အေ့ဒ်စ်ရောဂါ တိုက်ဖျက်ရေး တိုးတက်မှုများ
အေ့ဒ်စ်ရောဂါ တိုက်ဖျက်ရေး တိုးတက်မှုများ
“လူ့သမိုင်းတွင် အလွန်ရှုပ်ထွေးသည့်ရောဂါတစ်မျိုးအကြောင်းကို အချိန်တိုလေးအတွင်း နှံ့နှံ့စပ်စပ် သိရှိခဲ့ဖူးခြင်း မရှိချေ” ဟု ဒေါက်တာ ဂီရယ်လ် ဂျေ. စတိုင်းက အေ့ဒ်စ် အပ်ဒိတ် ၂၀၀၃ စာအုပ်တွင် ရေးသားထားသည်။ သူက “အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် သုတေသနမှတ်တမ်းသည် ထူးခြားသည့် သိပ္ပံဆိုင်ရာအောင်မြင်မှုတစ်ရပ်ဖြစ်သည်” ဟု ဆိုသည်။ အဘယ်အရာ အောင်မြင်ခဲ့ပြီနည်း။
ခေတ်သစ် ဆေးဘက်ဆိုင်ရာအသိပညာနှင့် ကျွမ်းကျင်မှုတို့ကြောင့် သုတေသီများသည် အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံနေရသူတို့အတွက် မျှော်လင့်ချက်အသစ် ကမ်းလှမ်းပေးသည့် ဆေးဝါးပေါင်းစပ်မှုများကို တိုးတက်စေနိုင်ခဲ့ကြပြီဖြစ်သည်။ ထို့အပြင် အေ့ဒ်စ်ပညာပေးအစီအစဉ်များက နိုင်ငံအတော်များများတွင် အကျိုးဖြစ်ထွန်းစေခဲ့ပြီ။ သို့သော် ထိုသို့သော ကြိုးစားအားထုတ်မှုများ၏ အောင်မြင်မှုသည် ဤသေစေနိုင်သည့်ကူးစက်ရောဂါ အဆုံးတိုင်တော့မည်ဟု အချက်ပြပါသလော။ လက်ရှိသိပ္ပံနှင့် ပညာပေး ကြိုးပမ်းအားထုတ်မှုများသည် အေ့ဒ်စ်ရောဂါပြန့်ပွားမှုကို ရပ်တန့်စေနိုင်ပါသလော။ အောက်ပါတို့ကို သုံးသပ်ကြည့်ပါ။
ဆေးဝါးကုထုံး
“အေ့ဒ်စ်တိုက်ဖျက်ရေး မျှော်လင့်ချက်ရောင်ခြည်” ဟူ၍ ၁၉၈၆၊ စက်တင်ဘာ ၂၉ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း၏ ခေါင်းစီးပိုင်းတွင် ဖတ်ရ၏။ အိပ်ခ်ျအိုင်ဗွီကု ရောဂါအရှိန်တန့်စေသောဆေးဝါးတစ်မျိုးဖြစ်သော အာဇိုင်ဒိုသိုင်မဒင်း (အေဇက်တီ) ကိုအသုံးပြုသည့် ဆေးဝါးစမ်းသပ်မှုရလဒ်များကြောင့် ဤ “မျှော်လင့်ချက်ရောင်ခြည်” သန်းခဲ့သည်။ ထူးခြားသည်မှာ အေဇက်တီဆေးမှီဝဲသည့် အိပ်ခ်ျအိုင်ဗွီ လူနာများသည် အသက်ပိုရှည်ကြသည်။ ထိုအချိန်မှစ၍ ရောဂါအရှိန်တန့်စေသောဆေးများ (အေအာရ်ဗွီ) သည် လူနာထောင်ပေါင်းများစွာ၏အသက်ကို ပိုရှည်စေခဲ့သည်။ (စာမျက်နှာ ၇ ရှိ “အေ့စ်ဒ်ရောဂါအရှိန်တန့်စေသောဆေးများဟူသည် အဘယ်နည်း” လေးထောင့်ကွက်ကိုရှု။) အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ရောဂါကို ကုသရာတွင် မည်မျှအောင်မြင်ခဲ့ကြပြီနည်း။
အေဇက်တီဆေးကို ထုတ်ဝေခဲ့ချိန်က အားတက်သရောရှိကြလင့်ကစား “အေဇက်တီ [သည်] အေ့ဒ်စ်ရောဂါကိုတိုက်ဖျက်သည့် အကောင်းဆုံးလက်နက်မဟုတ်ဟု” အေ့ဒ်စ်သုတေသီများ “ယုံကြည်ခဲ့ကြ” ကြောင်း တိုင်းမ်မဂ္ဂဇင်းက ဖော်ပြခဲ့သည်။ သူတို့မှန်ခဲ့ကြပါသည်။ တချို့လူနာများသည် အေဇက်တီဆေးဒဏ်ကို မခံနိုင်ကြချေ၊ ထို့ကြောင့် အခြားသော အေအာရ်ဗွီဆေးဝါးများ ပေါ်ထွက်လာခဲ့သည်။ နောက်ပိုင်းတွင် ယူ.အက်စ်. အစားအစာနှင့် ဆေးဝါး စီမံခန့်ခွဲရေးအဖွဲ့က ရောဂါရင့်နေပြီဖြစ်သည့် အိပ်ခ်ျအိုင်ဗွီလူနာများအတွက် အေအာရ်ဗွီဆေးဝါးများကို ပေါင်းစပ်ရန် သဘောတူလိုက်ကြ၏။ ဆေးဝါးပေါင်းစပ်ကုထုံးတွင် ရောဂါအရှိန်တန့်စေသောဆေးဝါး သုံးမျိုး သို့မဟုတ် ထို့ထက်မက သုံးစွဲခြင်းပါဝင်လာခဲ့ရာ အေ့ဒ်စ်ကျန်းမာရေးလုပ်သားများက စိတ်အားထက်သန်စွာ ကြိုဆိုခဲ့ကြသည်။ အမှန်တကယ်တွင် ၁၉၉၆ ခုနှစ်က ကျင်းပခဲ့သည့် နိုင်ငံတကာ အေ့ဒ်စ်ရောဂါကွန်ဖရင့်တွင် ဆရာဝန်တစ်ဦးက ဆေးဝါးများသည် အိပ်ခ်ျအိုင်ဗွီပိုးကို ကိုယ်ခန္ဓာမှ လုံးလုံးလျားလျား ဖယ်ရှားပေးနိုင်မည်ဟုပင် ကြေညာသွားခဲ့၏!
