မြင်းနှင့်လျှာကို ထိန်းချုပ်ခြင်း
မြင်းနှင့်လျှာကို ထိန်းချုပ်ခြင်း
“စစ်တိုက်ရာကာလအဖို့ မြင်းများကိုပြင်ဆင်” သည်ဟု ရှေးဣသရေလနိုင်ငံ၏ ပညာရှိရှင်ဘုရင် ရှောလမုန်က ပြောခဲ့သည်။ (သု. ၂၁:၃၁) တိုက်ပွဲများ အောင်မြင်ရေးတွင် မြင်းတပ်များသည် အရေးကြီးသည့်ကဏ္ဍမှ နှစ်ပေါင်းများစွာကြာကြာ ပါဝင်ခဲ့ကြသည်။ ရှေးခေတ်စစ်တပ်များမှစ၍ မြင်း၏စရိုက်နှင့် ခွန်အားကိုထိန်းချုပ်ရန် ဇက်ကြိုးကို အသုံးပြုခဲ့ကြသည်။
ဇက်ကြိုးဟူသည် “မြင်း၏ပါးစပ်ထဲတွင် ဇက်သွားမြဲမြဲထည့်ထားသည့် ကြိုးတစ်စုံဖြစ်ပြီး ဇက်သတ်ကြိုးဖြင့် လူက မြင်းကို ဇက်ကိုင်ထားနိုင်သည်” ဟု ဗြိတဲန်နီကာစွယ်စုံကျမ်းက ရှင်းပြ၏။ ရှေးခေတ်ဇက်ကြိုးများသည် မျက်မှောက်ခေတ်ဇက်ကြိုးများနှင့် ကွဲပြားမှုမရှိလှပါ၊ မြင်းများကို ယဉ်ပါးလာစေရန်နှင့် မြင်းစီးရာတွင် ယင်းကိုအသုံးပြုခဲ့ကြသည်။
ရှောလမုန်၏ခမည်းတော်ဖြစ်သော ဘုရင်ဒါဝိဒ်က ဇက်ကြိုး၏အရေးကြီးမှုကို ဤသို့ရည်ညွှန်းရေးသားခဲ့၏– “ဉာဏ်ပညာမဲ့သော မြင်းလားကဲ့သို့မဖြစ်နှင့်။ သူသည် သင့်ထံသို့မချဉ်းကပ်သောကြောင့် ပါးစပ်ကိုဇက်ခွံ့၍ ဇက်ကြိုးနှင့်ဆွဲရမည်။” (ဆာလံ ၃၂:၈၊ ၉) မြင်းတစ်ကောင် ယဉ်ပါးလာပြီဆိုလျှင် ထိုမြင်းသည် တည်ကြည်သော အဖော်အဖက်ဖြစ်လာနိုင်သည်။ မဟာအလက်ဇန္ဒားသည် သူ၏မြင်း ဗူစက်ဖလပ်စ်ကို အလွန့်အလွန် တန်ဖိုးထားသောကြောင့် သူ၏မြင်းကို ဂုဏ်ပြုသည့်အနေနှင့် အိန္ဒိယနိုင်ငံရှိ မြို့တစ်မြို့ကို ထိုမြင်းအမည်ဖြင့် မှည့်ခဲ့သည်။
လူတို့သည် မြင်းများကို အောင်မြင်စွာ ယဉ်ပါးအောင်လုပ်ဆောင်နိုင်ခဲ့သည်မှာ နှစ်ထောင်ချီ၍ရှိပြီဖြစ်သော်လည်း ကျွန်ုပ်တို့၏ မစုံလင်သောသဘောသဘာဝကို ထိန်းချုပ်ရေးကိစ္စမှာမူ တခြားစီဖြစ်သည်။ “ငါတို့ရှိသမျှသည် အများသောအားဖြင့် မှားတတ်ကြ၏” ဟုခရစ်တော်၏တပည့် ယာကုပ်ဆိုခဲ့၏။ “စကားအားဖြင့် မှားခြင်းမရှိသောသူမည်သည်ကား စုံလင်သောသူဖြစ်၏။ မိမိကိုယ်တစ်ကိုယ်လုံးကို ချုပ်တည်းနိုင်သောသူဖြစ်၏။” (ယာကုပ် ၃:၂) မိမိသည် တစ်ကြိမ်တစ်ခါမျှ မဆင်မခြင်၊ ထိခိုက်နာကျင်စေသည့်စကား၊ ဒေါသစကားမျိုး မပြောဖူးပါဟု မည်သူအမှန်ပြောနိုင်သနည်း။
သို့ဆိုလျှင် “အဘယ်လူမျှမအောင်နိုင်” ထိန်းရခက်သော ကျွန်ုပ်တို့၏လျှာကို ထိန်းချုပ်ရန် မကြိုးစားသင့်ပေလော။ (ယာကုပ် ၃:၈) ယဉ်ပါးသောတိရစ္ဆာန်သည် အသုံးဝင်ကြောင်း သိရှိထားကြသောကြောင့် မြင်းတစ်ကောင်ယဉ်ပါးလာစေရန် အချိန်ပေးကြိုးစားကြသည်။ အလားတူပင် ကျွန်ုပ်တို့၏လျှာကို ပို၍လေ့ကျင့်၊ ထိန်းချုပ်နိုင်လေလေ ပိုအသုံးဝင်လေလေဖြစ်သည်။
ထောက်ထားစာနာမှုပါသောစကားလုံးများသည် မိတ်ဆွေများ၊ အလုပ်ဖော်များနှင့် ဆွေမျိုးများကို စိတ်သက်သာမှုရစေကာ အားပေးမှုဖြစ်စေနိုင်သည်။ (သု. ၁၂:၁၈) ထိုစကားများသည် ကျွန်ုပ်တို့ဝန်းကျင်ရှိသူများ၏ ဘဝအသက်တာကို ပိုပျော်ရွှင်စေနိုင်သည်။ သို့ရာတွင် ထိန်းချုပ်မှုမရှိသောလျှာသည် ပြဿနာရှာတတ်သည်။ သမ္မာကျမ်းစာက “မိမိ . . . လျှာကိုစောင့်သောသူသည် မိမိစိတ်ဝိညာဉ်ကို [ပြဿနာ]နှင့်လွတ်စေခြင်းငှာ စောင့်ရာရောက်၏” ဟုသတိပေးထားသည်။ (သု. ၂၁:၂၃) ကျွန်ုပ်တို့၏လျှာကို ထိန်းချုပ်ရာတွင် အောင်မြင်သည့်အတိုင်းအတာအထိ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်တိုင်နှင့် နားထောင်သူများကိုပါ ကူညီပေးနေသည်။ *
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 7 စိတ်ဝင်စားစရာမှာ၊ သမ္မာကျမ်းစာက ခရစ်ယာန်များ၏ စကားပြောဆိုပုံသည် ဝတ်ပြုကိုးကွယ်မှုနှင့် ခွဲခြား၍မရနိုင်ကြောင်း သတိပေးထားသည်။ ဤသို့ဆိုထား၏– “အကြင်သူသည် ဘုရား[သခင်ကို]ကြည်ညိုသည်ဟု ကိုယ်ကိုထင်သော်လည်း နှုတ်ကိုမချုပ်တည်းဘဲ မိမိနှလုံးကိုလှည့်ဖြား၏။ ထိုသူ၏ကြည်ညိုခြင်းသည် အချည်းနှီးသက်သက်ဖြစ်၏။”—ယာကုပ် ၁:၂၆၊ သမ္မာ။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
မဟာအလက်ဇန္ဒား
[Credit Line]
Alinari/Art Resource, NY