သင်ယူလိုစိတ်ရှိစေရန် ပြုစုပျိုးထောင်နိုင်ပုံ
သင်ယူလိုစိတ်ရှိစေရန် ပြုစုပျိုးထောင်နိုင်ပုံ
“ကလေးအား ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် တစ်သက်ပတ်လုံး ဆုံးမသွန်သင်ချက်တို့ကို မေ့ပျောက်လိမ့်မည်မဟုတ်။—သု. ၂၂:၆၊ ခေတ်သုံး။
တစ်စုံတစ်ရာ စိတ်ဝင်စားဖွယ်ဖြစ်ပျက်နေချိန်တွင် ကလေးများကို ချော့သိပ်ဖူးပါသလော။ ကလေးများသည် မောပန်းကာ ငိုယိုလျက် စိတ်ပင်ဆိုးနေမည်ဖြစ်သော်လည်း မအိပ်ချင်ဘဲ ပါဝင်ဖို့ ရုန်းကန်နေပါလိမ့်မည်။ ကလေးများ “လောကကြီးကို သိမြင်နားလည်လိုခြင်းနှင့် ကျွမ်းကျင်သူဖြစ်လိုခြင်းတို့သည် သူတို့၏စားသောက်လို၊ အနားယူလို၊ အိပ်စက်လိုခြင်းကဲ့သို့ပင် နက်ရှိုင်းပြင်းထန်သည်။ တစ်ခါတစ်ရံ သာ၍ပင် လိုအပ်နေပေမည်” ဟု စာရေးဆရာဂျွန်ဟော့ထ်က ရေးသားခဲ့သည်။
ကလေးများအတွက်စိန်ခေါ်ချက်မှာ ကျောင်းနေသည့်နှစ်များအပါအဝင် ဘဝတစ်လျှောက်လုံးတွင် သင်ယူလိုစိတ် ဆက်ရှိမြဲရှိနေရန်ဖြစ်သည်။ အောင်မြင်မှုအတွက် သေချာသောပုံသေနည်း မရှိသော်လည်း မိဘ၊ ဆရာနှင့် ကလေးများ ကျင့်သုံးနိုင်သော နည်းစနစ်အတော်များများ ရှိပါသည်။ သို့သော် မည်သည့်နည်းစနစ်ထက်မဆို ပို၍အရေးကြီးသည်ကား မေတ္တာပင်တည်း။
မေတ္တာသည် ကလေး၏စွမ်းပကားကို တိုးမြှင့်ပေး
သားသမီးများသည် မိဘမေတ္တာကို တောင့်တကြသည်။ ယင်းသည် သူတို့ကို လုံခြုံမှုခံစားစေပြီး ဆက်သွယ်ပြောဆိုလိုစိတ်၊ မေးမြန်းလိုစိတ်၊ စူးစမ်းလေ့လာလိုစိတ် ပိုမိုရှိစေသည်။ မေတ္တာသည် မိဘတို့အား မိမိတို့၏ကလေးများနှင့် ပုံမှန်စကားပြောဆိုစေပြီး ၎င်းတို့၏ပညာရေးကိုစိတ်ဝင်စားရန် လှုံ့ဆော်ပေးသည်။ သင်ယူလိုစိတ်ပြင်းပြ—လှုံ့ဆော်ပေးပြီး သင်ယူလိုစိတ်ရှိလာရန် ကလေးများကိုကူညီပေးခြင်း စာအုပ်ကိုထောက်ပြကာ “မိဘများသည် ကလေးတစ်ဦး၏သင်ယူလိုစိတ်ဇောအပေါ် အဓိကသြဇာညောင်းကြသူများ ဖြစ်ပုံရသည်” ဟု သုတေသနပြုချက်က ဖော်ပြသည်။ မိဘနှင့်ဆရာတို့ ပူးပေါင်းလုပ်ဆောင်သည့်အခါ ပို၍သြဇာညောင်းလာသည်။ “ကလေးတစ်ဦး၏သင်ယူလိုစိတ်ဇောကို အားဖြည့်ပေးရာတွင် မိဘနှင့်ဆရာတို့ ပူးပေါင်းဆောင်ရွက်မှုလောက် ထိရောက်သည့်အရာမရှိ” ဟု ထိုစာအုပ်က ဖော်ပြသည်။
မိဘများသည် ကလေးတို့၏သင်ယူနိုင်စွမ်းကိုလည်း ဩဇာညောင်းနိုင်သည်။ မိသားစု ၄၃ စုကို နှစ်ရှည်လေ့လာမှုတစ်ရပ်တွင် “[ပထမအသက်သုံးနှစ်အတွင်း] စကားအများဆုံးပြောပေးသော ကလေးများသည် စကားသိပ်မပြောပေးသော ကလေးများထက် ဉာဏ်ရည် သိသိသာသာမြင့်မားကြောင်း” သုတေသီများတွေ့ရှိရသည်ဟု ဦးနှောက်အတွင်းပိုင်းစာအုပ်က ဖော်ပြ၏။ “မိမိတို့၏ကလေးများနှင့် စကားများများပြောသောမိဘတို့သည် ကလေးများ၏အောင်မြင်ပြီးမြောက်မှုများကို ချီးမွမ်းပေးကြသည်၊ သူတို့၏မေးခွန်းများကို ဖြေဆိုပေးကြသည်၊ အမိန့်ပေးမည့်အစား လမ်းညွှန်ပေးကြသည်၊ ကွဲပြားခြားနားသော စကားလုံးအမျိုးမျိုး အသုံးပြုကြသည်” ဟု ထိုစာအုပ်က ဆက်ဖော်ပြ၏။ သင်သည် မိဘတစ်ဦးဖြစ်ပါက သင့်ကလေးများနှင့် အဓိပ္ပာယ်ရှိရှိ၊ ပုံမှန်ဆက်သွယ်ပြောဆိုပါသလော။
မေတ္တာသည် ကြင်နာပြီးနားလည်မှုရှိ