ဝမ်းနည်းစရာမှာ သုံးမျိုးစပ်ဆေးဝါးကို စွဲစွဲမြဲမြဲမှီဝဲကြသည့်တိုင် အိပ်ခ်ျအိုင်ဗွီပိုးကို ပျောက်ကင်းအောင် မဖယ်ရှားပေးနိုင်ကြောင်း တစ်နှစ်အတွင်း ထင်ရှားခဲ့၏။ သို့သော် “အေအာရ်ဗွီပေါင်းစပ်ကုထုံးသည် အိပ်ခ်ျအိုင်ဗွီပိုးရှိသူတို့ကို ပိုအသက်ရှည်စေ၍ ကျန်းမာစေကာ ဘဝကိုလည်း ပို၍အကျိုးရှိစေနိုင်ခဲ့” ကြောင်း ယူအဲန်အေ့ဒ်စ်အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။ ဥပမာ၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတို့တွင် အေအာရ်ဗွီဆေးဝါးအသုံးပြုခြင်းကြောင့် အေ့ဒ်စ်ရောဂါဖြင့်သေဆုံးမှုကို ၇၀ ရာခိုင်နှုန်းကျော် လျော့နည်းစေခဲ့ပေပြီ။ သည့်အပြင် လက်ရွေးစင်အေအာရ်ဗွီကုသမှုသည် ရောဂါပိုးရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးထံမှ သူ၏ကလေးသို့ အိပ်ခ်ျအိုင်ဗွီပိုးကူးစက်မှုကို သိသိသာသာ လျော့နည်းစေနိုင်ကြောင်း လေ့လာမှုအတော်များများက ဖော်ပြခဲ့ကြပြီ။
သို့တိုင်၊ သန်းနှင့်ချီသော အိပ်ခ်ျအိုင်ဗွီလူနာများသည် အေအာရ်ဗွီဆေးဝါးများကို သုံးစွဲခွင့်မရကြချေ။ အဘယ်ကြောင့်နည်း။
“ဆင်းရဲသားရောဂါ”
အေအာရ်ဗွီကုထုံးကို ဝင်ငွေမြင့်မားသည့် နိုင်ငံများတွင် ကျယ်ကျယ်ပြန့်ပြန့် ပေးကမ်းတိုက်ကျွေးနေကြ၏။ သို့ရာတွင်၊ ဖွံ့ ဖြိုးဆဲနိုင်ငံတချို့တွင် အေအာရ်ဗွီကုထုံးလိုအပ်သူ ၅ ရာခိုင်နှုန်းသာ ထိုဆေးဝါးများကို ရယူသုံးစွဲနိုင်ကြသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းသည်။ ကုလသမဂ္ဂသံတမန်များက ဤတစ်ဖက်စောင်းနင်းဖြစ်နေမှုကို “ဆိုးရွားသည့်မမျှတမှု” နှင့် “ခေတ်သစ်လောက၏ အမြင်မတော်သောညစ်ပတ်မှု” ဟုပင် ဖော်ပြခဲ့ကြလေသည်။
မမျှမတကုသပေးမှုသည် တစ်နိုင်ငံတည်းသားချင်းများတွင်လည်း ရှိနိုင်ပါသည်။ သည်ဂလို့ဘ် အဲန် မေးလ်သတင်းစာက အေ့ဒ်စ်ရောဂါနှင့်သေဆုံးသွားသည့် ကနေဒါလူမျိုးသုံးဦးတွင် တစ်ဦးသည် အေအာရ်ဗွီဆေးဝါးများဖြင့် တစ်ခါမျှ ကုသမခံခဲ့ရကြောင်း ဖော်ပြသည်။ ကနေဒါနိုင်ငံတွင် ယင်းဆေးဝါးများကို အခမဲ့ရရှိနိုင်သော်လည်း တချို့သော အုပ်စုများကိုကား လျစ်လျူရှုထားကြ၏။ “လျောက်ပတ်သည့် ကုသမှုမခံခဲ့ရသူတို့မှာ အကူအညီ အလိုအပ်ဆုံးသူများဖြစ်ကြသည့် မူလတိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် ဆင်းရဲသားများဖြစ်ကြသည်” ဟု သည်ဂလို့ဘ်ကဆိုသည်။ သည်ဂါးဒီးယန်းသတင်းစာက အိပ်ခ်ျအိုင်ဗွီပိုးရှိနေသည့် အာဖရိကန်အမျိုးသမီးတစ်ဦး၏စကားကို ဤသို့ကိုးကားဖော်ပြခဲ့သည်– “ကျွန်မ နားမလည်တော့ဘူး။ ဘာကြောင့် ယောက်ျားချင်းလိင်ဆက်ဆံကြတဲ့ ဒီလူဖြူတွေကျတော့ အသက်ရှင်ကြပြီး ကျွန်မက သေရမှာလဲ။” သူ၏မေးခွန်းကို ဖြေဆိုရန်မှာ ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးသည့် စီးပွားရေးလုပ်ငန်းများအပေါ် မူတည်ပေသည်။
အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတို့တွင် ဆေးဝါးသုံးမျိုးစပ် အေအာရ်ဗွီသုံးစွဲမှု ပျမ်းမျှဈေးနှုန်းမှာ တစ်နှစ်လျှင် ဒေါ်လာ ၁၀,၀၀၀ နှင့် ၁၅,၀၀၀ အကြားရှိသည်။ ဤပေါင်းစပ်ဆေးဝါးများ၏ မျိုးတူဆေးဝါးများကို ဖွံ့ဖြိုးဆဲနိုင်ငံတချို့တွင် နှစ်စဉ် ဒေါ်လာ ၃၀၀ သို့မဟုတ် ထိုထက်နည်းသည့်နှုန်းဖြင့် ပေးဝေလျက်ရှိနေသည့်တိုင် အိပ်ခ်ျအိုင်ဗွီပိုးရှိသူများနှင့် အေအာရ်ဗွီဆေးဝါးများ အလိုအပ်ဆုံးနေရာများ၌ နေထိုင်ကြသူများစွာအတွက် ယင်းသည် အလှမ်းဝေးနေဆဲပင်။ ဒေါက်တာ စတိုင်းက ယင်းအခြေအနေကို “အေ့ဒ်စ်ရောဂါသည် ဆင်းရဲသားရောဂါ” ဟူ၍ အကျဉ်းချုံးဖော်ပြသည်။
ဆေးဝါးထုတ်လုပ်မှုလုပ်ငန်း
မူပိုင်ထုတ်လုပ်ခွင့်ရထားသော ဆေးဝါးများကို ပုံတူပွားထုတ်လုပ်ပြီး ဈေးလျှော့ရောင်းချရန် မလွယ်ကူဘဲဖြစ်နေသည်။ နိုင်ငံများစွာရှိ တင်းကျပ်သည့် မူပိုင်ထုတ်လုပ်ခွင့်ဥပဒေများက ကုန်အမှတ်တံဆိပ်ရှိ ဆေးဝါးများကို ခွင့်ပြုချက်မရဘဲ ပုံတူပွားခြင်းကို တားမြစ်ထားသည်။ “ယင်းသည် စီးပွားရေးစစ်ပွဲတစ်ခုဖြစ်သည်” ဟု ဆေးဝါးထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခု၏အကြီးအကဲက ဆိုသည်။ အကျိုးအမြတ်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ မျိုးတူဆေးဝါးများကို ထုတ်လုပ်ရောင်းချခြင်းသည် “ယင်းဆေးဝါးများကို တွေ့ရှိဖော်ထုတ်ခဲ့ကြသူတို့အတွက် သမာသမတ်မကျချေ” ဟုသူကဆို၏။ ထို့အပြင် အမြတ်လျှော့ချခြင်းဖြင့် ဆေးဝါးသုတေသနဖွံ့ဖြိုးရေးအစီအစဉ်များအတွက် ရန်ပုံငွေကို လျော့နည်းစေနိုင်သည်ဟု ကုန်အမှတ်တံဆိပ်ရှိ ဆေးဝါးကုမ္ပဏီများကလည်း စောဒကတက်ကြသည်။ အမှန်တကယ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရည်ရွယ်ထုတ်လုပ်သည့် တန်ဖိုးနည်း အေအာရ်ဗွီဆေးဝါးများသည် ဖွံ့ဖြိုးပြီးနိုင်ငံများရှိ မှောင်ခိုဈေးကွက်သို့ရောက်သွားမည်ကို အခြားသူတို့က စိုးရိမ်ပူပန်နေကြလေသည်။
စရိတ်နည်း အေအာရ်ဗွီဆေးဝါးများကို ထောက်ခံအားပေးသူများက ဆေးဝါးသစ်များကို ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းက စိတ်ကူးထားသည့် စရိတ်၏ ၅ ရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်းအတွင်း ထုတ်လုပ်နိုင်ကြောင်း ဆင်ခြေပေးကြသည်။ ပုဂ္ဂလိက ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီများက ပြုလုပ်သည့် သုတေသနနှင့် တိုးတက်ဖွံ့ ဖြိုးရေးသည် ဆင်းရဲသည့်နိုင်ငံများအား ဒုက္ခပေးနေသည့် ရောဂါများကို လျစ်လျူရှုလိုကြသည်ဟုလည်း ပြောဆိုကြ၏။ သို့ဖြစ်၍ မရှိမဖြစ်ဆေးဝါးများရရှိရေး စီမံကိန်း၏ ညှိနှိုင်းရေးမှူးဖြစ်သူ ဒန်နီယဲလ် ဘားမန်းက ဤသို့ထုတ်ဖော်ပြောဆိုသည်– “ဆေးဝါးသစ်များရရှိရန် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တတ်နိုင်သည့်အဆင့်အထိ ဈေးနှုန်းများ လျှော့ချပေးသည့် နိုင်ငံတကာက ထောက်ခံအတည်ပြုသည့်စနစ်တစ်ခုဖြစ်ရန် လိုပေသည်။”
အေအာရ်ဗွီကုထုံးရရှိရန် ကမ္ဘာတစ်ဝန်းလုံး၏လိုအပ်ချက်ကို တုံ့ပြန်ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၀၅ ခုနှစ်အကုန်တွင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ကို ခါးစည်းခံနေရသူ လူသုံးသန်းအား အေအာရ်ဗွီဆေးဝါးများ ထောက်ပံ့ပေးရန် အစီအစဉ်ရေးဆွဲခဲ့သည်။ ယင်းအစီအစဉ်သည် “မဖြစ်မြောက်သည့် ယူအဲန်ပစ်မှတ်နောက်တစ်ခု မဖြစ်လာစေရ” ဟု မက်ဒီဆင် ဆဲန်စ် ဖရွန်တီယာစ်မှ နေသန် ဖို့ဒ်က သတိပေးခဲ့၏။ “ယနေ့တွင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ကူးစက်ခံရသူဦးရေ၏ ထက်ဝက်မျှသာ ကုသမှုလိုအပ်ကြောင်း၊ ယင်းဦးရေသည် [၂၀၀၅ ခုနှစ်ရောက်သော်] အဆမတန်ပိုများမည်ဖြစ်ကြောင်း ခန့်မှန်းရသည်။”
အခြားသောအတားအဆီးများ
အေအာရ်ဗွီဆေးဝါးများကို ဖွံ့ဖြိုးဆဲနိုင်ငံများသို့ လုံလုံလောက်လောက် ထောက်ပံ့ပေးသည့်တိုင် ရင်ဆိုင်ကျော်လွှားကြရမည့် အခြားအတားအဆီးများ ရှိနေပါသည်။ ဆေးဝါးအချို့သည် အစာနှင့် သန့်ရှင်းသောရေတို့ဖြင့် မှီဝဲဖို့လိုအပ်သည်၊ သို့သော် နိုင်ငံအချို့တွင် လူထောင်ပေါင်းများစွာသည် နှစ်ရက်တစ်ခါသာ အစာစားနိုင်ကြသည်။ အေအာရ်ဗွီဆေးဝါးများ (များသောအားဖြင့် နေ့စဉ် ဆေးအလုံး ၂၀ သို့မဟုတ် ထို့ထက်မက) ကို နေ့တိုင်း သူ့အချိန်နှင့်သူ မှီဝဲဖို့လိုသည်၊ သို့သော် လူနာများစွာတွင် နာရီမရှိကြချေ။ ဆေးဝါးပေါင်းစပ်မှုများသည် လူနာ၏အခြေအနေကိုလိုက်၍ ပြုပြင်ပြောင်းလဲပေးဖို့လိုသည်။ သို့သော် နိုင်ငံများစွာတွင် ဆရာဝန်များ ဆိုးဆိုးရွားရွား ရှားပါးနေသည်။ ထို့ကြောင့် ဖွံ့ ဖြိုးဆဲနိုင်ငံများအတွက် အေအာရ်ဗွီကုထုံးထောက်ပံ့ပေးခြင်းသည် ခက်ခက်ခဲခဲကျော်လွှားရသည့်အရာတစ်ခု ဖြစ်မည်မှာ ရှင်းနေပါသည်။
ဖွံ့ဖြိုးပြီးနိုင်ငံများရှိ လူနာများသည်ပင် ဆေးဝါးပေါင်းစပ်ကုထုံးကိုအသုံးပြုရာတွင် စိန်ခေါ်ချက်များ ရင်ဆိုင်နေရ၏။ ပေးထားသည့် ဆေးဝါးများကို အချိန်ဇယားအတိုင်း မှီဝဲကြခြင်းမရှိသည်ကို ထိတ်လန့်ဖွယ် တွေ့ မြင်နေရကြောင်း သုတေသနပြုချက်က ဖော်ပြသည်။ ယင်းက ဆေးပြီးမှုကိုဖြစ်စေသည်။ ထိုသို့ဆေးပြီးသော အိပ်ခ်ျအိုင်ဗွီမျိုးထူးများက အခြားသူများထံ ကူးစက်သွားနိုင်ပေသည်။
အိပ်ခ်ျအိုင်ဗွီလူနာများ ရင်ဆိုင်ရသည့် စိန်ခေါ်ချက်နောက်တစ်မျိုးကို ဒေါက်တာ စတိုင်းက ထောက်ပြသည်။ “အထူးသဖြင့် ရောဂါလက္ခဏာများမပေါ်မီ ကုသမှုကိုအစပြုသည့်အခါ ကုသမှုသည် ရောဂါထက် တစ်ခါတစ်ရံ ပိုခံရခက်နေတတ်ရာ အိပ်ခ်ျအိုင်ဗွီကုသမှုသည် ရှေ့နောက်မညီဘဲဖြစ်နေတတ်သည်” ဟု သူကဆိုသည်။ အေအာရ်ဗွီဆေးဝါးများမှီဝဲကြသည့် အိပ်ခ်ျအိုင်ဗွီလူနာများသည် ဆီးချို၊ အဆီပြန်တိုးလာခြင်း၊ ကိုလက်စထရောမြင့်မားခြင်းနှင့် အရိုးပွလာခြင်းတို့အပါအဝင် ဘေးထွက်ဆိုးကျိုးများကို ခံစားရလေ့ရှိကြ၏။ ဘေးထွက်ဆိုးကျိုးအချို့မှာ အသက်အန္တရာယ်ပင်ရှိစေသည်။
ကြိုတင်ကာကွယ်ရေး ကြိုးပမ်းမှုများ
