ယေရှုခရစ်ကား မည်သူနည်း
ယေရှုခရစ်ကား မည်သူနည်း
စိတ်ချလောက်သော သမိုင်းမှတ်တမ်းအရ ယေရှုအမည်ရှိသော ပုဂ္ဂိုလ်တစ်ဦးသည် လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ ကျော်က ယုဒနယ်၊ ဗက်လင်မြို့ငယ်လေးတွင် ဖွားမြင်ခဲ့သည်။ ထိုအချိန်တွင် ဟေရုဒ်မင်းကြီးသည် ယေရုရှလင်မြို့၌ ဘုရင်ဖြစ်နေပြီး ကဲသာဘုရင်သြဂုတ္တုမှာ ရောမနိုင်ငံ၏ဧကရာဇ်ဖြစ်၏။ (မဿဲ ၂:၁; လုကာ ၂:၁-၇) ခရစ်ယာန်ဘာသာကို ထိုအချိန်ကရောမအုပ်စိုးရှင်များ ဖိနှိပ်ထားသောကြောင့် များသောအားဖြင့် ပထမနှင့်ဒုတိယရာစုမှ ရောမသမိုင်းပညာရှင်များသည် ယေရှုအကြောင်း မရေးသားဝံ့ကြချေ။
အခြားတစ်ဖက်တွင် သမိုင်းပညာရှင်များ၏ကမ္ဘာ့သမိုင်းစာအုပ်က ဤသို့ဖော်ပြသည်– “[ယေရှု၏] သမိုင်းတွင်သောလုပ်ရပ်တို့သည် လောကရေးရာရှုထောင့်သက်သက်က ကြည့်လျှင်ပင် အခြားအဘယ်သမိုင်းဝင်ပုဂ္ဂိုလ်တို့၏ လုပ်ရပ်ထက်မဆို ပို၍အရေးပါသည်။ ယဉ်ကျေးမှုထွန်းကားလာသူအများစု လက်ခံထားသော ခရစ်နှစ်သည် [ယေရှု] မွေးဖွားချိန်မှ စတင်ရေတွက်သည်။”
သမိုင်းတွင် အခြားမည်သည့်ပုဂ္ဂိုလ်၏အကြောင်းထက်မဆို ယေရှုအကြောင်းရေးသားသော စာအုပ်က ပိုများသည်ဟု တိုင်းမ်စ်မဂ္ဂဇင်းက ဖော်ပြသည်။ ယင်းစာအုပ်များက ယေရှုသည် အမှန်တကယ် မည်သူဖြစ်ကြောင်း အဓိကထားဖော်ပြသည်။ ယင်းသည် လူ့သမိုင်းတွင် အခြားအဘယ်အကြောင်းအရာထက်မဆို ပိုအငြင်းပွားစရာဖြစ်ရသည့်ကိစ္စ ဖြစ်ပေမည်။
ယေရှုမည်သူဖြစ်ကြောင်းနှင့်စပ်လျဉ်းသည့် အစောပိုင်းမေးခွန်းများ
မာရိသည် ကလေးတစ်ဦးရမည်ဖြစ်ပြီး ယေရှုဟုအမည်မှည့်ရမည်ဖြစ်ကြောင်း ကြားသိသည့်အခါ “ဤအမှုအရာသည် အဘယ်သို့ဖြစ်လိမ့်မည်နည်း၊ အကျွန်ုပ်သည် ယောက်ျားနှင့်မဆက်ဆံပါ” ဟုပြန်မေးခဲ့၏။ ထိုအခါ ဘုရားသခင့်ကောင်းကင်တမန် ဂါဗြေလက ဤသို့ဆိုသည်– ‘အမြင့်ဆုံးသောဘုရားသခင်၏ အာနုဘော်တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်။’—လုကာ ၁:၃၀-၃၅။
နောက်ပိုင်းတွင် ယေရှုသည် တမန်တော်များကို အံ့အားသင့်စေသည့် အံ့ဖွယ်အမှုများ ပြုလုပ်ခဲ့သည်။ ဂါလိလဲပင်လယ်တွင် လေပြင်းမုန်တိုင်းကြောင့် လှေနစ်လုမတတ်ဖြစ်နေချိန်တွင် ယေရှုက “တိတ်ဆိတ်ငြိမ်ဝပ်စွာနေ” ဟုပင်လယ်ကိုဆုံးမတော်မူသည်။ ထိုအခါ တမန်တော်များက “ဤသူကားအဘယ်သို့သောသူနည်း” ဟုတအံ့တသြပြောဆိုခဲ့ကြသည်။—မာကု ၄:၃၅-၄၁; မဿဲ ၈:၂၃-၂၇။
