ဇရာအိုကာလ၏ စိန်ခေါ်ချက်များကြား အသက်ရှင်နေထိုင်ခြင်း
ဇရာအိုကာလ၏ စိန်ခေါ်ချက်များကြား အသက်ရှင်နေထိုင်ခြင်း
ကျွန်တော်မျိုးတို့သည် အနှစ်ခုနစ်ဆယ်မျှသာ အသက်ရှည်ကြပါ၏။ အကယ်၍ အားအင်ပြည့်ဖြိုးသူများဖြစ်ကြပါမူ အနှစ်ရှစ်ဆယ်နေကြရပါ၏။ သို့ရာတွင် ထိုနှစ်ကာလများအတွင်း ကျွန်တော်မျိုးတို့သည် ပူပင်သောကနှင့် ဆင်းရဲခြင်းကိုသာလျှင် ခံစားကြရပါ၏။ မကြာမီအတွင်း အသက်ပျောက်သဖြင့် ကျွန်တော်မျိုးတို့ ကွယ်ပျောက်ကြရပါ၏။” (ဆာလံ ၉၀:၁၀၊ သတင်းကောင်း) လွန်ခဲ့သောနှစ်ပေါင်း ၃,၀၀၀ က ရေးသားခဲ့သော ဤလင်္ကာပိုဒ်က ဇရာအိုကာလသည် ရှေးအချိန်ကတည်းက စိန်ခေါ်ချက်တစ်ခုဖြစ်ကြောင်း သက်သေထူသည်။ ဆေးပညာတိုးတက်မှုများမှာ ချီးမွမ်းဖွယ်ဖြစ်သော်လည်း ဇရာအိုကာလ၏ လက္ခဏာအချို့ကြောင့် “ပူပင်သောကနှင့် ဆင်းရဲခြင်း” ဆက်ဖြစ်နေဆဲပင်။ ယင်းလက္ခဏာတို့ကား အဘယ်နည်း။ ယင်းတို့က ပေါ်ပေါက်စေသောစိန်ခေါ်ချက်များကို အချို့မည်သို့ ကိုင်တွယ်ဖြေရှင်းခဲ့ကြသနည်း။
အသက်ကြီးခြင်းနှင့် မှတ်ဉာဏ်ထက်မြက်ခြင်း
အသက် ၇၉ နှစ်အရွယ် ဟန်းစ်က “သူငယ်ပြန်မှာကို ကျွန်တော်အကြောက်ဆုံးပဲ” ဟု စိုးရိမ်တကြီးပြောခဲ့သည်။ သက်ကြီးရွယ်အိုအများကဲ့သို့ပင် ဟန်းစ်သည် မေ့တတ်လာမည်ကို စိုးရိမ်ခဲ့၏။ ရှေးကဗျာဆရာတစ်ဦးက “ရွှေဖလား” ဟုခေါ်ဆိုခဲ့သော အဖိုးတန်လှသည့်ဦးနှောက်နှင့် ယင်း၏မှတ်ဉာဏ်များ ဆုံးရှုံးသွားမည်ကို သူစိုးရိမ်ခဲ့သည်။ (ဒေ. ၁၂:၆) “ဉာဏ်ရည်ကျဆင်းခြင်းက အသက်အရွယ်ကြီးတဲ့အချိန်မှာ ဖြစ်နေကျပဲလား” ဟုဟန်းစ် မေးခဲ့သည်။
သင်သည် ဟန်းစ်ကဲ့သို့ နာမည်များမေ့တတ်လာမည် သို့မဟုတ် ထိုသို့သောသတိမေ့တတ်ခြင်းက ဉာဏ်ရည်ကျဆင်းမှု စတင်နေပြီဟု ထင်မှတ်မည်ဆိုပါက အောက်ပါအချက်ကို စိတ်ချပါ– သတိမေ့တတ်ခြင်းသည် အသက်အရွယ်အားလုံးတွင် ဖြစ်တတ်ပါသည်။ သက်ကြီးရွယ်အိုများ ခံစားရနိုင်သော ဉာဏ်ရည်ပိုင်းဆိုင်ရာ အပြောင်းအလဲများသည် မှတ်ဉာဏ်ချို့တဲ့မှုကြောင့် အမြဲမဟုတ်ပါ။ * မှတ်ဉာဏ်တချို့ ချို့ယွင်းလာခြင်းသည် အသက်ကြီးပိုင်းတွင် ဖြစ်တတ်ပါသည်။ သို့သော် နယူးယောက်မြို့၊ စတက်တင်ကျွန်းရှိ တက္ကသိုလ်ဆေးရုံမှ အမူအကျင့်သိပ္ပံပါမောက္ခ ဒေါက်တာ မိုက်ကယ် တီ လဲဗီက “သက်ကြီးရွယ်အို အများစုသည် သေဆုံးချိန်အထိ မှတ်ဉာဏ်ကောင်းဆဲဖြစ်သည်” ဟုရေးသားခဲ့သည်။