အေ့ဒ်စ်ရောဂါပြန့်ပွားမှုကို နှေးကွေးစေရေးနှင့် အန္တရာယ်များသောအမူအကျင့်များကို ပြောင်းလဲပေးရေးတို့တွင် ကြိုတင်ကာကွယ်ရေး ကြိုးပမ်းမှုများသည် မည်မျှအောင်မြင်ခဲ့ပြီနည်း။ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ယူဂန္ဓာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့သည့် အေ့ဒ်စ်ရောဂါပညာပေးလှုပ်ရှားမှုများသည် ထိုနိုင်ငံရှိ အိပ်ခ်ျအိုင်ဗွီပျံ့နှံ့မှုနှုန်းကို ၂၀၀၀ ပြည့်နှစ်တွင် ခန့်မှန်းခြေ ၁၄ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းနီးပါးအထိ ကျဆင်းစေခဲ့၏။ အလားတူ၊ ဆီနီဂေါနိုင်ငံသည် အိပ်ခ်ျအိုင်ဗွီကူးစက်မှုအန္တရာယ်အကြောင်း မိမိနိုင်ငံသားများအား အသိပညာပေးရန် အားထုတ်ခဲ့ရာ အရွယ်ရောက်သူများတွင် အိပ်ခ်ျအိုင်ဗွီပျံ့နှံ့မှုနှုန်းကို ၁ ရာခိုင်နှုန်းအောက် ထိန်းထားစေနိုင်ခဲ့ပြီ။ ယင်းသို့သော အကျိုးရလဒ်များသည် အားတက်စရာပင်။
အခြားတစ်ဖက်တွင်မူ၊ အခြားနိုင်ငံများတွင် အေ့ဒ်စ်ရောဂါပညာပေးရေးသည် အောင်မြင်မှုသိပ်မရရှိခဲ့ပေ။ ကနေဒါလူမျိုး လူငယ် ၁၁,၀၀၀ ကို ၂၀၀၂ ခုနှစ်က ဆန်းစစ်လေ့လာမှုပြုခဲ့ရာ အထက်တန်းကျောင်းမှ ကိုးတန်းကျောင်းသားထက်ဝက်က အေ့ဒ်စ်ရောဂါကို ကုသနိုင်သည်ဟု ယုံကြည်ကြကြောင်း ဖော်ပြသည်။ ထိုနှစ်တွင် ပြုလုပ်ခဲ့သည့် ဗြိတိသျှလေ့လာမှုတစ်ခုအရ အသက် ၁၀ နှစ်နှင့် ၁၁ နှစ်အရွယ် ယောက်ျားလေး ၄၂ ရာခိုင်နှုန်းသည် အိပ်ခ်ျအိုင်ဗွီ သို့မဟုတ် အေ့ဒ်စ်ရောဂါအကြောင်း ကြားဖူးနားဝမရှိကြပေ။ သို့တိုင်၊ အိပ်ခ်ျအိုင်ဗွီနှင့် အေ့ဒ်စ်ရောဂါအကြောင်း၊ ကုထုံးမရှိကြောင်း သိရှိထားသည့် လူငယ်များပင်လျှင် သိပ်အလေးအနက်မထားကြချေ။ “အိပ်ခ်ျအိုင်ဗွီသည် လူငယ်များစွာအတွက် စားကောင်းသောက်ဖွယ်ရာကို သွားစားမစား၊ မည်သူနှင့်အတူ နေထိုင်မည်၊ ကျောင်းတက်မတက်အစရှိသည့် ဘဝပြဿနာများစွာအနက် တစ်ခုမျှသာဖြစ်လာနေပေပြီ” ဟု ဆရာဝန်တစ်ဦးကဆို၏။
သို့ဖြစ်၍ “လူငယ်များအပေါ် အာရုံစိုက်ခြင်းသည် အထူးသဖြင့် ကူးစက်ပျံ့နှံ့မှုမြင့်မားသည့် နိုင်ငံများတွင် ကူးစက်ရောဂါကို တိုက်ဖျက်ရန် အထိရောက်ဆုံးနည်းဖြစ်နိုင်ဖွယ်ရှိသည်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖော်ပြခြင်းမှာ အံ့အားသင့်စရာမဟုတ်ချေ။ လူငယ်များသည် အေ့ဒ်စ်ရောဂါနှင့်စပ်လျဉ်း၍ မိမိတို့ရရှိထားသည့် သတိပေးချက်များနှင့်အညီလုပ်ဆောင်ရန် မည်သို့အကူအညီရနိုင်သနည်း။ ကုသမှုကိုမျှော်လင့်ခြင်းက လက်တွေ့ကျပါသလော။
[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]
လွန်ခဲ့သောနှစ်က အမေရိကနိုင်ငံများရှိ ဆေးဝါးရရှိသူ ၈၄ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်လျှင် အာဖရိကနိုင်ငံတွင် အေအာရ်ဗွီဆေးဝါးများ လိုအပ်နေသူများအနက် ၂ ရာခိုင်နှုန်းသာ ၎င်းဆေးဝါးများကို ရရှိခဲ့ကြသည်
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
အေ့ဒ်စ်ရောဂါ အရှိန်တန့်စေနိုင်သောဆေး ဟူသည် အဘယ်နည်း *
