ဘုရားသခင်ကို ကျွန်မ ယုံကြည်ကိုးစားတတ်ခဲ့
ဘုရားသခင်ကို ကျွန်မ ယုံကြည်ကိုးစားတတ်ခဲ့
အဲလ်လာ တွန်မ် ပြောပြသည်
ရုရှားနယ်စပ်နဲ့မိုင် ၄၀ လောက်ဝေးတဲ့ အက်စ်တိုးနီးယားတောင်ပိုင်း အိုတီပါမြို့လေးအနီးမှာ ကျွန်မတို့မိသားစုနေထိုင်ကြတယ်။ ကျွန်မ အထက်တန်းကျောင်းပြီးလို့ လအနည်းငယ်အကြာဖြစ်တဲ့ ၁၉၄၄၊ အောက်တိုဘာလမှာ ဒုတိယကမ္ဘာစစ်လည်း ပြီးခါနီးပြီ။ ရုရှားတပ်က ဂျာမန်တွေကို အက်စ်တိုးနီးယားကနေ တိုက်ထုတ်တဲ့အချိန်မှာ ကျွန်မတို့နဲ့ အိမ်နီးနားချင်းအပါအဝင် အယောက် ၂၀ လောက်က တိရစ္ဆာန်တွေနဲ့အတူ တောထဲမှာ ပုန်းနေကြရတယ်။
ကျွန်မတို့ပတ်လည်မှာ ဗုံးတွေကျပြီး ပေါက်ကွဲခဲ့တဲ့ နှစ်လလုံးလုံး စစ်မြေပြင်အလယ်မှာ ကျွန်မတို့ ပိတ်မိနေတယ်။ ကျွန်မတို့ အတူတကွထိုင်နေကြပြီး ကျွန်မကတော့ သမ္မာကျမ်းစာထဲက ယေရမိမြည်တမ်းစကားကို ဖတ်နေတယ်။ ကျွန်မ ကျမ်းစာဖတ်တာ ဒါပထမဆုံးအကြိမ်ပဲ။ တစ်နေ့ ကျွန်မတစ်ယောက်တည်း တောင်ကုန်းပေါ်တက်သွားတယ်။ “စစ်ပြီးသွားတဲ့အခါ တနင်္ဂနွေနေ့တိုင်း ချာ့ခ်ျတက်ပါ့မယ်” လို့ ဒူးထောက်ဆုတောင်းခဲ့တယ်။
မကြာခင် စစ်မြေပြင်က အနောက်ဘက်ကို ပြောင်းသွားတယ်။ နောက်ဆုံး ၁၉၄၅၊ မေလမှာ ဂျာမနီ လက်နက်ချလိုက်လို့ ဥရောပမှာ ဒုတိယကမ္ဘာစစ်ပြီးသွားတယ်။ အဲ့ဒီအချိန်မှာ ဘုရားသခင်ကို ကျွန်မကတိပေးထားတဲ့အတိုင်း အပတ်စဉ် ချာ့ခ်ျတက်ခဲ့တယ်။ ဒါပေမဲ့ အသက်ကြီးတဲ့အမျိုးသမီး လူနည်းစုပဲ တက်ကြတယ်။ အဲ့ဒီမှာနေရတာ စိတ်ကသိကအောက်ဖြစ်တယ်။ တစ်ယောက်ယောက်က ကျွန်မတို့အိမ်ကို မထင်မမှတ်ဘဲ ရောက်လာရင် သမ္မာကျမ်းစာကို စားပွဲအောက်မှာ ဝှက်ထားလိုက်တယ်။
သိပ်မကြာခင်မှာပဲ ရပ်ရွာကျောင်းတစ်ကျောင်းမှာ ကျွန်မ ဆရာမအလုပ်ရတယ်။ အဲ့ဒီအချိန်မှာ ကွန်မြူနစ်အစိုးရ အုပ်ချုပ်နေတဲ့အတွက် လူအများစုက ဘာသာတရားမဲ့ဝါဒီသမားတွေဖြစ်ကုန်တယ်။ ဒါပေမဲ့ ကျွန်မကတော့ ကွန်မြူနစ်ပါတီထဲ မဝင်ဘူး။ ကလေးတွေကို ရိုးရာအကသင်ပေးတဲ့ လူမှုရေးလုပ်ငန်းတွေနဲ့ အလုပ်များခဲ့တယ်။
သက်သေခံများနှင့် တွေ့ဆုံခဲ့ပုံ
ကလေးတွေအတွက် အကဝတ်စုံလိုတာကြောင့် ၁၉၄၅၊ ဧပြီလမှာ အင်္ကျီချုပ်တော်တဲ့ အဲမလီ ဆန်နာမီစ်နဲ့ သွားတွေ့ခဲ့တယ်။ သူဟာ ယေဟောဝါသက်သေတစ်ယောက်ဖြစ်တယ်ဆိုတာ ကျွန်မမသိလိုက်ဘူး။ သူက “ကမ္ဘာ့အခြေအနေနဲ့ပတ်သက်ပြီး ဘယ်လိုထင်သလဲ” လို့ကျွန်မကိုမေးတယ်။ အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စ္စကိုမှာ ငြိမ်းချမ်းရေးညီလာခံကျင်းပနေတဲ့အတွက် ကျွန်မက “မကြာခင် ဒီအုပ်ချုပ်မှု ကျဆုံးသွားလိမ့်မယ်။ ငြိမ်းချမ်းရေးညီလာခံက ဒီအုပ်ချုပ်မှုကို ဖြုတ်ချပစ်မယ်လို့ ကျွန်မထင်တယ်” ဆိုပြီးပြောခဲ့တယ်။
