အိမ်ထောင်ဦးစီးဖြစ်ခြင်းဟူသည် အဘယ်အဓိပ္ပာယ် ရှိသနည်း
သမ္မာကျမ်းစာရှုထောင့်
အိမ်ထောင်ဦးစီးဖြစ်ခြင်းဟူသည် အဘယ်အဓိပ္ပာယ် ရှိသနည်း
သမ္မာကျမ်းစာအရ၊ “မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်။” (၁ ကောရိန္သု ၁၁:၃; ဧဖက် ၅:၂၃) သို့သော် သမ္မာကျမ်းစာကို လေးမြတ်ပါသည်ဟုဆိုကြသူ လူများစွာတို့က လင်ယောက်ျား၏ဦးစီးမှုဆိုင်ရာ ဤမူသည် ခေတ်နောက်ကျနေရုံမက အန္တရာယ်ပင်ရှိကြောင်း ယူမှတ်ကြ၏။ “အမျိုးသမီးတို့သည် [မိမိတို့၏လင်ယောက်ျားကို] ‘သဘောထားကြီးကြီးနှင့် လက်အောက်ခံ’ သင့်သည်ဟူသော မူဝါဒကို တရားလွန်သုံးပါက ကာယပိုင်းနှင့် စိတ်လှုပ်ရှားမှုပိုင်းတို့ စော်ကားခံရနိုင်သည်” ဟု ဇနီးမောင်နှံတစ်စုံက မှတ်ချက်ချခဲ့သည်။ ဦးစီးမှုကို တလွဲသုံးခြင်းသည် နေရာတကာတွင် ပျံ့နှံ့နေရာ ဝမ်းနည်းစရာကောင်းလှ၏။ “နိုင်ငံများစွာတွင် ဇနီးသည်အားရိုက်နှက်ခြင်းကို သဘာဝတရားဟူ၍ သတ်မှတ်ကြသည်—ယောက်ျား၏အထူးလုပ်ပိုင်ခွင့်ကို သီချင်းများ၊ စကားပုံများနှင့် မင်္ဂလာပွဲအခမ်းအနားများတွင် ချီးကျူးဂုဏ်ပြုထားသည်။”
တချို့က ဦးစီးမှုဆိုင်ရာ ကျမ်းစာမူသည် အဆိုပါရက်စက်ကြမ်းကြုတ်မှုများဆီသို့ ဦးတည်ပေးသည်ဟု ဆိုကြသည်။ ဦးစီးမှုဆိုင်ရာ သမ္မာကျမ်းစာသွန်သင်ချက်သည် အမျိုးသမီးများကို နှိမ်ပြီး အိမ်တွင်းအကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုပါသလော။ အိမ်ထောင်ဦးစီးဖြစ်ခြင်းဟူသည် အမှန်တကယ် အဘယ်အဓိပ္ပာယ်ရှိသနည်း။ *
ဦးစီးမှုသည် နိုင်လိုမင်းထက်ပြုခြင်းမဟုတ်
ကျမ်းစာဆိုင်ရာဦးစီးမှုသည် မေတ္တာပါသည့် အစီအစဉ်ဖြစ်ရာ နိုင်လိုမင်းထက်ပြုခြင်းနှင့် မည်သို့မျှ ဆက်စပ်မှုမရှိပေ။ ဘုရားသခင် ချမှတ်ထားသောအခွင့်အာဏာကို ဥပေက္ခာပြုလိုက်သည့်အချိန်ကျမှသာ အမျိုးသားများသည် အမျိုးသမီးများကို ကြမ်းကြမ်းတမ်းတမ်း ချုပ်ကိုင်လာကြခြင်းဖြစ်သည်။ (ကမ္ဘာဦး ၃:၁၆) ဧဒင်ဥယျာဉ်မှအစပြု၍ အမျိုးသားများသည် မိမိတို့၏အစွမ်းခွန်အားကို အကြိမ်ကြိမ် တလွဲသုံးခြင်းဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် သူတစ်ထူးအပေါ် ဆိုးဆိုးရွားရွား ကိုယ်ကျိုးရှာအမြတ်ထုတ်လေ့ရှိ၏။