ကလေးများသည် စွမ်းရည်နှင့် ဝါသနာ ကွဲပြားကြသည်။ ထိုကွဲပြားမှုများကြောင့် မိဘတို့သည် သူတို့လေးများအပေါ် အချစ်ပိုသွား၊ လျော့သွားခြင်းမျိုး မဖြစ်သွားစေလိုကြပါ။ သို့သော် ယနေ့လောကတွင် လူတို့သည် ကလေးများ၏စွမ်းရည်နှင့်အညီ အကဲဖြတ်လေ့ရှိကြသည်၊ ယင်းက ကလေးအချို့ကို “ယှဉ်ပြိုင်အနိုင်ရခြင်းက မိမိတို့၏တန်ဖိုးကို အကဲဖြတ်စမ်းသပ်နည်းတစ်ခုဖြစ်သည်ဟု ရှုမြင်စေ” နိုင်ကြောင်း တွေးတောသင်ယူခြင်းစွမ်းရည်စာအုပ်က ဆိုသည်။ ဤသို့ရှုမြင်ခြင်းက ကလေးများအား “ရှုံးနိမ့်မှုကြောင့် အလွယ်တကူခြိမ်းခြောက်ခံရစေ” သည့်အပြင် အလွန်အမင်းစိုးရိမ်ပူပန်စေပြီး စိတ်ဖိစီးစေနိုင်သည်။ လွန်ခဲ့သော ၂၅ နှစ်ကျော်အတွင်း အိန္ဒိယနိုင်ငံရှိ ဆယ်ကျော်သက်များ ကိုယ့်ကိုယ်ကိုသတ်သေနှုန်း သုံးဆတိုးများလာရသည့် အဓိကအကြောင်းရင်းမှာ ကျောင်းဖိစီးမှုနှင့် မိသားစုထောက်ပံ့ကူညီမှုမရ၍ စိုးရိမ်ပူပန်ခြင်းကြောင့်ဖြစ်သည်ဟု အိန္ဒိယထူဒေးမဂ္ဂဇင်းက ရေးသား၏။
ကလေးများကို “လူအလူန” ဟုသမုတ်ခြင်းကြောင့်လည်း စိတ်ထိခိုက်စေနိုင်သည်။ အဆိုပါအကြင်နာမဲ့စကားများက သင်ယူလိုစိတ်ကို မြှင့်တင်ပေးမည့်အစား စိတ်ဓာတ်ကျဆင်းစေပါသည်။ သို့သော် မိဘမေတ္တာဟူသည် အမြဲသနားကြင်နာသင့်ကာ ကလေး၏ပင်ကိုသင်ယူလိုစိတ်ကို အားပေးပြီး အရှက်ရမည်ကိုကြောက်ရွံ့မနေစေဘဲ သူ့နည်းသူ့ဟန်ဖြင့် သင်ယူစေပါ။ (၁ ကောရိန္သု ၁၃:၄) ကလေးတစ်ဦး သင်ယူရေးတွင် အခက်တွေ့နေပါက မေတ္တာရှိသောမိဘများသည် နုံအသူ၊ အသုံးမကျသူဟု လုံးလုံးမခံစားစေဘဲ ကြိုးစားကူညီပေမည်။ စိတ်ရှည်ပြီး လိမ္မာပါးနပ်ဖို့လိုသော်လည်း ထိုသို့မေတ္တာပါပါကူညီခြင်းက လုပ်ဆောင်ရကျိုးနပ်ပါသည်။ ထိုမေတ္တာမျိုးကို မည်သို့ပြုစုပျိုးထောင်မည်နည်း။ အရေးကြီးသောပထမခြေလှမ်းမှာ ဝိညာဉ်ရေးအမြင်ရှိခြင်းဖြစ်၏။
ဝိညာဉ်ရေးအမြင်သည် မျှတမှုရှိစေ
ကျမ်းစာအခြေပြု ဝိညာဉ်ရေးစိတ်ထားသည် အလွန်အဖိုးထိုက်ရသည့် အကြောင်းရင်းများစွာရှိသည်။ တစ်ခုမှာ၊ ယင်းသည် လောကပညာဆည်းပူးခြင်းအပေါ် တော်မှန်သောအမြင်ရှိစေပြီး လောကပညာကို အရေးကြီးသော်လည်း အရေးအကြီးဆုံးအရာအဖြစ် မရှုမြင်စေပါ။ ဥပမာ၊ သင်္ချာဘာသာရပ်သည် များစွာအသုံးဝင်သော်လည်း လူတစ်ဦးကို ကိုယ်ကျင့်တရားကောင်းအောင် မစွမ်းဆောင်နိုင်ချေ။
ကျောင်းပညာဆည်းပူးရန် အချိန်မည်မျှပေးမည်နှင့်ပတ်သက်၍လည်း မျှတမှုရှိရန် ကျမ်းစာက အားပေးထားပြီး ဤသို့ဆို၏– “စာများကို စီရင်၍မကုန်မဆုံး။ စာကို အားကြီးစွာ သင်ကြားလေ့ကျက်ခြင်းအမှုသည် ကိုယ်ကိုပင်ပန်းစေသောအမှုဖြစ်၏။” (ဒေ. ၁၂:၁၂၊ သမ္မာ) ကလေးများသည် ပညာရေးအခြေခံကောင်းကောင်း ရှိထားဖို့လိုသော်လည်း ယင်းကြောင့် သူတို့၏အချိန်အားလုံး မကုန်ဆုံးသင့်ပေ။ သူတို့သည် အခြားအကျိုးပြုလုပ်ငန်းဆောင်တာများ၊ အထူးသဖြင့် လူတစ်ဦး၏အတွင်းလူကို ပြုပြင်ပေးသည့် ဝိညာဉ်ရေးရာများအတွက် အချိန်ပေးရန်လိုသည်။
