ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
ဦးနှောက်သည် မနိုင်ဝန်ထမ်းနေရသလော
“ကိစ္စရပ်များစွာကို ပြိုင်တူလုပ်ဆောင်ခြင်းသည် ဦးနှောက်အတွက် ပင်ပန်း” ကြောင်း သုတေသီတချို့ ပြောဆိုကြသည်ဟု ကနေဒါနိုင်ငံထုတ် တိုရွန်တို စတားသတင်းစာက ဖော်ပြ၏။ အလုပ်များစွာကို တစ်ပြိုင်နက်လုပ်ခြင်းသည် အရည်အသွေးနိမ့်ခြင်း၊ အမှားများခြင်းနှင့် နာမကျန်းခြင်းပင်ဖြစ်စေကြောင်း လေ့လာတွေ့ရှိချက်များက ဖော်ပြသည်။ ဥပမာ၊ ယင်းသည် “မှတ်ဉာဏ်ကို ဆုတ်ယုတ်စေ၍ နောက်ကျောထိုးစေသည်၊ တုပ်ကွေးနှင့် အစာမကြေရောဂါ ဖြစ်လွယ်စေကာ သွားများနှင့် သွားဖုံးများကိုပင် နာကျင်ထိခိုက်စေနိုင်” ပါသည်။ လူတို့သည် လုပ်ငန်းတာဝန်တချို့ကို ဆောင်ရွက်နေချိန်၌ ဦးနှောက်၏ သက်ဆိုင်ရာအစိတ်အပိုင်းအသီးသီးသည် အလုပ်လုပ်လျက်ရှိနေကြကြောင်း ယူ.အက်စ်. အမျိုးသားကျန်းမာရေးတက္ကသိုလ်မှ ပြုလုပ်သည့် လေ့လာမှုများက ဖော်ပြသည်။ သို့သော် ကားမောင်းနေစဉ် ဆယ်လူလာဖုန်းပြောခြင်းကဲ့သို့သော အလုပ်နှစ်မျိုး သို့မဟုတ် ထို့ထက်မကကို တစ်ပြိုင်တည်းလုပ်ဆောင်ဖို့ အားထုတ်သည့်အခါ “ဦးနှောက်သည် အမှန်တကယ်ပင် အလုပ်မလုပ်တော့ပေ” ဟု အီမရီ တက္ကသိုလ်မှ ဦးနှောက်နှင့်အာရုံကြောပါရဂူ ဒေါက်တာ ဂျောန် စလတ်ကီက ဆိုသည်။ “ဦးနှောက်သည် အလုပ်လည်းမလုပ်နိုင်သည်သာမက လုပ်ဆောင်ဖို့လည်း ငြင်းဆန်လေသည်။” သုတေသီများအဆိုအရ၊ လူတို့သည် အလုပ်လျှော့ချရမည်၊ မိမိတို့ခိုင်းသမျှအလုပ်တိုင်းကို ဦးနှောက်က မလုပ်နိုင်ဟူသည့်အဖြစ်မှန်ကို လက်ခံကြရမည်ဖြစ်သည်။
အမှား၊ အမှန် ဝေခွဲမရ
“ဩစတြေးလျလူမျိုးလေးဦးတွင် တစ်ဦးနီးပါးက မိမိတို့၏အလုပ်ခွင်မှ စာရေးကိရိယာများကို ခိုးယူခဲ့ဖူးကြောင်း ဝန်ခံကြသည်” ဟု ဆစ်ဒနီထုတ် သည် ဆန်း-ဟီရယ်လ်က ဆို၏။ ရုံးလုပ်သား ၂,၀၀၀ ကျော်ကို ဆန်းစစ်လေ့လာမှုပြုခဲ့ရာ သာမန်လုပ်ငန်းခွင်အမူအကျင့်များတွင် မိမိတို့လုပ်ဖော်ကိုင်ဖက်များ၏ ကိုယ်ရေးသတင်းအချက်အလက်ကို ဝင်ကြည့်ခြင်း၊ အလုပ်ချိန်တွင် ကိုယ်ရေးကိုယ်တာအတွက် အင်တာနက်အသုံးပြုခြင်း၊ ခွင့်ပြုချက်မရထားသော ဆော့ဖ်ဝဲလ်ကို လုပ်ငန်းသုံးကွန်ပျူတာထဲ ကူးယူခြင်းနှင့် ရုံးဆော့ဖ်ဝဲလ်ကို အိမ်၌အသုံးပြုခြင်းတို့လည်း ပါဝင်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။ အဆိုပါဆန်းစစ်လေ့လာမှုကို ကြီးကြပ်ခဲ့သူ ဂယ်ရီ ဒူးလေက “ဘယ်အရာအမှန်၊ ဘယ်အရာအမှားဆိုသည်ကို လုံးဝဝေခွဲမရဖြစ်နေသူ များစွာရှိသည်” ဟု ပြောကြားခဲ့၏။
ကိုယ်ဝန်ဆောင်အမျိုးသမီးများကို အသက်ကယ်သည့် ဆားခါး
ရေဓာတ်ပါဝင်သော မဂ္ဂနီဆီယမ် ဆာလဖိတ် (ဆားခါး) ကိုအသုံးပြုသည့် ရိုးရှင်း၍ အဖိုးနည်းကုထုံးတစ်မျိုးသည် အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ်ဖြစ်တတ်သည့် အသက်အန္တရာယ်ရှိသော ဆင့်ပွားရောဂါဖြစ်နိုင်ခြေကို ထက်ဝက်လျှော့ချပေးနိုင်သည်ဟု လန်ဒန်ထုတ် တိုင်းမ်စ် သတင်းစာက ရှင်းပြသည်။ အန္တရာယ်ရှိသည့် သွေးတိုးပုံစံတစ်မျိုးဖြစ်ပြီး တက်တတ်သော သန္ဓေသွေးတက်ဝေဒနာကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင် နှစ်စဉ် အမျိုးသမီး ၅၀,၀၀၀ ကျော်နှင့် ၎င်းတို့၏ မမွေးသေးသော ကလေးများ သေဆုံးရလေသည်။ မကုသလျှင် သန္ဓေသွေးတက်တတ်သည့် ကိုယ်ဝန်အဆိပ်တက်ရောဂါကို ကုသရန် အမေရိကန်ပြည်ထောင်စုတွင် မဂ္ဂနီဆီယမ် ဆာလဖိတ်ဆားပါဝင်သည့် ထိုးဆေးများကို နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့သော်လည်း ဤကုထုံးသည် အခြားနိုင်ငံအများစုတွင် ခေတ်မစားပေ။ ထို့ကြောင့် အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ဒ် ကျန်းမာရေးသိပ္ပံတက္ကသိုလ်မှ နိုင်ငံတကာဆရာဝန်များအဖွဲ့တစ်ဖွဲ့သည် “နိုင်ငံပေါင်း ၃၃ နိုင်ငံရှိ အမျိုးသမီး ၁၀,၀၀၀ ကို စစ်ဆေးကြည့်ခြင်းဖြင့် ဤဆား၏ အကျိုးကျေးဇူးများကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်ခဲ့ကြသည်” ဟု အဆိုပါတိုင်းမ်စ်သတင်းစာကဆိုသည်။ “သုံးနှစ်ကြာသည့်နောက် . . . အဆိုပါကုသမှု မည်မျှထိရောက်ကြောင်း ထင်ရှားလာသောအခါ ယင်းစမ်းသပ်မှုကို စောစီးစွာ ရပ်တန့်လိုက်ကြသည်၊ ကိုယ်ဝန်အဆိပ်တက်ရောဂါရှိသည့် အမျိုးသမီးများကို မဂ္ဂနီဆီယမ် ဆာလဖိတ်ဆားအသုံးပြု၍ ကုသပေးခြင်းက ၎င်းတို့၏ တက်ခြင်းအန္တရာယ် ၅၈ ရာခိုင်နှုန်း လျော့ကျသွားစေခဲ့သည်။ အသက်ဆုံးရှုံးစေသည့် အန္တရာယ်ကိုလည်း ၄၅ ရာခိုင်နှုန်း လျော့ကျစေခဲ့၏။ အဆိုပါကုသမှုသည် “အမျိုးသမီးတစ်ဦးလျှင် ၃ ပေါင် [၄.၅၀ ဒေါ်လာ] သာကျပြီး ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အမျိုးသမီးများလည်း တတ်နိုင်ပါသည်။”
ဆယ်ကျော်သက် စားသောက်မှုအလေ့အထများ
“မိမိတို့၏ ကိုယ်လုံးကိုယ်ပေါက်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကာ ဖက်ရှင်မော်ဒယ်လ်များနှင့် နာမည်ကြီး ပေါ့ပ်အဆိုကျော်များ၏ ပုံစံဖမ်းလိုသည့်ဆန္ဒကြောင့် နပ်ကျော်စားနေကြသည့် ဆယ်ကျော်သက် ကျောင်းသူတို့၏ အရေအတွက်မှာ ထိတ်လန့်စရာပင်” ဟု လန်ဒန်ထုတ် ဒေးလီး တယ်လီဂရပ်ဖ်သတင်းစာက ဆို၏။ ဗြိတိန် ကျောင်းကျန်းမာရေးပညာပေးအဖွဲ့သည် ကျောင်းသား ၃၀၀,၀၀၀ ၏ စားသောက်ခြင်း အလေ့အထများကို လေ့လာမှုပြုကြည့်ရာ အသက် ၁၄ နှစ်နှင့် ၁၅ နှစ်ရှိ မိန်းကလေး ၄၀ ရာခိုင်နှုန်းကျော်သည် “နံနက်စာမစားဘဲ ကျောင်းသွားကြသည်။ ၁၉၈၄ ခုနှစ်က စုဆောင်းရရှိခဲ့သည့် ထပ်တူအချက်အလက်နှင့် နှိုင်းယှဉ်ကြည့်ရာ အစာမစားဘဲ အိမ်မှထွက်ခွာသည့် မိန်းကလေးအရေအတွက်သည် နှစ်ဆနီးပါးရှိ” သွားကြောင်း ဖော်ထုတ်သိရှိခဲ့သည်။ နေ့လယ်စာမစားကြသည့် အရေအတွက်မှာလည်း ၁၉၈၄ ခုနှစ်တွင် ၂ ရာခိုင်နှုန်းရှိရာမှ ၂၀၀၁ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်းအထိ တိုးများလာခဲ့၏။ ကျောင်းသားများသည် အစာငတ်ခံစိတ်ရောဂါနှင့် ဆာလောင်စိတ်ရောဂါကဲ့သို့သော အစားအသောက်မူမမှန်မှုများ ဆိုးဆိုးရွားရွားဖြစ်လာမည့် အန္တရာယ်ရှိသည့်အတွက် မိမိတို့ကျောင်းသူများ၏ ကိုယ်အလေးချိန်ကို စောင့်ကြပ်စစ်ဆေးကြရန် မိန်းကလေးကျောင်းများ၏ ကျောင်းအုပ်ကြီးများကို မေတ္တာရပ်ခံထားသည်။ အစာရှောင်ခြင်းကို ယောက်ျားလေးများလည်း ပိုစိတ်ဝင်စားကြောင်း ပြကြသည်။ ၎င်းတို့တွင် အသက် ၁၂ နှစ်နှင့် ၁၃ နှစ်ရှိ ယောက်ျားလေး ၃၁ ရာခိုင်နှုန်းနှင့် အသက် ၁၄ နှစ် ၁၅ နှစ်ရှိ ယောက်ျားလေး ၂၅ ရာခိုင်နှုန်းတို့က ကိုယ်အလေးချိန်လျှော့လိုကြရာ ၂၆ ရာခိုင်နှုန်းနှင့် ၂၁ ရာခိုင်နှုန်း အသီးသီးရှိခဲ့ရာမှ တိုးလာလေသည်။
