ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
အားရပါးရ သမ်းလိုက်ပါ!
ပဋိသန္ဓေတည်ပြီးနောက် ၁၁ ပတ်ခန့်အကြာတွင် သားအိမ်ထဲရှိသားငယ်သည် စတင်၍သမ်းဝေသည်ဟု စပိန်အပတ်စဉ်မဂ္ဂဇင်း စလူဒ်ကဖော်ပြသည်။ အချို့သောငှက်များနှင့် တွားသွားသတ္တဝါများအပါအဝင် နို့တိုက်သတ္တဝါအများစုသည် ဤသို့အလိုအလျောက်သမ်းကြကြောင်း ထင်ရှားသည်။ ကျွန်ုပ်တို့ သမ်းဝေရသည့်အကြောင်းရင်း အတိအကျကို ယခုထိတိုင် ရှာဖွေမတွေ့ရှိသေးသော်လည်း သုတေသီများက အကြောဆန့်ခြင်းကဲ့သို့သော အပြုအမူများသည် သမ်းဝေခြင်းနှင့်ဆက်စပ်လေ့ရှိကြောင်း တွေ့ မြင်ခဲ့ကြသည်။ သူတို့က ဤလှုပ်ရှားမှုများသည် “သွေးဖိအားနှင့် နှလုံးခုန်ကြိမ်နှုန်းမြင့်တက်စေသည့်အပြင် ကြွက်သားများနှင့် အဆစ်အမြစ်များတင်းမာမှုကို လျော့စေသည်” ကိုတွေ့မြင်ကြသည်။ မေးရိုးများကိုအံကြိတ်ထားခြင်းဖြင့် မသမ်းရန်၊ ချုပ်ထားသောအခါ သမ်း၍ရရှိမည့်အကျိုးကျေးဇူးတို့ကို ကျွန်ုပ်တို့ လက်လွှတ်သွားလေသည်။ သို့ဖြစ်၍ သုတေသနပြုသောအဖွဲ့က အခြေအနေပေးသည်ဆိုလျှင် ကျွန်ုပ်တို့သည် သမ်းဝေသောအခါ “ကျွန်ုပ်တို့၏မေးရိုးများနှင့် မျက်နှာကြွက်သားများကို အလိုက်သင့်ဆန့်ထုတ်” သင့်ကြောင်း ထောက်ခံလေသည်။ အပြည့်အဝသမ်းဝေလိုက်ခြင်းက သင့်နေ့ရက်အား လန်းဆန်းစေနိုင်ပါသည်။
ခရန့်ဘယ်ရီသီးများက ရောဂါကူးစက်မှုကို တိုက်ဖျက်ပေး
“ခရန့်ဘယ်ရီဖျော်ရည်၏ထူးခြားမှုသည် ရှည်လျားသော သမိုင်းကြောင်းရှိ၏” ဟုလန်ဒန်မြို့ထုတ် သည်တိုင်းမ်စ်ကဆိုသည်။ “အမေရိကန်လူမျိုးစုတိုင်းရင်းသားအလယ်တွင် ယင်းသည် ဆေးဝါးအဖြစ်နှင့်တစ်မျိုး၊ ဖျော်ရည်အဖြစ်နှင့်တစ်ဖုံ နှစ်မျိုးစလုံး၌ အလွန့်အလွန်ဂုဏ်သတင်းမွှေး[ပြီး] စကာဗီရောဂါကိုကာကွယ်ရန် အမေရိကန်သင်္ဘောသားများက အသုံးပြုခဲ့ကြသည်။” ဗီတာမင်စီကြွယ်ဝက အန်တီအောက်ဆီးဒင့် [antioxidant] ဖြစ်ခြင်းကြောင့် “ခရန့်ဘယ်ရီဖျော်ရည်တွင် အဏုဇီဝပိုးမွှားများကို သုတ်သင်နိုင်သောဂုဏ်သတ္တိများရှိရာ ယင်းက အထူးသဖြင့် ဆီးလမ်းကြောင်းဆိုင်ရာရောဂါကူးစက်မှုကို တိုက်ဖျက်ရာတွင် ထိရောက်လှသည်။” သို့သော် ယင်းသည် ယခင်က ယူဆခဲ့ကြသည့်အတိုင်း ထိုဖျော်ရည်က ဆီးတွင်အက်ဆစ်ဓာတ်ပါဝင်မှုကို