ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ် မည်မျှအဖျားကြီးနေသနည်း
ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ် မည်မျှအဖျားကြီးနေသနည်း
ဖိလစ်ပိုင်နိုင်ငံမှ နိုးလော့! စာရေးသူပေးပို့သည်
လူနာ၏အခြေအနေမှာ အသည်းအသန်ဖြစ်နေသည်။ ရောဂါလက္ခဏာများမှာလည်း စုံလှ၏။ သူ၏ခံတွင်းထွက်သက်မှာလည်း နံစော်နေသည်။ ခါတိုင်းထက် အဖျားကြီးနေ၏။ အဖျားကျသွားစေရန် အမျိုးမျိုးကြိုးစားလုပ်ဆောင်သော်လည်း မရပေ။ ခန္ဓာကိုယ်မှ ထွက်လာသည့်အရည်များတွင် အဆိပ်ကိုတွေ့ရှိရ၏။ တစ်နေရာမှ ရောဂါလက္ခဏာများကိုကုသနေစဉ် အခြားတစ်နေရာမှ ပို၍များသော ရောဂါလက္ခဏာများ ရုတ်တရက် ပြလာသည်။ ယင်းသည် သွေးရိုးသားရိုးလူနာဖြစ်ပါမူ သေစေနိုင်သည့် နာတာရှည်ရောဂါမျိုးစုံ စွဲနေသူဟု ဆရာဝန်များက အသေအချာပြောကြပေလိမ့်မည်။ ဘာလုပ်ရမည်ကို မသိကြသောကြောင့် သူတို့သည် လူနာ၏နောက်ဆုံးအချိန်ကို သက်သောင့်သက်သာဖြစ်စေရန် အတတ်နိုင်ဆုံး ကြိုးစားကြလိမ့်မည်။
သို့ရာတွင် ယင်းသည် လူသားလူနာတစ်ဦးတော့ မဟုတ်ပါ။ ကျွန်ုပ်တို့၏စံအိမ်—ကမ္ဘာမြေကြီး—ပင်တည်း။ အထက်ပါ ဇာတ်အိမ်သည် ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ် ဖြစ်ပျက်နေပုံကို ကောင်းစွာသရုပ်ဖော်ပေးသည်။ ညစ်ညမ်းသည့်လေ၊ ကမ္ဘာချီပူနွေးလာခြင်း၊ ညစ်ညမ်းသည့်ရေများနှင့် အဆိပ်အတောက်စွန့်ပစ်ပစ္စည်းတို့မှာ အလွန်ဖျားနာနေသော ကျွန်ုပ်တို့ကမ္ဘာမြေ ခံစားနေရသည့်ဝေဒနာ အနည်းအကျဉ်းသာဖြစ်သည်။ အထက်တွင် ဖော်ပြထားသော ဆရာဝန်များကဲ့သို့ ကျွမ်းကျင်သူများသည် ဘာလုပ်ရမှန်းမသိဖြစ်နေကြ၏။
သတင်းမီဒီယာများကလည်း အောက်ပါ သတင်းခေါင်းကြီးပိုင်းများ၊ ပုံစာများဖြင့် ကမ္ဘာကြီး၏ကျန်းမာရေးချူချာမှုကို မှန်မှန်အာရုံစိုက်ပေးလျက်ရှိသည်– “မိုင်းခွဲငါးဖမ်းနည်းသည် အဏ္ဏဝါကြမ်းပြင်ကို သတ်ကွင်းဖြစ်စေ။” “၂၄ နှစ်အတွင်း အာရှတိုက်သား သန်းတစ်ထောင် ရေကောင်းရေသန့်ပြတ်လပ်နိုင်။” “တစ်နှစ်လျှင် အဆိပ်အတောက်စွန့်ပစ်ပစ္စည်းတန်ချိန် သန်းလေးဆယ်ကို ကမ္ဘာတစ်ဝန်း ရောင်းဝယ်နေ။” “ဂျပန်နိုင်ငံရှိ ရေတွင်း ၁,၈၀၀ အနက် သုံးပုံနှစ်ပုံနီးပါးမှာ အဆိပ်အတောက်များနှင့် ညစ်ညမ်းနေ။” “အန္တာတိတ်ဒေသပေါ်ရှိ အိုဇုန်းလွှာအပေါက်ကြီး ပို၍ကျယ်လာ။”
