အခြေအနေများ တိုးတက်ကောင်းမွန်ပါမည်လော
အခြေအနေများ တိုးတက်ကောင်းမွန်ပါမည်လော
ယနေ့ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အခြားအဖွဲ့အစည်းများသည် ရောဂါဖြစ်ပွားမှုကို မျက်ခြည်မပြတ်စောင့်ကြည့်ကြကာ ရောဂါပြန့်ပွားမှုထိန်းချုပ်ရေးကို အာရုံစိုက်လျက်ရှိကြသည်။ အခြားအဖွဲ့အစည်းအမျိုးမျိုးကလည်း သတင်းအချက်အလက်များကို ဖြန့်ချိပေးခြင်း၊ ဆေးသစ်များသုတေသနပြုလုပ်ခြင်းနှင့် ရောဂါထိန်းချုပ်ရေး နည်းလမ်းသစ်များ ရှာဖွေခြင်းတို့တွင် အကူအညီပေးကြသည်၊ ယင်းတို့အားလုံးမှာ အင်းဆက်ပိုးကြောင့်ဖြစ်သော ကူးစက်ရောဂါပြဿနာ ကြီးထွားလာမှုကိုဖြေရှင်းသည့် ကြိုးစားအားထုတ်မှုများဖြစ်သည်။ တစ်ဦးချင်းစီအနေနှင့်ရော အုပ်စုလိုက်အနေနှင့်ပါ များစွာလုပ်ဆောင်နိုင်ပြီး မိမိတို့ကိုယ်ကို ကာကွယ်နိုင်ကြသည်။ သို့သော် တစ်ဦးချင်းစီ၏ ကာကွယ်မှုများသည် ကမ္ဘာချီ ရောဂါထိန်းချုပ်နှိမ်နင်းချင်းတို့နှင့် မတူပါ။
ကမ္ဘာချီပူးပေါင်းဆောင်ရွက်မှု၊ ယုံကြည်စိတ်ချမှုတို့သည် ရောဂါထိန်းချုပ်မှုအောင်မြင်ရေးအတွက် အဓိကကျသည်ဟု ကျွမ်းကျင်သူများက ယုံကြည်ကြသည်။ “လူများနှင့် နိုင်ငံများကြား ကမ္ဘာလုံးဆိုင်ရာ ပေါင်းစပ်ဆောင်ရွက်မှု လျင်မြန်စွာတိုးတက်လာခြင်းကြောင့် ကမ္ဘာဂြိုဟ်ရှိ မည်သည့်နေရာတွင်မဆို နေထိုင်သူများသည် မိမိတို့၏ဝန်းကျင်ကို ရပ်ကွက်၊ ပြည်နယ်၊ နိုင်ငံ သို့မဟုတ် အရှေ့/အနောက်ကမ္ဘာခြမ်းစသည်ဖြင့် သတ်မှတ်ထား၍ မဖြစ်တော့ပါ” ဟုပူလစ်ဇာဆုရရှိသူ သတင်းထောက် လော်ရီ ဂရက်က ကျရောက်တော့မည့် ကပ်ရောဂါဘေး—ဟန်ချက်မညီသော တစ်ကျော့ပြန်ရောဂါသစ်များစာအုပ်တွင် ရေးသားဖော်ပြထားသည်။ “ရောဂါပိုးများနှင့် ရောဂါပိုးသယ်ဆောင်သော လက်ခံကောင်များသည် လူသားများသတ်မှတ်သည့် မည်သည့်နယ်နိမိတ်ကိုမျှ မသိကြပါ။” နိုင်ငံတစ်နိုင်ငံတွင် ရုတ်တရက် ရောဂါဖြစ်ပွားပါက အိမ်နီးချင်းနိုင်ငံများသာမက တစ်ကမ္ဘာလုံးက ယင်းအတွက် စိုးရိမ်ပူပန်ကြရသည်။
အစိုးရတချို့နှင့် လူတချို့သည် အခြားနိုင်ငံများမှလာသော မည်သည့် ရောဂါကာကွယ်ရေးပုံစံကိုမဆို— ရောဂါထိန်းချုပ်ရေး အစီအစဉ်များကိုပင်—သံသယဝင်ကြဆဲရှိသည်။ ထို့ပြင် နိုင်ငံရေးအမြင်ကျဉ်းမှုနှင့် စီးပွားရေးလောဘတို့က စည်းလုံးစွာဆောင်ရွက်သော အပြည်ပြည်ဆိုင်ရာ ကြိုးစားအားထုတ်မှုများကို အဟန့်အတားဖြစ်စေသည်။ ရောဂါထိန်းချုပ်ရေးဆိုင်ရာ လူများ၏ကြိုးစားအားထုတ်မှုများတွင် ရောဂါပိုးများက အသာစီးရကြမည်လော။ အသာစီးရမည်ဟုယူဆသူ စာရေးဆရာ ယူဂျင်း လင်ဒဲက ဤသို့ဖော်ပြ၏– “ကြိုးစားအားထုတ်မှုများသည် အချိန်နှောင်းနေပြီ။”
မျှော်လင့်စရာအကြောင်းရင်း
