အဘယ်ကြောင့် အထီးကျန်ဖြစ်နေသူ ဤမျှများပြားလာရသနည်း
အဘယ်ကြောင့် အထီးကျန်ဖြစ်နေသူ ဤမျှများပြားလာရသနည်း
ယနေ့ လူ့ဘောင်အဖွဲ့အစည်းတွင် လူအများသည် အထီးကျန်မှုကို တွေ့ကြုံခံစားနေရ၏။ ယင်းသည် အသက်အရွယ်မရွေး၊ လူမျိုးမရွေး၊ လူမှုအဆင့်အတန်းနှင့် အယူဝါဒမရွေးမှ လူတို့ကို ထိခိုက်နေသည်။ အထီးကျန်နေသည်ဟု သင်ခံစားရဖူးပါသလော။ ယခုကော သင်အထီးကျန်နေပါသလော။ အမှန်ဆိုရလျှင် ကျွန်ုပ်တို့အားလုံး တစ်ချိန်မဟုတ်တစ်ချိန် အဖော်—ကျွန်ုပ်တို့ပြောသည့်စကားကို နားထောင်ပေးမည့်သူ၊ နှစ်သိမ့်အားပေးမည့်သူ၊ ကျွန်ုပ်တို့၏နက်ရှိုင်းသည့်ခံစားချက်များ သို့မဟုတ် အတွင်းစိတ်သဘောများကို မျှဝေခံစားပေးနိုင်မည့်သူနှင့် ကျွန်ုပ်တို့ကို ပုဂ္ဂိုလ်တစ်ဦးအဖြစ် နားလည်ပေးမည့်သူတစ်ဦးဦး—လိုအပ်ကြ၏။ ကျွန်ုပ်တို့၏ခံစားချက်များကို အကင်းပါးပါးနှင့်သိသူတစ်ဦးဦးကို ကျွန်ုပ်တို့လိုအပ်ကြသည်။
သို့သော် တစ်ကိုယ်တည်းနေတိုင်း အထီးကျန်နေသည်ဟု မဆိုလိုပါ။ လူတစ်ဦးသည် အချိန်အတန်ကြာ တစ်ကိုယ်တည်းဖြစ်နေနိုင်ကာ အထီးကျန်သည်ဟု လုံးဝမခံစားရဘဲ မိမိလုပ်သည့်အလုပ်တွင် ပျော်ရွှင်နေနိုင်ပါသည်။ ယင်းနှင့်ခြားနားစွာ၊ တစ်ဦးတည်း မနေတတ်သူများလည်းရှိသည်။ အမေရိကန်အမွေအနှစ်အဘိဓာန်က ဤသို့ဆိုသည်– “တစ်ကိုယ်တည်းနေခြင်းသည် အခြားသူများနှင့် သီးခြားဖြစ်နေခြင်းဘက် အလေးသာသော်လည်း ပျော်ရွှင်မှုကင်းမဲ့သည့်သဘော မသက်ရောက်ချေ။ . . . အထီးကျန်ဆန်ခြင်းသည် တစ်ယောက်တည်းဖြစ်နေ၍ အလွန်စိတ်ပျက်နေခြင်းကို အလေးပေးသည်၊ . . . အဖော်မဲ့ခြင်းမူ အပေါင်းအဖော်ရလို၍ ကြေကွဲနေခြင်းဟူသည့် သဘောဆောင်လေ့ရှိသည်၊” ဆိုလိုသည်မှာ၊ ဝမ်းနည်းပူဆွေးခြင်း၊ ဘေးဒုက္ခရောက်ခြင်း သို့မဟုတ် စိတ်အားငယ်ခြင်း စသည့် အခြေအနေများဖြစ်သည်။ ဤသို့ကြုံတွေ့ရသူတစ်ဦးအဖို့ ပြန်လည်ကြည်လင်ရွှင်ပျလာစေရန် စိတ်ရင်းမှန်ပြီး မေတ္တာပြည့်ဝသည့် အပေါင်းအဖော်၏ အားပေးနှစ်သိမ့်မှုကို တမ်းတမ်းတတ လိုအပ်နေခြင်းဖြစ်သည်။ နောက်ဆုံးအနေနှင့် တသီးတခြားဖြစ်ခြင်းသည် “အထီးကျန်ဆန်ခြင်း၊ အဖော်မဲ့ခြင်းတို့ကို ပေါင်းစပ်ထားသည့် အခြေအနေတစ်ရပ်” ဟု အနက်ဖွင့်ကြသည်။ . . . သို့သော် ယင်းသည် တစ်ကိုယ်တည်းနေရန် မိမိဘာသာရွေးချယ်ယူခြင်းဘက် အလေးသာ၏။”
