‘စစ်မှန်၍ တစ်ပါးတည်းဖြစ်သော ဘုရားသခင်’ ကတိထားခဲ့ရာများ
‘စစ်မှန်၍ တစ်ပါးတည်းဖြစ်သော ဘုရားသခင်’ ကတိထားခဲ့ရာများ
ယေဟောဝါဘုရားသခင်သည် မြေကြီးပရဒိသုဖြစ်သော ဧဒင်ဥယျာဉ်တွင် ကနဦးလူသားမောင်နှံကို နေထိုင်စေခဲ့သည်။ ၎င်းတို့အား သားသမီးများမွေးဖွားစေကာ မိသားစုကြီးလာသည်နှင့်အမျှ မိမိတို့နေအိမ်ပရဒိသုကို တိုးချဲ့ခြင်းဖြင့် “မြေကြီးကိုပြည့်စေ၍နိုင်ကြလော့” ဟုကိုယ်တော် ညွှန်ကြားခဲ့သည်။ (ကမ္ဘာဦး ၁:၂၆-၂၈; ၂:၁၅) မြေကြီးပရဒိသုတွင် လူသားများ ထာဝစဉ်နေထိုင်သွားရန်ဟူသော ဘုရားသခင့်ရည်ရွယ်ချက် ပြီးမြောက်ပါမည်လော။
အမှန်ပြီးမြောက်ပါလိမ့်မည်! ကျမ်းစာပရောဖက်ပြုချက်အရ “[ယေဟောဝါသည်] သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်၊” “ခပ်သိမ်းသောမျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။” ယင်းသို့ဖြစ်လာချိန်တွင် ‘ကြည့်ရှုလော့။ ဤအရှင်ကား ငါတို့မျှော်လင့်သော ငါတို့၏ဘုရားသခင်တည်း။ ငါတို့ကိုကယ်တင်တော်မူလိမ့်မည်။ ဤအရှင်ကား ငါတို့မျှော်လင့်သော ထာဝရဘုရားသခင်တည်း။ ကယ်တင်တော်မူခြင်းကျေးဇူးကြောင့် ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့ဟု ဆိုကြလိမ့်မည်။’—ဟေရှာယ ၂၅:၈၊ ၉။
ကျမ်းစာ၏နောက်ဆုံးစာစောင်တွင် စာတန်အုပ်ချုပ်မှုအောက်ရှိ ဤလက်ရှိလောက သို့မဟုတ် ဤအစီအစဉ်စနစ်ပြီးနောက်ပိုင်း အခြေအနေကို ဖော်ပြထားသည်။ ဘုရားသခင်အား ချစ်မြတ်နိုးသူတို့အတွက်ထားရှိသော “ကမ္ဘာသစ်” နှင့်ပတ်သက်၍ သမ္မာကျမ်းစာက ဤသို့ဆို၏– “ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူကျိန်းဝပ်တော်မူမည်၊ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”—ဗျာ. ၂၁: ၁-၄။
တကယ့်အံ့ချီးဖွယ် ကတိတော်များပင်တည်း! ယင်းတို့ကို ကျွန်ုပ်တို့ယုံကြည်နိုင်သလော။ ယေရှု၏ပူဇော်ရာယဇ်သေခြင်းနှင့် ကိုယ်တော်ပြုလုပ်ခဲ့သော အံ့ဖွယ်အမှုများက ဘုရားသခင်ကတိထားခဲ့သမျှ ပြီးမြောက်အောင်မြင်မည်ဖြစ်ကြောင်း မည်သို့ယုံကြည်စိတ်ချစေသည်ကို သုံးသပ်ကြည့်ပါ။—၂ ကောရိန္သု ၁:၂၀။
ရွေးနုတ်ဖိုးအဖြစ် ယေရှု၏အသက်
