မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ကျွန်ုပ်​တို့၏ စာရှုသူ​များ​ထံ​မှ

ငလျင်​များ “ငလျင်ဒဏ်​မှ လွတ်မြောက်​သူတို့က သူတို့၏​အဖြစ်သနစ်​ကို​ပြောပြ” ဆို​တဲ့ မျက်နှာဖုံး​အခန်းဆက်​ဆောင်းပါး​ကို ကျွန်တော်​ဖတ်ရှု​ပါ​တယ်။ (ဧပြီ ၈၊ ၂၀၀၃) အဲဒီ​အထဲမှာ “၇.၀ အဆင့်​နှင့် ၎င်း​အထက်​ရှိ​ငလျင်​များသည် ၂၀ ရာစုနှစ်​ကာလ​တစ်လျှောက် ‘အတိုး​အ​လျော့​မရှိ​ဆို​ရ​မလောက်’ လှုပ်​ခဲ့​သည်” ဆိုပြီး သတင်း​ရင်းမြစ်​တစ်ခု​ကနေ သင်တို့ ဖော်ပြ​ထား​ပါ​တယ်။ ဒါပေမဲ့ ၁၉၉၉ ဝေါ အယ်​လ်​မနက်​က ၁၉၉၀ ပြည့်လွန်​နှစ်တွေ​အတွင်းမှာ ငလျင်​လှုပ်​မှု​ဟာ သိသိသာသာ​တိုးများ​လာတယ်​ဆိုပြီး ဖော်ပြ​ထား​တယ်။

အက်ဖ်. အယ်.၊ အီတလီ

“နိုးလော့!” ပြန်လည်​ဖြေကြားချက်– ဒီ​အကြောင်း​နဲ့​ပတ်သက်ပြီး ဘက်မလိုက်​တမ်း​ပြော​ရ​ရင် ကျွန်တော်​တို့​ရဲ့​ဆောင်းပါး​ဟာ ၂၀ ရာစု​အတွင်း အကြမ်းဖျင်း ငလျင်​လှုပ်​သည့် ကြိမ်​ရေ​နဲ့​ပတ်သက်​လို့ ငလျင်​ပါရဂူ​အချို့​ရဲ့ အခိုင်အမာ​ပြောဆိုချက်​ကို ထောက်ပြ​ထား​ရုံ​သက်​သက်​ပါ​ပဲ။ လို​ရင်း​အချက်​က​တော့ ငလျင်​အရေအတွက် “အတိုး​အ​လျော့​မရှိ​ဆို​ရ​မလောက်” ပဲ လှုပ်​နေတယ်လို့ တစ်ဦး​တစ်ယောက်​က ယုံ​ဦး​တော့ မဿဲ​အခန်းကြီး ၂၄ မှာ​မှတ်တမ်း​တင်ထား​တဲ့ ယေရှုရဲ့​ပရောဖက်ပြုချက်​ဟာ ကျွန်တော်​တို့​ခေတ်​ကာလ​မှာ ပြည့်စုံ​နေပြီ​ဖြစ်​ကြောင်းကို သိစေပါ​တယ်။ “အရပ်ရပ်​တို့​၌​ကြီးစွာ​သော​မြေလှုပ်ခြင်း” ဖြစ်​မည်​ဆိုပြီး ရိုးရိုးလေး​ပဲ ယေရှု​မိန့်တော်မူ​ခဲ့​တာ​ပါ။ —လုကာ ၂၁:၁၁

ကိုယ်ဝန်ပျက်​ကျ​ခြင်း “မမွေး​သေး​သောက​လေး​ကို ကျွန်မ​ဆုံးရှုံး​ခဲ့” (ဧပြီ ၈၊ ၂၀၀၃) ဆို​တဲ့​ဆောင်းပါး​ကို ကျွန်မ​တွေ့​တဲ့​အခါ ကျွန်မ​တို့​ရဲ့​မမွေး​သေး​ဘဲ ဆုံးရှုံး​သွားတဲ့​ရင်သွေးလေး​ကို သတိရ​မိ​လို့ မျက်ရည်ကျ​လာ​ပါ​တယ်။ အရမ်း​လိုအပ်​နေတဲ့ ဒီ​အချက်အလက် တွေ​နဲ့ ဒီကနေ​ရရှိ​လာတဲ့​နှစ်သိမ့်မှု​အတွက် ချက်ချင်းပဲ ယေဟောဝါ​ထံ​ဆုတောင်း​ပြီး ကျေးဇူး​တင်​ကြောင်း​ဖော်ပြ​လိုက်တယ်။ ဘုရားသခင်ရဲ့​ကမ္ဘာသစ်​မှာ ဘယ်သူမှ ဒီလို​ဖြစ်​တော့​မှာ​မဟုတ်ဘူး​ဆို​တဲ့ အချက်​ကနေ ကျွန်မ​တို့​ဟာ အမြဲ​ပဲ စိတ်​နှစ်သိမ့်မှု ရပါလိမ့်မယ်။