ကျန်းမာရေးကောင်းသူတစ်ဦးတွင် အကူတီဆဲလ်များက ကူးစက်ရောဂါများကို တိုက်ခိုက်ရန် ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးသည်။ အိပ်ခ်ျအိုင်ဗွီပိုးသည် အဆိုပါအကူတီဆဲလ်များကို အထူးသဖြင့် ပစ်မှတ်ထား၏။ ၎င်းသည် အဆိုပါဆဲလ်များကို အသုံးပြု၍ ၎င်းကိုယ်တိုင် ပုံတူပွားပြီး ကိုယ်ခံအားစနစ် အား ဆိုးရွားစွာ ဘေးသင့်ရောက်စေသည်အထိ အကူတီဆဲလ်များကို အားလျော့စေကာ ဖျက်ဆီးပစ်လေသည်။ အေ့ဒ်စ်ရောဂါအရှိန်တန့် စေနိုင်သောဆေးများ (အေအာရ်ဗွီ) သည် ဤပုံတူပွားခြင်းဖြစ်စဉ်ကို ဖရိုဖရဲဖြစ်စေသည်။
လောလောဆယ်တွင် အေအာရ်ဗွီဆေးဝါး အဓိကလေးမျိုးကို တိုက်ကျွေးနေပါသည်။ နယူကလီအိုဆိုဒ်ဆင်တူယိုးမှားဒြပ်ပေါင်း နှင့် နယူကလီအိုဆိုဒ်မဟုတ်သော ဆင်တူယိုးမှားဒြပ်ပေါင်း တို့သည် လူတစ်ဦး၏ ဒီအဲန်အေ အထဲသို့ အိပ်ခ်ျအိုင်ဗွီ မိမိဘာသာပုံတူပွားခြင်းကို တားဆီးပေးသည်။ ပရိုတီယေ့ ဟန့်တားပစ္စည်းများသည် ကူးစက်ခံရသည့် ဆဲလ်များတွင် သီးသန့်ပရိုတီယေ့အင်ဇိုင်းမ်ကို ဗိုင်းရပ်စ်ပိုး ပြန်လည်စုစည်းခြင်းနှင့် အိပ်ခ်ျအိုင်ဗွီပိုမိုထုတ်လုပ်ခြင်းတို့မရှိစေရန် ဟန့်တားပေးသည်။ ပေါင်းစပ်ဟန့်တားပစ္စည်းများသည် ဆဲလ်များအတွင်း အိပ်ခ်ျအိုင်ဗွီပိုးမဝင်ရောက်စေရန် ရည်ရွယ်သည်။ အေအာရ်ဗွီဆေးဝါးများသည် အိပ်ခ်ျအိုင်ဗွီပိုးပုံတူပွားမှုကို နှိမ်နင်းခြင်းအားဖြင့် အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခြင်းမှ အေ့ဒ်စ်ရောဂါအဆင့်ထိ တဖြည်းဖြည်းဆိုးရွားလာမှုကို နှေးကွေးစေနိုင်ရာ အိပ်ခ်ျအိုင်ဗွီရောဂါအတွက် အပြင်းထန်ဆုံး ဆေးကုသမှုပုံစံဟု သမုတ်ခဲ့ကြသည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 28 အေ့ဒ်စ်ရောဂါအရှိန်တန့်စေသောကုထုံးသည် အိပ်ခ်ျအိုင်ဗွီပိုးရှိသူမှန်သမျှအတွက် မဟုတ်ချေ။ အိပ်ခ်ျအိုင်ဗွီပိုးရှိသူများ သို့မဟုတ် ပိုးရှိနိုင်သည်ဟု သံသယဝင်သူတို့သည် မည်သည့်ဆေးကုသမှုအစီအစဉ်ကိုမဆို မခံယူမီ ဆရာဝန်တစ်ဦးထံ သွားပြသင့်ပေသည်။ နိုးလော့!သည် ကုသနည်းတစ်ခုခုကို ထောက်ခံပေးနေခြင်း မဟုတ်ပါ။
[ရုပ်ပုံ]
ကင်ညာနိုင်ငံ—ဆရာဝန်တစ်ဦးက အေ့ဒ်စ်ရောဂါသည်တစ်ဦးအား အေအာရ်ဗွီကုသမှုအကြောင်း ညွှန်ကြားပေးနေ
[Credit Line]
© Sven Torfinn/Panos Pictures
[ရုပ်ပုံ]
ကင်ညာနိုင်ငံ—အေ့ဒ်စ်လူနာတစ်ဦး ဆေးရုံ၌ အေအာရ်ဗွီဆေး လက်ခံရယူနေ
[Credit Line]
© Sven Torfinn/Panos Pictures
[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
အမျိုးသမီးများနှင့် အေ့ဒ်စ်ရောဂါ
ယခုအခါ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ကို ခါးစည်းခံနေရသည့် အရွယ်ရောက်သူများတွင် အမျိုးသမီးများက ၅၀ ရာခိုင်နှုန်းရှိနေ