ဘုရားသခင်၏စကားကို အာဒံ မနာခံဘဲ အပြစ်ကျူးလွန်ရန် စာတန်သွေးဆောင်ခဲ့ပြီးသောအခါ အာဒံ၏သားစဉ်မြေးဆက်အားလုံး အပြစ်ကို အမွေခံခဲ့ကြရသည်။ “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏” ဟုသမ္မာကျမ်းစာကဆို၏။ သို့တိုင် “တစ်ယောက်သောသူသည် [စုံလင်သောလူသားယေရှု] နားထောင်သောအားဖြင့် လူများတို့သည် ဖြောင့်မတ်ရာသို့ရောက်ရကြ၏” ဟုလည်းဆက်ဖော်ပြထားသည်။ (ရောမ ၅:၁၂၊ ၁၉) ဤအခန်းဆက်၏ပထမဆောင်းပါးတွင် ဖော်ပြထားသကဲ့သို့ ယေရှုသည် “နောက်ဆုံးဖြစ်သောအာဒံ”—“ကောင်းကင်ဘုံကဖြစ်တော်မူသော” သခင်ဖြစ်ပြီး မိမိအသက်ကိုစွန့်၍ “လူများကိုရွေး” ခဲ့လေ၏။—၁ ကောရိန္သု ၁၅:၄၅၊ ၄၇; မဿဲ ၂၀:၂၈။
ထို့ကြောင့် ယေရှုကိုယုံကြည်သူအားလုံး “အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနုတ်တော်မူခြင်းကျေးဇူး” နှင့်ထာဝရအသက် ရရှိနိုင်ကြသည်။ (ဧဖက် ၁:၈; ယောဟန် ၃:၃၆) ယေဟောဝါသည် လူသားတို့ကို အလွန်ချစ်မြတ်နိုးသောကြောင့် ကျွန်ုပ်တို့၏ကယ်တင်ရှင်အဖြစ် သားတော်ကိုစွန့်ခဲ့ရာ ကျွန်ုပ်တို့ အမှန်အားရရွှင်လန်းနိုင်ကြသည်! (လုကာ ၂:၁၀-၁၂; ယောဟန် ၃:၁၆) ဆင်းရဲခက်ခဲမှုကြုံနေရသော ပထမရာစုမှလူတို့အတွက် ယေရှုလုပ်ဆောင်ခဲ့ရာကို ဆန်းစစ်ခြင်းက အနာဂတ်ကို ထိုးထွင်းသိမြင်စေသည်။ ထို့ပြင် ယေရှုပြုလုပ်ခဲ့ရာများသည် အမှန်အံ့ဖွယ်ကောင်းလှ၏!
ကမ္ဘာသစ်၏ကြိုတင်မြင်ကွင်း
ယေရှုသည် မိမိထံခေါ်ဆောင်လာသော ဖျားနာသူ၊ ရောဂါသည်မှန်သမျှကို ကုသပေးနိုင်သည်။ မည်မျှပင်ဖျားနာပြီး မစွမ်းမသန်ဖြစ်နေစေကာမူ ပြန်ကျန်းမာလာရန် ကိုယ်တော်ကုသပေးနိုင်ခဲ့၏။ ထို့ပြင် ကိုယ်တော်သည် မုန့်နှင့်ငါးအနည်းငယ်မျှဖြင့် လူထောင်ချီတို့အား အံ့ဖွယ်ကျွေးမွေးတော်မူပြီး ယင်းကဲ့သို့ တစ်ကြိမ်ထက်မက ကျွေးမွေးတော်မူခဲ့သည်။—မဿဲ ၁၄:၁၄-၂၂; ၁၅:၃၀-၃၈။
မွေးရာပါမျက်မမြင်တစ်ဦးကို မျက်စိပြန်မြင်အောင် ကုသပေးခဲ့ပြီး အိမ်နီးချင်းနှင့်အသိအကျွမ်းတို့က ယင်းသည် အံ့ဖွယ်အမှုဖြစ်ကြောင်း ယုံကြည်ကြသော်လည်း ဂျူးဘာသာရေးခေါင်းဆောင်တို့မူ သံသယဝင်ခဲ့ကြသည်။ ထိုအခါ မျက်စိပြန်မြင်လာသူက “အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူကို မျက်စိမြင်စေခြင်းငှာ တတ်နိုင်သည်ကို ကမ္ဘာဦးမှစ၍ မကြားစဖူး။ ထိုသူသည် ဘုရားသခင်စေလွှတ်တော်မူသောသူမဟုတ်လျှင် အဘယ်အမှုကိုမျှ မတတ်နိုင်” ဟုကျိုးကြောင်းညီညီ ပြောဆိုခဲ့သည်။—ယောဟန် ၉:၃၂၊ ၃၃။