ငြိမ်းချမ်းရေးညီလာခံက တည်မြဲတဲ့အကျိုး ပေးနိုင်မှာမဟုတ်ဘူးလို့ အဲမလီကပြောပြီး ဘာကြောင့်မဖြစ်နိုင်တာလဲဆိုတာကို ကျမ်းစာဖွင့်ပြခဲ့တယ်။ နူးညံ့သိမ်မွေ့တဲ့ သက်လတ်ပိုင်းအရွယ် ဒီအမျိုးသမီးရဲ့ စကားကို ကျွန်မနားထောင်ချင်စိတ်မရှိဘူး။ ဒါနဲ့ ကျွန်မ ထွက်မသွားခင် သူက “အာဒံနဲ့ဧဝကို ဘယ်မှာနေဖို့ ဘုရားသခင်ရည်ရွယ်ထားသလဲ” ဆိုပြီး လှမ်းမေးလိုက်တယ်။ ကျွန်မ,မဖြေနိုင်တဲ့အတွက် သူက “ရှင့်အဖေကို မေးကြည့်ပါ” ဆိုပြီးပြောခဲ့တယ်။
အိမ်ပြန်ရောက်တော့ သူပြောတဲ့အတိုင်း အဖေကိုမေးကြည့်တယ်။ အဖေက အဖြေမပေးနိုင်တဲ့အတွက် ကျမ်းစာလေ့လာဖို့ မလိုဘူး၊ ယုံကြည်ခြင်းရှိဖို့ပဲလိုတယ်လို့ ပြန်ပြောတယ်။ ဝတ်စုံတွေ ပြန်သွားရွေးတဲ့အခါ သူ့ရဲ့မေးခွန်းကို အဖေမဖြေနိုင်ဘူးလို့ ကျွန်မပြောလိုက်တယ်။ အဲ့ဒီအခါ အဲမလီနဲ့သူ့အစ်မက သမ္မာကျမ်းစာ ယူလာပြီး ဧဒင်ဥယျာဉ်စံအိမ်ကို စောင့်ရှောက်ဖို့၊ ထာဝစဉ် ပျော်ရွှင်စွာနေထိုင်သွားဖို့ အာဒံနဲ့ဧဝကို ဘုရားသခင်မိန့်မှာတယ်ဆိုတာ ဖတ်ပြတယ်။ အာဒံနဲ့ဧဝ ကလေးတွေမွေးပြီး ပရဒိသုကို ကမ္ဘာတစ်ခွင် တိုးချဲ့သွားဖို့ ဘုရားသခင်ရည်ရွယ်ထားတယ်ဆိုတာကို သမ္မာကျမ်းစာကနေ ဖွင့်ပြခဲ့တယ်။ ကျမ်းစာအထောက်အထားကြောင့် ကျွန်မ စိတ်ဝင်စားသွားတယ်။—ကမ္ဘာဦး ၁:၂၈; ၂:၈၊ ၉၊ ၁၅; ဆာလံ ၃၇:၂၉; ဟေရှာယ ၄၅:၁၈; ဗျာ. ၂၁:၃၊ ၄။
ကျွန်မ၏ ဦးဆုံးခရစ်ယာန်အစည်းအဝေး
ကျွန်မက နွေရာသီ ဆရာအတတ်သင်ကျောင်း သုံးလတက်ဖို့ တာတူးမြို့ကိုသွားရမှာမို့ အဲမလီက အဲ့ဒီမြို့မှာရှိတဲ့ သက်သေခံတစ်ယောက်ရဲ့လိပ်စာကို ပေးလိုက်တယ်။ ဖန်ဆင်းခြင်းစာအုပ်ကိုလည်း ပေးလိုက်တယ်။ အဲ့ဒီစာအုပ်က အခြေခံကျမ်းစာအမှန်တရားကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတဲ့အတွက် ကျွန်မသဘောကျခဲ့တယ်။ ဒါကြောင့် ၁၉၄၅၊ ဩဂုတ် ၄ ရက်နေ့မှာ ပေးလိုက်တဲ့လိပ်စာအတိုင်း ကျွန်မသွားခဲ့တယ်။
တံခါးခေါက်တဲ့အခါ ထူးသံမကြားလို့ နောက်တစ်ခေါက် ခပ်ကြမ်းကြမ်းခေါက်လိုက်တော့ အိမ်နီးချင်းတစ်ယောက် ထွက်လာပြီး ၅၆ ဆာလ်မီလမ်းလို့ရေးထားတဲ့ လိပ်စာသစ်ကိုပေးတယ်။ “ဒီမှာ ခရစ်ယာန်ဘာသာရေးအစည်းအဝေး ကျင်းပသလား” ဆိုပြီး အလုပ်ခန်းထဲမှာ အာလူးအခွံခွာနေတဲ့ အမျိုးသမီးတစ်ယောက်ကို မေးလိုက်တယ်။ ကျွန်မကို မလိုလားတဲ့ပုံစံနဲ့ ဒေါသတကြီး မောင်းထုတ်တယ်။ မရမကမေးတော့မှ ကျမ်းစာလေ့လာနေတဲ့အုပ်စုနဲ့ပူးပေါင်းဖို့ အိမ်ပေါ်တက်ခိုင်းတယ်။ မကြာခင် နေ့လယ်စာစားဖို့ နားကြတော့ ကျွန်မလည်း ပြန်ဖို့ပြင်လိုက်တယ်။ ဒါပေမဲ့ တချို့က ဆက်နေဖို့ ကျွန်မကို တိုက်တွန်းကြတယ်။
နေ့လယ်အနားယူချိန်မှာ ဘေးပတ်လည်ကို ကျွန်မကြည့်လိုက်တော့ ပြတင်းပေါက်နားမှာထိုင်နေတဲ့ ဖြူဖပ်ဖြူရော်နဲ့ အရိုးပေါ်အရေတင်နေတဲ့ လူငယ်နှစ်ယောက်ကို တွေ့လိုက်ရတယ်။ စစ်အတွင်းက အဖမ်းမခံရအောင် နေရာအမျိုးမျိုးမှာ တစ်နှစ်ကျော် ပုန်းနေရတယ်လို့ နောက်မှ ကျွန်မသိရတယ်။ * မွန်းလွဲပိုင်းအစီအစဉ်မှာ ဖရိဒ်ရိခ် အော်ပဲရီရဲ့ဟောပြောချက်မှာ “အာမဂေဒုန်” ဆိုတဲ့စကားလုံးကို သုံးသွားတယ်။ အဲ့ဒီစကားလုံးကို ကျွန်မ,မသိတဲ့အတွက် သူ့ကို ပြန်မေးကြည့်တဲ့အခါ ကျမ်းစာဖွင့်ပြီး အဲ့ဒီစကားလုံးကိုပြတယ်။ (ဗျာ. ၁၆:၁၆) ကျွန်မအံ့သြသွားတာကို သူမြင်တဲ့အခါ အဲ့ဒီစကားလုံးက ကျွန်မအတွက် အသစ်အဆန်းဖြစ်နေတာကို သူအံ့သြသွားပုံရတယ်။