ယေရှု အမှန်တကယ်မည်သူဖြစ်သည်ဟူသောမေးခွန်းကို ယေရှုခေတ်ကလူတို့ မေးလေ့ရှိကြသည်၊ ထို့ကြောင့် လူတို့က မိမိအား မည်သူဖြစ်ကြောင်းဆိုကြသနည်းဟု တမန်တော်များကို ကိုယ်တော်မေးလေ၏။ ‘လူအချို့က ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန်ဖြစ်သည်၊ အချို့က ဧလိယဖြစ်သည်၊ အချို့က ယေရမိမှစ၍ ပရောဖက်တစ်ပါးဖြစ်သည်’ ဟုဆိုကြကြောင်း သူတို့ပြန်ဖြေခဲ့သည်၊ အဆိုပါပုဂ္ဂိုလ်အားလုံးမှာ ကွယ်လွန်ခဲ့ကြပြီဖြစ်သည်။ ထို့နောက် “‘သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည်ဆိုကြသနည်း’ ဟုယေရှုမေးမြန်းတော်မူလျှင် ရှိမုန်ပေတရုက ‘ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်’ ဟုလျှောက်လေ၏။” ကောင်းကင်တမန်ဆိုးများဖြစ်သော နတ်ဆိုးတို့ပင် ယေရှုအား “ကိုယ်တော်သည် . . . ဘုရားသခင်၏သားတော် ဖြစ်တော်မူ၏” ဟုဆိုကြသည်။—မဿဲ ၁၆:၁၃-၁၆; လုကာ ၄:၄၁။
မိမိမည်သူဖြစ်ကြောင်း ယေရှုပြောဆိုခဲ့
ယေရှုက မိမိကိုယ်ကို ဘုရားသခင်၏သားတော်ဖြစ်သည်ဟု ပြောခဲလှသော်လည်း ဘုရားသခင်၏သားတော်ဖြစ်သည်ကို အသိအမှတ်ပြုခဲ့၏။ (မာကု ၁၄:၆၁၊ ၆၂; ယောဟန် ၃:၁၈; ၅:၂၅၊ ၂၆; ၁၁:၄) သို့သော် မိမိသည် “လူသား” ဖြစ်ကြောင်း အမြဲလိုလိုပြောဆိုခဲ့သည်။ ဤနည်းဖြင့် မိမိသည် အမှန်ပင် လူသားတစ်ဦးဖြစ်ကြောင်း လူ့ဇာတိအဖြစ်ကို အာရုံစိုက်စေခဲ့သည်။ ထိုသို့ပြုခြင်းဖြင့် ဒံယေလမြင်တွေ့ခဲ့သော မြင်ကွင်းတစ်ခုမှ အသက်ကြီးသောသူ ဘုရားသခင်၏အထံတော်သို့ ရောက်လာသော “လူသား” သည် မိမိကိုယ်တိုင်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။—မဿဲ ၂၀:၂၇-၂၈; ဒံယေလ ၇:၁၃။
မိမိသည် ဘုရားသခင့်သားတော်ပါဟု ကြေညာနေမည့်အစား အခြားသူများ ထိုသို့ကောက်ချက်ချလာစေရန် ကိုယ်တော်လုပ်ဆောင်ခဲ့သည်။ နှစ်ခြင်းဆရာယောဟန်၊ ယေရှု၏မိတ်ဆွေ မာသအပါအဝင် တမန်တော်များသာမက လူတို့ပင် ထိုသို့ကောက်ချက်ချခဲ့ကြသည်။ (ယောဟန် ၁:၂၉-၃၄; ၁၁:၂၇) ယေရှုသည် ကတိထားရာမေရှိယဖြစ်ကြောင်း လူတို့ယုံကြည်ခဲ့ကြ၏။ ကိုယ်တော်သည် ကောင်းကင်တွင် တန်ခိုးကြီးဝိညာဉ်ပုဂ္ဂိုလ်တစ်ပါးအဖြစ် အသက်ရှင်ခဲ့ပြီး ကိုယ်တော့်အသက်ကို အပျိုစင်မာရိ၏သားအိမ်တွင်းသို့ အံ့ဖွယ်နည်းဖြင့် ဘုရားသခင်ပြောင်းရွှေ့ပေးခဲ့ကြောင်း လူတို့ သိရှိထားကြသည်။—ဟေရှာယ ၇:၁၄; မဿဲ ၁:၂၀-၂၃။
ပထမလူသားအာဒံနှင့်တူညီ
ယေရှုသည် ကဏ္ဍအတော်များများတွင် ပထမလူသားအာဒံနှင့် တူညီသည်။ ဥပမာ၊ သူတို့နှစ်ဦးစလုံးသည် စုံလင်သူများဖြစ်ကြပြီး လူသားဖခင်မရှိကြချေ။ (ကမ္ဘာဦး ၂:၇၊ ၁၅) ထို့ကြောင့် သမ္မာကျမ်းစာတွင် ယေရှုကို “နောက်ဆုံးအာဒံ”—“တန်ဖိုးတူရွေးနုတ်ဖိုး” အဖြစ်ဆောင်ရွက်သူ စုံလင်သောလူသားဖြစ်သည်ဟု ဆိုထားသည်။ ယေရှု၏အသက်သည် စုံလင်သူလူသားအဖြစ် ဘုရားသခင်ဖန်ဆင်းခဲ့သော ပထမလူသားအာဒံ၏အသက်နှင့် တန်ဖိုးတူညီသည်။—၁ ကောရိန္သု ၁၅:၄၅; ၁ တိမောသေ ၂:၅၊ ၆၊ ကဘ။