ယေရှု၏ဓမ္မအမှုဆောင်ချိန်အတွင်း ထောင်ကျနေသော အစ်ကိုဝမ်းကွဲဖြစ်သူ နှစ်ခြင်းဆရာယောဟန်က ယေရှု၏သတင်း မှန်မမှန်သေချာစေရန် တမန်တို့ကိုစေလွှတ်၍ စုံစမ်းစေခဲ့သည်။ “ထိုအချိန်နာရီ၌ ယေရှုသည် လူများတို့ကို အနာရောဂါဝေဒနာဘေး၊ နတ်ဆိုးဘေးနှင့်ကင်းလွတ်စေတော်မူ၏။ မျက်စိကန်းသောသူများတို့ကိုလည်း မျက်စိမြင်စေခြင်းငှာ ကျေးဇူးပြုတော်မူ၏” ဟုသမ္မာကျမ်းစာက ဆိုသည်။ ထိုအခါ ယေရှုက တမန်တို့အား “သင်တို့သည် ကြားရသမျှ၊ မြင်ရသမျှတို့ကို သွား၍ ယောဟန်အား ကြားလျှောက်ကြလော့။ မျက်စိကန်းသောသူတို့သည် မျက်စိမြင်ရကြ၏။ ခြေမစွမ်းသောသူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသောသူတို့သည် သန့်ရှင်းခြင်းသို့ရောက်ရကြ၏။ နားပင်းသောသူတို့သည် နားကြားရကြ၏။ သေသောသူတို့သည် ထမြောက်ခြင်းသို့ရောက်ရကြ၏” ဟုမိန့်ဆိုခဲ့သည်။—လုကာ ၇:၁၈-၂၂။
ယင်းအကြောင်း စဉ်းစားကြည့်ပါ– အတိတ်က ကောင်းသောအရာ တစ်စုံတစ်ခုဖြစ်ပျက်ခဲ့လျှင် နောင်၌လည်း ဖြစ်ပျက်လာနိုင်သည်ဟု ယုံကြည်နိုင်သည်မဟုတ်လော။ ယေရှုပြုလုပ်ခဲ့သော အံ့ဖွယ်အမှုများက မိမိသည် ဘုရားသခင့်နိုင်ငံတော်ဘုရင်အဖြစ် အုပ်စိုးချိန်တွင် အကြီးအကျယ်ပြုလုပ်ပေးမည်ဖြစ်ကြောင်း အသေးစားအနေနှင့် ဖော်ပြပေး၏။ ယင်းအံ့ဖွယ်အမှုများက ကိုယ်တော်သည် ဘုရားသခင်စေလွှတ်ခံရသူနှင့် ဘုရားသခင့်သားတော်အမှန်ဖြစ်ကြောင်းကိုလည်း သက်သေထူသည်။
ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်စဉ်အတွင်း အံ့ဖွယ်ပရောဖက်ပြုချက်များ စာသားအတိုင်း ပြည့်စုံလာပါလိမ့်မည်။ ကြိုဟောထားသည့်အတိုင်း မျက်စိကန်းသူများ မျက်စိပြန်မြင်လာမည်၊ နားပင်းသူများ နားပြန်ကြားလာမည်၊ ခြေမစွမ်းသူများ ဒရယ်ကဲ့သို့ခုန်လိမ့်မည်၊ မည်သူမျှ ဖျားနာတော့မည်မဟုတ်ပေ။ မြေတစ်ပြင်လုံးတွင် ငြိမ်သက်လုံခြုံမှုလည်းရှိလာမည်။ ယနေ့အချိန်တွင် အန္တရာယ်ပြုနိုင်သော သားရိုင်းများပင် လူသားတို့ကို ရန်မူတော့မည်မဟုတ်ပေ။—ဟေရှာယ ၉:၆၊ ၇; ၁၁:၆-၉; ၃၃:၂၄; ၃၅:၅၊ ၆; ၆၅:၁၇-၂၅။
အဆိုပါအခြေအနေမျိုးတည်ရှိသည့် ဘုရားသခင့်နိုင်ငံတော်အောက်တွင် သင်ထာဝစဉ်နေထိုင်လိုသလော။ ခမည်းတော်ထံ ယေရှုဆုတောင်းသည့်အခါ သင်လုပ်ဆောင်ရမည့်အရာကို ဤသို့ဖော်ပြခဲ့၏– ‘ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင်တစ်ပါးတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။’ (ယောဟန် ၁၇:၃) ဤအသက်ရစေသောအသိပညာကို ဆက်လက်ဆည်းပူးရာတွင် အဘယ်အရာကမျှ သင့်အား အဟန့်အတားမဖြစ်စေပါနှင့်။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ယင်းသည် ကမ္ဘာမြေအတွက် ဘုရားသခင် ကတိထားခဲ့ရာများဖြစ်