မိုးသစ်တောများ—ယင်းတို့ကို မည်သူ ကယ်တင်မည်နည်း
မိုးသစ်တောများ—ယင်းတို့ကို မည်သူ ကယ်တင်မည်နည်း
အပူပိုင်းသစ်တောများ ပျက်စီးပြုန်းတီးနေသည့် ပြဿနာများကို ဖြေရှင်းလိုသည့် မည်သူမဆိုသည် သစ်တောပြုန်းတီးစေသည့် အကြောင်းရင်းများကို ဦးစွာဖြေရှင်းရမည်။ ယင်းတို့မှာ အဘယ်နည်း။ တရားခံမှာ လူဦးရေလွန်ကဲစွာ တိုးများလာခြင်းကြောင့်သာ မဟုတ်ပါ။ ကမ္ဘာပေါ်ရှိ မြေသြဇာကောင်းသောနယ်မြေများသည် ကမ္ဘာ့လူဦးရေ—ထိုထက်ပိုသောလူများကိုပင် အလွယ်တကူ ထောက်ပံ့ကျွေးမွေးနိုင်သည်။
အမှန်မှာ၊ တချို့နိုင်ငံများရှိ အစိုးရများသည် လယ်ယာစိုက်ပျိုးမှုမှ ထုတ်ကုန်များစွာထွက်ရှိခြင်းကြောင့် စားသောက်ကုန်ဈေးနှုန်း ကျမည်ကို စိုးရိမ်ကြသည်။ အစိုးရတချို့က လယ်သမားများအား သူတို့၏မြေကို ယာယီအပန်းဖြေစခန်း၊ ဂေါက်ကွင်း သို့မဟုတ် ဘေးမဲ့တောကဲ့သို့သော အားလပ်ချိန်အပန်းဖြေနေရာများအဖြစ် ပြောင်းလဲရန် အားပေးကြသည်။
သို့ဖြစ်လျှင် ကမ္ဘာ့သစ်တောများသည် အဘယ်ကြောင့် လျော့ပါးလျက်ရှိသနည်း။ ကျွန်ုပ်တို့ ဖော်ပြခဲ့သည့်အရာများထက် အကြောင်းရင်းကို ပို၍နက်နက်နဲနဲ ကြည့်ရှုရမည်။
သစ်တောပြုန်းတီးစေသည့် အဓိကအကြောင်းရင်းများ
မျက်မှောက်ခေတ် လူဦးရေပေါက်ကွဲမှု မတိုင်မီ ကြာမြင့်စွာအချိန်က အစိုးရများစွာသည် မိမိတို့ဘုန်းတန်ခိုးကြီးရန်နှင့် ချမ်းသာကြွယ်ဝရန်အတွက် သစ်တောများကို လုယူတိုက်ခိုက်ခဲ့ကြသည်။ ဥပမာ၊ ဗြိတိသျှအင်ပါယာသည် သင်္ဘောဆောက်ရန်အတွက် လိုအပ်သည့်သစ်ရရှိဖို့ ဗြိတိန်နိုင်ငံပိုင် ဝက်သစ်ချတောများကို ခုတ်လှဲပျက်စီးစေခဲ့ပြီးနောက် မြန်မာနှင့် ထိုင်းနိုင်ငံရှိ ကျွန်းတောများကိုပါ ပျက်စီးစေခဲ့သည်။ ထိုအင်ပါယာသည် အိန္ဒိယနိုင်ငံရှိ သံရည်ကျိုစက်ရုံများအတွက် လောင်စာထင်းရရှိရန် သစ်တောများမှ သစ်ပင်များစွာခုတ်ခဲ့သည်။ ရော်ဘာ၊ ကော်ဖီနှင့် ကိုကိုးစိုက်ခင်းများပြုလုပ်ရန်အတွက် အခြားသစ်တောများကို ခုတ်ထွင်ခဲ့ကြသည်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း စက်လွှများ၊ မြေတူးစက်များ ပေါ်လာခြင်းကြောင့် သစ်တောများကို ပို၍ပြောင်သလင်းဖြစ်သွားအောင်ပြုနိုင်ခဲ့သည်။ ပျက်စီးလွယ်သောသစ်တောများကို ငွေရင်းမြစ်အဖြစ် သဘောထားကာ ပို၍ပို၍အမြတ်ထုတ်ခဲ့ကြသည်။