ဂျေ. အက်စ်.၊ အမေရိကန်​ပြည်ထောင်စု

ကိုယ်ဝန်ဆောင်​ပြီး​နောက် ရက်သတ္တပတ် ၃၀ အကြာမှာ ကျွန်မ​ရဲ့​မမွေးသေးတဲ့​ရင်သွေးလေး​ကို ဆုံးရှုံး​လိုက်ရ​ပါ​တယ်။ ကျွန်မ​ရဲ့​ဘဝမှာ ဒါဟာ အဖြစ်ဆိုး​ဆုံး​ပါ​ပဲ။ မပြော​သင့်​မပြော​အပ်​တဲ့​ကိစ္စ​လို့ ယူမှတ်​ထား​ကြလေ့​ရှိတဲ့ အကြောင်း​တစ်ခု​ကို ဆွေးနွေး​ပေး​ထား​လို့ ဒီ​ဆောင်းပါး​က အကူအညီ​နဲ့ စိတ်​သက်သာမှု​ရရှိစေတဲ့​အပြင် လက်တွေ့ကျတဲ့​အကြံပြုချက်ကိုလည်း​ပေး​ပါ​တယ်။

ကေ. ဗွီ.၊ ဂျာမနီ

မမွေးသေးတဲ့​ရင်သွေးလေး​ကို ကျွန်မ​လည်း ဆုံးရှုံး​ခဲ့​ရ​ပါ​တယ်။ ဘာမှ​မဖြစ်ခဲ့​သလို ကျွန်မ​ပြုမူ​နေထိုင်ခဲ့​ပေမဲ့ စိတ်​ထဲမှာ​တော့ စိတ်သက်သာရာ မရနိုင်​ခဲ့​ပါ​ဘူး၊ ကျွန်မ တစ်ယောက်​ထဲ​ရှိတဲ့ နေ့တိုင်း​လို​လို​မှာ ငို​ပဲ​ငို​နေတတ်တယ်။ ဒီ​စနစ်ကြီး​တည်ရှိ​နေသရွေ့​တော့ အဲဒီ​နာကျင်မှု​ဟာ ပျောက်​သွား​နိုင်​မှာ​မဟုတ်ဘူး။ ဒါပေမဲ့ ဒီ​ဆောင်းပါး​က ကျွန်မ​ကို တကယ်​စိတ်သက်သာရာ​ရစေတယ်။

အိ. အမ်.၊ ဂျပန်

အစောပိုင်းကတည်းက မိခင်နဲ့ ကလေး​ငယ်​တို့ နှောင်ကြိုး​တွယ်တာ​တယ်လို့ သင်တို့​ဆို​ထား​တာ သိပ်​မှန်တာ​ပဲ။ ဘယ်လောက်​ကြေကွဲ​ရတယ်ဆိုတာ တွေး​ယူ​လို့​တောင်​မရနိုင်​ပါ​ဘူး။ ၁၉ နှစ်​ကြာ​သွားပေ​မဲ့လည်း မမွေး​ဘဲ​ဆုံးသွား​ရတဲ့ ကျွန်မ​တို့​ရဲ့​ရင်သွေးလေး​အတွက် မျက်ရည်ကျ​နေတုန်းပါပဲ။

ခ်ျ. ကေ.၊ ဗြိတိန်

ဒီလို​အခြေအနေ​မျိုး​ကြုံ​လာတဲ့​သူတွေကို ဘယ်လို​နှစ်သိမ့်​ပြောဆို​ရမယ်ဆိုတာ မသိဘဲ​ဖြစ်​ခဲ့တယ်။ ကျွန်မ​တို့​အသင်းတော်မှာ​ရှိတဲ့ ညီအစ်မ​တစ်ယောက် သူ့ရဲ့​မမွေးသေးတဲ့​ကလေး​ကို ဆုံးရှုံး​လိုက်ရတယ်​လို့ ကျွန်မ​ကြား​တဲ့​အခါ အဲဒီ​ဆောင်းပါး​ကို ကျွန်မ​ပြန်ဖတ်​ပြီး အဲဒီ​ညီအစ်မ​ဆီ​နဲ့ အဘိုးအဘွား​လောင်း​တွေ​ဆီ ကျွန်မ​ရဲ့​အနက်ရှိုင်းဆုံး​စာနာ​ပေး​မှု​ကို ဖော်ပြ​ထား​တဲ့ စာ​တစ်စောင်​ရေးပို့​လိုက်ပါ​တယ်။