ကျမ်းစာအခြေပြု ဝိညာဉ်ရေးစိတ်ထား၏ နောက်အသွင်အပြင်တစ်ခုမှာ ကျိုးနွံခြင်းဖြစ်၏။ (မိက္ခာ ၆:၈) ကျိုးနွံသူတို့သည် မိမိ၏အားနည်းချက်များကို အသိအမှတ်ပြုကြသည်၊ ပညာရေးအသင်းအဖွဲ့များစွာတွင် တွေ့နေရသည့် ရည်မှန်းချက်ကြီးလွန်းခြင်း၊ အကြိတ်အနယ်ပြိုင်ဆိုင်ခြင်းတို့၏ သားကောင်များ ဖြစ်မသွားကြချေ။ ဤအကျိုးမပြုသောစရိုက်များသည် “စိတ်ဓာတ်ကျစေသည်” ဟု အိန္ဒိယထူဒေးက ဆိုထားသည်။ ဤမှုတ်သွင်းခံ ကျမ်းစာအကြံပြုချက်များကို ကျွန်ုပ်တို့ကြီးငယ်မဟူ နာခံကြသောအခါ ပို၍အကျိုးရှိသည်– “အချည်းနှီးသောကျော်စောကိတ္တိကို တပ်မက်ခြင်း၊ အချင်းချင်းချုပ်ချယ်နှောင့်ယှက်ခြင်း၊ အချင်းချင်းငြူစူခြင်းတို့ကို ရှောင်၍နေကြကုန်အံ့။” “လူတိုင်းကိုယ်ပြုသောအမှုကို စစ်ကြောစေ။ သို့ပြုလျှင် သူတစ်ပါး၌မဆိုဘဲ ကိုယ်၌သာ ဝါကြွားဝမ်းမြောက်စရာအကြောင်းရှိလိမ့်မည်။”—ဂလာတိ ၅:၂၆; ၆:၄။
ယင်းကို သားသမီးတို့၏ပညာရေးတွင် မိဘများ မည်သို့လိုက်နာနိုင်မည်နည်း။ တစ်နည်းမှာ၊ ကလေးတစ်ဦးစီကို ကိုယ်ပိုင်ပန်းတိုင်များချမှတ်ဖို့ အားပေးပြီး သူ့ကိုယ်သူ နှိုင်းယှဉ်ကြည့်စေပါ။ ဥပမာ၊ မကြာသေးမီက သင့်ကလေးဖြေဆိုခဲ့သော သင်္ချာဘာသာရပ် သို့မဟုတ် စာလုံးပေါင်းသတ်ပုံစာမေးပွဲ၏ရမှတ်ကို ယခင်ရမှတ်နှင့် နှိုင်းယှဉ်ကြည့်စေပါ။ ထို့နောက် သင့်တော်သလိုချီးမွမ်းပါ၊ အားပေးစကားပြောပါ။ ဤနည်းဖြင့် လက်လှမ်းမီနိုင်မည့်ပန်းတိုင်များ ချမှတ်နိုင်ရန်၊ သူ၏တိုးတက်မှုကိုကြပ်မတ်ပေးရန်၊ အားနည်းချက်မှန်သမျှကိုဖြေရှင်းတတ်ရန် ကူညီပေးသည်၊ သို့သော် အခြားကလေးများနှင့် မနှိုင်းယှဉ်ပါနှင့်။
ယခုခေတ်တွင် အစွမ်းအစရှိသောလူငယ်အချို့သည် ကျောင်းတွင် ပြောင်လှောင်ခံရမည်ကို စိုးရိမ်သောကြောင့် အဆင့်ကောင်းကောင်းရဖို့ မကြိုးစားကြချေ။ “စာတော်တဲ့ကျောင်းသားဖြစ်ရတာ မ ‘မိုက်’ ပါဘူး” ဟု လူငယ်တချို့ ယူဆကြ၏။ ဤတွင် ဝိညာဉ်ရေးအမြင်က ကူညီနိုင်သလော။ အမှန်ကူညီနိုင်၏! “အဘယ်အမှုကိုပြုသည်မဆို သင်တို့သည် လူ၏အလိုကိုမဟုတ်ဘဲ သခင်ဘုရား၏အလိုကို ဆောင်ရွက်သကဲ့သို့ အစွမ်းရှိသမျှဖြင့် လုပ်ဆောင်ကြလော့” ဟုဆိုထားသည့် ကောလောသဲ ၃:၂၃ [ခေတ်သုံး] ကို သုံးသပ်ကြည့်ပါ။ ဘုရားသခင့်စိတ်တော်တွေ့စေရန် ကြိုးစားလုပ်ဆောင်ခြင်းထက် ပိုကောင်းမွန်သည့်အရာ ရှိနိုင်မည်လော။ ဤမွန်မြတ်သောအမြင်မျိုးရှိခြင်းက လူတစ်ဦးအား အကျိုးမပြုသော ရွယ်တူချင်းဖိအားကို တွန်းလှန်နိုင်စေသည်။
ကလေးများ စာဖတ်ချင်စိတ်ရှိအောင် သင်ပေးပါ
အရေး၊ အဖတ်ဟူသည် လောကပညာနှင့် ဝိညာဉ်ရေးပညာ နှစ်မျိုးစလုံးအတွက် အခြေခံကောင်းဖြစ်သည်။ မိဘတို့သည် ကလေးများကို နို့စို့အရွယ်ကတည်းက စာဖတ်ပြခြင်းဖြင့် စာဖတ်လိုစိတ်ရှိအောင် လှုံ့ဆော်ပေးနိုင်သည်။ စာပြင်သူတစ်ဦးဖြစ်သော ဒက်ဖနီသည် ကလေးဘဝတွင် မိဘများပုံမှန်စာဖတ်ပြသည်ကို သဘောကျနေသူဖြစ်သည်။ “ကျွန်မ စာဖတ်ချင်စိတ်ရှိလာအောင် သူတို့ပျိုးထောင်ပေးခဲ့ကြတယ်” ဟု ပြောပြသည်။ “ဒါကြောင့် ကျွန်မ ကျောင်းမနေခင်ကတည်းက စာဖတ်တတ်နေပြီ။ ကျွန်မသိချင်တဲ့မေးခွန်းတွေကို အဖြေရှာတတ်အောင် သုတေသနလုပ်တတ်ဖို့လည်း မိဘတွေသင်ပေးခဲ့တယ်။ အဲဒီလေ့ကျင့်မှုက ဒီနေ့အထိ တကယ်တန်ဖိုးရှိတယ်။”