သမ္မာကျမ်းစာတွင် ပထမလူသားအာဒံကို “ဘုရားသခင့်သား” ဟုခေါ်ခဲ့သည်။ (လုကာ ၃:၃၈၊ သမ) သို့သော် အာဒံသည် ဘုရားသခင်အား တမင်တကာမနာခံသောကြောင့် ဘုရားသခင့်သားအဖြစ် ရင်းနှီးသောဆက်ဆံရေးကို လက်လွတ်ဆုံးရှုံးခဲ့သည်။ ယေရှုမူ ကောင်းကင်ခမည်းတော်အပေါ် အမြဲသစ္စာရှိကာ ဘုရားသခင်နှစ်သက်မြတ်နိုးသော သားတော်ဖြစ်မြဲဖြစ်နေခဲ့သည်။ (မဿဲ ၃:၁၇; ၁၇:၅) ယေရှုအား ကယ်တင်ရှင်အဖြစ်လက်ခံကာ ယုံကြည်ခြင်းတင်ပြသူအားလုံး ထာဝရအသက်ရရှိနိုင်ကြောင်း သမ္မာကျမ်းစာက ဆိုထား၏။—ယောဟန် ၃:၁၆၊ ၃၆; တမန်တော် ၅:၃၁; ရောမ ၅:၁၂၊ ၁၇-၁၉။
သို့သော် အချို့က ယေရှုသည် ဘုရားသခင့်သားတော်ဖြစ်ရုံမျှမဟုတ်၊ အမှန်ပင် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်ဟု စောဒကတက်ကြသည်။ ယေရှုနှင့် ခမည်းတော်နှစ်ပါးစလုံး တန်ခိုးကြီးဘုရားသခင်ဖြစ်ကြသည်ဟု ဆိုကြသည်။ သူတို့အဆို မှန်ပါသလော။ ယေရှုသည် တစ်နည်းနည်းဖြင့် ဘုရားသခင်၏အစိတ်အပိုင်း ဖြစ်ပါသလော။ ယေရှုနှင့် ကျမ်းရေးသူတစ်ဦးဦးက ထိုသို့ဆိုခဲ့သလော။ စစ်မှန်၍ တစ်ဆူတည်းဖြစ်သောဘုရားသခင်ကား မည်သူနည်း။ ထိုအရှင်မှာ မည်သူဖြစ်သည်ဟု ယေရှုမိန့်ဆိုခဲ့သနည်း။ ကျွန်ုပ်တို့ ဆန်းစစ်ကြည့်ကြစို့။
[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
လူသိအများဆုံး ပုဂ္ဂိုလ်
ယေရှု၏တစ်ခေတ်တည်းသားများဖြစ်ကြသော မဿဲ၊ မာကု၊ လုကာ၊ ယောဟန်တို့လေးဦးက ကိုယ်တော်၏ဘဝဇာတ်ကြောင်းကို မှတ်တမ်းတင်ခဲ့ကြသည်၊ သူတို့ထဲမှနှစ်ဦးမှာ ကိုယ်တော်နှင့် အလွန်ရင်းနှီးကျွမ်းဝင်ကြ၏။ ကျမ်းရေးသူ၏အမည်ပေးထားသော စာစောင်များကို ခရစ်ဝင်ကျမ်းများဟု အများကခေါ်ဆိုကြကာ ကျမ်းအပိုင်းများကို ဘာသာစကားပေါင်း နှစ်ထောင်ကျော်ဖြင့် ဖတ်ရှုနိုင်ပြီဖြစ်သည်။ ဤကျမ်းစောင်ငယ်များကို အခြားစာစောင်များနှင့်ပေါင်းစပ်ကာ သမ္မာကျမ်းစာဖြစ်လာသည်။ သမိုင်းတွင် ခရစ်ဝင်ကျမ်းဖြန့်ချိမှုသည် ကျမ်းတစ်စောင်ချင်းအနေနှင့်ဖြစ်စေ၊ ကျမ်းစောင်အပိုင်းများအနေနှင့်ဖြစ်စေ အခြားအဘယ်စာအုပ်ထက်မဆို သာလွန်သည်။ ယေရှုသည် အသက်ရှင်ခဲ့သမျှတွင် လူသိအများဆုံးပုဂ္ဂိုလ်ဖြစ်သည်မှာ အံ့ဩစရာမဟုတ်ပါလေ!
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
“ဤသူကား အဘယ်သို့သောသူနည်း” ဟု တမန်တော်များ မေးခဲ့ကြ