ဒီ. အာရ်.၊ ဂျာမနီ

ဒီ​ဆောင်းပါး​ဟာ ကျွန်မ​ဆုတောင်းချက်​ကို နားညောင်း​ခြင်း​ပါ​ပဲ။ ကိုယ်ဝန်ပျက်​ကျ​သွား​လို့ ခံစား​နေရ​တဲ့​ဝမ်းနည်း​ကြေကွဲမှု​နဲ့ စိတ်ဒဏ်ရာ​ခံစားချက်​တွေ​ကို အသိအမှတ်ပြု​ပေး​လို့ ကျေးဇူး​တင်​ပါ​တယ်။ ဒီ​ဆောင်းပါး​ကို ကျွန်မ​ဖတ်နေ​ချိန်မှာ ယေဟောဝါ​ကိုယ်တော်တိုင် ကိုယ်တော်​ရဲ့​လက်တော်​နဲ့ ကျွန်မ​ကို​လွှမ်းခြုံ​ပွေ့ဖက်​ထားပြီ နှစ်သိမ့်​ပေး​နေ​သလို​မျိုး ခံစားရ​ပါ​တယ်။

ကေ. ဖီ.၊ အမေရိကန်​ပြည်ထောင်စု

ကျွန်မ​အမေ​ဟာ ကျွန်မ​နဲ့ ကျွန်မ​ညီမလေး​အကြား​မှာ ကလေး​တစ်ဦး​ပျက်​ကျ​သွားခဲ့​ဖူး​ပါ​တယ်။ သူ​အရမ်း​ခံစား​ခဲ့​ရမယ်ဆိုတာ သေချာတယ်။ “မိသားစု​နှင့် မိတ်ဆွေများ ထောက်မ​ကူညီ​နိုင်​ပုံ” လေးထောင့်ကွက်​ကို ကျွန်မ​ဖတ်ရှု​ပြီး​နောက် ချက်ချင်းပဲ အမေ့​ဆီ ကျွန်မ စာ​တစ်စောင်​ရေးခဲ့တယ်။

အမ်. ဝိုင်.၊ ဂျပန်

တိုက်ကြီး​မည်မျှ​ရှိ​သနည်း ဖေဖော်ဝါရီ ၈၊ ၂၀၀၂ [လိပ်] ထုတ် စာမျက်နှာ ၂၅ မှာ ဩစတြေးလျ​ဟာ “တိုက်ကြီး​ငါး​ခု​တွင် အငယ်ဆုံး​ဖြစ်သည်” ဆိုပြီး သင်တို့​ဖော်ပြ​ထား​ပါ​တယ်။ ကျွန်တော် အမြဲ​သိလာ​တာ​က တိုက်ကြီး​ခု​နစ်​ခု​ရှိတယ်ဆိုတာပါ​ပဲ။

အဲလ်. ယူ.၊ ကနေဒါ

“နိုးလော့!” ပြန်လည်​ဖြေကြားချက်– အမှန်တကယ်​တော့ တိုက်ကြီး​ခု​နစ်​ခု​ရှိတာပါ—အာရှ၊ အာဖရိက၊ တောင်​အမေရိက၊ မြောက်​အမေရိက၊ အန္တာတိ​က၊ ဥရောပ​နဲ့ ဩစတြေးလျ​တိုက်​တို့​ပါ​ပဲ။ ဒါပေမဲ့ ဥရောပ​နဲ့ အာရှ​ကို (ယူ​ရေ​ရှား) ဆိုပြီး တိုက်​တစ်ခု​တည်း​အဖြစ် ယူမှတ်​သူ​အချို့​က ခြောက်​ခု​ပဲ​ရှိတယ်လို့ ဆို​ကြ​ပါ​လိမ့်မယ်။ အခြား​သူတွေကတော့ အန္တာတိ​က​ကို တိုက်​တစ်ခု​လို့ မသတ်မှတ်​ကြ​ပါ​ဘူး။