အခြားတစ်ဖက်တွင်မူ ကလေးများကိုစာဖတ်ပြခြင်းသည် “နတ်ဆေးလုံးတစ်မျိုး” မဟုတ်ကြောင်း အစပိုင်း၌ကိုးကားခဲ့သည့် ဟော့ထ် က သတိပေးခဲ့၏။ သူ ဤသို့ဆက်ပြော၏– “မိဘရော၊ ကလေးပါ စာဖတ်လိုစိတ်မရှိပါက စာဖတ်ခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်စေပါလိမ့်မည်။ . . . စာဖတ်ချင်စိတ်ရှိသော ကလေးများပင် . . . မိဘများက စာဖတ်ပြလိုစိတ်မရှိလျှင် သူတို့လည်း စာဖတ်ချင်စိတ်မရှိတော့။” ထို့ကြောင့် မိဘတို့သည် စာဖတ်ပြသည်ကို ကလေးများ အကြိမ်ကြိမ်နားထောင်လိုကြကြောင်း သတိရလျက် မိမိတို့ဖတ်ပျော်သည့်စာအုပ်များကို ရွေးချယ်ကြရန် ဟော့ထ်က အကြံပြုခဲ့သည်! ကမ္ဘာတစ်ဝန်းရှိ မိဘများစွာနှစ်သက်ကြသော စာအုပ်နှစ်အုပ်မှာ ယေဟောဝါသက်သေများထုတ်ဝေထားသည့် ကြီးမြတ်သောဆရာထံမှသင်ယူလော့နှင့် ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်တို့ဖြစ်ကြသည်။ ကလေးများအတွက် အထူးရည်ရွယ်ထုတ်ဝေထားသည့် ဤစာအုပ်များတွင် ရုပ်ပုံများစွာပါရှိပြီး စဉ်းစားတွေးတောစေကာ ဘုရားသခင်၏မူများကို သွန်သင်ပေးသည်။
ပထမရာစုခရစ်ယာန် တိမောသေသည် မိမိ၏ပညာရေး၊ အထူးသဖြင့် ဝိညာဉ်ရေးပညာကို အလွန်စိတ်ဝင်စားသော မိခင်နှင့်အဘွားတို့၏ ကောင်းစွာသင်ကြားပေးခြင်းခံခဲ့ရသည်။ (၂ တိမောသေ ၁:၅; ၃:၁၅) လောကပညာဆည်းပူးခြင်းတစ်ခုတည်းဖြင့် မရရှိနိုင်သည့် အရည်အသွေးများဖြစ်သော ထူးထူးခြားခြား တာဝန်ယူတတ်သူ၊ အားထားထိုက်သူအဖြစ် တိမောသေကြီးပြင်းလာခဲ့သည်။ (ဖိလိပ္ပိ ၂:၁၉၊ ၂၀; ၁ တိမောသေ ၄:၁၂-၁၅) မေတ္တာပြည့်ဝပြီး ဝိညာဉ်ရေးစိတ်ထားရှိသော မိဘများကြောင့် ယနေ့ ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများ၏အသင်းတော်တို့တွင် “တိမောသေ” ကဲ့သို့သော လူငယ်မောင်မယ်များစွာ ရှိနေကြသည်။
တက်ကြွထက်သန်စွာ သင်ပေးပါ!
အခြားသူတို့ကို သင်ယူလိုစိတ်ရှိလာစေလိုသော ဆရာ၊ ဆရာမများသိအပ်သည့် “စကားတစ်လုံးတည်းမှာ—တက်ကြွထက်သန်ခြင်း” ဖြစ်သည်ဟု သင်ယူလိုစိတ်ပြင်းပြစာအုပ်က ဆိုသည်။ “တက်ကြွထက်သန်သောဆရာများသည် ရောက်လာသည်နှင့် မိမိတို့သင်ပြနေသည့် ဘာသာရပ်ကို အင်မတန်အားရနှစ်ခြိုက်ကြောင်း ကျောင်းသားများခံစားနေရပြီး သူတို့၏ဖျတ်လတ်တက်ကြွမှုအားမာန်တွင် ဤအရည်အသွေးပေါ်နေသည်။”
အမှန်မှာ မိဘဆရာတိုင်း တက်ကြွထက်သန်မှုမရှိနိုင်ကြပါ။ ထို့ကြောင့် အမြော်အမြင်ရှိသောကျောင်းသားများသည် ကိုယ့်ကိုယ်ကိုတွန်းအားပေးကာ သင်ယူခြင်းကို မိမိတို့ကိုယ်နှိုက်၏တာဝန်အဖြစ် ရှုမြင်ရန်ဖြစ်သည်။ “ကျွန်ုပ်တို့ကလေးများ၏ ကျန်သောဘဝတစ်လျှောက်လုံးတွင် မည်သူမျှ သူတို့နှင့်အတူနေပြီး လေ့လာရန်၊ အရည်အသွေးရှိရှိလုပ်ဆောင်ရန်၊ တွေးခေါ်တတ်ရန်၊ ထူးကဲသာလွန်သည့်စွမ်းရည်များကို ပျိုးထောင်ဖို့ ထပ်ဆင့်အားထုတ်မှုများပြုလုပ်ရန် ကူညီပေးနေမည်မဟုတ်” ဟု အထက်ဖော်ပြပါစာအုပ်က ဆိုထားသည်။
တစ်ဖန်၊ ယင်းက ကျောင်းထက် အိမ်တွင်သင်ယူခြင်းကို အာရုံစိုက်စေပြီး အိမ်တွင်သင်ယူခြင်း၏တန်ဖိုးကို အလေးပေးထားသည်။ မိဘတို့၊ သင်ယူရာတွင် တက်ကြွထက်သန်ကြသလော။ သင့်အိမ်သည် ဝိညာဉ်ရေးစံနှုန်းများကို အလေးပေးသော အကျိုးပြုသင်ယူရာနေရာဖြစ်သလော။ (ဧဖက် ၆:၄) သင့်ပုံသက်သေနှင့် သွန်သင်ပုံတို့က သင့်ကလေး ကျောင်းနှင့်အိမ်တို့မှ ထွက်ခွာသွားပြီးနောက် နှစ်အတန်ကြာအထိ ဩဇာညောင်းမည်ဖြစ်ကြောင်း သတိရပါ။—စာမျက်နှာ ၁၇၊ “သင်ယူရာတွင် အောင်မြင်နေသည့်မိသားစုများ” လေးထောင့်ကွက်ကိုရှု။