ချေဖျက်နိုင်ခြင်းကြောင့်မဟုတ်ချေ။ ယင်းအစား အဆိုပါဖျော်ရည်တွင် ပါဝင်သည့်ပစ္စည်းများက “ဆီးလမ်းကြောင်းနံရံ၌ [ဆီးအိတ်ရောင်နာအပါအဝင် ကူးစက်မှုအများဆုံးဖြစ်စေသော] အီး. ကိုလိုင် ဘက်တီးရီးယားတွယ်ကပ်ခြင်းကို တားဆီးပေးရာ၊ ရောဂါစ၍မဖြစ်တည်မီ ထိုဘက်တီးရီးယားပိုးများ ဆီးနှင့်ရောပါသွားလေသည်” ဟု သည်တိုင်းမ်စ်ကဆို၏။ ခရန့်ဘယ်ရီဖျော်ရည်သည် သွားဖုံးဆိုင်ရာရောဂါ ဖြစ်နှုန်းလျော့ကျစေနိုင်ကြောင်းလည်း သုတေသီများတွေ့ရှိထားကြသည်။
နှလုံးရောဂါသည်များအတွက် ဦးနှောက်ပိုင်းအကာအကွယ်
“အသစ်တွေ့ရှိထားသော သုတေသနပြုမှုနှစ်ရပ်အဆိုအရ နှလုံးရောဂါခံစားနေရသူတို့၏ခန္ဓာကိုယ်အပူချိန်ကို ဒီဂရီအနည်းငယ်မျှ လျှော့ချပေးခြင်းဖြင့် သူတို့၏နောက်ဆက်တွဲဖြစ်လာနိုင်သော ဦးနှောက်ပျက်စီးခြင်းနှင့် သေဆုံးခြင်းတို့မှ သိသိသာသာလျော့နည်းသွားသည်” ဟူ၍ ကနေဒါနိုင်ငံရှိ တိုရန်တို စတားသတင်းစာမှ အစီရင်ခံချက်တစ်ရပ်ကဆိုသည်။ ဥရောပငါးနိုင်ငံပါဝင်သည့် လေ့လာမှုတစ်ရပ်နှင့် ဩစတြေးလျပါဝင်သောအခြားလေ့လာမှုက သာမန်ကိုယ်အပူချိန်ထက် အနည်းငယ်ကျဆင်းစေခြင်းသည် လူနာများအတွက် နဗ်ကြောလုပ်ဆောင်မှုနှင့် အသိဉာဏ်ပိုင်းဆိုင်ရာလုပ်ဆောင်မှုတို့တွင် သာ၍ကောင်းစွာနာလန်ထူလာစေကြောင်း တွေ့ရှိကြသည်။ ဆေးရုံသို့ရောက်ချိန်တွင် မြောနေသည့် နှလုံးရောဂါသည်များ၏ကိုယ်အပူချိန်ကို လေအေးနှင့် ရေခဲအိတ်များသုံး၍ ၁၂ နာရီနှင့် ၂၄ နာရီကြာအထိ ၃၃ ဒီဂရီ ဆဲလ်စီယပ်စ် (၉၀ ဒီဂရီဖာရင်ဟိုက်) အထိလျော့ချခဲ့ကြသည်။ နှလုံးရောဂါအထူးကုဆရာဝန်ဖြစ်သော ဘဲ့သ် အာဗြံစံအဆိုအရ ဤကုန်ကျစရိတ်နည်းပြီး ရိုးရှင်းသောနည်းပညာကုထုံးသည် “ဦးနှောက်ဆဲလ်များကိုသေစေသည့် ဓာတုဖြစ်စဉ်ကို ဖြတ်တောက်ပစ်ပေးရင်း ဦးနှောက်၏ အောက်စီဂျင် လိုအပ်ချက်ကို လျှော့ချပေး၏” ဟု စတားက ဖော်ပြသည်။ “ဤအအေးဓာတ်ပေးသည့်နည်းနိဿယသည် အလွန်အောင်မြင်ပုံရှိလှသဖြင့် ဆေးရုံသို့ရောက်လာသော နှလုံးရောဂါသည်အားလုံးကို ကုသရာတွင် အဆိုပါလုပ်ထုံးကို ပုံမှန်အသုံးပြုကြရန် ကနေဒါနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ဩစတြေးလျနှင့် ဥရောပမှဆရာဝန်များက ထောက်ခံပြောဆိုနေကြသည်။”