ဒီအစည်းအဝေးက သိကျွမ်းပြီးသား၊ ယုံကြည်စိတ်ချရတဲ့ သက်သေခံတွေအတွက် စီစဉ်ထားတာလို့ ကျွန်မသိခဲ့ရတယ်။ ဒါက စစ်ပြီးတဲ့နောက်မှာ ပထမဆုံးကျင်းပတဲ့ အစည်းအဝေးဆိုတာ နောက်မှ ကျွန်မသိလိုက်ရတယ်။ အဲ့ဒီအချိန်ကစပြီး ဘုရားသခင်ကို ယုံကြည်ကိုးစားဖို့လိုတယ်ဆိုတာ သဘောပေါက်ခဲ့တယ်။ (သု. ၃:၅၊ ၆) နောက်တစ်နှစ်အကြာ ကျွန်မအသက် ၂၀ ရှိတဲ့ ၁၉၄၆၊ ဩဂုတ်လမှာ စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါထံ အပ်နှံပြီး နှစ်ခြင်းခံခဲ့တယ်။
မိသားစုအတိုက်အခံကို ဖြေရှင်းခြင်း
အစိုးရက ကျောင်းမှာ ဘုရားသခင်မဲ့ဝါဒကို အတင်းသင်ခိုင်းတဲ့အတွက် ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ ကျွန်မရဲ့ကိုယ်ကိုကိုယ်သိတဲ့စိတ် အနှောင့်အယှက်ဖြစ်လာတယ်။ ဒါနဲ့ ကျွန်မ အလုပ်ပြောင်းချင်လာတယ်။ အမေကိုပြောပြတော့ အမေကဒေါသတကြီးနဲ့ ကျွန်မရဲ့ဆံပင်ကိုဆွဲပြီး ရိုက်ပါလေရော။ ဒါနဲ့ အိမ်ကနေထွက်သွားဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ အဖေက ကျွန်မကို ကူညီပေးမယ်၊ သည်းခံလိုက်လို့ အားပေးခဲ့တယ်။
မောင်လေးအန့်စ်ကလည်း အမေနဲ့ပေါင်းပြီး ကျွန်မကို အတိုက်အခံလုပ်တယ်။ တစ်နေ့ ကျွန်မဆီကနေ စာအုပ်တချို့တောင်းဖတ်ပြီး သူအရမ်းသဘောကျသွားတယ်။ ဒါနဲ့ အမေ ဒေါသူပုန်ထပါလေရော။ အန့်စ်က ကျောင်းမှာတောင် ဘုရားသခင်အကြောင်း ပြောလာပြီ။ ဒါပေမဲ့ ညှဉ်းပန်းနှိပ်စက်ခံရတဲ့အခါ သက်သေခံတွေနဲ့ သူမပေါင်းတော့ဘူး။ အဲ့ဒီနောက်မကြာခင် ရေကူးဒိုင်ဗင်ထိုးရာကနေ ခေါင်းမှာဒဏ်ရာရသွားတယ်။ အကြောသေသွားတဲ့အတွက် ထမ်းစင်နဲ့ခေါ်လာရတယ်။ ဒါပေမဲ့ သတိရှိနေတုန်းပဲ။ “ကျွန်တော့်ကို ယေဟောဝါ ခွင့်လွှတ်ပါ့မလား” ဆိုပြီး သူမေးတယ်။ “ခွင့်လွှတ်မှာပါ” လို့ကျွန်မပြောခဲ့တယ်။ ရက်အနည်းငယ်အကြာမှာ အန့်စ် ကွယ်လွန်သွားတယ်။ အဲ့ဒီတုန်းက သူ့အသက် ၁၇ နှစ်ပဲရှိသေးတယ်။
၁၉၄၇၊ စက်တင်ဘာလမှာ ကျောင်းဆရာမအလုပ်ကနေ ထွက်လိုက်တယ်။ အမေက ကျွန်မကို ပိုပြီးအတိုက်အခံလုပ်လာတယ်။ ကျွန်မရဲ့အဝတ်အစားတွေအားလုံးကို အမေလွှင့်ပစ်တဲ့အခါ ကျွန်မ အိမ်ကနေဆင်းလာလိုက်တယ်။ ဆန်နာမီစ်ညီအစ်မနှစ်ယောက်က ကျွန်မကို နေစရာပေးတယ်။ ယေဟောဝါဟာ ကိုယ်တော့်ရဲ့ကျေးကျွန်တွေကို ဘယ်တော့မှ မစွန့်ဘူးဆိုတဲ့ သူတို့ရဲ့သတိပေးချက်တွေက ကျွန်မအတွက် အားဆေးတစ်ခွက်ပဲ။
စစ်ပြီးကာလ အက်စ်တိုးနီးယားတွင် စမ်းသပ်မှုများ
