခိုက်အတန့်သည်းထိတ်ရင်ဖိုခံစားရစေရန် အသက်တာကို တစ်ခါသုံးစွန့်စားလိုကြ၏! အမြတ်အစွန်းရရှိရေးကို အာသာငမ်းငမ်းဖြစ်နေသော စီးပွားရေးသမားများသည် ဤခေတ်ရေစီးကြောင်းကို အမြတ်ထုတ်ရန် အခွင့်ကောင်းယူကြသည်။ သက်စွန့်ဆံဖျားအားကစားများကို အားပေးအားမြှောက်ပြုသူများသည် “လူ့ကျန်းမာရေးနှင့် အသက်ထက် ငွေရရှိရေးကို ပိုအလေးပေးတတ်ကြသည်” ဟုဂျာမန်နိုင်ငံရေးသမားတစ်ဦးက ဖော်ပြခဲ့၏။
သန္ဓေသား၏အသက်ကို စွန့်ပစ်ခြင်းနှင့်ပတ်သက်၍ကော အသို့နည်း။ “ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် သန္ဓေသား ၇၅ သန်းခန့်ကို မည်သူကမျှ အမှန်တကယ်မလိုချင်ကြပေ။ အမျိုးသမီးများစွာအတွက် ကိုယ်ဝန်ဖျက်ချခြင်းသည် တစ်ခုတည်းသော ဖြေရှင်းနည်းဖြစ်၏” ဟုကမ္ဘာ့ကျန်းမာရေးအဖွဲ့က မှန်းဆဖော်ပြသည်။ မွေးဖွားပြီးနောက်၌ပင် နို့စို့သူငယ်များ အန္တရာယ်ကြုံနေကြရသည်။ ဘရာဇီးသတင်းစာ အို အက်စ်တာဒို ဒီ အက်စ်. ပေါလျူ ၏အဆိုအရ “ကလေးငယ်များကို လမ်းပေါ်တွင် စွန့်ပစ်ထားခြင်းသည် တိုးများလာလျက်ရှိသည်။” သင်၏ဒေသတွင် ထိုအတိုင်းဖြစ်နေပါသလော။
မျက်မှောက်လောကရှိ ကျွန်ုပ်တို့၏ဝန်းကျင်တွင် လူ့အသက်ကို အမှတ်တမဲ့လွှင့်ပစ်လိုက်ရမည့် အပေါစားတန်ဖိုးမဲ့ပစ္စည်းကဲ့သို့ သဘောထားတတ်ကြသည်။ ရုပ်ရှင် သို့မဟုတ် ရုပ်မြင်သံကြားအစီအစဉ် တစ်ခုတည်းတွင် “လူဆိုး” အမြောက်အမြားကို သတ်ဖြတ်သည့် “လူစွမ်းကောင်းများ” ပါရှိသော နာမည်ကြီးအကြမ်းဖက်ဖျော်ဖြေမှု၌ ယင်းသဘောထားများကို ကျွန်ုပ်တို့တွေ့ရ၏။ ငွေအနည်းငယ်အတွက် သို့မဟုတ် အကြောင်းပြချက်လုံးဝမရှိဘဲ လုယက်သတ်ဖြတ်နေသည့် သူခိုးများကြောင့် ကမ္ဘာတစ်ခွင် အကြမ်းဖက်ရာဇဝတ်မှု အဆက်မပြတ်တိုးများလာမှုတွင် ယင်းကို တွေ့ရသည်။ အကြမ်းဖက်လုပ်ရပ်များ၊ လူမျိုးစုသန့်စင်မှုများနှင့် လူမျိုးစုလိုက်သတ်ဖြတ်မှုများအပါအဝင် စိတ်နှလုံးမာကျောခက်ထန်ကာ အစုလိုက်အပြုံလိုက်သတ်ဖြတ်သည့် စိတ်မချမ်းမြေ့ဖွယ်သတင်းများတွင်လည်း တွေ့ရ၏—အဖိုးမဖြတ်နိုင်သောအသက်များကို အမှိုက်သရိုက်ကဲ့သို့ စွန့်ပစ်နေကြသည်။
ကျွန်ုပ်တို့သည် တစ်ခါသုံးပစ္စည်းသုံးလေ့ရှိသည့် လူ့ဘောင်တွင် အသက်ရှင်နေထိုင်ရခြင်းကို မလွှဲမရှောင်နိုင်သော်လည်း တစ်ခါသုံးစိတ်ထားကို မခံယူမိရန် ရှောင်ကြဉ်နိုင်ပါသည်။ မျက်မှောက်ခေတ် တစ်ခါသုံးပစ္စည်းသုံးလေ့ရှိသည့် လူ့ဘောင်ကိုသာမက ၎င်းနှင့်ဆက်စပ်သည့် မနှစ်မြို့ဖွယ်စိတ်ထားများကို အောင်မြင်ကျော်လွှားရန် အဘယ်အရာက ကျွန်ုပ်တို့ကို ကူညီပေးနိုင်ကြောင်း နောက်ဆောင်းပါးတွင် ဆွေးနွေးပါလိမ့်မည်။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
နေရာဒေသများစွာတွင် ပြန်လည်စီမံအသုံးပြုရန် အမိန့်ထုတ်ပြန်ထား
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
သင်သည် အဝတ်အစားကောင်းများကို လွှင့်ပစ်၍ အသစ်ဝယ်ရန် ပြောင်းလဲနေသော ပေါ်ပင်များနောက် တကောက်ကောက် လိုက်နေသလော
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
သန္ဓေသားကို မြတ်နိုးသင့်သည်၊ မစွန့်ပစ်ပါနှင့်
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
အသက်သည် အလွန်တန်ဖိုးရှိလှ၍ သည်းထိတ်ရင်ဖိုခံစားရရန် သက်စွန့်ဆံဖျားမပြုလုပ်ပါနှင့်