သို့သော် ယင်းသည် ဘုရားသခင့်ရည်ရွယ်တော်မူချက်တွင် လုံးဝမပါချေ။ မိမိတို့၏အခွင့်အာဏာကို အလွဲသုံးစားပြုသူတို့အား ယေဟောဝါစက်ဆုပ်ရွံရှာတော်မူ၏။ မိမိတို့၏ဇနီးမယားများကို “သစ္စာဖျက်” သူ ဣသရေလအမျိုးသားများအား ကိုယ်တော်ပြစ်တင်ရှုတ်ချတော်မူခဲ့သည်။ (မာလခိ ၂:၁၃-၁၆) ထို့အပြင်၊ “ကြမ်းကြုတ်ခြင်းနှစ်သက်သောသူကို မုန်း” သည်ဟု ဘုရားသခင်မိန့်တော်မူလေသည်။ (ဆာလံ ၁၁:၅၊ သမ္မာ) ထို့ကြောင့် ဇနီးမယားကို ရိုက်ပုတ်သူများနှင့် မတရားပြုသူများသည် မိမိတို့၏ အကြမ်းဖက်သည့်လုပ်ရပ်များအတွက် သမ္မာကျမ်းစာကို အဘယ်နည်းဖြင့်မျှ ခုတုံးလုပ်၍မရနိုင်ချေ။
သင့်လျော်သောဦးစီးမှုတွင် အဘယ်အရာပါဝင်သနည်း
ဦးစီးမှုသည် စကြဝဠာကြီးကို စည်းစနစ်ကျနစေရန် ဘုရားသခင်အသုံးပြုတော်မူသည့် အခြေခံကျသောအစီအစဉ်တစ်ခုဖြစ်၏။ ဘုရားသခင်မှတစ်ပါး လူတိုင်းသည် တစ်စုံတစ်ယောက်ထံ စာရင်းရှင်းရန် တာဝန်ရှိသည်။ အမျိုးသားများသည် ခရစ်တော်ထံ လက်အောက်ခံကြရမည်၊ ကလေးသူငယ်များသည် မိမိတို့၏မိဘများထံ လက်အောက်ခံကြရမည်ဖြစ်ကာ ခရစ်ယာန်အားလုံးတို့သည် အစိုးရများထံ လက်အောက်ခံကြရပေမည်။ ယေရှုပင်လျှင် ဘုရားသခင်ထံတော်၌ လက်အောက်ခံရ၏။—ရောမ ၁၃:၁; ၁ ကောရိန္သု ၁၁:၃; ၁၅:၂၈; ဧဖက် ၆:၁။
စည်းစနစ်ကျန၍ တည်ငြိမ်အေးဆေးသော လူ့ဘောင်အဖွဲ့အစည်းအတွက် ဦးဆောင်မှုကို လက်အောက်ခံရန်လိုသည်။ အလားတူ၊ တည်တံ့ခိုင်မြဲ၍ ပျော်ရွှင်ချမ်းမြေ့သောမိသားစုကို တည်ဆောက်နိုင်ရန် အိမ်ထောင်ဦးစီးကိုလက်အောက်ခံခြင်းသည် မရှိမဖြစ်လိုအပ်၏။ ခင်ပွန်း သို့မဟုတ် ဖခင်မရှိသည့်အိမ်ထောင်မိသားစုသည် ဤအဖြစ်မှန်ကို ပြောင်းလဲ၍မရချေ။ ထိုသို့သောမိသားစုများတွင် မိခင်ဖြစ်သူက အိမ်ထောင်ကို ဦးစီးရလေသည်။ မိဘနှစ်ပါးစလုံးမရှိပါက အကြီးဆုံးကလေး သို့မဟုတ် အခြားဆွေမျိုးတစ်ဦးဦးက အိမ်ထောင်ဦးစီးအဖြစ် တာဝန်ယူပေမည်။ အခြေအနေအရပ်ရပ်တွင် မိသားစုဝင်များသည် ဦးဆောင်နေသူကို တော်သင့်သော လေးစားမှုပြသည့်အခါ အကျိုးရရှိကြသည်။