ဆန်နာမီစ်ညီအစ်မက ကျွန်မကို သူတို့နဲ့အတူ စိုက်ပျိုးမွေးမြူရေးခြံမိသားစုတွေအတွက် အင်္ကျီချုပ်ခိုင်းတယ်။ ဒါနဲ့ သူတို့ကို ကျမ်းစာအမှန်တရား မကြာမကြာ ပြောပြနိုင်ခဲ့တယ်။ ကျွန်မဟာ အင်္ကျီချုပ်တတ်ရုံမက ခရစ်ယာန်ဓမ္မအမှုမှာ အတွေ့အကြုံအများကြီးရခဲ့လို့ သိပ်ပျော်ဖို့ကောင်းတယ်။ ကျွန်မက အင်္ကျီချုပ်တဲ့အပြင် သင်္ချာနည်းပြလည်းလုပ်တယ်။ ဒါပေမဲ့ အာဏာပိုင်တွေက ၁၉၄၈ ခုနှစ်ကစပြီး သက်သေခံတွေကို စဖမ်းပါလေရော။
နောက်တစ်နှစ် အောက်တိုဘာလမှာ ကျွန်မ စိုက်ပျိုးမွေးမြူရေးခြံမှာ အလုပ်လုပ်နေတုန်း အာဏာပိုင်တွေက ကျွန်မကိုဖမ်းဖို့ ဆန်နာမီစ်တို့အိမ်ကို လာသွားတယ်လို့ပြောတယ်။ ဒါနဲ့ ညီအစ်ကိုယူဂို စူစီရဲ့ခြံထဲမှာ နေစရာသွားရှာတဲ့အခါ အခုလေးတင်ပဲ သူ့ကို ဖမ်းသွားတယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်မ အင်္ကျီချုပ်ပေးခဲ့တဲ့ အမျိုးသမီးတစ်ယောက်က သူ့အိမ်မှာနေခွင့်ပေးတယ်။ နောက်ပိုင်း ကျွန်မဟာ စိုက်ပျိုးမွေးမြူရေးခြံတစ်ခုပြီးတစ်ခုမှာ ပြောင်းရွှေ့ပြီး အင်္ကျီလည်းချုပ်ပေးရင်း ဟောလည်းဟောပြောခဲ့တယ်။
ဆောင်းဝင်လာတော့ တာတူးမြို့က ကျွန်မထက် အသက်နည်းနည်းပိုကြီးတဲ့ ထက်သန်တဲ့လူငယ်သက်သေခံ လီန်ဒါ မက်တီခ်ရဲ့အိမ်မှာ ကျွန်မကို ဆိုဗီယက်အစိုးရလုံခြုံရေးကော်မတီ (ကေဂျီဘီ) ကဖမ်းမိသွားတယ်။ ကျွန်မကိုဖမ်းပြီး စစ်ဆေးမေးမြန်းခဲ့တယ်။ လူငယ်ရဲအရာရှိတွေက ကျွန်မရဲ့အဝတ်အစားတွေကိုချွတ်ခိုင်းပြီး ပြူးတူးပြဲတဲဝိုင်းကြည့်နေကြတဲ့အတွက် ကျွန်မအရှက်ကွဲခဲ့ရတယ်။ ဒါပေမဲ့ ယေဟောဝါဆီ ဆုတောင်းပြီးတဲ့နောက်မှာ စိတ်ငြိမ်သက်မှုခံစားခဲ့ရတယ်။
နောက်ပိုင်းမှာ ကျောတစ်ချစာတောင်မရှိတဲ့ အခန်းကျဉ်းလေးထဲ ကျွန်မကိုထည့်လိုက်တယ်။ စစ်ဆေးမေးမြန်းချိန်လောက်ပဲ အပြင်ခေါ်ထုတ်တယ်။ အရာရှိတွေက “ဘုရားသခင်ကိုငြင်းပယ်ဖို့ မင်းကို တောင်းဆိုနေတာမဟုတ်ဘူး။ မင်းရဲ့အဓိပ္ပာယ်မရှိတဲ့ဟောပြောခြင်းကို ရပ်လိုက်ရုံပဲ။ မင်းမှာ အလားအလာကောင်းတဲ့အနာဂတ်ရှိနိုင်တယ်” လို့ပြောတယ်။ ဒီလိုလည်း ခြိမ်းခြောက်ပြန်တယ်– “မင်း အသက်ရှင်ချင်သလား။ ဒါမှမဟုတ် ဆိုက်ဘေးရီးယားနယ်တွေမှာ မင်းရဲ့ဘုရားသခင်နဲ့အတူ သေပွဲဝင်ချင်သလား။”
သုံးရက်အထိ ဆက်တိုက်မေးမြန်းလို့ ကျွန်မ အိပ်ခွင့်မရခဲ့ဘူး။ ကျမ်းစာမူတွေကို ဆင်ခြင်တွေးတောနေတာကြောင့် ကျွန်မခံနိုင်ရည်ရှိခဲ့တယ်။ နောက်ဆုံးမှာ စစ်ဆေးမေးမြန်းသူက ကျွန်မ မဟောတော့ပါဘူးဆိုပြီး လက်မှတ်ထိုးခိုင်းတယ်။ “အဲ့ဒီကိစ္စကို အတော်စဉ်းစားရမယ်။ ဘုရားသခင့်မျက်နှာသာဆုံးရှုံးခံပြီး ထောင်ကထွက်တာထက် ဘုရားသခင်နဲ့ဆက်ဆံရေးကောင်းပြီး ထောင်ထဲမှာနေရတာ ပိုကောင်းတယ်” လို့ကျွန်မပြောပြတယ်။ အဲ့ဒီအခါ စစ်ဆေးမေးမြန်းသူက “မင်း ရူးနေပြီ။ မင်းတို့အားလုံးကို ဖမ်းပြီး ဆိုက်ဘေးရီးယားကို ပို့ပစ်မယ်” လို့ငေါက်လိုက်တယ်။
မမျှော်လင့်ဘဲ လွတ်လာ