သတ်သတ်မှတ်မှတ်အချက်များကို ပြန်မှတ်မိရာတွင် လူငယ်များသည် လူကြီးများထက် ပို၍မြန်မြန်မှတ်မိသည်မှာ မှန်ပါသည်။ သို့သော် “အချိန်ကိုထည့်မတွက်ပါက လူငယ်များမှတ်မိသည့်အရာ အားလုံးနီးပါးကို သက်ကြီးရွယ်အိုများသည် တဖြည်းဖြည်း မှတ်မိလာကြသည်” ဟု ဦးနှောက်နှင့်အာရုံကြော ပါရဂူ ရစ်ချက် ရက်စ်တတ်က ဆိုသည်။ အမှန်မှာ သင့်တော်သည့်ပညာရေးနှင့် လေ့ကျင့်မှုတို့အားဖြင့် သက်ကြီးရွယ်အိုများ၏ ကျန်းမာသောဦးနှောက်သည် ဆက်လက်သင်ယူနိုင်၊ မှတ်မိနိုင်ပြီး အချို့သောအရည်အသွေးများကိုပင် တိုးတက်လာစေနိုင်သည်။
မှတ်ဉာဏ်ပြဿနာများနှင့် ကုသနိုင်သောအခြေအနေများ
သို့သော် တစ်စုံတစ်ယောက်သည် စိုးရိမ်ဖွယ် မှတ်ဉာဏ်ဆိုင်ရာပြဿနာများ ကြုံတွေ့နေရပါက အသို့နည်း။ ထိုသို့ဖြစ်သည့်တိုင် သူ့အနေနှင့် မှတ်ဉာဏ်ချို့တဲ့မှုကို ပြဿနာဟု အလိုလိုမယူမှတ်သင့်ချေ။ သက်ကြီးပိုင်းတွင်ဖြစ်သည့် ကုသ၍ရနိုင်သော အခြားအခြေအနေအများက မှတ်ဉာဏ်ပြဿနာများနှင့် ရုတ်တရက်စိတ်ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေနိုင်၏။ ထိုသို့သော ပြဿနာများကို “အသက်ကြီးခြင်း” သို့မဟုတ် “သူငယ်ပြန်ခြင်း” ဟု တစ်ခါတစ်ရံ ဆရာဝန်များကပင် မှားယွင်းစွာအမည်တပ်ကြသည်။ ယင်းက သက်ကြီးပိုင်းလူနာများအား အရိုအသေကင်းမဲ့အောင် ပြုလုပ်လိုက်ခြင်းသာမက သင့်တော်သည့် ဆေးကုသမှုခံယူရန်လည်း အတားအဆီးဖြစ်ပေမည်။ ယင်းပြဿနာအချို့ကား အဘယ်အရာများဖြစ်နိုင်သနည်း။
အာဟာရချို့တဲ့ခြင်း၊ ရေဓာတ်ဆုတ်ယုတ်ခြင်း၊ သွေးအားနည်းခြင်း၊ ခေါင်းတွင်ထိခိုက်ဒဏ်ရာရခြင်း၊ သိုင်းရွိုက်ဂလင်းရောဂါဖြစ်ခြင်း၊ ဗီတာမင်ဓာတ်ချို့တဲ့ခြင်း၊ ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ သို့မဟုတ် ပတ်ဝန်းကျင်အပြောင်းအလဲကြောင့်ပင် ရုတ်တရက်စိတ်ရှုပ်ထွေးမှု ဖြစ်ပေါ်နိုင်သည်။ ရေရှည်စိတ်ဖိစီးမှုကြောင့် မှတ်ဉာဏ်ပြဿနာများ ဖြစ်ပေါ်နိုင်သည့်အပြင် ကူးစက်ရောဂါများက သက်ကြီးပိုင်းတွင် စိတ်ရှုပ်ထွေးမှုဖြစ်စေကြောင်း လူသိများသည်။ စိတ်ကျဝေဒနာကလည်း