ကုမ္ပဏီကြီးများသည် မြေသြဇာကောင်းသော မြေကွက်ကျယ်ကြီးများကိုဝယ်ကာ အမြတ်ပေါ်မြန်သော သီးနှံများဆွတ်ခူးရိတ်သိမ်းရာတွင် စက်ကိရိယာများကို အသုံးပြုခဲ့ကြသည်။ ကျေးလက်ဒေသမှ ထောင်ချီသောသူတို့သည် အလုပ်မရှိတော့သဖြင့် မြို့များသို့ ပြောင်းရွှေ့ခဲ့ကြသည်။ သို့သော် အခြားသူများမှာ မိုးသစ်တောများသို့ ပြောင်းရွှေ့ခဲ့ကြသည်။ ထိုသစ်တောများကို “နေစရာမြေမရှိသောသူများအတွက် လူမရှိသောဒေသ” ဟုကြော်ငြာခဲ့ကြသည်။ အချိန်တန်သည့်အခါ ထိုနေရာများတွင် စိုက်ပျိုးစားသောက်ရန် အလွန်ခက်ခဲကြောင်း လူများသိရှိလာခဲ့ကြသည်၊ အများအားဖြင့် အချိန်လွန်မှ—သစ်တော အတော်များများပျက်စီးပြီးနောက်မှ သိရှိခဲ့ကြသည်။
ရာဇဝတ်မှုများကလည်း သစ်တောများကို ပျက်စီးစေသည်။ တရားမဝင်သစ်ခုတ်သမားများသည် အဖိုးတန်အပင်များကို တိတ်တဆိတ်ခိုးခုတ်ကြသည်၊ အမျိုးသားဥယျာဉ်ထဲရှိ သစ်များကိုပင် ခိုးခုတ်ကြသည်။ တစ်ခါတစ်ရံ သူတို့သည် သစ်တောအတွင်း သစ်လုံးများကို ပျဉ်များအဖြစ် ခွဲစိတ်သွားကြသည်—အလေအလွင့်များပြီး တရားမဝင်သော လုပ်ရပ်ဖြစ်သည်။ ဒေသခံပြည်သူများအား ငွေပေးကာ သစ်များကို စက်ဘီးဖြင့် သို့မဟုတ် နောက်လွယ်ဖြင့် သယ်ထုတ်စေကြသည်။ ထို့နောက် စစ်ဆေးရေးဂိတ်များနှင့်လွတ်ရန် သစ်တင်ထရပ်ကားများသည် အသုံးနည်းသော တောင်ကြားလမ်းများဖြင့် ညအမှောင်တွင် သယ်ထုတ်ကြသည်။
သို့ဖြစ်၍ သစ်တောပြုန်းတီးခြင်းနှင့် သားရိုင်းတိရစ္ဆာန်များ ပျောက်ကွယ်ခြင်းတို့သည် လူဦးရေတိုးများလာခြင်းကြောင့်သာ မလွဲမသွေဖြစ်လာခြင်းမဟုတ်ပါ။ အများအားဖြင့် အလွဲသုံးစားပြုမှု၊ လောဘကြီးသောစီးပွားရေး၊ ရာဇဝတ်မှုနှင့် အဂတိလိုက်စားသော အုပ်ချုပ်သူများကြောင့် ဖြစ်လေ့ရှိသည်။ သို့ဖြစ်သောကြောင့် အပူပိုင်းမိုးသစ်တောများတွင်တွေ့ရသည့် သက်ရှိအမျိုးမျိုးကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအတွက် အဘယ်မျှော်လင့်ချက်ရှိသနည်း။
မိုးသစ်တောများအတွက် အဘယ်မျှော်လင့်ချက်ရှိသနည်း
“ကမ္ဘာ့အပူပိုင်းသစ်တောများ၏ အစိတ်အပိုင်းတစ်ခုကိုသာ ကောင်းစွာထိန်းသိမ်းစောင့်ရှောက်ထားသည်” ဟု ခေတ်အမီဆုံးခုတ်ဖြတ်နည်း– သစ်ခုတ်သော အပူပိုင်းသစ်တောအတွင်းရှိ သားရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းစာအုပ်တွင် ဆိုထားသည်။ ဤသို့ဆက်ဆို၏– “ယခုလောလောဆယ်တွင် (ရှိသည့်တိုင်) သစ်တောအနည်းငယ်ကိုသာ ကောင်းမွန်စွာဖြင့် အောင်မြင်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသည်။” ထိန်းသိမ်းစောင့်ရှောက်နိုင်သည်မှာ မှန်သော်လည်း ကမ္ဘာချီအဖြစ်မှန်မှာ လျင်မြန်စွာ သစ်တောပြုန်းတီးနေခြင်းဖြစ်သည်။