အံ့ဩစရာက သန်းခေါင်မတိုင်ခင်လေးမှာ စစ်ဆေးမေးမြန်းသူတွေက ပစ္စည်းသိမ်းပြီး သွားတော့လို့ ကျွန်မကိုပြောတယ်။ ကျွန်မနောက်ကို သူတို့ နောက်ယောင်ခံလိုက်မယ်ဆိုတာသိလို့ ခရစ်ယာန်ချင်းတွေရဲ့အိမ်ကို မသွားခဲ့ဘူး။ သူတို့ကို သစ္စာဖောက်ရာကျမှာစိုးလို့ပဲ။ လမ်းပေါ်မှာလျှောက်နေတုန်း ကျွန်မနောက်ကနေ လူသုံးယောက်လိုက်လာတယ်။ လမ်းညွှန်ပေးပါလို့ ယေဟောဝါဆီ ဆုတောင်းပြီး မှောင်နေတဲ့လမ်းထဲ ဝင်သွားပြီး ဥယျာဉ်တစ်ခုထဲကို ပြေးဝင်သွားလိုက်တယ်။ မြေကြီးပေါ် လှဲချလိုက်ပြီး သစ်ရွက်တွေနဲ့ ဖုံးလိုက်တယ်။ သူတို့ရဲ့ခြေသံကို ကြားနေရပြီး ဓာတ်မီးရောင်တွေကိုလည်း မြင်နေရတယ်။
အတော်လေးကြာတော့ အေးလွန်းလို့ ကျွန်မအရိုးတွေ ထုံလာတယ်။ နောက်ဆုံးမှာ ခြေသံမမြည်အောင် ဖိနပ်ချွတ်ပြီး ကျောက်ခင်းလမ်းအတိုင်း လျှောက်ခဲ့တယ်။ လမ်းမကြီးဘေးက ရေမြောင်းအတိုင်း မြို့ပြင်ကို လျှောက်လာခဲ့တယ်။ ကားလာတာမြင်ရင် လှဲအိပ်လိုက်တယ်။ မနက်ငါးနာရီမှာ တာတူးမြို့နဲ့သိပ်မဝေးတဲ့ ယူရီနဲ့မီတာ တိုမဲလ်တို့ရဲ့အိမ်ကို ရောက်သွားတယ်။
မီတာက ချက်ချင်းပဲ ကျွန်မ နွေးလာအောင် ရေနွေးငွေ့ပေါင်းခံခန်းမှာ ချွေးထုတ်ပေးခဲ့တယ်။ နောက်တစ်နေ့မှာ တာတူးမြို့ကိုသွားပြီး လီန်ဒါ မက်တီခ်နဲ့ ဆက်သွယ်ခဲ့တယ်။ လီန်ဒါက “အခုချက်ချင်း အက်စ်တိုးနီးယားတစ်ခွင်မှာ သတင်းကောင်း စဟောကြစို့” ဆိုပြီးကျွန်မကို အားပေးခဲ့တယ်။ ဒါနဲ့ ကျွန်မပုံစံပြောင်းသွားအောင် ဆံပင်ပုံပြောင်း၊ မိတ်ကပ်လိမ်း၊ မျက်မှန်တပ်ပြီးတာနဲ့ ကျွန်မတို့ စဟောပါလေရော။ နောက်လတွေမှာ စက်ဘီးနဲ့ အဝေးကြီးသွားကြတယ်။ လမ်းတစ်လျှောက်လုံးက စိုက်ပျိုးမွေးမြူရေးခြံတွေမှာနေကြတဲ့ ယုံကြည်သူချင်းတွေကို ကျွန်မတို့ အားပေးခဲ့ကြတယ်။
၁၉၅၀၊ ဇူလိုင် ၂၄ ရက်နေ့မှာ အိုတီပါမြို့နားက ကျမ်းစာကျောင်းသားတစ်ယောက်ရဲ့ မြက်ခြောက်သိုလှောင်ရုံကြီးထဲမှာ စည်းဝေးကြီးကျင်းပဖို့ သက်သေခံတွေ စီစဉ်ခဲ့ကြတယ်။ စည်းဝေးကျင်းပမယ့် အစီအစဉ်တွေကို ကေဂျီဘီက သတိပြုမိသွားပြီးဆိုတာ ကျွန်မတို့သိတဲ့အခါ လမ်းခရီးမှာရှိနေကြတဲ့ သက်သေခံအများစုကို သတိပေးနိုင်ခဲ့တယ်။ နောက်တစ်နေ့၊ နောက်တစ်နေရာမှာ ကျင်းပခဲ့တာ တက်ရောက်သူ ၁၁၅ ယောက်လောက်ရှိတယ်။ အားလုံးက ဝမ်းသာရွှင်မြူးစွာနဲ့ အိမ်ပြန်သွားကြပြီး စမ်းသပ်မှုတွေ ကြုံလာတဲ့အခါ သစ္စာစောင့်ထိန်းကြမယ်ဆိုတဲ့ သန္နိဋ္ဌာန်က အရင်ကထက် ပိုခိုင်မာလာကြတယ်။ *
အဲ့ဒီနောက်မှာ ခရစ်ယာန်ချင်းတွေကို လီန်ဒါနဲ့ကျွန်မ ဆက်ဟောပြီး အားပေးခဲ့ကြတယ်။ အဲ့ဒီနောက်ပိုင်း ကျွန်မတို့လည်း အာလူးသိမ်းရင်း အလုပ်သမားတွေကို ဘုရားသခင့်နိုင်ငံတော်သတင်း ဟောခဲ့ကြတယ်။ ခြံပိုင်ရှင်တစ်ယောက်က အလုပ်ကိုတောင်ရပ်ပြီး တစ်နာရီကြာ နားထောင်ခဲ့တယ်။ ပြီးတော့ “ဒီလိုသတင်းမျိုးက နေ့တိုင်း ကြားရတာမဟုတ်ဘူး” လို့ပြောခဲ့တယ်။