အမျိုးသမီးများတွင် အေ့ဒ်စ်ရောဂါရှိကြောင်း သိရှိခဲ့ရသည့် ၁၉၈၂ ခုနှစ်အချိန်က ၎င်းတို့သည် သွေးကြောထဲ ဆေးဝါးများကို ထိုးသွင်းရာမှတစ်ဆင့် ကူးစက်ခံရခြင်းဖြစ်မည်ဟု ယူဆခဲ့ကြ၏။ သို့သော် များမကြာမီ အမျိုးသမီးများသည် သာမန်လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်ခံရနိုင်ကြောင်း၊ ၎င်းတို့သည် အိပ်ခ်ျအိုင်ဗွီ ကူးစက်နိုင်သည့် အထူးအန္တရာယ်ရှိကြောင်း သိရှိလာခဲ့ရသည်။ ကမ္ဘာတစ်ဝန်းတွင် ယခုအခါ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ကို ခါးစည်းခံနေရသည့် အရွယ်ရောက်သူများတွင် အမျိုးသမီးများက ၅၀ ရာခိုင်နှုန်းရှိနေလေသည်။ “လူမှုရေး၊ ယဉ်ကျေးမှု၊ ဇီဝသဘောနှင့် စီးပွားရေးအရ ပိုမိုအကာအကွယ်မဲ့နေကြသော၊ ဖျားနာသူများနှင့် သေဆုံးတော့မည့်သူများကို ပြုစုစောင့်ရှောက်ရသည့်တာဝန်ကို ထမ်းနေရသည့် အမျိုးသမီးများနှင့် မြီးကောင်ပေါက်မိန်းကလေးများသည် ယင်းကူးစက်ရောဂါကို မမျှမတခံနေကြရ၏” ဟု ယူအဲန်အေ့ဒ်စ်က ဖော်ပြသည်။
အမျိုးသမီးများတွင် အဆိုပါရောဂါတိုးများမှုသည် အဘယ်ကြောင့် အေ့ဒ်စ်ကျန်းမာရေးလုပ်သားများအတွက် အထူးပူပန်စရာဖြစ်ရသနည်း။ အိပ်ခ်ျအိုင်ဗွီကူးစက်ခံရသည့် အမျိုးသမီးများသည် အထူးသဖြင့် ဖွံ့ ဖြိုးဆဲနိုင်ငံအချို့တွင် အမျိုးသားများထက် ခွဲခြားဆက်ဆံမှု ပိုခံရလေ့ရှိသောကြောင့်ဖြစ်သည်။ အမျိုးသမီးတစ်ဦးသည် ကိုယ်ဝန်ရှိလာပါက ရင်သွေးငယ်၏ ကျန်းမာရေးမှာ အန္တရာယ်ရှိသည်; သူ၌ သားသမီးရှိထားနှင့်ပါက အထူးသဖြင့် ကြင်ဖော်မဲ့မိခင်တစ်ဦးဖြစ်မည်ဆိုလျှင် သူတို့လေးများအား ကျွေးမွေးပြုစုခြင်းသည် စိန်ခေါ်ချက်တစ်ခု ဖြစ်လာသည်။ ထို့အပြင် အိပ်ခ်ျအိုင်ဗွီကူးစက်ခံရသည့် အမျိုးသမီးများ၏ထူးခြားချက်များနှင့် ၎င်းတို့၏ ဆေးဝါးကုသမှုနှင့်ပတ်သက်၍ သိပ်မသိရှိကြချေ။
တစ်စုံတစ်ရာသော ယဉ်ကျေးမှုဆိုင်ရာ အကြောင်းတရားများက အထူးသဖြင့် အမျိုးသမီးများအတွက် အန္တရာယ်ရှိသည့် အခြေအနေကို ဖြစ်စေသည်။ နိုင်ငံများစွာတွင် အမျိုးသမီးများသည် လိင်မှုကိစ္စအကြောင်း မဆွေးနွေးရချေ၊ သူတို့သည် လိင်ဆက်ဆံဖို့ ငြင်းဆန်မည်ဆိုပါက မတရားပြုမူခံရမည့် အန္တရာယ်ရှိသည်။ အများအားဖြင့် အမျိုးသားများတွင် လိင်ဆက်ဆံဖက်များစွာရှိတတ်ကြရာ အိပ်ခ်ျအိုင်ဗွီကို ထိုသူတို့ထံသို့ မသိဘဲလျက် ကူးစက်စေကြ၏။ အာဖရိကအမျိုးသားတချို့သည် အိပ်ခ်ျအိုင်ဗွီကူးစက်မခံရရန် သို့မဟုတ် အပျိုစင်များနှင့်လိင်ဆက်ဆံခြင်းက အေ့ဒ်စ်ရောဂါကို ပျောက်ကင်းစေနိုင်သည်ဟူသည့် မှားယွင်းသော ယုံကြည်ချက်ကြောင့် အမျိုးသမီးငယ်များနှင့် လိင်ဆက်ဆံကြလေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က “အမျိုးသမီးများအား ကာကွယ်ပေးဖို့ဆိုလျှင် အမျိုးသားများ (အပြင် အမျိုးသမီးများ) ကိုလည်း ပစ်မှတ်ထား၍ ဆောင်ရွက်မှုများ ပြုရမည်” ဟုဆိုခြင်းကို ကျွန်ုပ်တို့ နားလည်နိုင်ပါသည်။
[ရုပ်ပုံ]
ပီရူးနိုင်ငံ—အိပ်ခ်ျအိုင်ဗွီပိုးရှိ မိခင်တစ်ဦးနှင့် ၎င်း၏ အိပ်ခ်ျအိုင်ဗွီပိုးမဲ့သမီးလေး
[Credit Line]