လူတို့သည် နည်းအဖုံဖုံဖြင့် သင်ယူကြကြောင်း သိမှတ်ပါ
လူနှစ်ဦးပင် စိတ်ချင်းမတူကြပေ၊ တစ်ဦးစီတွင် ကိုယ်ပိုင်သင်ယူနည်းလမ်းရှိကြသည်။ လူတစ်ဦးအတွက် အကျိုးပြုရာသည် နောက်တစ်ဦးအတွက် အကျိုးပြုချင်မှပြုပေမည်။ ထို့ကြောင့် ဒေါက်တာမဲလ်လာဗင်၏ ဉာဏ်ရေအလိုက် စာအုပ်တွင် “သားသမီးများကို တစ်ပုံစံတည်းဆက်ဆံခြင်းသည် သူတို့အပေါ် မမျှတရာရောက်သည်။ ကလေးအသီးသီးသည် သင်ယူပုံကွဲပြားခြားနားကြသည်; သူတို့လိုအပ်ရာများကို ရပိုင်ခွင့်ရှိကြသည်” ဟုဆိုထား၏။
ဥပမာ၊ လူတချို့အတွက် ရုပ်ပုံကားချပ်များကိုကြည့်ခြင်းဖြင့် အယူအဆများကို ပိုပြီးသဘောပေါက်၊ မှတ်မိကြသည်။ အချို့သူတို့မူ ရေးသားထားသောစာလုံးများကိုဖြစ်စေ၊ ပြောဆိုသည့်စကားကိုဖြစ်စေ၊ ယင်းတို့နှစ်မျိုးပေါင်းစပ်ခြင်းကိုဖြစ်စေ ပိုမိုနှစ်သက်ကြပေမည်။ “တစ်စုံတစ်ရာကိုမှတ်မိရန် အကောင်းဆုံးနည်းမှာ ယင်းကိုပြောင်းလဲပေးခြင်းနှင့် အချက်အလက်များကို တစ်မျိုးတစ်ဖုံ အသွင်ပြောင်းပေးခြင်းတို့ဖြစ်၏။ ယင်းသည် မျက်စိနှင့်မြင်ရသောအရာဖြစ်မည်ဆိုလျှင် ပြောစကားအဖြစ်ပြောင်းလိုက်ပါ၊ ပြောစကားဖြစ်မည်ဆိုလျှင် ရုပ်ပုံကားချပ်အဖြစ်ပြောင်းလိုက်ပါ” ဟု လာဗင် ပြောခဲ့၏။ ဤနည်းသည် သင်ယူခြင်းကို ပို၍အကျိုးဖြစ်ထွန်းစေရုံမက ပိုမိုနှစ်သက်ဖွယ်ဖြစ်စေသည်။
ထို့ကြောင့် မည်သည့်နည်းစနစ်က သင့်အတွက် အကောင်းဆုံးဖြစ်မည်ကို စမ်းကြည့်နိုင်သည်။ အချိန်ပြည့်ခရစ်ယာန်အမှုဆောင်သူ ဟန်စ်သည် အခြေခံပညာရေးသာရှိသည့် အသက်ကြီးသူ ဂျော့ခ်ျနှင့် ကျမ်းစာသင်အံခဲ့သည်။ ဂျော့ခ်ျသည် အဓိကအချက်များကို သဘောပေါက်၊ မှတ်မိဖို့ခက်သည်။ ထို့ကြောင့် ဟန်စ်က အဓိကအချက်များကို သရုပ်ဖော်ပုံဆွဲပြခဲ့သည်။ “ဒါက ဂျော့ခ်ျအတွက် အလှည့်အပြောင်းတစ်ခုပဲ။ သူ့ကိုယ်သူအံ့သြသွားလောက်အောင် အယူအဆတွေကို သဘောပေါက်၊ မှတ်မိစပြုလာတယ်! ပြီးတော့ သူဘယ်လောက်ဉာဏ်ပြေးတယ်ဆိုတာ ဆန်းစစ်ကြည့်တဲ့အခါ အစက ကျွန်တော်ထင်ထားတာထက် ပိုနေတယ်။ မကြာခင် သူ့ကိုယ်သူယုံကြည်စိတ်ချလာပြီး သင်ခန်းစာတွေကို အရင်ကထက် ပိုစောင့်မျှော်လာတယ်” ဟု ဟန်စ်ပြောခဲ့သည်။
ပညာလို အိုသည်မရှိ
“ဦးနှောက်လုပ်ဆောင်နိုင်မှုသည် ယင်းကို အသုံးပြုခြင်း၊ မပြုခြင်းအပေါ်မူတည်သည်။ ယင်းသည် အသုံးပြုလျှင်ပြု၊ မပြုလျှင် ပျက်စီးမည့်ယန္တရားဖြစ်ပြီး စွမ်းရည်အသစ်တို့ကို သင်ယူလိုစိတ်ပြင်းပြလှသည်” ဟု ဦးနှောက်အတွင်းပိုင်းစာအုပ်တွင် ဖော်ပြထားသည်။ “လေ့ကျင့်ခန်းလုပ်ခြင်းက အသက်ခုနစ်ဆယ်၊ ရှစ်ဆယ်အရွယ်အထိ ကျန်းမာသန်စွမ်းနေစေသကဲ့သို့ပင် စိတ်ပိုင်းလေ့ကျင့်ခန်းများသည် အိုမင်းလာသောဦးနှောက်ကို ထပ်တူသန်စွမ်းစေကြောင်း သုတေသီများက သက်သေပြခဲ့ကြသည်။ အိုမင်းခြင်းကို စိတ်ပိုင်းရှုပ်ထွေးခြင်းသို့ ဦးတည်စေသောယိုယွင်းမှုဟူ၍ ကြာမြင့်စွာကပင် ယူဆခဲ့ကြသည်။ သို့သော် [ယင်း] သို့ ထင်သည့်အတိုင်းဖြစ်လာသည့်အရာမဟုတ်ဘဲ အများအားဖြင့် ဦးနှောက်ကိုအသုံးမပြုခြင်း၏ရလဒ်ဟု သုတေသနပြုချက်အသစ်က ဖော်ပြသည်။ ထို့ပြင် တစ်ချိန်ကယူဆခဲ့သကဲ့သို့ လူတို့သည် အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်ဆဲလ်များစွာ နေ့စဉ်သေဆုံးမသွားပါ” ဟု ထိုစာအုပ်တွင် ဆက်ဖော်ပြ၏။ စိတ်ပိုင်းလုပ်ဆောင်မှု အလွန်ကျဆင်းလာခြင်းသည် နှလုံးသွေးကြောဆိုင်ရာရောဂါအပါအဝင် ရောဂါလက္ခဏာတစ်ခုဖြစ်လေ့ရှိသည်။