ကလေးစစ်သားများ ပိတ်ပင်
“ကမ္ဘာတွင် လူ့အခွင့်အရေးချိုးဖောက်မှုကြီး တစ်ခုဖြစ်သည့် စစ်သားများအဖြစ် ကလေးတွေအား အသုံးပြုခြင်းကို ဆယ်နှစ်ကြာကြာ နိုင်ငံတကာမှ ဆန့်ကျင်လာခဲ့ပြီးသည့်နောက် ယင်းကို တားမြစ်သည့်သဘောတူစာချုပ်တစ်ရပ်သည် ယနေ့ အကျိုးသက်ရောက်မှုရှိလာလေပြီ” ဟု ကုလသမဂ္ဂမှ ထုတ်ဝေသည့် ၂၀၀၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့ထုတ် သတင်းစာကဆိုသည်။ ၉၆ နိုင်ငံမှ လက်မှတ်ရေးထိုးထားသော ရွေးချယ်နိုင်ရာမူကြမ်းတစ်ခုက “အမြဲအမှုထမ်းရသောစစ်တပ်များအတွင်း စည်းမျဉ်းအရ မဝင်မနေရ တပ်သားစုဆောင်းမှုတွင် အသက် ၁၈ နှစ်အောက် မပါရှိစေရန်နှင့် စိတ်လိုကိုယ်လျောက်တပ်ထဲဝင်မှုအတွက် အသက်အနည်းဆုံး ၁၆ နှစ်သို့တိုးမြှင့်ရန် အစိုးရများအပေါ် တာဝန်ပေးထားသည်။” “လောလောဆယ်တွင် ကလေးသန်းဝက်သည် ကမ္ဘာတစ်ဝန်း ၈၅ နိုင်ငံရှိ အစိုးရစစ်တပ်များ၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ လက်နက်ကိုင်အုပ်စုများတွင် အမှုထမ်းနေကြသည်” ဟုခန့်မှန်းရ၏; “သူတို့ထဲမှ ၃၀၀,၀၀၀ ကျော်တို့သည် ၃၅ နိုင်ငံကျော်၌ တက်တက်ကြွကြွတိုက်ခိုက်နေကြသည်။” ယူအဲန်သတင်းဌာန ဝက်ဘ်ပေ့ခ်ျ [Web page]အရ ထိုသူတို့ထဲမှ ကလေးအများစုသည် အတင်းအကျပ်ခေါ်ဆောင်ခံရခြင်းဖြစ်ပြီး “ထွက်ပြေးဖို့ကြိုးစားလျှင် ရိုက်နှက်ခံရကြ သို့မဟုတ် အသတ်ခံကြရသည်။ အထူးသဖြင့် မိန်းကလေးများခံနေရသည်၊ အကြောင်းမှာ မကြာခဏဆိုသလိုပင် သူတို့သည် လိင်ဆိုင်ရာအမြတ်ထုတ်ခံနေရကြသည်။”
ဆေးဝါးနှင့် သက်ကြီးရွယ်အိုများ
“အသက် ၆၀ ကျော်သူတို့သည် ပျမ်းမျှအားဖြင့် အသက်ငယ်သောလူနာများထက် ဆေးဝါးသုံးမျိုး၊ သုံးဆမှီဝဲကြရသည်” ဟု ဂျာမနီနိုင်ငံမှ ဒါ စပိုက်ဂျဲလ်သတင်းစာနယ်ဇင်းကဆိုသည်။ “သို့သော်လည်း [ဆေးဝါး] အချင်းချင်းမတည့်သည့်အန္တရာယ်ရှိရာ ရလဒ်အဖြစ် ဘေးထွက်ဆိုးကျိုးများသည် ဆေးဝါးမှီဝဲခြင်း၏ အကြိမ်အရေအတွက်ပေါ်မူတည်၍ လျင်မြန်စွာတိုးများလာနေသည်။” အခြားသောဖြစ်နိုင်ခြေရှိ ခက်ခဲလာမှုမှာ “မိသားစုဆရာဝန်များသည် . . . သက်ကြီးရွယ်အိုတို့တွင် ကျောက်ကပ်၏လုပ်ဆောင်မှု လျော့နည်းလာခြင်းကို ထည့်တွက်လေ့မရှိခြင်းဖြစ်သည်။” ရလဒ်ကား