ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
အမှိုက်က ရွှေဖြစ်
ဂျပန်မှ သတ္တုတူးဖော်သောကုမ္ပဏီတစ်ခုသည် လွယ်လွယ်နှင့်အမြတ်များများရသော အဖိုးတန်သတ္တုထုတ်ယူနည်းကို တွေ့ ရှိထားလေပြီ။ အကီတာ စီရင်စုနယ်ရှိ သတ္တုအရည်ကျို၊ သန့်စင်သောကုမ္ပဏီသည် ယခုအခါ သတ္တုရိုင်းရှာဖွေရာတွင် အချိန်နှင့်ငွေများစွာ အကုန်ခံစရာမလိုဘဲ စွန့်ပစ်ထားသောဆယ်လူလာဖုန်းနှင့် ကွန်ပျူတာများမှ အပိုင်းအစများကို အရည်ကျိုကာ အဖိုးတန်သတ္တုများပြန်ထုတ်ယူလျက်ရှိသည်ဟု တိုကျိုမှ အိုင်အိပ်ခ်ျတီ အဆာဟီ ရှင်ဘွန်း သတင်းစာတွင် ရေးသားဖော်ပြသည်။ ကုမ္ပဏီ၏ဥက္ကဋ္ဌအဆိုအရ “ဓာတ်ခဲထုတ်ထားသော—ဆယ်လူလာဖုန်းအဟောင်း ၁ တန်မှ ရွှေ ဂရမ်ရာနှင့်ချီ၍ ထွက်နိုင်သည်။” လုပ်ရိုးလုပ်စဉ် သတ္တုတူးဖော်နည်းများနှင့် နှိုင်းယှဉ်လျှင် “မြို့တော်သတ္တုတွင်း” တစ်တန်မှအမြတ်နှုန်းသည် သတ္တုရိုင်းတစ်တန်မှ အမြတ်နှုန်း၏ ဆယ်ဆရှိနိုင်သည်။ ထို့ပြင် ဆယ်လူလာဖုန်းမှ ရွှေထုတ်ယူခြင်းသည် သတ္တုရိုင်းမှ သတ္တုထုတ်ယူခြင်းနှင့် မကွာလှသောကြောင့် ကွဲပြားသည့် ထုတ်လုပ်ရေးပစ္စည်းများဝယ်ရန် ထပ်ဆင့်ရင်းနှီးမြှုပ်နှံဖို့ မလိုအပ်ချေ။
သိုးထိန်း လာမာကုလားအုတ်များ
မြောက်အမေရိကမှ သိုးခြံပိုင်ရှင်များသည် ၎င်းတို့၏သိုးများကိုထိန်းရန် လာမာကုလားအုတ်များကို အသုံးပြုနေကြသည်။ ကနေဒါမှ သည်ဂလုပ်ဘ်အဲန်မေးလ် သတင်းစာအရ လာမာတို့သည် “မိမိတို့နှင့်အတူရှိနေသည့် တိရစ္ဆာန်များအပေါ် အလွန်ပင်သံယောဇဉ်ကြီးကြသည်။” အချက်ပေးခေါ်သံပြုပေးခြင်း၊ သိုးများကိုအုပ်ဖွဲ့ပေးခြင်း၊ ကျူးကျော်ဝင်လာသည့်အကောင်များကို မောင်းထုတ်ပေးခြင်းနှင့် သားရဲတိရစ္ဆာန်များကို ကန်ကျောက်ပစ်ခြင်းတို့ဖြင့် သိုးအုပ်ကို အားကြိုးမာန်တက်စောင့်ရှောက်ကြသည်။ လာမာများသည် ဈေးမများလှသောကြောင့် အချို့လယ်သမားများသည် သိုးထိန်းခွေးများထက်ပင် ပို၍နှစ်သက်ကြသည်။ ထို့ပြင် “လာမာတို့သည် သိုးများနှင့်အတူ မြက်စား၍ အိပ်နိုင်ခြင်းကြောင့် ၎င်းတို့အတွက် စောင့်ရှောက်စရိတ် အပိုမကုန်တော့ချေ—၎င်းတို့သည် လူကြိုက်များသော