သက်ကြီးပိုင်းတွင် စိတ်စွမ်းဆောင်နိုင်မှု အနည်းငယ်ဆုတ်ယုတ်သွားနိုင်သော်လည်း ဆိုးဆိုးရွားရွားတော့မဟုတ်ချေ။ အလုပ်လုပ်နေသောဦးနှောက်သည် ပျက်စီးယိုယွင်းလာခြင်းကိုတားဆီးပြီး လူတစ်ဦး ကာယလေ့ကျင့်ခန်းမှန်မှန်လုပ်နေလျှင် ပို၍တားဆီးပေးနိုင်ကြောင်း သုတေသီတို့က ဆိုသည်။ “လူတစ်ဦးသည် သင်ယူလေလေ၊ သင်ယူနိုင်စွမ်း တိုးလေလေဖြစ်သည်။ စွဲစွဲမြဲမြဲသင်ယူနေသူများသည် ပိုတော်သော သင်ယူသူများဖြစ်ကြကြောင်း” သက်ကြီးပိုင်းသင်ယူခြင်း—သက်ကြီးရွယ်အိုများ၏နယ်ပယ်သစ်စာအုပ်တွင် ဖော်ပြထားသည်။
ဩစတြေးလျနိုင်ငံတွင် အသက် ၆၀ မှ ၉၈ နှစ်အရွယ်တို့အား အနှစ် ၂၀ ကြာ လေ့လာမှုတစ်ရပ်က ယင်းဖြစ်ရပ်မှန်ကို သက်သေထူနေသည်။ လေ့လာမှုတွင်ပါဝင်ခဲ့သူအများစု၏ ဉာဏ်ရည်အဆင့်သည် တစ်နှစ်လျှင် ၁ ရာခိုင်နှုန်းခန့်သာ ကျဆင်းသည်။ သို့သော် “အသက်ကိုးဆယ်ကျော်အပါအဝင် အချို့သူတို့သည် ဉာဏ်ရည် လုံးလုံးကျဆင်းမသွားပါ၊ ယင်းတို့မှာ ဘာသာခြားစကားတစ်မျိုးပြောတတ်ရန်၊ တူရိယာတစ်မျိုးတီးတတ်ရန် လေ့လာခြင်းပါဝင်သည့် နည်းလမ်းတကျ လေ့လာစမ်းသပ်မှုများတွင် ပါဝင်သူများဖြစ်စေသည်” ဟုဖော်ပြသည်။
အစောပိုင်းတွင်ဖော်ပြခဲ့သော ဂျော့ခ်ျသည် ဘုရားသခင့်နှုတ်မြွက်တော်ကို စလေ့လာချိန်တွင် အသက် ၇၀ ကျော်နေပြီ။ အလားတူ၊ အသက် ၈၀ အရွယ် ဗာဂျီးနီးယားနှင့် ကွယ်လွန်သူခင်ပွန်း ရောဘတ်တို့လည်း အသက်ကြီးပိုင်းတွင် ကျမ်းစာစလေ့လာခဲ့ကြသည်။ “ရောဘတ်ဟာ မျက်စိမမြင်ပေမဲ့ သူ့မှတ်ဉာဏ်ထဲက ကျမ်းစာအခြေပြုဟောပြောချက်တိုတွေကို ဘုရားသခင့်နိုင်ငံတော်ခန်းမမှာ ဟောနိုင်ပြီ။ ကျွန်မလည်း စာဖတ်ဝါသနာမပါခဲ့ပေမဲ့ အခုတော့ စာဖတ်ရတာပျော်လာတယ်။ ဒီမနက်စောစောမှာ နိုးလော့! တစ်အုပ်လုံး ဖတ်ပြီးပြီ” ဟု ဗာဂျီးနီးယားပြောခဲ့၏။
ဂျော့ခ်ျ၊ ရောဘတ်နှင့် ဗာဂျီးနီးယားတို့သည် သမားရိုးကျပုံစံကို လွန်ဆန်ပြီး မိမိတို့ဉာဏ်စွမ်းကို အကျိုးရှိရှိအသုံးချကြသော သက်ကြီးရွယ်အိုများစွာမှ ပုံနမူနာသုံးဦးမျှသာဖြစ်၏။ အနှစ် ၇၀၊ ၈၀ ကြာသင်ယူခြင်းက စွမ်းပကားကြီးမားလှသောဦးနှောက်အတွက် ရေစည်ကြီးထဲမှ ရေတစ်စက်မျှဖြစ်ပြီး မသိသာလှကြောင်း သုတေသနပြုချက်က ဖော်ပြနေသည်။ ဦးနှောက်သည် အဘယ်ကြောင့် ဤမျှစွမ်းပကားကြီးမား ရသနည်း။
[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
အင်တာနက်နှင့် တီဗွီ—အကျိုးပြုသလော၊ ဘေးဖြစ်စေသလော
“အင်တာနက်အသုံးပြုခြင်းသည် ကောင်းကျိုးရော ဆိုးကျိုးကိုပါ ဖြစ်စေသည်” ဟု ဉာဏ်ရေအလိုက်စာအုပ်ကဆို၏။ အချက်အလက်များ မည်သို့ရှာဖွေရမည်ကို သင်ယူခြင်းသည် အလွန်အကျိုးရှိသော်လည်း ကျောင်းသားအချို့မှာ “အချက်အလက်များကို အမှန်သိနားလည်ခြင်း၊ စုစည်းပေါင်းစပ်တတ်ခြင်းမရှိဘဲ ကူးယူရုံသာပြုကြသည်။ ထို့ကြောင့် ဖြစ်စဉ်မှာ ကြိုးစားအားထုတ်ခြင်းမရှိသော နည်းသစ် သို့မဟုတ် သူတစ်ပါး၏အစွမ်းအစကိုခိုးယူသည့်နည်းပင် ဖြစ်သွားမည့်အန္တရာယ်ရှိနေသည်” ဟု ထိုစာအုပ်က ရှင်းပြထားသည်။