သိပ္ပံပညာနှင့် စက်မှုပညာတိုးတက်မှုများက ရောဂါအရေအတွက်တိုးများလာခြင်းကို များစွာနှောင့်နှေးစေသည်။ အင်းဆက်ပိုးကြောင့်ဖြစ်သော ရောဂါပြဿနာသည် လူတို့၏ကျန်းမာရေးကို အန္တရာယ်ပြုရာများစွာထဲမှ တစ်ခုတည်းသောအရာ အမှန်ဖြစ်သည်။ သို့သော် မျှော်လင့်စရာအကြောင်းရင်း ရှိပါသည်။ သက်ရှိများကြား ရှုပ်ထွေးသော ဆက်သွယ်မှုများရှိသည့်အကြောင်း စ၍နားလည်သဘောပေါက်လာကြသော်လည်း သိပ္ပံပညာရှင်များက ကမ္ဘာမြေကြီးသည် မိမိကိုယ်ကို ပြုပြင်နိုင်စွမ်းရှိကြောင်းကို အသိအမှတ်ပြုကြသည်။ ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်သည် သဘာဝနိယာမတရားကို မျှတမှုရှိအောင် ပြန်လည်စီစဉ်ပေးနိုင်သည့် ယန္တရားများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ ဥပမာ၊ ယခင်က ခုတ်ထွင်ရှင်းလင်းထားသောမြေပေါ်တွင် သစ်တောများ ပြန်ပေါက်လေ့ရှိပြီး ရောဂါပိုးများ၊ အင်းဆက်ပိုးများနှင့် တိရစ္ဆာန်များကြား ဆက်သွယ်မှုကို နှစ်ပေါင်းကြာရှည်စွာ တည်ငြိမ်ခိုင်မြဲစေနိုင်သည်။
ပို၍အရေးကြီးသည်မှာ ရှုပ်ထွေးသော သဘာဝဒီဇိုင်းပုံစံများက ဖန်ဆင်းရှင်တစ်ပါး၊ ကမ္ဘာမြေကြီး အစိတ်အပိုင်းများကို ဦးဆုံးစီစဉ်ဖန်တီးသူ ဘုရားသခင်တစ်ပါးရှိကြောင်း ဖော်ပြသည်။ သိပ္ပံပညာရှင်များစွာက ကမ္ဘာမြေကြီးကိုဖန်ဆင်းရန် အသိဉာဏ်မြင့်မားသော ပုဂ္ဂိုလ်တစ်ပါးရှိရမည်ဟု ဝန်ခံကြသည်။ မှန်ပါသည်၊ အလေးအနက် စဉ်းစားတွေးခေါ်သူများသည် ဘုရားသခင်တည်ရှိကြောင်းကို အောင်မြင်စွာ မငြင်းဆိုနိုင်ကြပါ။ သမ္မာကျမ်းစာက ဖန်ဆင်းရှင်၊ ယေဟောဝါဘုရားသခင်သည် အတိုင်းအဆမဲ့တန်ခိုးရှင်၊ မေတ္တာရှင်ဖြစ်ကြောင်း ဖော်ပြ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ပျော်ရွှင်မှုရရှိရေးကို အလွန်စိတ်ဝင်စားတော်မူ၏။
ထို့အပြင် ပထမဆုံးလူသား၏ စိတ်လိုကိုယ်လျောက် အပြစ်ပြုမှုကြောင့် လူများသည် မစုံလင်မှု၊ ဖျားနာမှုနှင့် သေခြင်းတို့ကို အမွေခံခဲ့ရကြောင်း သမ္မာကျမ်းစာတွင် ရှင်းပြထားသည်။ ယင်းက ကျွန်ုပ်တို့သည် အစဉ်အမြဲ ဆင်းရဲဝေဒနာ ကြုံတွေ့ခံစားရမည်ဟု ဆိုလိုပါသလော။ မဆိုလိုပါ! ဘုရားသခင့်ရည်ရွယ်ချက်မှာ မြေကြီးကို ပရဒိသုဖြစ်စေရန်ဖြစ်ပြီး လူများသည် အခြားသတ္တဝါကြီးငယ်မဟူတို့နှင့်အတူ အဆင်ပြေချောမွေ့စွာ နေထိုင်နိုင်မည်။ သားရဲတိရစ္ဆာန်ကြီးကသော်လည်းကောင်း၊ အင်းဆက်ပိုးကောင်ငယ်ကသော်လည်းကောင်း မည်သည့်သတ္တဝါကမျှ လူတို့ကို အန္တရာယ်မပြုတော့မည့် ကမ္ဘာဖြစ်မည်ဟု သမ္မာကျမ်းစာ၌ ကြိုဟောထား၏။—ဟေရှာယ ၁၁:၆-၉။
အမှန်ပင်၊ လူသားများသည် ထိုသို့သောအခြေအနေများ—လူမှုပေါင်းသင်းဆက်ဆံရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး—ကို ထိန်းသိမ်းရာတွင် ကဏ္ဍတစ်ရပ်မှ ပါဝင်ကြမည်။ ဘုရားသခင်က လူအား ကမ္ဘာမြေကြီးကို ‘ပြုစုစောင့်ရှောက်’ ဖို့အမိန့်ပေးခဲ့သည်။ (ကမ္ဘာဦး ၂:၁၅) အနာဂတ်ပရဒိသုတွင် လူသားတို့သည် ဖန်ဆင်းရှင်ကိုယ်တော်တိုင်၏ ညွှန်ကြားချက်များကို နာခံလိုက်လျှောက်ခြင်းဖြင့် ယင်းတာဝန်ကို အပြည့်အဝထမ်းဆောင်နိုင်ကြမည်။ ထို့ကြောင့် “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆို” တော့မည့်နေ့ရက်အချိန်ကို ကျွန်ုပ်တို့ မျှော်လင့်နိုင်ပါသည်။—ဟေရှာယ ၃၃:၂၄။