သက်ကြီးပိုင်းလူနာများတွင် မှတ်ဉာဏ်ချို့ယွင်းခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းတို့ကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် “စိတ်ရှုပ်ထွေးသည့်အခြေအနေ စတင်ဖြစ်ပေါ်လာခြင်းကို ကုမရသည့်သူငယ်ပြန်ခြင်းအဖြစ် လျစ်လျူရှုခြင်း သို့မဟုတ် ဖယ်ကြဉ်ထားခြင်း လုံးဝမပြုလုပ်သင့်” ဟု ဒေါက်တာလဲဗီက အကြံပြုသည်။ အသေအချာဆေးစစ်ချက်ယူခြင်းက ရောဂါလက္ခဏာဖြစ်ပေါ်စေသည့် အကြောင်းရင်းကိုသိရှိရန် အကူအညီဖြစ်စေပေမည်။
စိတ်ကျဝေဒနာကို ကိုင်တွယ်ဖြေရှင်းခြင်း
စိတ်ကျဝေဒနာသည် လူသားများအတွက်၊ ဘုရားသခင်၏ တည်ကြည်သောကျေးကျွန်များအတွက်ပင် အသစ်အဆန်းမဟုတ်ပေ။ လွန်ခဲ့သော အနှစ်နှစ်ထောင်နီးပါးက တမန်တော်ပေါလုသည် ခရစ်ယာန်ချင်းများကို ဤသို့အကြုံပြုခဲ့၏– “စိတ်ငယ်သောသူတို့ကို အားပေးကြလော့။” (၁ သက်သာလောနိတ် ၅:၁၄) ဖိစီးမှုများသော ယနေ့အချိန်တွင် ယင်းသို့ပြုရန် သာ၍လိုအပ်နေ၏။ သို့သော် ဝမ်းနည်းစရာမှာ သက်ကြီးရွယ်အိုများခံစားရသော စိတ်ကျဝေဒနာကို ရောဂါလက္ခဏာမသိ သို့မဟုတ် ရောဂါအမည်တပ်မှားလေ့ရှိကြသည်။
လူတို့သည် အသက်ကြီးလာလျှင် စိတ်ဆိုးသုန်မှုန်နေတတ်သည်ဟူသည့် အမြင်မှားမှုပျံ့နှံ့နေသောကြောင့် အခြားသူများနှင့် သက်ကြီးရွယ်အိုများကိုယ်တိုင်က ရောဂါလက္ခဏာများကို သက်ကြီးပိုင်းတွင် ဖြစ်တတ်သောအရာအဖြစ် ရှုမြင်ကြသည်။ “သို့သော် ယင်းသည် မမှန်ပါ။ သက်ကြီးရွယ်အိုများတွင် ဖြစ်ပေါ်သောစိတ်ကျဝေဒနာသည် သက်ကြီးပိုင်းတွင် ဖြစ်တတ်သောအရာတစ်ခု မဟုတ်ပါ” ဟု သက်ကြီးရွယ်အိုများကို ကြည့်ရှုစောင့်ရှောက်ခြင်း စာအုပ်က ဖော်ပြသည်။
သာမန် သို့မဟုတ် အခိုက်အတန့်ဝမ်းနည်းခြင်းနှင့် မတူဘဲ ပြင်းထန်သောစိတ်ကျဝေဒနာ ရေရှည်ဖြစ်ခြင်းသည် ပြင်းထန်သည့်ရောဂါဖြစ်ပြီး စိုးရိမ်ဖွယ်အကျိုးဆက်များ ဖြစ်ပေါ်စေနိုင်သောကြောင့် လျစ်လျူမရှုသင့်ချေ။ စိတ်ကျဝေဒနာကို မကုသပါက ပို၍ဆိုးရွားလာနိုင်ပြီး အလွန်အမြစ်တွယ်လာရာ စိတ်ဓာတ်ကျနေသည့်လူနာများသည် နောက်ဆုံး ကိုယ့်ကိုယ်ကိုသတ်သေကြသည်။ သက်ကြီးလူနာများတွင် စိတ်ကျဝေဒနာ၏ ကြေကွဲဖွယ်အဖြစ်ဆိုးမှာ “စိတ်ရောဂါအားလုံးတွင် ကုသ၍ရနိုင်သော ရောဂါအများစုသည် ပို၍သေစေနိုင်သော အလားအလာရှိနေခြင်းဖြစ်သည်” ဟု ဒေါက်တာ လဲဗီက ရှင်းပြသည်။ လူနာသည် စိတ်ကျဝေဒနာဆက်ခံစားနေရပါက စိတ်ဝေဒနာကု ကျွမ်းကျင်သည့်ဆရာဝန်ထံတွင် ဆေးကုသမှုခံယူဖို့ လိုအပ်ပေမည်။ *—မာကု ၂:၁၇။