အချိန်ကုန်ခံတီဗွီကြည့်ခြင်းသည် ပြဿနာဖြေရှင်းနိုင်စွမ်းနှင့် နားထောင်နိုင်စွမ်းတို့ကို နှေးကွေးစေကာ စိတ်ကူးဉာဏ်ထုံထိုင်းစေပြီး စရိုက်ကောင်းအောင် မစွမ်းဆောင်ပေးနိုင်ဟု သုတေသီများက ဆိုကြသည်။ “စီးကရက်များနည်းတူ ရုပ်မြင်သံကြားစက်များတွင်လည်း လူတစ်ဦး၏ကျန်းမာရေးကိုထိခိုက်စေကြောင်း သတိပေးချက်ရိုက်နှိပ်ထားသင့်သည်” ဟု သင်ယူလိုစိတ်ပြင်းပြစာအုပ်တွင် ဖော်ပြထားသည်။
ကလေးများအလိုအပ်ဆုံးအရာမှာ “ဘာသာစကား (စာဖတ်ခြင်းနှင့် စကားစမြည်ပြောဆိုခြင်း)၊ မေတ္တာနှင့် နွေးထွေးသောပွေ့ဖက်မှုတို့ဖြစ်သည်” ဟု နောက်ကိုးကားချက်တစ်ခုက အကြံပြုထား၏။
[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
သင်ယူရာတွင် အောင်မြင်နေသည့် မိသားစုများ
သင်ယူရာတွင် အောင်မြင်စေရန် အောက်ပါ အလေ့အကျင့်များနှင့် စရိုက်များက သင့်မိသားစုအား ကူညီပေးနိုင်သည်–
▪ မြင့်မားပြီး အကျိုးသင့်အကြောင်းသင့်ရှိသော ကိုယ်ကျင့်တရားစံနှုန်းများကို သင့်ကလေးများအား မေတ္တာပါစွာ အထပ်ထပ်အသိပေးခြင်း
▪ ကြိုးစားခြင်းသည် အောင်မြင်မှု၏သော့ချက်ဟူသော သဘောထားရှိခြင်း
▪ အထိုင်များသောဘဝပုံစံမဟုတ်ဘဲ တက်ကြွလှုပ်ရှားသည့်ဘဝပုံစံရှိခြင်း
▪ သားသမီးများကို ပတ်စဉ် အချိန်များစွာ အိမ်တွင်သင်ယူလေ့လာစေခြင်းနှင့် အိမ်စာ၊ အားလပ်ချိန်စာဖတ်ခြင်း၊ ဝါသနာပါရာလုပ်ဆောင်ခြင်း၊ မိသားစုအစီအစဉ်များ၊ အိမ်တွင်းလေ့ကျင့်ခြင်းနှင့် တာဝန်များအပါအဝင် လုပ်ငန်းဆောင်တာများလုပ်စေခြင်း
▪ မိသားစုကို အပြန်အလှန်အကူအညီပေးရာနှင့် ပြဿနာများဖြေရှင်းပေးရာအဖြစ် သဘောထားခြင်း
▪ အိမ်တွင်းစည်းကမ်းများကို ရှင်းလင်းစွာနားလည်စေပြီး တစ်သမတ်တည်း ကြပ်မတ်ပေးခြင်း
▪ ဆရာ/မများနှင့် မကြာခဏဆက်သွယ်ခြင်း
▪ ဝိညာဉ်ရေးကြီးထွားမှုကို အလေးပေးခြင်း
[ရုပ်ပုံ]
မိဘတို့၊ သင့်ကလေးများ စာဖတ်လိုစိတ်ရှိအောင် သင်ပေးနေသလော
[Credit Line]
သင်ယူလိုစိတ်ပြင်းပြ—လှုံ့ဆော်ပေးပြီး သင်ယူလိုစိတ်ရှိလာရန် ကလေးများကိုကူညီပေးခြင်းစာအုပ်ကို အခြေခံထား၏။
[စာမျက်နှာ ၁၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
တိုးတက်စေပြီး ပိုမိုနှစ်သက်ဖွယ် ဖြစ်စေသည့် သင်ယူနည်းများ
စိတ်ဝင်စားပါ တစ်စုံတစ်ရာတွင် အာရုံနှစ်ထားမည်ဆိုလျှင် ယင်းကို ပိုမိုသင်ယူတတ်မြောက်လွယ်၏။ ဉာဏ်စွမ်းမြှင့်တင်—သင်ယူခြင်းကိုမြတ်နိုးလာရန် ကလေးများကိုပျိုးထောင်ပေးခြင်းစာအုပ်တွင် အောက်ပါတွေ့ရှိချက်ပါရှိ၏– “ကလေးများသည် လေ့လာရသည်ကို အားရနှစ်သက်သောအခါ သူတို့၏သင်ယူမှုသည် ပိုလေးနက်လာသည်၊ ပိုအဓိပ္ပာယ်ပြည့်ဝလာသည်၊ ပို၍ရေရှည်တည်တံ့လာသည်။ ထို့ပြင် ပို၍စွဲမြဲစွာလုပ်တတ်၊ တီထွင်ကြံဆတတ်ပြီး ခက်ခဲသည့်အလုပ်ကို လုပ်လိုစိတ်ပြင်းပြကြကြောင်း သုတေသီများ အထင်အရှားဖော်ပြခဲ့သည်။”