လီန်ဒါနဲ့ကျွန်မ တာတူးမြို့ကို ပြန်သွားတဲ့အခါ သက်သေခံအတော်များများ အဖမ်းခံရပြီး လီန်ဒါရဲ့အမေလည်းပါတယ်လို့ သိခဲ့ရတယ်။ အခုဆိုရင် ဆန်နာမီစ်ညီအစ်မတွေအပါအဝင် ကျွန်မတို့ရဲ့မိတ်ဆွေအများစု အဖမ်းခံထားရတယ်။ ကျွန်မတို့ကို ကေဂျီဘီက လိုက်ဖမ်းနေတာကြောင့် စက်ဘီးနှစ်စီးယူပြီး တာတူးမြို့အပြင်မှာ ဆက်ဟောခဲ့ကြတယ်။ တစ်ညမှာ မကြာခင်ကမှနှစ်ခြင်းခံခဲ့တဲ့ အဲလ်မာ ဗာဂျာရဲ့အိမ်မှာ ကျွန်မကို ကေဂျီဘီက ရှာတွေ့သွားတယ်။ ကျွန်မရဲ့နိုင်ငံကူးလက်မှတ်ကို စစ်ဆေးပြီး ကေဂျီဘီတစ်ယောက်က “အဲလ်လာ၊ မင်းကို နေရာအနှံ့ လိုက်ရှာနေတာ” လို့ပြောတယ်။ အချိန်က ၁၉၅၀၊ ဒီဇင်ဘာ ၂၇ ရက်နေ့ဖြစ်တယ်။
အကျဉ်းချခံပြီးနောက် ဆိုက်ဘေးရီးယားသို့
အဲလ်မာနဲ့ ကျွန်မက တည်တည်ငြိမ်ငြိမ်နဲ့ ယူစရာရှိတာ နည်းနည်းပါးပါးယူပြီးတဲ့နောက် ထိုင်ပြီး အစာစားနေကြတယ်။ ကေဂျီဘီအဖွဲ့သားတွေက အံ့သြတကြီးနဲ့ “မင်းတို့က ငိုတောင်မငိုဘဲ ထိုင်ပြီး အစာစားနေကြပါလား” လို့ပြောတယ်။ ဒါနဲ့ ကျွန်မတို့က “တာဝန်ကျတဲ့ နေရာအသစ်ကိုသွားရတော့မှာ၊ ဘယ်အချိန်ကျမှ အစာစားရမယ်ဆိုတာ မသိဘူး” လို့ပြန်ပြောလိုက်တယ်။ စောင်တစ်ထည်ကိုပါယူသွားပြီး နောက်ပိုင်းမှာ အဲ့ဒီစောင်နဲ့ ခြေအိတ်၊ လက်အိတ်တွေ ချုပ်လိုက်တယ်။ လပိုင်းလောက်ထောင်ချခံရပြီးနောက် ၁၉၅၁၊ ဩဂုတ်လမှာ အက်စ်တိုးနီးယားက သက်သေခံတွေနဲ့အတူ ကျွန်မကို ပြည်နှင်ဒဏ်ပေးလိုက်တယ်။ *
အက်စ်တိုးနီးယားကနေ ကျွန်မတို့ကို ရထားနဲ့ ရုရှားနိုင်ငံ၊ လီနင်ဂရက် (အခု စိန့်ပီတာစဘာ့ဂ်မြို့) ကိုလွှတ်လိုက်ပြီး အဲ့ဒီကနေတစ်ဆင့် အာတိတ်စက်ဝိုင်းအထက် ကော်မီသမ္မတနိုင်ငံ၊ ဗော်ရ်ကူတာမြို့က ရက်စက်တဲ့နေရာမှာ နာမည်ကြီးတဲ့အလုပ်ကြမ်းစခန်းကို ပို့လိုက်တယ်။ ကျွန်မတို့အုပ်စုထဲမှာ သက်သေခံသုံးယောက်ပါတယ်။ ကျောင်းမှာ ရုရှားဘာသာစကား သင်ထားတဲ့အတွက် ကျွန်မအဖမ်းခံရပြီးနောက် အဲ့ဒီဘာသာစကားကို ပြန်လေ့ကျင့်ခဲ့တယ်။ ဒါကြောင့် စခန်းကို ရောက်တဲ့အချိန်မှာ ရုရှားစကားကို ကျွန်မ ကောင်းကောင်းပြောနိုင်ခဲ့တယ်။
ပိုလန်နိုင်ငံက နာဇီချွေးတပ်စခန်းမှာရှိနေတုန်း သက်သေခံဖြစ်လာတဲ့ ယူကရိန်းအမျိုးသမီးတစ်ယောက်ကို ဗော်ရ်ကူတာမှာ ကျွန်မတို့တွေ့ခဲ့ကြတယ်။ ၁၉၄၅ ခုနှစ်မှာ ဂျာမန်တွေက သူနဲ့ သက်သေခံ ၁၄ ယောက်ကို ဘောလ်တစ်ပင်လယ်ထဲမှာ သင်္ဘောနဲ့အတူနစ်မြုပ်ပစ်ဖို့ လွှတ်လိုက်တယ်။ ဒါပေမဲ့ သင်္ဘောက ဒိန်းမတ်နိုင်ငံကို ချောချောမောမောရောက်သွားတယ်။ နောက်ပိုင်း အဲ့ဒီညီအစ်မက ရုရှားကိုပြန်ရောက်လာပြီး ဟောပြောတဲ့အတွက် ပြန်အဖမ်းခံရပြီး ဗော်ရ်ကူတာကို အပို့ခံရတယ်။ သူက ကျွန်မတို့အတွက် အားရှိစရာပုံသက်သေပဲ။
“ဒီမှာ ယေဟောဝါသက်သေဆိုတာ ဘယ်သူလဲ” လို့မေးတဲ့ ယူကရိန်းအမျိုးသမီးနှစ်ယောက်နဲ့လည်း ကျွန်မတို့ တွေ့ဆုံခဲ့တယ်။ သူတို့တွေက ခရစ်ယာန်ညီအစ်မတွေဆိုတာ ကျွန်မတို့ချက်ချင်းသိလိုက်တယ်။ ကျွန်မတို့ကို အားပေးပြီး ကြည့်ရှုပြုစုကြတယ်။ ကျွန်မတို့အလာကို စောင့်ကြိုနေတဲ့ မိသားစုတစ်စုလိုပဲဆိုပြီး တခြားအကျဉ်းသားတွေက ပြောကြတယ်။
မော်ရ်ဒိုဗီးယားအကျဉ်းစခန်းများသို့ ပြောင်းရွှေ့ခံရ