ထို့ကြောင့်၊ အရေးကြီးသည့်အချက်မှာ ဦးစီးမှုမူကို ဘေးမဖယ်လိုက်ဘဲ ဦးစီးမှုကို ကျင့်သုံးတတ်ရန်သင်ယူကာ မှန်ကန်စွာ ရှုမြင်နားလည်ရန်ဖြစ်သည်။ “ခရစ်တော်သည် အသင်းတော်အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့” ခရစ်ယာန်လင်ယောက်ျားများလည်း မိမိတို့အိမ်ထောင်၏ ဦးခေါင်းဖြစ်ကြရန် တမန်တော်ပေါလု တိုက်တွန်းသည်။ (ဧဖက် ၅:၂၁-၂၃) ထိုသို့ဖြင့် အသင်းတော်အား ယေရှုပြုမူဆက်ဆံနည်းကို ပြည့်ဝစုံလင်သည့် ဦးစီးမှုစံနှုန်းအဖြစ် ပေါလုညွှန်ပြပေးသည်။ အဘယ်ပုံနမူနာကို ယေရှုချမှတ်ခဲ့သနည်း။
မေရှိယလည်းဖြစ်၊ မင်းလောင်းလည်းဖြစ်သော ယေရှုသည် ဘုရားသခင်ထံမှ အခွင့်အာဏာရရှိထားသည့်အပြင် မိမိ၏တပည့်နောက်လိုက်များထက် များစွာဉာဏ်ပညာကြီးမားပြီး ဘဝအတွေ့အကြုံပိုရှိထားသော်လည်း ကိုယ်တော်သည် မေတ္တာပြည့်ဝ၍ လှိုက်လှဲကြင်နာ၏၊ ထောက်ထားစာနာတတ်၏။ ကြမ်းတမ်းခက်ထန်ခြင်း၊ တင်းမာခြင်းမျိုးမရှိ၊ မတန်တဆတောင်းဆိုခြင်းမျိုးလည်း မရှိချေ။ အာဏာပြခြင်းမရှိသည့်အပြင် တွေ့သည့်လူတိုင်းကို မိမိသည် ဘုရားသခင်၏သားတော်ဖြစ်သည်ဟု တဖွဖွပြောဆိုနေခြင်းမျိုးလည်း မရှိချေ။ ယေရှုသည် နှိမ့်ချသည့်အရှင်ဖြစ်တော်မူ၏။ သို့အတွက်ကြောင့် ‘ကိုယ်တော်၏ထမ်းပိုးသည် ထမ်းလွယ်၏၊ ကိုယ်တော်၏ဝန်လည်း ပေါ့၏။’ (မဿဲ ၁၁:၂၈-၃၀၊ ကဘ) ထို့ကြောင့် ကိုယ်တော်သည် ချဉ်းကပ်ရလွယ်သူဖြစ်ကာ အကျိုးသင့်အကြောင်းသင့်ရှိသူလည်းဖြစ်တော်မူ၏။ အမှန်တွင် ယေရှုသည် အသင်းတော်ကို အလွန်ချစ်မြတ်နိုးသည့်အတွက် “မိမိကိုယ်ကိုပေးဆက်” ခဲ့ကြောင်း ပေါလုကဆိုသည်။—ဧဖက် ၅:၂၅၊ ကဘ။
ယေရှု၏ဦးစီးမှုကို မည်သို့တုပနိုင်သနည်း
အိမ်ထောင်ဦးစီးများသည် ခရစ်တော်၏အရည်အသွေးများကို မည်သို့တုပနိုင်ကြသနည်း။ တာဝန်ယူတတ်သောဦးစီးသူတစ်ဦးသည် ကိုယ့်မိသားစု၏ကာယရေးနှင့် ဝိညာဉ်ရေးကောင်းကျိုးကို စိတ်ဝင်စားသည်။ သူသည် တစ်ဦးချင်းစီနှင့် မိသားစုလိုက်လိုအပ်ရာများအတွက် သင့်တင့်လျောက်ပတ်သောအချိန်နှင့် ဂရုစိုက်မှုပေးခြင်းဖြင့် မိမိကိုယ်ကိုအသုံးခံသည်။ မိမိအရေးထက် မိမိ၏အိမ်ထောင်ဖက်နှင့် သားသမီးများ၏အရေးကို သာ၍စိတ်ဝင်စားပေးသည်။ * (၁ ကောရိန္သု ၁၀:၂၄; ဖိလိပ္ပိ ၂:၄) ကျမ်းစာမူများနှင့် သွန်သင်ချက်များကို နေ့စဉ်ဘဝအသက်တာတွင် လက်တွေ့အသုံးချခြင်းအားဖြင့် လင်ယောက်ျားသည် မိမိ၏ဇနီးနှင့် သားသမီးများ၏ ရိုသေလေးစားမှုနှင့် ထောက်မမှုကိုရရှိသည်။ မေတ္တာပြည့်ဝသည့်ဦးစီးမှုအောက်တွင် မည်သည့်ပြဿနာကိုမဆို ပူးပေါင်း၍ ကြိုးစားဖြေရှင်းခြင်းက အောင်မြင်မှုရနိုင်ပါသည်။ သို့ဖြစ်၍ မိမိ၏ဦးစီးမှုကို ကျမ်းစာလမ်းစဉ်အတိုင်း ကျင့်သုံးသွားခြင်းအားဖြင့် လင်ယောက်ျားသည် ဘုရားသခင်အား ဂုဏ်တင်ချီးမွမ်းစေသည့် လုပ်ငန်းဆောင်တာများလုပ်ဆောင်သော ပျော်ရွှင်သည့်မိသားစုတစ်စုကို ပြုစုပျိုးထောင်ပေးသည်။
ပညာရှိဦးစီးသူတစ်ဦးသည် နှိမ့်ချသူလည်းဖြစ်၏။ မိမိမှားကြောင်းဝန်ခံရန် အခက်အခဲတွေ့သည့်တိုင် တောင်းပန်ဖို့လိုလျှင် လိုလိုချင်ချင် ဝန်ချတောင်းပန်မည်။ “အကြံပေးနိုင်သောသူများစွာရှိလျှင် ဘေးလွတ်တတ်၏” ဟု သမ္မာကျမ်းစာကဆိုသည်။ (သု. ၂၄:၆) မှန်ပါသည်၊ နှိမ့်ချခြင်းက အိမ်ထောင်ဦးစီးဖြစ်သူအား မိမိ၏ဇနီးသည်နှင့် သားသမီးများ၏ ထင်မြင်ချက်ကို နားထောင်စေပြီး တက်တက်ကြွကြွ ထည့်သွင်းစဉ်းစားစေမည်။ ခရစ်ယာန်ဦးစီးတစ်ဦးသည် ယေရှုကိုတုပခြင်းဖြင့် မိမိ၏ဦးစီးမှုသည် မိသားစုကို လုံခြုံမှု၊ ပျော်ရွှင်မှုပေးသည်သာမက မိသားစုများ၏ အစပြုဖန်တီးရှင် ယေဟောဝါဘုရားသခင်အား ဂုဏ်တင်၍ ကိုယ်တော်၏ဘုန်းတော်ကိုလည်း ထင်ရှားစေပါလိမ့်မည်။—ဧဖက် ၃:၁၄၊ ၁၅။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 4 ဤဆောင်းပါးသည် အဓိကအားဖြင့် မိသားစုအတွင်းရှိ လင်ယောက်ျားနှင့် ဖခင်ကဏ္ဍကို ဆွေးနွေးထားသော်လည်း အိမ်ထောင်ဦးစီးများအတွက် ပေးထားသည့်မူများမှ ကြင်ဖော်မဲ့မိခင်များနှင့် ညီအစ်ကိုမောင်နှမအရင်းများကို ကြည့်ရှုစောင့်ရှောက်ရမည့် မိဘမဲ့ကလေးများလည်း အကျိုးကျေးဇူးရနိုင်ပေသည်။
^ အပိုဒ်၊ 14 ယေဟောဝါသက်သေများထုတ်ဝေသည့် မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်စာအုပ်သည် မိသားစုကို မည်သို့မေတ္တာပါစွာ ဂရုစိုက်နိုင်ကြောင်းနှင့်ပတ်သက်၍ လက်တွေ့ကျအကြံပြုချက်များကို ဖော်ပြပေးထားသည်။
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
အကျိုးသင့်အကြောင်းသင့်ရှိသူ လင်ယောက်ျားတစ်ဦးသည် မိမိ၏ဇနီးသည်နှင့် သားသမီးများ၏ ထင်မြင်ချက်များကို ထည့်သွင်းစဉ်းစားပေးတတ်