ယေဟောဝါသည် “အလွန်သနားစုံမက်တော်မူကြောင်း” စိတ်ကျဝေဒနာခံစားရသူများ စိတ်ချနိုင်ကြပါသည်။ (ယာကုပ် ၅:၁၁) ကိုယ်တော်သည် “နှလုံးကြေကွဲသောသူတို့ကို နီးတော်မူ၏။” (ဆာလံ ၃၄:၁၈) အမှန်ပင်၊ အထူးသဖြင့် ကိုယ်တော်သည် “စိတ်ညှိုးငယ်လျက်ရှိသူတို့ကို နှစ်သိမ့်စေတော်မူတတ်သော” အရှင်ဖြစ်တော်မူ၏။—၂ ကောရိန္သု ၇:၆၊ သမ္မာ။
အသုံးမဝင်ဟုခံစားရန်မလို
လွန်ခဲ့သောနှစ်ပေါင်း ၃,၀၀၀ ကျော်က သစ္စာရှိဘုရင်ဒါဝိဒ် ဤသို့ဆုတောင်းခဲ့သည်– “အကျွန်ုပ်ကို အိုသောအခါ ပယ်တော်မမူပါနှင့်။ အားလျော့သောအခါ စွန့်ပစ်တော်မမူပါနှင့်။” (ဆာလံ ၇၁:၉) ၂၁ ရာစုတွင်ပင် ယင်းခံစားချက်မျိုးသည် အသုံးမဝင်ဟုယူမှတ်ခံရမည်ကို စိုးရိမ်သော သက်ကြီးရွယ်အိုများအတွက် မထူးဆန်းတော့ပေ။ ကျန်းမာရေးချို့ယွင်းမှုကြောင့် ကန့်သတ်ချက်များရှိလာခြင်းက အရည်အချင်းမပြည့်မီဟူသော ခံစားချက်များ အလွယ်တကူဖြစ်ပေါ်စေပြီး မဖြစ်မနေ အငြိမ်းစားယူရခြင်းက ကိုယ့်ကိုယ်ကိုတန်ဖိုးထားစိတ်ကို ယုတ်လျော့စေသည်။
သို့သော် ကျွန်ုပ်တို့ မလုပ်ဆောင်နိုင်သည့်အရာကြောင့် စိတ်ဓာတ်ကျနေခြင်းထက် လုပ်နိုင်သည့်အရာအပေါ် အာရုံစိုက်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုတန်ဖိုးထားစိတ်နှင့် အသုံးဝင်သည်ဟူသောခံစားချက်ကို ထိန်းသိမ်းထားနိုင်ပါသည်။ ယင်းနှင့်ပတ်သက်၍ ယူအဲန်အစီရင်ခံစာက ဤသို့အကြံပြု၏– ‘စနစ်တကျနှင့် အလွတ်သဘောသင်ယူလေ့လာခြင်း၊ လူထုအဖွဲ့အစည်းများနှင့် ဘာသာရေးလုပ်ဆောင်မှုများတွင် ပါဝင်ခြင်းအားဖြင့် ဆက်၍တိုးတက်နေပါ။’ ဆွစ်ဇာလန်နိုင်ငံမှ ယေဟောဝါသက်သေတစ်ဦးဖြစ်သူ အားနက်စ်သည် မုန့်ဖုတ်ကျွမ်းကျင်သူဖြစ်ပြီး ယင်းအလုပ်မှ အငြိမ်းစားယူထားသည်။ သူသည် ‘သင်ယူလေ့လာခြင်းအားဖြင့် ဆက်၍တိုးတက်နေ’ ရာတွင် အကျိုးခံစားရသည့် ပုံနမူနာဖြစ်သည်။ အသက် ၇၀ ကျော်အရွယ်တွင် ကွန်ပျူတာတစ်လုံးဝယ်ပြီး သင်ယူရန် သူဆုံးဖြတ်ခဲ့၏။ သူနှင့် သက်တူရွယ်တူများက နည်းပညာကြောင့် ထိတ်လန့်တွန့်ဆုတ်နေချိန်တွင် သူအဘယ်ကြောင့် ယင်းသို့ပြုလုပ်ခဲ့သနည်း။ သူဤသို့ရှင်းပြ၏– “ပထမတစ်ချက်က ကျွန်တော် အသက်ကြီးနေပြီဖြစ်တဲ့အတွက် ကျွန်တော့်ရဲ့မှတ်ဉာဏ်ကို ထက်မြက်နေစေဖို့ဖြစ်တယ်။ ဒုတိယအချက်က နည်းပညာနဲ့အညီ လိုက်နိုင်ရင် ကျမ်းစာသုတေသနပြုလုပ်ခြင်းနဲ့ ခရစ်ယာန်အသင်းတော်လုပ်ငန်းမှာ အကူအညီဖြစ်နိုင်တယ်။”
အကျိုးဖြစ်ထွန်းသောလုပ်ငန်းတွင် ပါဝင်ခြင်းက သက်ကြီးရွယ်အိုများ၏ ဤအခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည်– ယင်းက ရည်ရွယ်ချက်ရှိသည်၊ ပြည့်စုံသည် ဟူသောခံစားချက် ဖြစ်ပေါ်စေပြီး ဝင်ငွေအချို့ပင် ရရှိနိုင်ပေမည်။ ပညာရှိဘုရင်ရှောလမုန်က “ရွှင်လန်းခြင်းအမှုနှင့် အသက်ရှင်စဉ်တွင် ကျေးဇူးပြုခြင်း . . . လူတိုင်းစားသောက်ခြင်း . . .၊ မိမိကြိုးစားအားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်း” တို့သည် လူသားအတွက် ဘုရားသခင်၏ကျေးဇူးတော်ဖြစ်ကြောင်း သိရှိခဲ့သည်။—ဒေ. ၃:၁၂၊ ၁၃။
ကျွန်ုပ်တို့တတ်နိုင်သ၍ လုပ်ဆောင်ခြင်း
လူ့အဖွဲ့အစည်းများစွာတွင် သက်ကြီးရွယ်အိုများက မျိုးဆက်သစ်များအား ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးစံနှုန်းများအပြင် အသိပညာတို့ကို လက်ဆင့်ကမ်းဝေမျှပေးကြသည်။ ဘုရင်ဒါဝိဒ် ဤသို့ရေးသားခဲ့၏– “အိုဘုရားသခင် အကျွန်ုပ်အသက်ကြီး၍ ဆံပင်ဖြူသည်ကာလတိုင်အောင် ယခုလူများတို့အား ကိုယ်တော်၏အစွမ်းသတ္တိကိုလည်းကောင်း၊ နောက်ဖြစ်လတ္တံ့သောသူအပေါင်းတို့အား တန်ခိုးတော်ကိုလည်းကောင်း အကျွန်ုပ်မပြမီတွင် အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။”—ဆာလံ ၇၁:၁၈။
သို့သော် သက်ကြီးရွယ်အိုများသည် ကျန်းမာရေး သို့မဟုတ် အခြေအနေများကြောင့် ကန့်သတ်ချက်များစွာရှိလာပါက အဘယ်သို့နည်း။ ဤခက်ခဲသည့်အခြေအနေကြောင့် ဝမ်းနည်းနေသော အသက် ၇၉ နှစ်အရွယ် ယေဟောဝါသက်သေတစ်ဦးဖြစ်သူ ဆာရာသည် သူ၏စိတ်ပျက်အားလျော့မှုကို ခရစ်ယာန်အကြီးအကဲအား ထုတ်ဖော်ပြောခဲ့၏။ အကြီးအကဲက သူ့အား ‘ဖြောင့်မတ်သူ၏ဆုတောင်းချက်သည် အလွန်တန်ခိုးပါ၏’ ဟူသော ကျမ်းစာမူကို ပြန်ပြောပြသည်။ (ယာကုပ် ၅:၁၆၊ သမ္မာ) သူဤသို့ရှင်းပြ၏– “ညီအစ်မက ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တယ်။ အခု ကျွန်တော်တို့အတွက် သီးသန့်ဆုတောင်းပေးမယ်ဆိုရင် အဲဒီဆက်ဆံရေးကနေ ကျန်တဲ့သူတွေကို အကျိုးခံစားခွင့်ပြုနိုင်မှာဖြစ်တယ်။ ကျွန်တော်တို့အကျိုးအတွက် ညီအစ်မရဲ့ဆုတောင်းချက်တွေ လိုအပ်တယ်။” ဤစကားများက သူ့ကိုအလွန်အားရှိစေခဲ့သည်။