ကိုယ်ခန္ဓာအတွင်း၌ ဆေးဝါးများ စုပုံလာနိုင်သည်။ သို့ဖြင့် “အသက် ၄၀ ရှိသူတစ်ဦးအတွက် သင့်လျော်သောဆေးတစ်ခွက်စာသည် အသက် ၇၀ ရှိသူတစ်ဦးအတွက် အဆိပ်ဖြစ်စေနိုင်သည်” ဟု ဒါ စပိုက်ဂျဲလ်ကရှင်းပြသည်။ “အသက်ကြီးသူများစွာသည် ရေအလုံအလောက်မသောက်ခြင်းကြောင့် သာ၍ဆိုးလာစေသည်။” မှတ်တမ်းက ရေဓာတ်ကုန်ခန်းခြင်းတစ်ခုတည်းကပင် အကိုက်အခဲပျောက်ဆေး၊ စိတ်ငြိမ်ဆေးနှင့် သွေးပေါင်ကျဆေးများကဲ့သို့သော ဆေးဝါးတို့နှင့် တန်းတူဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည်ဟူ၍ ထပ်ဆင့်ဖော်ပြသည်။ ယင်းရောဂါလက္ခဏာတို့တွင် အသက်ကြီးရင့်မှုအပေါ်ပုံချတတ်ကြသည့် စိတ်ရှုပ်ထွေးခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်းနှင့် မူးဝေခြင်းတို့ပါဝင်၏။
သေစေနိုင်သော စိတ်ကြွရူးသွပ်ဆေး
ရေ့ဗ်ကပွဲများခေါ်ဆိုသည့် ညလုံးပေါက်ကပွဲနေရာများသို့ သွားရောက်ကြသူ ၁၀ ယောက်တွင် ကိုးယောက်သည် စိတ်ကြွဆေးဟုသိထားကြသည့် အမ်ဖီတာမင်းအခြေပြု မူးယစ်ဆေးကို သုံးစွဲကြကြောင်း စပိန်နိုင်ငံမှသတင်းစာ အဲလ်ပီစ်က အစီရင်ခံသည်။ မကြာသေးမီက လူငယ်နှစ်ဦးသည် စပိန်နိုင်ငံရှိ ရေ့ဗ်ကပွဲတစ်ခုတွင် စိတ်ကြွဆေး အသောက်လွန်၍အသက်ပါသွားခဲ့သည်။ သေဆုံးသွားသူတို့၏သူငယ်ချင်းတစ်ဦးက “မူးယစ်ဆေးကို မပြတ် ကမ်းလှမ်းနေတယ်” ဟူ၍ ပြန်ပြောပြသည်။ အဘယ်ကြောင့် လူငယ်တို့ မူးယစ်ဆေးဝါးကို သုံးကြသနည်း။ ရွယ်တူချင်းဖိအားပေးမှုနှင့် ဤစိတ်ကြွဆေးကဖြစ်ပေါ်စေသော ခင်မင်မှုနှင့် မိမိကိုယ်ကို အထင်ကြီးလေးစားစေသည့် ယာယီခံစားချက်တို့ကြောင့်ဖြစ်သည်။ လူငယ်တို့သည် မကြာခဏပင် စိတ်ကြွဆေးကို ဆေးခြောက်၊ ကိုကင်းတို့ကဲ့သို့သော မူးယစ်ဆေးဝါးများ သို့မဟုတ် အရက်တို့နှင့်ပေါင်းစပ်သုံးစွဲကြရာ ယင်းတို့အားလုံးက အန္တရာယ်ရှိဘေးထွက်ဆိုးကျိုးကို သာ၍ဖြစ်ပေါ်စေသည်။ ဤစိတ်ကြွဆေးသည် မေ့မေ့လျော့လျော့ဖြစ်လာခြင်းနှင့် စိတ်ဓာတ်ကျဆင်းခြင်းသာမက ‘အသက်ရှူကျပ်ခြင်း၊ ဦးနှောက်သွေးယိုခြင်းအပြင် အသက်ဆုံးရှုံးခြင်းကိုပင်’ ဖြစ်စေနိုင်ကြောင်း စပိန်နိုင်ငံ၏ အမျိုးသားမူးယစ်ဆေးဝါးဆန့်ကျင်ရေးအစီအစဉ်က သတိပေးသည်။
လုပ်ငန်းခွင်၌ ဆဲရေးတိုင်းထွာခြင်း