သိုးထိန်းခွေးမျိုးများထက် များစွာသာ၍ အသက်ရှည်ရှည်နေနိုင်သည်” ဟု သတင်းစာက ဆိုသည်။ လာမာများပိုင်သော ကနေဒါလူမျိုး သိုးခြံပိုင်ရှင်တစ်ဦးက အကျိုးကျေးဇူးများကို ဤသို့ဖော်ပြခဲ့သည်– “သူတို့အတွက် သင်ဘာမှ ကုန်စရာမလိုဘူး၊” ဒီအပြင် “ဟောင်လည်းမဟောင်ကြဘူး။”
သဘာဝအအေးပေးပစ္စည်း
ဂျာမနီမှ သုတေသနအဖွဲ့တစ်ဖွဲ့သည် ပရုတ်၏အေးမြစေသောသတ္တိထက် ၃၅ ဆသာလွန်ပြီး ပူရှိမ်းရှိမ်းလည်းမခံစားရသော သဘာဝဓာတုပစ္စည်းတစ်မျိုးကို ရှာတွေ့ခဲ့ကြသည်။ ဘီယာနှင့် ဝီစကီတို့တွင် သဘာဝအလျောက်ဖြစ်ပေါ်နေသော ထိုဓာတုပစ္စည်းကို မြူးနစ်မြို့ ဂါးချင့်ရှိ အစားအသောက်ဓာတုဗေဒဆိုင်ရာ ဂျာမန်သုတေသနဌာနတွင် ရှာဖွေတွေ့ရှိခဲ့သည်။ သုတေသနအဖွဲ့၏ ဒါရိုက်တာ သောမတ် ဟော့ဖ်မင်း၏အဆိုကို နယူးဆိုင်းယင်းတစ် မဂ္ဂဇင်းက ကိုးကားဖော်ပြသည်– “၎င်းသည် ဘီယာ၊ ရေသန့်ဘူးရှိ ရေ၊ ရှောက်သံပုရာရည်၊ ချောကလက်နှင့် ကိတ်မုန့်အပါအဝင် ထုတ်ကုန်အမျိုးမျိုးကို အလွန်အေးမြလတ်ဆတ်သော ရှည်ကြာသည့်အနံ့အရသာ ပေးနိုင်သည်။” ဤဓာတုပစ္စည်းသည် အသားအရေကို ပင်စိမ်းမျိုး ပူဒီနာမျိုးထက် အဆ ၂၅၀ သာ၍ အေးမြစေသောကြောင့် ယင်းကို မိတ်ကပ် သို့မဟုတ် အသားအရေလိမ်းဆေးရည်များတွင်ထည့်ပါက ၎င်းတို့၏အရည်အသွေး ပိုမိုကောင်းလာနိုင်သည်။
တိရစ္ဆာန်ချေးမြေသြဇာနှင့် စူပါပိုးမွှားများ
“ဥရောပတစ်လျှောက်ရှိစိုက်ကွင်းများသည် ခြံမွေးတိရစ္ဆာန်များအတွက်သုံးသော ပဋိဇီဝဆေးများကြောင့် အန္တရာယ်ရှိအဆင့်တွင်ရောက်ကာ ညစ်ညမ်းနေပြီ” ဟု နယူးဆိုင်းယင်းတစ်မဂ္ဂဇင်းက တင်ပြထားသည်။ ဥရောပပြည်ထောင်စုနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ခြံမွေးတိရစ္ဆာန်များ ကြီးထွားမှုမြန်စေရန်နှင့် ရောဂါကာကွယ်ပေးရန် နှစ်စဉ် ပဋိဇီဝဆေး တန် ၁၀,၀၀၀ ကျော် တိုက်ကျွေးကြသည်။ “သို့သော် မကြာသေးမီက သုတေသနပြုချက်အရ ခြံမွေးတိရစ္ဆာန်များအတွက် ဆေးဝါးတိုး၍သုံးခြင်းနှင့် လူတို့ကိုကူးစက်သော ပဋိဇီဝဆေးခံနိုင်ရည်ရှိပိုးမွှားများ ပေါ်ပေါက်လာခြင်းတို့သည် တိုက်ရိုက်ဆက်စပ်မှုရှိကြောင်း တွေ့ရှိခဲ့ကြသည်” ဟု မဂ္ဂဇင်းကဖော်ပြသည်။ “မြေသြဇာအဖြစ် လယ်ကွက်များ၌ကြဲဖြန့်သော တိရစ္ဆာန်ချေးတွင်ရှိဆေးဝါးများသည် ကျွန်ုပ်တို့၏အစားအစာနှင့် ရေထဲ ရောက်ရှိလာနိုင်သည်၊ . . . ၊ [ထို့နောက် ၎င်းတို့သည်] စားသုံးသည့်ကောက်ပဲသီးနှံများကို ညစ်ညမ်းစေသည်” ဟု နယူးဆိုင်းယင်းတစ် ကဆိုသည်။
“မွေးစားရန်” အတွက်အဘိုးအဘွားများ
စပိန်နိုင်ငံမှ မိသားစုအချို့သည် ဆွေမျိုးမရှိသော သက်ကြီးရွယ်အို ၆၆ ယောက်ကို “မွေးစား” ရန် စီစဉ်ခဲ့ကြသည်ဟု စပိန်သတင်းစာ အယ်လ် ပါရီစ်ကတင်ပြသည်။ “ဤအစီအစဉ်၏ရည်ရွယ်ချက်မှာ . . . တစ်ကိုယ်တည်းမရပ်တည်နိုင်သူ သက်ကြီးရွယ်အိုများသည် လူအိုရုံသို့သွားမည့်အစား နောက်တစ်နေရာကိုရွေးနိုင်ရန် ကမ်းလှမ်းခြင်းဖြစ်သည်” ဟု သတင်းစာကဖော်ပြသည်။ သက်ကြီးရွယ်အိုများကိုခေါ်နေရန် လျှောက်ထားသူများထဲတွင် သက်ကြီးရွယ်အိုများနှင့်အတူ ဘဝကိုဝေမျှခံစားလိုသည့် အသက် ၅၀ ကျော် အိမ်ထောင်သည်မောင်နှံများပါဝင်သည်။ ကလေးငယ်များရှိသော မိသားစုအချို့က မိမိတို့အိမ်၌ အဘိုးအဘွား တစ်ယောက်ယောက်ရှိစေလိုသည်ဟု ဆို၏။ မွေးစားသောမိသားစုများသည် အစိုးရထောက်ပံ့ငွေရသည်မှာမှန်သော်လည်း “သူတို့မွေးစားလိုခြင်းမှာ ငွေကြေးကြောင့်မဟုတ်ပါ” ဟု အစီအစဉ်၏အထွေထွေဒါရိုက်တာ မာရီဆာ မြူယော့စ်-ကာဘယ်ယာရို ကရှင်းပြသည်။ “ငွေကြေးကြောင့်သာဖြစ်ပါမူ မကြာမီပင် သူတို့စိတ်ကုန်သွားကြလိမ့်မည်၊ အကြောင်းမှာ သက်ကြီးရွယ်အိုများကို စောင့်ရှောက်ရခြင်းသည် ပင်ပန်းစွာအားထုတ်ရသော အလုပ်တစ်ခုဖြစ်၍တည်း။”
ဥရောပတွင် အိမ်တွင်းအကြမ်းဖက်မှု
“ဥရောပအမျိုးသမီး ငါးယောက်တွင်တစ်ယောက်သည် သူ့ဘဝ၏ တစ်ချိန်ချိန်၌ အမျိုးသားကြင်ဖော်၏ အကြမ်းဖက်မှုကို ကြုံတွေ့ ကြရသည်” ဟု အလုပ်အကိုင်နှင့် လူမှုရေးရာအတွက် တာဝန်ရှိသူ ဥရောပကော်မရှင်အဖွဲ့ဝင် အယ်နာ ဒီအာမန်တိုပါလူ ကဆိုသည်။ ယမန်နှစ်က စပိန်တွင်ကျင်းပခဲ့သော အမျိုးသမီးများအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဝန်ကြီးများညီလာခံတွင် ဒီအာမန်တိုပါလူ က ဤသို့ထုတ်ဖော် ပြောဆိုခဲ့သည်– “ကမ္ဘာတစ်ဝန်း ရှိ အသက် ၁၅ နှစ်နှင့် ၄၄ နှစ်အကြားအမျိုးသမီးများသည် ကင်ဆာ၊ ငှက်ဖျား၊ ယာဉ်တိုက်မှုများ သို့မဟုတ် စစ်ပွဲ ယင်းတို့အားလုံးပေါင်းထက် အမျိုးသားများ၏အကြမ်းဖက်မှုကြောင့် အကြီးအကျယ်အနာတရဖြစ်မှု သို့မဟုတ် သေဆုံးရမှုက ပိုများဖွယ်ရှိသည်။” “အိုင်ယာလန်တွင် အသတ်ခံရသောအမျိုးသမီးတစ်ဝက်ကျော်သည် သူတို့၏အမျိုးသားအဖော် သို့မဟုတ် ခင်ပွန်းဖြစ်သူ၏ သတ်ဖြတ်မှုကြောင့်ဖြစ်” နေစဉ် ယူနိုက်တက်ကင်းဒမ်းတွင် “အိမ်တွင်း အကြမ်းဖက်မှုကြောင့် ၃ ရက်လျှင် အမျိုးသမီးတစ်ဦးနှုန်း သေဆုံးနေသည်။” ထို့ပြင် ဩစတြီးယားတွင် “ကွာရှင်းမှုထက်ဝက်သည် လင်ယောက်ျားများ၏ နှိပ်စက်မှုခံရသော အမျိုးသမီးများ၏တိုင်ကြားချက်အပေါ် အခြေခံသည်” ဟု ပြင်သစ်နေ့စဉ်သတင်းစာ လာ မန်ဒ် ၌ ဖော်ပြသည်။
ကလေးငယ်များ ရေနစ်သေဆုံးခြင်းကို ကာကွယ်ဟန့်တားခြင်း
ကမ္ဘာ့အကြွယ်ဝဆုံးနိုင်ငံ ၂၆ နိုင်ငံတွင် ရေနှစ်သေဆုံးမှုသည် အသက် ၁၄ နှစ်အရွယ်ထိကလေးများ သေဆုံးရသည့်အကြောင်းရင်းတွင် ဒုတိယအဖြစ်များဆုံးဖြစ်သည်ဟု (ယခင် ဗြိတိသျှဆေးဂျာနယ်)ဘီအမ်ဂျေ၌ဖော်ပြသည်။ ဂျာနယ်အရ “နို့စို့သူငယ်များသည် အိမ်တွင် (အများအားဖြင့် ရေချိုးကန်တွင်); လမ်းလျှောက်စကလေးများသည် အိမ်နှင့်ကပ်လျက်ရှိသော ရေကူးကန် သို့မဟုတ် ရေကန်ငယ်တို့တွင်နှင့် ကလေးကြီးများသည် အင်းအိုင်များ၊ မြစ်ချောင်းများကဲ့သို့သော သဘာဝရေအစုအဝေးတွင် ရေနစ်သေဆုံးကြဖွယ်ရှိသည်။” ထိုသို့သော မတော်တဆမှုများကို ကာကွယ်တားဆီးရန် ကျွမ်းကျင်သူများက အောက်ပါအတိုင်း အကြံပြုကြသည်– နို့စို့ကလေးသည် ရေချိုးကန်ထဲရှိစဉ် သို့မဟုတ် ရေများများရှိသောနေရာတွင်ရှိစဉ် မပြတ်စောင့်ကြည့်နေပါ၊; အိမ်ဝင်းထဲမှတစ်ဆင့် ပန်းခြံရှိရေကန် သို့မဟုတ် ရေကူးကန်သို့ မသွားနိုင်အောင် ခြံစည်းရိုးကာထားပါ; ကလေးငယ်ကို တစ်ယောက်တည်း ရေသွားကူးရန် သို့မဟုတ် သီးခြားနေရာတွင် ရေကူးရန် ခွင့်မပြုပါနှင့်; အသက်ပြန်ရှူအောင်လုပ်သောနည်းများကို သင်ယူထားပါ။