လူအချို့သည် ပတ်ဝန်းကျင်အန္တရာယ်နှင့်ပတ်သက်သည့် သတင်းများကို ကြားနေကျဖြစ်လာသဖြင့် ‘ငါ့ကို မထိခိုက်သရွေ့ သိပ်စိုးရိမ်စရာမလိုပါဘူး’ ဟူ၍ပင် တွေးကြပေမည်။ သို့ရာတွင် ကျွန်ုပ်တို့ သိသိ,မသိသိ ကမ္ဘာ့ပတ်ဝန်းကျင် အကြီးအကျယ်ပျက်စီးမှုသည် လူအများစုကို ထိခိုက်လျက်ရှိသည်။ ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ် ညစ်ညမ်းမှုသည် ယခုအခါ အလွန်ပျံ့နှံ့နေပြီဖြစ်ရာ ကျွန်ုပ်တို့၏ဘဝကဏ္ဍ တစ်မျိုးထက်မကကို ထိခိုက်နေဖွယ်ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့အားလုံး ကမ္ဘာ့စံအိမ်၏ကျန်းမာရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေးတို့နှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်သင့်ပေသည်။ ထို့ထက်ကား အခြားအဘယ်နေရာတွင် ကျွန်ုပ်တို့နေထိုင်ကြမည်နည်း။
ပြဿနာသည် မည်မျှအထိပျံ့နှံ့နေသနည်း။ ကမ္ဘာမြေသည် မည်မျှထိ အဖျားကြီးနေသနည်း။ လူတို့၏အသက်တာကို မည်မျှထိခိုက်နေပြီနည်း။ ကျွန်ုပ်တို့ကမ္ဘာမြေသည် မအီမသာဖြစ်ရုံမျှမဟုတ်ဘဲ အသည်းအသန်ဖျားနေကြောင်း သဘောပေါက်နားလည်စေမည့် အချက်အလက်အနည်းငယ်ကို ဆန်းစစ်ကြည့်ကြစို့။
▪ သမုဒ္ဒရာများ– သမုဒ္ဒရာကြီးများတွင် အလွန်အကျွံ ငါးဖမ်းနေကြ၏။ ကုလသမဂ္ဂသဘာဝပတ်ဝန်းကျင်အစီအစဉ်၏ အစီရင်ခံစာတစ်ခုက “ငါးဖမ်းလုပ်ငန်း ၇၀ ရာခိုင်နှုန်းသည် ငါးအလွန်အကျွံဖမ်းဆီးနေသဖြင့် ငါးများ မျိုးမပွားနိုင်အောင်ဖြစ်နေသည် သို့မဟုတ် ငါးမျိုးဆက်ကျန်ဖို့ပင် အနိုင်နိုင်ဖြစ်နေသည်” ဟုဆို၏။ သာဓကအနေဖြင့် ၁၉၈၉ မှ ၁၉၉၄ ခုနှစ်စပ်ကြားတွင် မြောက်အတ္တလန္တိတ်ဒေသရှိ ကော့ဒ်၊ ဟိတ်ခ်၊ ဟက်ဒေါက်နှင့် ငါးခွေးလျှာ ကောင်ရေ ၉၅ ရာခိုင်နှုန်းထက်မက လျော့နည်းဆုံးရှုံးသွားသည်။ ထိုအတိုင်းသာဆက်သွားနေလျှင် ပင်လယ်စာကို အဓိကမှီခိုနေရသော သန်းပေါင်းများစွာအတွက် အဘယ်မျှ ထိခိုက်သွားမည်နည်း။
ထို့ပြင် ခန့်မှန်းခြေအားဖြင့် နှစ်စဉ် ပင်လယ်သတ္တဝါ တန်ချိန်သန်း ၂၀ မှ ၄၀ ကိုဖမ်းခဲ့ကြပြီး သမုဒ္ဒရာထဲ ပြန်ပစ်ချလိုက်ကြသည်—များသောအားဖြင့် ယင်းတို့သည် အနာတရဖြစ်ခဲ့ကြ သို့မဟုတ် အသေများဖြစ်ကြသည်။ အဘယ်ကြောင့်ဖြစ်သနည်း။ ယင်းတို့သည် ဖမ်းရန်ရည်ရွယ်ထားသည့် ငါးများနှင့်အတူ မလိုအပ်ဘဲဖမ်းဆီးခံရ၍ဖြစ်သည်။