ယုတ်ညံ့ရင့်သီးသောစကားများသည် အလုပ်ဝန်းကျင်များစွာတွင် ထမင်းစားရေသောက်ဖြစ်နေပြီဟူ၍ ကနေဒါနိုင်ငံ၊ မွန်ထရီရောလ်မြို့မှ သည်ဂေဇက်သတင်းစာက ဖော်ပြသည်။ ကျွမ်းကျင်ပညာရှင်အချို့က ဆဲရေးခြင်းသည် လုပ်ငန်းခွင်၌ စိတ်ဓာတ်ကျဆင်းခြင်းကို တိုးများလာစေကြောင်း အခိုင်အမာပြောဆိုသည်။ မက်ဂျေးလ်တက္ကသိုလ်မှ အဖွဲ့အစည်းဆိုင်ရာအမူအကျင့်၏ ပါမောက္ခတစ်ဦးဖြစ်သော ကာရန် ဟာလိုစ်က ဤသို့ဖော်ပြသည်– “ယုတ်ညံ့ရင့်သီးသောစကားသည် မနှစ်သက်ဖွယ်ဝေဖန်ချက်တစ်စိတ်တစ်ပိုင်းဖြစ်မည်ဆိုလျှင် ယင်းက အလုပ်သမားတစ်ဦး၏ ပစ္စည်းထုတ်လုပ်နိုင်မှုစွမ်းရည်၊ မိမိကိုယ်ကိုလေးစားမှု သို့မဟုတ် ကျန်းမာရေးအပေါ် အန္တရာယ်ဖြစ်စေသောထိခိုက်နစ်နာမှုတစ်ရပ် ဖြစ်လာနိုင်သည်။” အထက်ဖော်ပြပါသတင်းစာအရ လုပ်ငန်းခွင်တွင် “အလုပ်ရှင်သည် ပုံနမူနာကို ပြလေ့ရှိပြီး” အခြားသူတို့က လိုက်လုပ်ကြသည်။ သင့်လုပ်ငန်းခွင်၌ ဆဲရေးတိုင်းထွာခြင်းကြောင့် သင်သည် စိတ်အနှောင့်အယှက်ဖြစ်မည်ဆိုလျှင် ဦးဆုံးအနေနှင့် “တရားလွန်နေသောပုဂ္ဂိုလ်ထံ” ချဉ်းကပ်၍ “သင့်ရှေ့မှောက်တွင် ဆဲရေးခြင်းကို မပြုပါရန် ထိုသူအား ယဉ်ယဉ်ကျေးကျေးတောင်းဆိုကြည့်ပါ” ဟု သည်ဂေဇက်သတင်းစာကအကြံပြုသည်။
အိမ်အလုပ်သည် လေ့ကျင့်ခန်းကောင်းဖြစ်
ဖုန်စုပ်စက်ဖြင့်ဖုန်စုပ်ခြင်း၊ မှန်ပြတင်းပေါက်များဆေးကြောခြင်း၊ ကလေးစီးလက်တွန်းလှည်းတွန်းခြင်းတို့ကို ကျန်းမာရေးနှင့်ညီညွတ်သောလေ့ကျင့်ခန်းဟု သတ်မှတ်နိုင်သလော။ ဩစတြေးလျနိုင်ငံ ကွင်းစလန်တက္ကသိုလ်မှ မကြာသေးမီကပြုလုပ်သော လေ့လာမှုတစ်ရပ်အရ ရရှိသောအဖြေက သတ်မှတ်၍ရစေသည်။ သုတေသီများက ငါးနှစ်အောက်ကလေးရှိသော မိခင်ခုနစ်ဦးအား သူတို့၏နေ့စဉ်လုပ်ငန်းဆောင်တာ လုပ်ဆောင်ချိန်အတွင်း အောက်စီဂျင်ရှူသွင်းမှုကို တိုင်းတာကြည့်ရန် ဓာတ်ငွေ့ဆန်းစစ်မှုကိရိယာဖြင့် တပ်ဆင်တိုင်းတာကြည့်ခဲ့သည်ဟူ၍ ကန်ဘဲရာ တိုင်းမ် သတင်းစာမှ အစီရင်ခံစာတစ်ရပ်က ဖော်ပြသည်။ သုတေသီများအဆိုအရ “အိမ်မှုကိစ္စများနှင့်စပ်လျဉ်းသော လုပ်ငန်းတာဝန်အချို့ကို လိုအပ်သည့်အတိုင်းအတာဖြင့် အားသွန်ခွန်စိုက်လုပ်ဆောင်ခြင်းက ကျန်းမာရေးအကျိုးကျေးဇူးအချို့ ရရှိစေကြောင်း