အိပ်စက်ခြင်း—အိပ်ရေးဝဖို့ မည်မျှလို
“ရက်သတ္တပတ် (တနင်္လာမှသောကြာ) ညများတွင် ၇ နာရီ အိပ်စက်ကြသည့် အရွယ်ရောက်သူများသည် ထိုထက်ပို၍အိပ်စက်ကြသူတို့ထက် သေဆုံးဖို့အကြောင်းနည်းသည်ကို ၁၀ နှစ်ကျော်ကာလအတွင်း တွေ့ရှိရသည်” ဟု ယူအက်စ်အေ တူဒေးသတင်းစာ၌ ဖော်ပြထား၏။ ဂျပန်နိုင်ငံမှ သုတေသီများသည် အရွယ်ရောက်သူ ၁၀၄,၀၀၀ ကျော်ကို မျက်ခြည်မပြတ် စောင့်ကြည့်ကာ ၎င်းတို့၏အိပ်စက်ပုံများ၊ အထွေထွေနှင့် စိတ်ပိုင်းကျန်းမာရေးနှင့် ဘဝပုံစံတို့ကို ဆယ်နှစ်ခန့် လေ့လာခဲ့ကြသည်။ “အအိပ်နည်း၍ တစ်ညကို လေးနာရီလောက်အိပ်သည့်တိုင် အမျိုးသားများအတွက် သေဆုံးမှုတိုးများလာခြင်းမရှိဘဲ အမျိုးသမီးများအတွက်သာလျှင် ပျမ်းမျှလေးနာရီထက်လျော့ပါမှ အသက်ရှည်ဖို့အကြောင်းနည်း” ကြောင်း သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကြသည်။ ထုတ်ပြန်ထားသော အခြားသုတေသနပြုချက်ကြီးနှစ်ခုနှင့် သုတေသနပြုချက်ငယ် မြောက်မြားစွာက ယင်းတွေ့ရှိချက်များကို ထောက်ခံ၏။ သို့ရာတွင်၊ “လေးနာရီမှ ၅ ၁/၂ နာရီအထိ အိပ်စက်ကြသူများသည် မှတ်ဉာဏ်၊ စဉ်းစားဉာဏ်ကြည်လင်မှုနှင့် အာရုံစိုက်နိုင်စွမ်းတို့ကို တိုင်းတာသည့် စမ်းသပ်မှုများတွင် အားရကျေနပ်ဖွယ်မရှိ” ကြောင်းလည်း အိပ်စက်ခြင်းဆိုင်ရာ ပါရဂူများက တွေ့ရှိခဲ့ကြလေသည်။ “လူတို့သည် အနားရရှိသွားသည်ဟု ခံစားရသည်အထိ အိပ်စက်သင့်သည်” ဟု စိတ်ရောဂါအထူးကုဆရာဝန်နှင့် အိပ်စက်ခြင်းသုတေသီ ဒန်နီယဲလ် ကရစ်ပ်ကာကပြောကြားသည်။
လူငယ်များစွာသည် စိတ်ပျက်ဖွယ်အနာဂတ်ကို ရင်ဆိုင်ကြရ
“ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီးပါးသည် အသက် ၂၅ နှစ်အောက်ရှိသူများ—လူ့သမိုင်းတွင် အကြီးမားဆုံးလူငယ့်မျိုးဆက်—ဖြစ်ကြသည်” ဟု ၂၀၀၃ ခုနှစ် ယူအဲန် ကမ္ဘာ့လူဦးရေအခြေပြအစီရင်ခံစာ၌ ဖော်ပြထား၏။ ယင်းလူငယ်များအတွက် အဘယ်အလားအလာရှိသနည်း။ လန်ဒန်မြို့ထုတ် သည်အင်ဒီပဲန်းဒန့်သတင်းစာ၏အဆိုအရ “သမိုင်းတွင် အကြီးမားဆုံးသော လူငယ့်မျိုးဆက်သည် အေ့ဒ်စ်ရောဂါနှင့် အခြားသော လိင်ဆိုင်ရာကူးစက်ရောဂါများ၊ အိမ်ထောင်ပြုစောခြင်းနှင့် ကိုယ်ဝန်ဆောင်ခြင်း၊ ပြိုကွဲနေသောအိမ်ထောင်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အကြမ်းဖက်မှုနှင့် လိင်ကျွန်ဖြစ်ခြင်းတို့၏ တစ်ခါမျှမကြုံခဲ့ဖူးသော အန္တရာယ်များကို ရင်ဆိုင်နေရသည်ဟု ယူအဲန် လူဦးရေ ရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာ သိုရီးယား အိုဘေ့ဒ်က ပြောကြားခဲ့သည်။” ဥပမာ၊ အိပ်ခ်ျအိုင်ဗွီပိုးရှိကြောင်း တွေ့ရှိချက်အသစ်မှန်သမျှ၏ ထက်ဝက်တွင် အသက် ၁၅ နှစ်မှ ၂၄ နှစ်ရှိသူတို့ ဖြစ်သည်။ မြီးကောင်ပေါက်များအကြားတွင် ၁၄ စက္ကန့်တိုင်း ကူးစက်မှုအသစ်တစ်ခု ဖြစ်ပေါ်နေကြောင်း ခန့်မှန်းရ၏။ ကိုယ်ဝန်ဆောင်နေစဉ်နှင့် ကလေးမွေးဖွားစဉ်အတွင်း သေဆုံးမှုသည် အရွယ်ရောက်သူများတွင်ဖြစ်သည်ထက် ဆယ်ကျော်သက်များတွင် နှစ်ဆဖြစ်ဖို့ရှိသည်။ ထို့အပြင် လူငယ်လေးသန်းထက်မကသည် နှစ်စဉ် လိင်ကုန်ကူးခံနေရသည်ဟု ယူဆရ၏။
ရေအကျပ်အတည်းဆိုက်တော့မည်
“နောက်အနှစ် ၂၀ ကျော်ကြာသော် ကမ္ဘာတစ်ဝန်း၌ လူတစ်ဦးလျှင် ပျမ်းမျှရေအထောက်အပံ့သည် သုံးပုံတစ်ပုံ လျော့ကျသွားမည်ဟု မျှော်လင့်ရသည်” ဟု ယူနက်စကို၏ အထွေထွေညွှန်ကြားရေးမှူး ကိုအိချီရို မတ်ဆူအူရာက ပြောကြားသည်။ ကမ္ဘာ့ရေအရင်းအမြစ်များ လျော့ကျသွားဖို့ ရှိခြင်းမှာ ကမ္ဘာ့လူဦးရေ မှန်မှန်တိုးများလာမှု၊ ညစ်ညမ်းမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာအကြောင်းရင်းများကြောင့်သာမကပါ။ “ဤခေတ်ရေစီးကြောင်းများကို အောက်ခြေသိမ်းပြောင်းပစ်ရန် တာဝန်ယူလုပ်ဆောင်ပေးမှုမျိုးမရှိ” သောကြောင့် ဤအကျပ်အတည်းဆိုက်တော့မည်ဟု ယူနက်စကိုပရက်စ်ကဆို၏။ ကုလသမဂ္ဂအဖွဲ့ဝင် ၂၃ နိုင်ငံက ထုတ်ဝေသည့် လူတို့အတွက် ရေ၊ အသက်အတွက် ရေဟု ခေါင်းစဉ်တပ်ထားသည့် အစီရင်ခံစာတစ်စောင်က ဤသို့ဆိုလေသည်– “ကမ္ဘာ့ခေါင်းဆောင်ပိုင်းက ဖင့်နွှဲနေပြီး ကမ္ဘာ့လူထုက ပြဿနာအတိုင်းအတာကို အပြည့်အဝ သတိမပြုကြခြင်းက အချိန်မီ ပြုပြင်တည့်မတ်ရန်လိုအပ်သည့် လုပ်ရပ်များကို ကျွန်ုပ်တို့မလုပ်ဆောင်ကြဟူသည့်အဓိပ္ပာယ်ပင်။” မစ္စတာ မတ်ဆူအူရာက “ဤအကျပ်အတည်း၏ အကျိုးဆက်မှ လွတ်မြောက်မည့်ဒေသရှိမည်မဟုတ်” ဟုဆိုသည်။
မီးမဖွားမီ အာလ်ထရာဆောင်းရိုက်ခြင်း သတိထား
အမေရိကန်ပြည်ထောင်စုတွင် ကိုယ်ဝန်ဆောင်မိခင်များသည် မိမိတို့၏ မမွေးသေးသော ရင်သွေးလေးများအတွက် ပုံဖော်နိုင်နှုန်းမြင့်မားသည့် နှုန်းလွန်အသံလှိုင်းနည်းပညာကိုအသုံးပြု၍ “အမှတ်တရ ဗီဒီယို” ရိုက်ကူးမှု များလာကြောင်း အက်ဖ်ဒီအေ ကွန်ဆူးမားမဂ္ဂဇင်း၌ ဖော်ပြထားသည်။ အာလ်ထရာဆောင်း ပုံရိပ်ဖော်ခြင်း (ဆိုနိုဂရမ်) သည် ကိုယ်တွင်းအစိတ်အပိုင်းများမှ ကြိမ်နှုန်းမြင့်အသံလှိုင်းများ ကန်ထွက်လာစေပြီး ကွန်ပျူတာပေါ်တွင် ပုံရိပ်များပေါ်လာစေခြင်းဖြစ်သည်။ ထို့နောက် ဤပုံရိပ်များကို ဖမ်းယူကာ အမှတ်တရ ဗီဒီယိုကားများ သို့မဟုတ် ရုပ်ပုံလွှာများအဖြစ် ပြန်၍ထုတ်လုပ်ကြသည်။ မီးမဖွားမီ ပုံရိပ်များ ရိုက်ကူးရေး ကုမ္ပဏီများသည် နိုင်ငံတစ်ဝန်းလုံးရှိ ကုန်တိုက်ကြီးများနှင့် ဈေးရုံများတွင် အလျှိုလျှို ပေါ်လာနေပေပြီ။ သို့သော် ဆရာဝန်ရုံးခန်းတွင် နည်းစနစ်တကျ အာလ်ထရာဆောင်းရိုက်ပေးသည့် ဝန်ထမ်းနှင့်မတူဘဲ မီးမဖွားမီ ပုံရိပ်များကို ရိုက်ကူးပေးသည့် စက်ကိုင်များသည် လေ့ကျင့်မှုမခံယူထားသည့်အပြင် လိုင်စင်မရှိသူများလည်း ဖြစ်နိုင်ပေသည်။ သို့ဖြစ်၍ ဆေးဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ ပြုစဉ်အတွင်း အတွေ့အကြုံရင့်ကျက်သူတို့ထက် ရိုက်ကူးချိန် ပိုကြာနိုင်သည် သို့မဟုတ် စွမ်းအား ပိုမြင့်နိုင်သည်။ အက်ဖ်ဒီအေ ကွန်ဆူးမား၏အဆိုအရ ‘ဆေးကုသမှုအတွက်မဟုတ်ဘဲ မမွေးသေးသည့် ကလေးငယ်များကို ဓာတ်ပုံရိုက်ယူခြင်းသည် အန္တရာယ်များသော စီးပွားရေးလုပ်ငန်းဖြစ်သည်။’