▪ သစ်တောများ– သစ်တောပြုန်းတီးခြင်းသည် ဆိုးကျိုးများစွာဖြစ်စေသည်။ သစ်ပင်များ သေကျေခြင်းသည် ကမ္ဘာမြေ၏ကာဗွန်ဒိုင်အောက်ဆိုဒ် စုပ်ယူနိုင်စွမ်းကို လျော့နည်းစေရာ ယင်းသည် ကမ္ဘာပူနွေးလာရသည့် အကြောင်းရင်းတစ်ခုဖြစ်သည်ဟု ဆိုကြ၏။ အသက်ကယ်ဆေးဝါးများ၏ ရင်းမြစ်ဖြစ်ဖွယ် အပင်မျိုးစိတ်တချို့သည် ကွယ်ပျောက်သွားလိမ့်မည်။ သို့သော်လည်း သစ်တောဖျက်ဆီးမှု မလျော့သွားချေ။ အမှန်မှာ မကြာသေးမီနှစ်များအတွင်း ဖျက်ဆီးမှုနှုန်း တိုးမြှင့်လာသည်။ ဤသို့သာဆက်သွားနေလျှင် အနှစ် ၂၀ ခန့်အတွင်း အပူပိုင်းမိုးသစ်တောများ ပျောက်ကွယ်သွားလိမ့်မည်ဟု အာဏာပိုင်အချို့က ယူဆကြသည်။
▪ အဆိပ်အတောက်စွန့်ပစ်ပစ္စည်းများ– အန္တရာယ်ရှိသောပစ္စည်းများကို ကုန်းပေါ်နှင့် ပင်လယ်ထဲစွန့်ပစ်ခြင်းသည် ဆိုးရွားသောပြဿနာတစ်ရပ်ဖြစ်ပြီး သန်းနှင့်ချီသောသူများကို အကြီးအကျယ်ထိခိုက်စေနိုင်သည်။ ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းများ၊ အဆိပ်ဖြစ်စေသောသတ္တုပစ္စည်းများနှင့် ပလတ်စတစ်ထုတ်ကုန်များသည် လူသားနှင့် တိရစ္ဆာန်များအား မူမမှန်မှုများ၊ ဖျားနာမှု သို့မဟုတ် သေဆုံးမှုတို့ဖြစ်စေနိုင်သည်။
▪ ဓာတုပစ္စည်းများ– လွန်ခဲ့သည့်အနှစ် ၁၀၀ အတွင်း ဓာတုပစ္စည်းအသစ် ၁၀၀,၀၀၀ နီးပါးကို အသုံးပြုလာကြသည်။ ၎င်းဓာတုပစ္စည်းများကို ကျွန်ုပ်တို့၏လေ၊ မြေ၊ ရေနှင့် အစားအစာတို့တွင် တွေ့ရှိနိုင်၏။ ၎င်းတို့ထဲမှအနည်းငယ်ကိုသာ လူသားများအပေါ် ကျန်းမာရေးထိခိုက်မှုရှိမရှိ စမ်းသပ်ခဲ့ကြသည်။ သို့ရာတွင် ထိုစမ်းသပ်ထားသည့်ဓာတုပစ္စည်းများအနက် အတော်များများမှာ ကင်ဆာဖြစ်စေကြောင်း သို့မဟုတ် အခြားနည်းများဖြင့် ရောဂါဖြစ်စေကြောင်း တွေ့ရှိခဲ့ကြ၏။
ကျွန်ုပ်တို့ပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေသည့်အရာ များစွာရှိပါသေးသည်– လေထုညစ်ညမ်းခြင်း၊ ပြုပြင်ထားခြင်းမရှိသော မိလ္လာအညစ်အကြေး၊ အက်စစ်မိုး၊ မသန့်ရှင်းသည့်ရေတို့ဖြစ်ကြ၏။ အထက်ပါ အချက်အလက်အနည်းငယ်နှင့်ပင် ဤကမ္ဘာကြီးသည် အမှန်ပင်အဖျားဝင်နေကြောင်း ခိုင်လုံနေပါပြီ။ ဤလူနာ၏အသက်ကို ကယ်နိုင်မည်လော၊ သို့မဟုတ် ကယ်တင်ရန်ကြိုးစားမှုများ ရှုံးနိမ့်ခဲ့ပြီလော။