သင်ယူခြင်းနှင့် ဘဝကို ဆက်စပ်ပါ စာရေးဆရာနှင့် ကျောင်းဆရာဖြစ်သော ဒုတိယမြောက် ရစ်ချက်အယ်လ်ဝီးဗားက ဤသို့ရေးခဲ့၏– “စာသင်ခန်းတွင်သင်ယူရာနှင့် ဘဝအတွေ့ အကြုံတို့ကို တိုက်ရိုက်ဆက်စပ်သည့်အခါ သိနားလည်မှုမီးသီးကိုလင်းစေသော လျှပ်စစ်မီးပွားအလား ဖြစ်ပေါ်လာသည်။”
နားလည်ရန်ကြိုးစားပါ လူတို့သည် တစ်စုံတစ်ရာကို နားလည်ရန်ကြိုးစားသည့်အခါ မိမိတို့၏စဉ်းစားနိုင်စွမ်းနှင့် မှတ်ဉာဏ် နှစ်မျိုးစလုံးကို လှုံ့ဆော်ပေးသည်။ အလွတ်ကျက်မှတ်သင့်သည့် အခါ ရှိသော်လည်း ယင်းကို နားလည်ခြင်းနှင့် အစားမထိုးနိုင်ချေ။ “ဆည်းပူးသမျှသောဥစ္စာတို့တွင် ဉာဏ် (“နားလည်ခြင်း၊” ကဘ) ကို ဆည်းပူးလော့။ သူ့ကိုအမြတ်ထားလော့။ သူသည် သင့်ကိုချီးမြှောက်လိမ့်မည်” ဟု နယပုံပြင် ၄:၇၊ ၈ တွင် ဖော်ပြထား၏။
အာရုံစူးစိုက်ပါ “သင်ယူရေးတွင် အာရုံစူးစိုက်ခြင်း မရှိမဖြစ်လိုအပ်သည်။ [ယင်းသည်] အလွန်အရေးပါလှသဖြင့် ဉာဏ်ရည်၏အခြေခံကျသောလိုအပ်ချက်ဟု ခေါ်ဆိုခဲ့ကြပြီး ဉာဏ်ရည်နှင့်တန်းတူဖြစ်သည်ဟုပင် ယူဆကြသည်” ဟု သင့်ကလေးကို အာရုံစူးစိုက်တတ်ရန်သင်ပေးခြင်းစာအုပ်တွင် ရှင်းပြထားသည်။ အာရုံ စူးစိုက်ခြင်းကို သင်ယူနိုင်သည်။ အဓိကအချက်တစ်ချက်မှာ လေ့လာမှုကို အချိန်တိုတိုနှင့် အစပြုပြီးနောက် တဖြည်းဖြည်း အချိန်တိုးပေးသွားခြင်းဖြစ်၏။
စကားပြေပြန်ပါ “အတော်ဆုံးကျောင်းသားများသည် စကားပြေအပြန်တတ်ဆုံးသူများဖြစ်ကြသည်” ဟု ဒေါက်တာမဲလ်လာဗင်၏ ဉာဏ်ရေအလိုက် စာအုပ်က ဆိုသည်။ စကားပြေပြန်ခြင်းက အချက်အလက်များကို ပိုမိုနည်းပါး၊ နိုင်နင်းစေကာ မှတ်မိလွယ်စေသည်။ မှတ်စုကောင်းစွာယူသူတို့သည် လုံးစေ့ပတ်စေ့မှတ်စုမယူခြင်းဖြင့် ဤသဘောတရားမှ အကျိုးခံစားရသည်။
ဆက်စပ်ခြင်း မှတ်ဉာဏ်များသည် ယခင်မှတ်မိထားရာများအပေါ် တွဲလဲချိတ်နေသော ချိတ်များနှင့်တူသည်ဟု ဦးနှောက်စာအုပ်တွင် ပီတာရပ်စယ် ပြောခဲ့၏။ အတိုချုပ်ပြောရလျှင် သင်သိနှင့်ပြီးသောအရာတို့ကို အသစ်သောအရာတို့နှင့် ရှင်းရှင်းလင်းလင်းဆက်စပ်ပေးသည့်အခါ မှတ်ဉာဏ် ပိုတိုးလာမည်။ ပို၍ဆက်စပ်တတ်လေလေ၊ ပို၍ မှတ်မိ လေလေဖြစ်၏။
မြင်ယောင်ကြည့်ပါ ထင်ရှားသောပုံရိပ်များသည် ကြာရှည်ခံသည်။ ထို့ကြောင့် ဖြစ်နိုင်မည်ဆိုလျှင် မြင်ယောင် ကြည့်ပါ။ မှတ်ဉာဏ်ဆိုင်ရာပညာရှင်များက ဤနည်းကို အသုံးပြုပြီး မှတ်ဉာဏ်အထောက်အကူအဖြစ် ချဲ့ကားခြင်း သို့မဟုတ် ရယ်စရာစိတ်ပုံရိပ်များကို ဖန်တီးလေ့ရှိကြသည်။
ပြန်သုံးသပ်ပါ ကျွန်ုပ်တို့လေ့လာထားရာ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ ၂၄ နာရီအတွင်း မေ့ပျောက်သွားနိုင်သည်။ လေ့လာမှုတစ်ခုပြီးတိုင်း အကျဉ်းချုပ်ပြန်လည်သုံးသပ်ခြင်း၊ ၎င်းနောက် တစ်ရက်၊ တစ်ပတ်၊ တစ်လနှင့် ခြောက်လကြာသည့်တိုင် ပြန်လည်သုံးသပ်ခြင်းက ကျွန်ုပ်တို့မှတ်ဉာဏ်ကို ၁၀၀ ရာခိုင်နှုန်းနီးပါးအထိပင် တိုးစေနိုင်သည်။
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ကလေးများ သင်ယူတတ်စေရန် မိဘဆရာတို့ ပူးပေါင်းလုပ်ဆောင်သင့်
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
အသက်ကြီးရင့်ခြင်းက သင်ယူရာတွင် အဟန့်အတားမဖြစ်