© Annie Bungeroth/Panos Pictures
[ရုပ်ပုံ]
ထိုင်းနိုင်ငံ—ပညာရေးတစ်စိတ်တစ်ပိုင်းအနေနှင့် ကျောင်းသားများ အေ့ဒ်စ်လူနာတစ်ဦးထံ လည်ပတ်ကြည့်ရှုကြ
[Credit Line]
© Ian Teh/Panos Pictures
[ရုပ်ပုံ]
ကင်ညာနိုင်ငံ—အေ့ဒ်စ်ရောဂါကို ခါးစည်းခံနေရသည့် အမျိုးသမီးများအဖွဲ့၏ အစည်းအဝေး
[Credit Line]
© Sven Torfinn/Panos Pictures
[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
အေ့ဒ်စ်ရောဂါနှင့်ပတ်သက်သည့် ယုံတမ်းစကားများ
▪ အိပ်ခ်ျအိုင်ဗွီကူးစက်ခံနေရသူတို့သည် လူနာပုံပေါက်သည်။ “ပျမ်းမျှအားဖြင့် အိပ်ခ်ျအိုင်ဗွီကူးစက်ခံရသူတစ်ဦးသည် အေ့ဒ်စ်ရောဂါဖြစ်လာရန် ၁၀ နှစ်မှ ၁၂ နှစ်အထိ ကြာတတ်သည်။ ဤအချိန်အတောအတွင်း အိပ်ခ်ျအိုင်ဗွီပိုးရှိသူတွင် သိသာထင်ရှားသည့် ရောဂါလက္ခဏာအနည်းငယ်သာ ဖော်ပြမည်ဖြစ်သော်လည်း အခြားသူတို့ကိုမူ ကူးစက်စေနိုင်ပါသည်” ဟု ဒေါက်တာ ဂီရယ်လ် ဂျေ. စတိုင်းက ပြောကြားသည်။
▪ အေ့ဒ်စ်ရောဂါသည် လိင်တူမေထုန်သမားများသာ ရနိုင်သည့် ရောဂါတစ်မျိုးဖြစ်သည်။ ၁၉၈၀ ပြည့်လွန်နှစ် များ အစောပိုင်း၌ အေ့ဒ်စ်ရောဂါကို လိင်တူမေထုန်ရောဂါ တစ်မျိုးအဖြစ် ဦးစွာသတ်မှတ်ခဲ့ကြသည်။ သို့ရာတွင် မျက်မှောက်ခေတ်တွင်မူ လိင်ကွဲမေထုန်ပြုခြင်းသည် ကမ္ဘာ့ ဒေသများစွာ၌ အိပ်ခ်ျအိုင်ဗွီကူးစက်ရသည့် အဓိကနည်း တစ်နည်းဖြစ်နေလေသည်။
▪ ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းသည် “ဘေးကင်းသော လိင်ဆက်ဆံနည်း” ဖြစ်သည်။ ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးဌာနများ၏ အဆိုအရ “ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းဖြင့် အိပ်ခ်ျအိုင်ဗွီနှင့် အခြားလိင်ဆိုင်ရာကူးစက်ရောဂါများ ကူးစက်ခံရနိုင်ကြောင်း လေ့လာမှုပေါင်းများစွာက ဖော်ပြခဲ့ကြပြီ။” ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းမှ အိပ်ခ်ျအိုင်ဗွီကူးစက်ခံရနိုင်သည့် အန္တရာယ်မှာ အခြားသောလိင်ဆက်ဆံမှုများလောက် မမြင့်မားပေ။ သို့သော် ယင်းအမူအကျင့်သည် အလွန်တရာပျံ့နှံ့လာနေရကား အိပ်ခ်ျအိုင်ဗွီကူးစက်ရေးအတွက် အရေးပါသော နည်းလမ်းတစ်ခုဖြစ်လာမည်ဟု ဆရာဝန်တချို့က ယူမှတ်ကြသည်။
▪ အေ့ဒ်စ်ရောဂါပျောက်ဆေးရှိသည်။ လူနာတချို့တွင် တန်ပြန်ဗိုင်းရပ်စ်တိုက်ဖျက်ဆေးဝါးကုထုံးသည် အိပ်ခ်ျအိုင်ဗွီအဖြစ်မှ အေ့ဒ်စ်ရောဂါအဖြစ်သို့ တိုးပွားမှုဖြစ်စဉ်ကို နှေးကွေးစေနိုင်သော်လည်း လောလောဆယ်တွင် ကာကွယ်ဆေး သို့မဟုတ် ကုသဆေးကား မရှိချေ။
[ရုပ်ပုံ]
ချက်ပြည်သူ့သမ္မတနိုင်ငံ—ကုသနိုင်သော်လည်း မပျောက်ကင်း နိုင်သော အေ့ဒ်စ်ရောဂါအတွက် သွေးစစ်နေ
[Credit Line]
© Liba Taylor/Panos Pictures
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ဇမ်ဘီယာနိုင်ငံ—အိပ်ခ်ျအိုင်ဗွီပိုးရှိ မိန်းကလေးငယ်နှစ်ဦး ဆေးဝါးစောင့်ယူနေကြ
[Credit Line]
© Pep Bonet/Panos Pictures