၁၉၅၁၊ ဒီဇင်ဘာလမှာ ကျန်းမာရေးစစ်ဆေးလိုက်တော့ ကျွန်မမှာ လည်ပင်းအကျိတ်ရောဂါရှိနေတယ်ဆိုတာသိတဲ့အခါ မော်စကိုမြို့ရဲ့အရှေ့တောင်ဘက်မိုင် ၂၅၀ လောက်မှာရှိတဲ့ ဧရာမမော်ရ်ဒိုဗီးယားထောင်ဝင်းရဲ့ အနောက်တောင်ဘက် မိုင်တစ်ထောင်နီးပါးဝေးတဲ့နေရာကို ကျွန်မကိုရွှေ့လိုက်တယ်။ နောက်နှစ်တွေမှာ ကျွန်မအကျဉ်းချခံရတဲ့ အမျိုးသမီးထောင်တွေမှာ ဂျာမန်၊ ဟန်ဂေရီ၊ ပိုလန်၊ ယူကရိန်းသက်သေခံတွေနဲ့ ဆုံတွေ့ခဲ့တယ်။ အက်စ်တိုးနီးယားက နိုင်ငံရေးအကျဉ်းသား မိုင်မူနဲ့လည်း တွေ့ခဲ့ရတယ်။
မိုင်မူက အက်စ်တိုးနီးယားအကျဉ်းထောင်မှာရှိနေတုန်း ကလေးမွေးခဲ့တဲ့အတွက် အကြင်နာတရားရှိတဲ့ အစောင့်တစ်ယောက်က ကလေးကို မိုင်မူရဲ့အမေဆီ ပို့ပေးခဲ့တယ်။ မော်ရ်ဒိုဗီးယားအကျဉ်းထောင်မှာ မိုင်မူနဲ့ ကျမ်းစာသင်အံမှုပြုလုပ်ခဲ့ကြတယ်။ သူသိရှိလာတဲ့ ကျမ်းစာအမှန်တရားတွေကို သူ့အမေဆီ စာရေးပြောပြတဲ့အခါ သူ့အမေလည်း လက်ခံပြီး မိုင်မူရဲ့သမီးလေး ကယ်ရီန်ကို သင်ပေးခဲ့တယ်။ နောက်ခြောက်နှစ်မှာ မိုင်မူ ထောင်ကလွတ်လာပြီး သူ့သမီးလေးနဲ့ ပြန်ဆုံတွေ့ခဲ့ရတယ်။ ကယ်ရီန် အရွယ်ရောက်လာတဲ့အခါ သက်သေခံညီအစ်ကိုတစ်ယောက်နဲ့ လက်ထပ်လိုက်တယ်။ အက်စ်တိုးနီးယား၊ တဲလင်းမြို့က ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးမှာ လွန်ခဲ့တဲ့ ၁၁ နှစ်အထိ သူတို့နှစ်ယောက်စလုံး အမှုဆောင်ခဲ့ကြတယ်။
ဧရာမမော်ရ်ဒိုဗီးယားထောင်ဝင်းထဲက တံတိုင်းကာရံထားတဲ့ အကျဉ်းထောင်တစ်ခုမှာ လှောင်အိမ်လို့ခေါ်တဲ့ မပြတ်စောင့်ကြပ်ထားတဲ့ တန်းလျားငယ်တစ်ခုရှိတယ်။ ခရစ်ယာန်လှုပ်ရှားမှုကြောင့် သက်သေခံခြောက်ယောက်နဲ့အတူ ကျွန်မ အဲ့ဒီမှာ နေရတယ်။ အဲ့ဒီမှာရှိနေတဲ့အချိန်မှာတောင် လက်ရေးသေးသေးလေးနဲ့ ကင်းမျှော်စင်ဆောင်းပါးတွေကို ကူးရေးပြီး အနားက စခန်းတွေမှာရှိတဲ့သူတွေကို ပို့ပေးတယ်။ ပို့ပေးတဲ့နည်းတစ်နည်းက ဆပ်ပြာတုံးကို အပေါက်ဖောက်၊ အဲ့ဒီထဲကို ကူးရေးထားတဲ့ဆောင်းပါးကိုထည့်၊ အပေါက်ကိုပြန်ပိတ်လိုက်တယ်။
မော်ရ်ဒိုဗီးယားစခန်းတွေမှာ ကျွန်မရှိနေတုန်း ဘုရားသခင်ကိုဝတ်ပြုလာအောင် လူဆယ်ယောက်ကျော်ကို ကူညီပေးနိုင်ခဲ့တယ်။ နောက်ဆုံး ၁၉၅၆၊ မေလ ၄ ရက်မှာ “မင်းသွားလိုရာသွားပြီး မင်းရဲ့ဘုရားသခင် ယေဟောဝါကို ယုံကြည်ပေတော့” လို့ကျွန်မကိုပြောတယ်။ အဲ့ဒီလမှာ အက်စ်တိုးနီးယားကို ပြန်ခဲ့တယ်။
အိမ်ပြန်ရောက်သည်မှာ အနှစ် ၅၀ နီးပါးရှိ
ကျွန်မမှာ အလုပ်မရှိ၊ ငွေမရှိ၊ အိမ်မရှိဖြစ်နေတယ်။ ဒါပေမဲ့ ရောက်ပြီး ရက်အနည်းငယ်အကြာမှာ ကျမ်းစာသွန်သင်ချက်တွေကို စိတ်ဝင်စားတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ကျွန်မတွေ့ခဲ့တယ်။ သူတို့လင်မယားနဲ့အတူ အခန်းတစ်ခန်းတည်းရှိတဲ့ သူတို့တိုက်ခန်းမှာ ခဏလာနေခိုင်းတယ်။ ချေးထားတဲ့ပိုက်ဆံနဲ့ သိုးမွေးဝယ်၊ အင်္ကျီတွေထိုးပြီး ဈေးမှာသွားရောင်းတယ်။ နောက်ပိုင်းမှာ တာတူးကင်ဆာဆေးရုံမှာ အလုပ်ရတယ်။ အဲ့ဒီဆေးရုံမှာ ခုနစ်နှစ်အထိ အလုပ်အမျိုးမျိုးလုပ်ခဲ့ရတယ်။ အဲ့ဒီအချိန်မှာ လမ်ဘစ် တွန်မ်လည်း ဆိုက်ဘေးရီးယားကနေ ပြန်ရောက်လာပြီး ၁၉၅၇၊ နိုဝင်ဘာလမှာ ကျွန်မတို့ လက်ထပ်လိုက်ကြတယ်။