ဆာရာသဘောပေါက်ခဲ့သကဲ့သို့ သက်ကြီးရွယ်အိုများအနေနှင့် အခြားသူတို့အကျိုးအတွက် နေ့ညမပြတ် ကိုယ့်ကိုယ်ကို အသုံးတော်ခံရာတွင် ဆုတောင်းခြင်းသည် အကျိုးပြုပြီး အဓိပ္ပာယ်ပြည့်ဝသည့်နည်းလမ်း ဖြစ်သည်။ (ကောလောသဲ ၄:၁၂; ၁ တိမောသေ ၅:၅) တစ်ချိန်တည်းတွင် ထိုသို့သော ဆုတောင်းချက်များက တည်ကြည်သော သက်ကြီးရွယ်အိုများအား ‘ဆုတောင်းချက်များကို နားထောင်တော်မူသောဘုရားသခင်’ ယေဟောဝါထံ ပိုနီးကပ်စေရန် ကူညီပေးသည်။—ဆာလံ ၆၅:၂; မာကု ၁၁:၂၄။
ကန့်သတ်ချက်များရှိသော်လည်း မိမိတို့၏ အတွေ့အကြုံများနှင့် အစွမ်းအစများကို ရက်ရောစွာဝေမျှကြသော သက်ကြီးရွယ်အိုများသည် ၎င်းတို့၏အသိုင်းအဝိုင်းတွင် အဖိုးတန်သူများဖြစ်၏။ “ဖြူသောဆံပင်သည် ဖြောင့်မတ်ခြင်းတရားလမ်း၌တည်လျှင် ဘုန်းကြီးသောသရဖူဖြစ်” ကြောင်း သူတို့သက်သေထူကြပါသည်။—သု. ၁၆:၃၁။
သို့သော် ဤသို့မေးကြပေမည်– ကျွန်ုပ်တို့ အသက်အရွယ်ကြီးလာသည့်အခါ အဘယ်အနာဂတ်ရှိမည်နည်း။ သက်ကြီးပိုင်းတွင် သာ၍ကောင်းသောအသက်တာကို အမှန်တကယ် မျှော်လင့်နိုင်မည်လော။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 5 သုတေသီအချို့က “အသက် ၆၅ နှစ်အထက်ရှိသူ ၉၀ ရာခိုင်နှုန်းနီးပါးသည် မှတ်ဉာဏ်ချို့တဲ့မှုမရှိ” ဟုဆိုကြသည်။ မှတ်ဉာဏ်ချို့တဲ့မှု၏ကုထုံးအကြောင်း ထပ်ဆင့်အချက်အလက်များကို ၂၀၀၁၊ ဇန်နဝါရီ ၈ ရက်ထုတ် နိုးလော့! “အဲလ်ဇိုင်းမားရောဂါ—ဝေဒနာကိုသက်သာစေခြင်း” ဆောင်းပါးတွင် ကြည့်ပါ။
^ အပိုဒ်၊ 13 နိုးလော့!သည် မည်သည့်ဆေးကုသမှုကိုမျှ ထောက်ခံပေးနေခြင်းမဟုတ်ပါ။ ခရစ်ယာန်များအနေဖြင့် မိမိတို့ခံယူသော ကုသနည်းသည် သမ္မာကျမ်းစာမူများနှင့်အညီဖြစ်စေရန် သေချာစေသင့်သည်။ နိုးလော့! ၂၀၀၄၊ ဩဂုတ် ၈ ရက်ထုတ် “တီးမိခေါက်မိ စိတ်ဝေဒနာများ” ဆောင်းပါးကိုရှု။
[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]