ရှာဖွေတွေ့ရှိချက်များက ဖော်ပြသည်။ “အမျိုးသမီးတို့၏အိမ်မှုအလုပ်သည် ခပ်သွက်သွက်လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း သို့မဟုတ် ရေကူးခြင်းကဲ့သို့သော အတော်အသင့်အားစိုက်ရသည့် လေ့ကျင့်ခန်းနှင့် တန်းတူလောက်ကျကြောင်း” ပါမောက္ခ ဝင်ဒီ ဘရောင်းက တွေ့ရှိခဲ့သည်ဟု မှတ်တမ်းကဖော်ပြသည်။ “ယင်းသည် ပဏာမ ရှာဖွေတွေ့ရှိချက်သာဖြစ်သည်၊ သို့သော် အမျိုးသမီးများသည် တစ်နေကုန် အိမ်မှုကိစ္စလုပ်ကိုင်နေကြသည့်အတွက် သူတို့ကို မလှုပ်ရှားသူဟု သင်သတ်မှတ်၍မရနိုင်သည်မှာ ရှင်းနေပါသည်” ဟူ၍ ဘရောင်းကဆိုသည်။
ကွန်ကရစ်ကိုအားဖြည့်ပေးသည့် စပါးခွံများ
“ကြာရှည်တည်မြဲပြီး ရာသီဥတုနှင့် ဝန်းကျင်ဒဏ်ကို ပိုခံနိုင်သည့် အဆောက်အအုံများ ဆောက်လုပ်မှု စက်မှု တော်လှန်ရေးပေါ်ပေါက်မည်ဟု သုတေသီများက ဟောကိန်းထုတ်နေကြ၏” ဟု ဘရာဇီးနိုင်ငံ၏ ဂျော်နာလ် ဒယူအက်စ်ပီ ကဖော်ပြသည်။ ယင်းသို့ ဖြစ်နိုင်ခြေရှိသည်၊ အကြောင်းမှာ ဘရာဇီးနိုင်ငံ၊ ဆောပိုလိုမြို့ရှိ စက်မှုတက္ကသိုလ်ကျောင်းမှ သုတေသီများက ဘိလပ်မြေအသစ်တစ်မျိုးကို ဖော်ထုတ်လိုက်သောကြောင့်ဖြစ်သည်။ အဆိုပါသိပ္ပံပညာရှင်များသည် အလွန်ညက်ညောသည့် အရည်အသွေးမြင့် ထုတ်ကုန်ပေါ်ထွက်စေရန် စပါးခွံဖွဲပြာမှထုတ်ယူထားသော စီလီကွန်ဒြပ်စင်ကို သာမန်ဘိလပ်မြေနှင့် ရောစပ်ကြည့်ကြသည်။ ရရှိလာသောကွန်ကရစ်သည် အရည်ယိုစိမ့်ဝင်နိုင်မှုနည်းပါးခြင်း၊ ညစ်ညမ်းမှုဒဏ်၊ ရာသီဥတုဒဏ်တို့ကို သာ၍ခုခံနိုင်ကာ စံထားသောကွန်ကရစ်ထက် အနည်းဆုံးသုံးဆ သို့မဟုတ် လေးဆပိုမိုခိုင်ခံ့သည်။ ဤအတွက်ကြောင့် အဆောက်အအုံ၏အမာခံတိုင်မကြီးများကို ၃၀ ရာခိုင်နှုန်းအထိ ငယ်အောင်လျော့ချစေနိုင်သည်၊ “သို့သော် နှိုင်းယှဉ်၍ရသောခိုင်ခံ့မှု[နှင့်] ရလဒ်ကား သာ၍နေရာကျယ်လာခြင်း၊ ပေါ့ပါးသောအဆောက်အအုံများ၊ အချိန်တိုတိုဖြင့် ဆောက်လုပ်ပြီးစီးခြင်း၊ ဆောက်လုပ်ရေးပစ္စည်းများနှင့်ပတ်သက်၍ ကုန်ကျစရိတ်နည်းစေကာ လုပ်အားသက်သာစေသည်” ဟု ဂျော်နာလ် ဒယူအက်စ်ပီ ကဆိုသည်။ ကမ္ဘာတစ်ဝန်း နှစ်စဉ် စပါးခွံ တန်ချိန်သန်းပေါင်း ၈၀ ခန့် ထွက်ရှိနေရာ စီလီကွန်ဒြပ်စင် တန်ချိန် သန်းပေါင်း ၃.၂ တန်ကို ထုတ်ယူနေကြသည်။