မိခင်ဖြစ်စောလွန်းခြင်း
မိခင်ဖြစ်စောလွန်းခြင်း
“ကျွန်မရဲ့ရည်းစားက ဆွဲဆောင်မှုရှိတဲ့သူပါ။ သူ့မှာ ငွေရှိတော့ ကျွန်မတို့ လျှောက်လည်လို့ရပြီးပျော်လို့ရတယ်။ ကျွန်မ ဓမ္မတာမလာတဲ့အခါမှာတော့ တစ်ခုခုမှားနေပြီလို့ သိလိုက်တယ်။ အမေ့ကို ဘယ်လိုပြောရမလဲ။ ဘယ်လိုကြောင့် ကျွန်မ ဒီလိုဖြစ်ရမှာလဲ။ ကျွန်မအသက်က ၁၆ နှစ်ပဲရှိသေးတာ၊ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ဘူး။”—နီကိုးလ်။
ယနေ့ အသက်သုံးဆယ့်ငါးနှစ်အရွယ်ရှိပြီဖြစ်သည့် နီကိုးလ် *သည် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိ၍ ဖျတ်လတ်တက်ကြွသော ကလေးသုံးယောက်မိခင်တစ်ဦးဖြစ်နေပြီ။ သူ၏အကြီးဆုံးကလေးမှာ အသက် ၂၀ ရှိနေပြီ။ မှန်ပါသည်၊ လွန်ခဲ့သောနှစ်များက သူသည် လက်မထပ်ဘဲ ကိုယ်ဝန်ဆောင်သည့် ဆယ်ကျော်သက် သန်းပေါင်းများစွာအနက် တစ်ဦးဖြစ်ခဲ့၏။ အခြားဆယ်ကျော်သက်မိခင်များနည်းတူ သူသည် ထိတ်လန့်ဖွယ်စိန်ခေါ်ချက်များ၊ ခဲယဉ်းသောဆုံးဖြတ်ချက်များနှင့် မရေရာမှုများနှင့်ပြည့်နေသည့် နွံထဲတွင် နစ်နေခဲ့ရ၏။
မိမိ၏ရွယ်တူချင်းများက အဝတ်အစားများအကြောင်း၊ ကျောင်းရမှတ်များအကြောင်း စိုးရိမ်တကြီးပြောဆိုနေကြချိန်တွင် နီကိုးလ်ကမူ မိမိဆယ်ကျော်သက်နှောင်းပိုင်းအချိန်၏ အမှတ်အသားများဖြစ်သည့် စိတ်ချောက်ချားမှု၊ ငြင်းပယ်ခံရမှု၊ ကြောက်ရွံ့မှု၊ အမျက်ထွက်မှုနှင့် စိတ်ပျက်မှုတို့မရှိသည့်အလား ခံစားနေရသည့် တုန်လှုပ်ဖွယ်အဖြစ်တို့ကို ပြောဆိုလေ့မရှိချေ။ သို့သော်ငြားလည်း နီကိုးလ်၏အခြေအနေမှာ မျှော်လင့်ချက်မဲ့သည့်အခြေအနေ မဟုတ်ပါ။ သူသည် မြင့်မားသော ကိုယ်ကျင့်တရားများကို ကြိုးစားသွင်းပေးခဲ့သည့် မေတ္တာပြည့်ဝသော မိသားစုမှ ပေါက်ဖွားလာခဲ့သည်။ ယင်းကိုယ်ကျင့်တရားများကို တဒင်္ဂ လျစ်လျူရှုမိခဲ့၍ ဆိုးကျိုးများ ခံစားလိုက်ရသော်လည်း နောက်ပိုင်းတွင် ယင်းစံနှုန်းများက သူ၏ဘဝကို အကျိုးဖြစ်ထွန်းစေခဲ့ပြီး အဓိပ္ပာယ်ရှိစေခဲ့သည်။ “မျှော်လင့်ချက်ဆိုတာ လုံးလုံးပျောက်ဆုံးမသွားပါဘူး” ဟူသည် သူ၏ဆောင်ပုဒ်ဖြစ်လာခဲ့၏။
ဆယ်ကျော်သက်မိခင်တိုင်းတွင် ထောက်မကူညီပေးသည့် မိသားစုမရှိ၊ အဆိုပါအကောင်းမြင်သဘောထား မရှိကြခြင်းသည် ဝမ်းနည်းစရာပင်။ များစွာတို့မှာ မျှော်လင့်ချက်ကင်းမဲ့နေဟန်ရှိ ဆင်းရဲတွင်း၌ ကျော့မိသွားခဲ့ကြသည်။ တချို့မှာ မတရားပြုကျင့်ခံရ၊ အကြမ်းဖက်ခံရပြီးနောက် စိတ်ထိခိုက်မှုဒဏ်ကို ခံရပ်ကြရပေမည်။
ယင်းသည် ဆယ်ကျော်သက်မိခင်များ၏ သားသမီးများအတွက် ကောင်းသည့်လက္ခဏာ မဟုတ်ချေ။ ဆယ်ကျော်သက်မိခင်များ—နာကျင်မှုနှင့် အလားအလာစာအုပ်အဆိုအရ ဆယ်ကျော်သက်မိခင်များ၏ ကလေးငယ်များသည် “ကိုယ်အလေးချိန် မပြည့်ခြင်း၊ ကလေးဘဝတွင် ပို၍ချူချာခြင်း၊ ကလေးအရွယ်တွင် သေဆုံးမှုနှုန်းပိုများခြင်း၊ ဆေးဝါးကုသမှု ပိုညံ့ဖျင်းခြင်း၊ ဆာလောင်မှုနှင့် အာဟာရချို့တဲ့မှုတို့ ပိုခံစားရခြင်းတို့ ဖြစ်တတ်သည်၊ သူတို့သည် နိုင်လိုမင်းထက်ပြုခြင်း ပိုခံရတတ်ပြီး အသက်ပိုကြီးသည့်မိခင်များမှ မွေးဖွားလာသည့် ကလေးများထက် ဖွံ့ဖြိုးမှု ပိုနှောင့်နှေးကြသည်။” စင်စင်အားဖြင့် ဆယ်ကျော်သက်မိခင်များ၏ သမီးများသည် အသက်ပိုကြီးသည့်မိခင်များ၏ သမီးများထက် ဆယ်ကျော်သက်မိခင်ဖြစ်လာနိုင်စရာ အကြောင်းပိုများသည်။
ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မှုသည် မည်မျှပျံ့နှံ့နေသနည်း။ မိမိတို့၏ မွေးစကလေးများအား ကျွေးမွေးပြုစုခြင်း၏စိန်ခေါ်ချက်များကို ဆယ်ကျော်သက်မိခင်များ မည်သို့အောင်မြင်စွာ ရင်ဆိုင်ဖြေရှင်းနိုင်သနည်း။ အစကတည်းက ဤရတက်မအေးဖွယ်အခြေအနေထဲ မသက်ဆင်းမိစေရန် လူငယ်လူရွယ်များအား ကူညီပေးနိုင်သည့် နည်းလမ်းရှိပါသလော။ ဤမေးခွန်းများကို နောက်ဆောင်းပါးများတွင် ဆန်းစစ်တင်ပြထားပါသည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 3 ဤအခန်းဆက်ဆောင်းပါးများရှိ နာမည်အချို့ကို ပြောင်းထားပါသည်။