အပြေးအလွှားလှုပ်ရှားနေရသော မျက်မှောက်ခေတ်လောကတွင် သက်ကြီးရွယ်အိုများက မိမိတို့မေ့လျော့ခံနေရသည်ဟု ခံစားကြရ
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
သက်ကြီးရွယ်အိုများကို သင်ကူညီနိုင်ပုံ
▪ သူတို့၏ ဂုဏ်သိက္ခာကို လေးစားပါ။ “အသက်ကြီးသောသူကို ကျပ်တည်းစွာမဆုံးမနှင့်။ အဘကဲ့သို့မှတ်၍ တောင်းပန်လော့။ . . . အသက်ကြီးသောမိန်းမတို့ကို အမိကဲ့သို့ . . . မှတ်၍ကျင့်ကြလော့။”—၁ တိမောသေ ၅:၁၊ ၂။
▪ ဂရုစိုက်နားထောင်ပါ။ “နားကြားခြင်းငှာ လျင်မြန်ကြစေ။ စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်း နှေးကြစေ။”—ယာကုပ် ၁:၁၉။
▪ ထောက်ထားစာနာမှု တင်ပြပါ။ ‘သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်းရှိကြလော့။ စိတ်ကြင်နာခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်းရှိကြလော့။ အချင်းချင်းရန်တုံ့မမူ၊ ပြန်၍မကဲ့ရဲ့ကြနှင့်။’—၁ ပေတရု ၃:၈၊ ၉။
▪ အားပေးမှုလိုအပ်သည့် အချိန်ကို ပိုင်းခြားသိမြင်ပါ။ “အခန့်သင့်ပြောဆိုသောစကားတစ်ခွန်းသည် ငွေထည်တွင်ရှိသော ရွှေပန်းသီးများနှင့်တူသည်။”—သု. ၂၅:၁၁၊ ကဘ။
▪ သင်၏လုပ်ဆောင်မှုများတွင် သူတို့ကို ပါဝင်စေပါ။ “ဧည့်သည်ဝတ်ကို ကြိုးစား၍ပြုကြလော့။”—ရောမ ၁၂:၁၃။
▪ လက်တွေ့ကျကျ ကူညီပေးပါ။ ‘အကြင်သူသည် လောကစည်းစိမ်ဥစ္စာရှိလျက်ပင် မိမိညီအစ်ကိုဆင်းရဲခြင်းကိုမြင်၍ သနားခြင်းစိတ်ကိုချုပ်တည်း၏၊ ထိုသူ၌ ဘုရားသခင်၏မေတ္တာတော်သည် အဘယ်သို့တည်မည်နည်း။ ချစ်သားတို့၊ ငါတို့သည် စကားပြောကာမျှအားဖြင့်သာမချစ်ဘဲ၊ စိတ်ပါကိုယ်ရောက် ဧကန်အမှန်ချစ်ကြကုန်အံ့။’—၁ ယောဟန် ၃:၁၇၊ ၁၈။
▪ စိတ်ရှည်ပါ။ “သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့။”—ကောလောသဲ ၃:၁၂။
သက်ကြီးရွယ်အိုများကို ကြည့်ရှုစောင့်ရှောက်ခြင်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကိုယ်တော်တိုင်၏ စံနှုန်းများကို ရိုသေလေးစားကြောင်း တင်ပြကြသည်။ အကြောင်းမှာ ကိုယ်တော်၏ နှုတ်မြွက်တော်က ဤသို့ဆို၏– “အသက်ကြီးသောသူ၏မျက်နှာကို ရိုသေရမည်။”—ဝတ်ပြုရာ ၁၉:၃၂။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
အသေအချာ ဆေးစစ်ချက်ယူခြင်းက အကျိုးရှိနိုင်