ယင်းနှင့်ပတ်သက်၍ ဘိုလီးဗီးယားနိုင်ငံသည် ထူးခြားစွာခြွင်းချက်ဖြစ်သည်ဟု ဆိုစရာရှိသည်၊ ယင်းနိုင်ငံရှိ အပူပိုင်းမိုးသစ်တော ၂၅ ရာခိုင်နှုန်းကို ထိန်းသိမ်းစောင့်ရှောက်နိုင်သည့် သစ်တောများအဖြစ် သတ်မှတ်ခဲ့သည်။ သို့သော် ကမ္ဘာနှင့်ချီ၍နှိုင်းစာလျှင် တစ်ရာခိုင်နှုန်းပင်မရှိပါ—အလွန်သေးငယ်သော အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။ အပူပိုင်းသစ်တောအများစုသည် အလွန်အကျွံ ဖျက်ဆီးခံနေရသည်။ တစ်ကိုယ်ကောင်းဆန်မှုနှင့် လောဘကြီးမှုတို့က ထိုသို့ဖျက်ဆီးမှုများပြုရန် နောက်မှ တွန်းအားပေးရာများဖြစ်သည်။ ကမ္ဘာ့ကုန်သည်များနှင့် နိုင်ငံရေးသမားများက တိုးများလာနေသော ဖျက်ဆီးသည့်အပြုအမူများကို ဟန့်တားပြီး လူသားများ အစားမထိုးနိုင်သည့် အမွေအနှစ်များကို ကာကွယ်ကြလိမ့်မည်ဟု မျှော်လင့်ခြင်းသည် မည်မျှကျိုးကြောင်းညီညွတ်သနည်း။
သစ်တောများအတွက် မျှော်လင့်ချက်စာအုပ်တွင် လူတို့အတွက် အသင့်တော်ဆုံးစံနှုန်းနှင့်ပတ်သက်၍ ဤသို့မှတ်ချက်ချ၏– “ဤကမ္ဘာပေါ်ရှိလူများသည် ကမ္ဘာမြေကြီးနှင့် ကမ္ဘာ့သယံဇာတများကို အကြီးအကျယ်မပျက်စီးစေသော သင့်လျော်သည့်ဘဝပုံစံတစ်ခု ရှာဖွေလိုက်စားကြရန်ဖြစ်သည်။” ရည်ရွယ်ချက်မှာ နှစ်သက်ဖွယ်ဖြစ်သည်—သို့သော် ယင်းသည် လက်တွေ့ကျပါသလော။
ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် ကမ္ဘာမြေကြီးနှင့် လူတို့အတွက် အဘယ်အရာကြံရွယ်ခဲ့သနည်း။ ပထမလူသားမောင်နှံကို ကိုယ်တော်ဤသို့ မိန့်တော်မူခဲ့သည်– “မြေကြီးကိုပြည့်စေ၍နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍မြေပေါ်မှာလှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့။” (ကမ္ဘာဦး ၁:၂၈) ထို့ကြောင့် ဖန်ဆင်းရာများကို အသုံးပြုရန် လူသားများကို ဘုရားသခင် ခွင့်ပြုတော်မူ၏။ သို့သော် “အုပ်စိုးကြ” ဟူသည် ဖျက်လိုဖျက်ဆီးပြုရန် ခွင့်ပြုချက်လိုင်စင် ရသွားခြင်းမဟုတ်ပါ။