အဖော်မဲ့မှုသည် အင်အားကြီးမားသည့် ခံစားချက်တစ်ခုဖြစ်ရာ အလွန်နာကျင်နိုင်ပေသည်။ စိတ်တွင် ဟာတာတာဖြစ်နေခြင်းဖြစ်သည်။ ဖယ်ကြဉ်ထားခြင်းခံရသည်ဟူသည့် တသီးတခြားဖြစ်နေသော ခံစားမှုဖြစ်၏။ စိတ်အားငယ်လာကာ ကြောက်စိတ်ဝင်လာနိုင်သည်။ ဤအတိုင်း သင်ခံစားရဖူးသလော။ အဘယ်အကြောင်းများကြောင့် အထီးကျန်မှု ခံစားရသနည်း။
ပြဿနာများ၊ အခက်အခဲများနှင့် အခြေအနေများသည် လူတို့ကို ဆိုးကျိုးပေးသည်။ သင်၏ပုံပန်းသဏ္ဌာန်၊ လူမျိုး၊ ဘာသာတရားတို့ကြောင့် ရွယ်တူချင်းများ၏ အပယ်ခံဘဝသို့ သင်ရောက်နေပေမည်။ ဝန်းကျင်အပြောင်းအလဲများ—ကျောင်းအသစ်တက်ရခြင်း၊ အလုပ်အသစ်စလုပ်ရခြင်း သို့မဟုတ် ရပ်ကွက်သစ်၊ မြို့သစ်၊ နိုင်ငံသစ်သို့ ပြောင်းရွှေ့ရခြင်းစသည်ဖြင့်—က အထီးကျန်မှုခံစားရစေနိုင်သည်၊ အကြောင်းမှာ မိတ်ဆွေဟောင်းများကို ထားရစ်ခဲ့ရသောကြောင့်ဖြစ်၏။ မိဘများ သို့မဟုတ် အိမ်ထောင်ဖက်တစ်ဦး ဆုံးပါးသွားခြင်းသည် ချစ်မြတ်နိုးသူများအား နှစ်ပေါင်းများစွာ အထီးကျန်စေနိုင်သည်။ ထို့ပြင် အသက်အရွယ်အိုမင်းလာသည်နှင့်အမျှ အသိမိတ်ဆွေအသိုင်းအဝိုင်း ပြောင်းလဲသွားသည်၊ လျော့နည်းသွားသည် သို့မဟုတ် ပျောက်ကွယ်သွားလေသည်။
အိမ်ထောင်ပြုလိုက်ခြင်းသည် အထီးကျန်ဖြစ်မှုမှ ကင်းလွတ်သွားသည်ဟု အမြဲအာမ,မခံပါ။ တစ်ဦးနှင့်တစ်ဦး နားလည်မှုလွဲခြင်း သို့မဟုတ် အစေးမကပ်ခြင်းကြောင့် စိတ်ဖိစီးမှုဖြစ်ပြီး မည်သို့ဆက်စခန်းသွားရမည်မသိ ဖြစ်လာနိုင်သည့်အပြင် ကြင်ဖော်ကြင်ဖက် သို့မဟုတ် သားသမီးများနှင့် တသီးတခြားပင် ဖြစ်လာနိုင်ပေမည်။ သို့သော် ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးခြင်း၊ ကွာရှင်းခြင်း၊ သို့မဟုတ် ကိုယ်ကာယပိုင်း သို့မဟုတ် စိတ်လှုပ်ရှားမှုပိုင်းအရ သီးခြားဖြစ်ခြင်းတို့ကြောင့် အဖော်မဲ့ရခြင်းမျိုးအပြင် ကျွန်ုပ်တို့အား အပြင်းအထန်ဆိုးကျိုးပေးနိုင်သည့် အထီးကျန်ဖြစ်မှု နောက်တစ်မျိုးရှိပါသေးသည်။ ယင်းသည် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကျဲလာပြီး ကိုယ်တော်နှင့်ကင်းကွာနေသည်ဟု ခံစားလာရသည့်အခါ ဖြစ်ပေါ်လာတတ်သည်။
သင်သည် အထက်တွင် ဖော်ပြထားသည့် အခြေအနေတစ်မျိုးမျိုးကို တွေ့ကြုံခံစားခဲ့ရပြီလော။ အထီးကျန်ဖြစ်မှုကို ကိုင်တွယ်ဖြေရှင်း၍ရနိုင်ပါသလော။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
ကျောင်းအသစ်တက်ရခြင်းမှသည် အိမ်ထောင်ဖက် ဆုံးပါးသွားခြင်း အစရှိသည့် ဘဝအပြောင်းအလဲများက အထီးကျန်ဖြစ်မှု ခံစားရနိုင်