ကျွန်မတို့ရဲ့ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ထားသေးတဲ့အတွက် ကေဂျီဘီက ကျွန်မတို့ကို အမြဲစောင့်ကြည့်ပြီး နှောင့်ယှက်နေတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ယုံကြည်ခြင်းကို တတ်နိုင်သမျှပြောပြခဲ့ကြတယ်။ ကျွန်မတို့ဘဝရဲ့ဒီအပိုင်းကို ၁၉၉၉၊ ဖေဖော်ဝါရီ ၂၂ ရက်ထုတ် နိုးလော့!မှာ လမ်ဘစ် ပြောပြထားတယ်။ ၁၉၅၀ ပြည့်လွန်နှစ်အကုန်ပိုင်းနဲ့ ၁၉၆၀ ပြည့်လွန်နှစ်၊ ၁၉၇၀ ပြည့်လွန်နှစ်တွေတစ်လျှောက်မှာ ပြည်နှင်ဒဏ်ပေးခံရတဲ့ သက်သေခံတွေ အိမ်ပြန်ရောက်လာကြတယ်။ ၁၉၈၀ ပြည့်လွန်နှစ်အကုန်ပိုင်း အက်စ်တိုးနီးယားမှာ သက်သေခံအယောက် ၇၀၀ ကျော်ရှိလာတယ်။ ၁၉၉၁ ခုနှစ်မှာ ကျွန်မတို့ရဲ့ခရစ်ယာန်လှုပ်ရှားတွေ တရားဝင်အသိအမှတ်ပြုခံရတယ်။ အဲ့ဒီအချိန်ကစပြီး အက်စ်တိုးနီးယားမှာ သက်သေခံ ၄,၁၀၀ ကျော်အထိတိုးတက်ခဲ့တယ်။
ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် အက်စ်တိုးနီးယားမှာ သက်သေခံတွေရဲ့ ပထမဦးဆုံး လျှို့ဝှက်အစည်းအဝေးကို ကျွန်မတက်ခဲ့တာ အခုဆိုရင် အနှစ် ၆၀ ကျော်သွားပြီ။ အဲ့ဒီကတည်းက ‘ယေဟောဝါကို ကိုးစား၍ ကောင်းသောအကျင့်ကို ကျင့်လော့’ ဆိုတဲ့ ကျမ်းစာဆုံးမစကားကို အလေးထားသွားဖို့ ကျွန်မဆုံးဖြတ်ခဲ့တယ်။ အဲ့ဒီလိုလုပ်ဆောင်လို့ “စိတ်နှလုံးအလိုပြည့်စုံရသောအခွင့်ကို” ရရှိတယ်ဆိုတာ ကျွန်မသိလာတယ်။—ဆာလံ ၃၇:၃၊ ၄။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 14 အဆိုပါအမျိုးသားများမှ တစ်ဦးသည် လမ်ဘစ် တွန်မ်ဖြစ်ပြီး သူ၏အတ္ထုပ္ပတ္တိကို ၁၉၉၉၊ ဖေဖော်ဝါရီ ၂၂ ရက်ထုတ် နိုးလော့! [လိပ်] တွင်ဖော်ပြပြီးဖြစ်သည်။
^ အပိုဒ်၊ 30 ဤစည်းဝေးကြီးနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်အတွက် ၁၉၉၉၊ ဖေဖော်ဝါရီ ၂၂ ရက်ထုတ် နိုးလော့! [လိပ်] ကိုရှု။
^ အပိုဒ်၊ 34 သို့သော် အက်စ်တိုးနီးယားမှ သက်သေခံအများစုကို ၁၉၅၁၊ ဧပြီလဆန်းပိုင်းတွင် ပြည်နှင်ဒဏ်ပေးခဲ့သည်။ ၂၀၀၁၊ ဧပြီ ၂၂ ရက်ထုတ် နိုးလော့! [လိပ်] နှင့် စမ်းသပ်မှုများအောက် သစ္စာရှိ—ဆိုဗီယက်ပြည်ထောင်စုရှိ ယေဟောဝါသက်သေများ [လိပ်] ဗီဒီယိုခွေကိုရှု။
[စာမျက်နှာ ၁၅ ပါ အကျဉ်းဖော်ပြချက်]
“အခုချက်ချင်း အက်စ်တိုးနီးယား တစ်ခွင်မှာ သတင်းကောင်း စဟောကြစို့။”—လီန်ဒါ မက်တီခ်
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
မော်ရ်ဒိုမီးယားအကျဉ်းထောင်ရှိ သက်သေခံ ကိုးဦးနှင့်အတူ
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ယနေ့ ကျွန်မခင်ပွန်း လမ်ဘစ် တွန်မ်နှင့်အတူ