သို့ဖြစ်၍ မေးစရာမေးခွန်းမှာ လူသားများသည် ကမ္ဘာချီ အတိုင်းအတာဖြင့် “ကမ္ဘာမြေကြီးနှင့် ကမ္ဘာ့သယံဇာတများကို အကြီးအကျယ်မပျက်စီး” စေဖို့ ယင်းတို့၏ဘဝပုံစံကို အမှန်တကယ် ပြောင်းလဲနိုင်သလော။ ထိုစကားများသည် ကိုယ်နှင့်စပ်ဆိုင်သူကို ချစ်သည့်မေတ္တာနှင့် ဘုရားသခင်၏ ဖန်ဆင်းရာများကို လေးမြတ်ခြင်းပေါ် မူတည်သည်၊ ယင်းတို့သည် ယနေ့ကမ္ဘာပေါ်တွင် တွေ့ရခဲသောအရာများဖြစ်သည်။ လူ့ခေါင်းဆောင်များက ထိုဘဝပုံစံကို လက်ခံပြီး မြေတောင်မြှောက်ပေးမည်ဟု မျှော်လင့်ခြင်းသည် စိတ်ကူးယဉ်ခြင်းဖြစ်သည်။
သို့ရာတွင် ဘုရားသခင်၏ နှုတ်မြွက်စကားတော်က ကမ္ဘာမြေကြီးသည် လူသားအချင်းချင်းနှင့် မိမိတို့၏ဖန်ဆင်းရှင်ကို ချစ်မြတ်နိုးသော လူများနှင့် ပြည့်မည့်အချိန်တစ်ချိန်အကြောင်း ကြိုပြောထားသည်။ သမ္မာကျမ်းစာက ဤသို့ဆို၏– “ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ။ အကြောင်းမူကား ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့ မြေကြီးသည် ထာဝရဘုရား[သခင်]ကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။” (ဟေရှာယ ၁၁:၉; ဆာလံ ၃၇:၂၉; မဿဲ ၅:၅) ဘုရားသခင့်လူမျိုးသည် မဟာဖန်ဆင်းရှင် ယေဟောဝါကို သိလာပြီး ကိုယ်တော်ကို ချစ်မြတ်နိုးကြသောကြောင့် “ညှဉ်းဆဲခြင်း” သို့မဟုတ် “ဖျက်ဆီးခြင်း” မပြုဟူ၍ ဖော်ပြထားသည်ကို သတိပြုပါ။ ထိုသူတို့သည် မြေကြီးကို ပျက်စီးစေသည့်အရာများကို ရှောင်ကြမည်မှာ သေချာသည်။
ယင်းသည် အိပ်မက်မျှသာမဟုတ်ပါ။ ယခုအချိန်တွင်ပင် ယေဟောဝါသည် စိတ်နှလုံးရိုးဖြောင့်သူများကို စုသိမ်းနေပြီး သူတို့ကို သွန်သင်ပေးတော်မူ၏။ ဘုရားသခင့် နှုတ်မြွက်စကားတော်ကို လေ့လာခြင်းအားဖြင့် ကမ္ဘာတစ်ဝန်း သန်းနှင့်ချီသောသူများသည် အခြားသူများအတွက် ကိုယ်ကျိုးစွန့်မေတ္တာပေါ်အခြေခံသည့် ဘဝပုံစံကို သင်ယူခဲ့ကြသည်။ (ယောဟန် ၁၃:၃၄; ၁ ယောဟန် ၄:၂၁) ထိုဘဝပုံစံကိုလည်းကောင်း၊ ၎င်းပုံစံနှင့်အညီ လိုက်လျှောက်နိုင်ပုံကိုလည်းကောင်း ပိုသိရှိအောင် အထောက်အကူပေးဖို့ ဤဂျာနယ်နှင့် တွဲဖက်ဂျာနယ်ဖြစ်သော ကင်းမျှော်စင်တို့ကို ထုတ်ဝေထားပါသည်။ ဆက်လေ့လာရန် ကျွန်ုပ်တို့ ဖိတ်ခေါ်ပါသည်။ ယင်းအသိပညာထက် ပို၍အကျိုးဖြစ်စေသော အသိပညာမရှိနိုင်ပါ။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံများ]
လူတို့သည် လှပသောကမ္ဘာမြေကို ဖျက်ဆီးမည့်အစား ထိန်းသိမ်းစောင့်ရှောက်ကြမည်