ကြီးကောင်ဝင် စောခြင်း
“ကြီးကောင်ဝင် စောလာကြပြီ” ဟု ဂျာမန်သတင်းစာ ဘာလင်နာဇီတန် ကဖော်ပြသည်။ ယုတ်စွအဆုံး ဇီဝရှုထောင့်အရ လူငယ်များသည် အသက် ၁၀ နှစ်နှင့် ၁၂ နှစ်အကြား သို့မဟုတ် ထို့ထက်ပင်စောစီးစွာ ကလေးဘဝကုန်ဆုံးသွားခြင်းမှာ မဆန်းတော့ပါ။ ကမ္ဘာတစ်ဝန်းမှ သုတေသီများသည် ဤဖြစ်ရပ်ကိုသတိပြုမိကြသော်လည်း ဖြစ်ရသည့်အကြောင်းရင်းများကို အတိအကျမသိကြပါ။ အာဟာရပို၍ကြွယ်ဝလာခြင်းနှင့် ကူးစက်ရောဂါများ ဆုတ်ယုတ်ကျဆင်းသွားခြင်းတို့ကို ဖြစ်နိုင်ခြေအဖြစ် ဖော်ပြကြသည်။ အခြားသူများက ပတ်ဝန်းကျင်အဆိပ်အတောက်ဖြစ်စေသော ပစ္စည်းများကြောင့်ဖြစ်သည်ဟု ဆိုကြသည်၊ အထူးသဖြင့် မ-ဟော်မုန်းဖြစ်သော အီစတြိုဂျင်၏အကျိုးသက်ရောက်မှု အသွင်သဏ္ဌာန်ဆောင်သည့် ပစ္စည်းများဖြစ်၏။ အကြောင်းရင်းသည် မည်သည့်အရာပင်ဖြစ်စေ လိင်ဆိုင်ရာလူကြီးဖြစ်စောခြင်းက စောစွာလိင်ဆက်ဆံခြင်းပြုစေနိုင်သည်။ “ကလေးတစ်ဦးသည် လမ်းလျှောက်စအရွယ်မှ ပထမဆုံးလိင်အတွေ့အကြုံရရှိချိန် ကြားကာလသည် နှစ်အနည်းငယ်သာကြာသည်” ဟု ထိုသတင်းစာကဖော်ပြသည်။
ဒေါသကြီးခြင်းက လူကိုသေစေနိုင်
“ဒေါသကြီးသူများသည် လေဖြတ်ရန်အကြောင်းပိုများသည်” ဟု စပိန်သတင်းစာ ဒီယာရီအို မီဒီကို ကဖော်ပြသည်။ ကြမ်းကြုတ်သောအပြုအမူနှင့် နှလုံးရောဂါအန္တရာယ် တိုးများလာခြင်းကို ဆရာဝန်များက ကြာမြင့်စွာကတည်းက ဆက်စပ်ပြခဲ့သည်။ ထိုသို့သောအပြုအမူသည် လေဖြတ်ခြင်းအန္တရာယ်ကိုလည်း တိုးများစေကြောင်း မကြာသေးမီတွေ့ရှိချက်က ဖော်ပြသည်။ အရွယ်ရောက်သူ ၁၄,၀၀၀ ကိုစစ်ဆေးကြည့်ရာ လေဖြတ်သည့်အန္တရာယ်သည် အသက် ၆၀ အောက် ဒေါသထွက်လွယ်သောသူများတွင် သုံးဆပိုများသည်။ အဘယ်ကြောင့်နည်း။ ဒေါသထွက်ခြင်းသည် သွေးဖိအား၊ သွေးကြောကျဉ်းခြင်းနှင့် သွေးခဲစေသောဒြပ်ပစ္စည်းတို့ကို “အထူးတလည်တိုးများ” စေနိုင်ပုံပေါက်ကာ ယင်းက “တဖြည်းဖြည်းနှင့် ဦးနှောက်တွင်းသွေးလည်ပတ်မှုကို ထိခိုက်စေနိုင်သည်” ဟု သတင်း၌ဖော်ပြသည်။