သမ္မာကျမ်းစာရှုထောင့်
စာတန်ကား မည်သူနည်း။ သူသည် တကယ့်ပုဂ္ဂိုလ်လော
အချို့သော ခေတ်သစ်ကျမ်းပညာရှင်များက စာတန်သည် တကယ့်ပုဂ္ဂိုလ်တစ်ပါးမဟုတ်၊ လူတို့၏စိတ်ကူးထဲတွင် ဖန်တီးထားသောအရာမျှသာဖြစ်၏ဟု ဆိုကြသည်။ ဤအငြင်းပွားမှုသည် အသစ်အဆန်းမဟုတ်ချေ။ ‘စာတန်၏အထိရောက်ဆုံးလှည့်စားမှုမှာ သူတကယ်မရှိဟူ၍ ကျွန်ုပ်တို့ကို အယုံသွင်းခြင်းဖြစ်သည်’ ဟု ၁၉ ရာစုမှ ကဗျာဆရာ ရှားလ်စ်ပိုင်ယာဘော်ဒီလိုင်ရာ က ရေးသားခဲ့၏။
စာတန်သည် တကယ့်ပုဂ္ဂိုလ်တစ်ပါးလော။ သို့ဖြစ်လျှင် သူမည်သို့ဖြစ်လာသနည်း။ သူသည် ကမ္ဘာကြီးကို ကပ်သင့်စေသည့် ပြဿနာများနောက်ဝယ်ရှိ မျက်မြင်မရသောတန်ခိုးရှင်လော။ သူ၏ဆိုးညစ်သောသြဇာကို သင်မည်သို့ ရှောင်ရှားနိုင်သနည်း။
စာတန်သည် ဤလောကကို ကပ်သင့်စေသည့် ပြဿနာများနောက်ဝယ်ရှိ မျက်မြင်မရသော တန်ခိုးရှင်လော
သမ္မာကျမ်းစာအဆို
စာတန်သည် မမြင်ရသောဝိညာဉ်ဘောင်တွင်ရှိသည့် တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်သည်ဟု သမ္မာကျမ်းစာတွင်ဖော်ပြထား၏။ (ယောဘ ၁:၆) သူ၏ရက်စက်ယုတ်မာသည့် စရိုက်များကိုသာမက ဆိုးညစ်သောလုပ်ရပ်များကိုပါ ဖော်ပြထား၏။ (ယောဘ ၁:၁၃-၁၉; ၂:၇၊ ၈; ၂ တိမောသေ ၂:၂၆) ဘုရားသခင်နှင့်သာမက ယေရှုနှင့်ပါ စာတန်စကားပြောခဲ့ကြောင်းကိုလည်း မှတ်တမ်းတင်ထားသည်။—ယောဘ ၁:၇-၁၂; မဿဲ ၄:၁-၁၁။
သူသည် ထိုသို့သောဆိုးညစ်သူ မည်သို့ဖြစ်လာသနည်း။ လူကိုမဖန်ဆင်းမီ ကြာမြင့်စွာကပင် ဘုရားသခင်သည် မိမိ၏ “သားဦး” ကို ဖန်ဆင်းခဲ့ကာ နောင်တွင် သူ့ကို ယေရှုဟူ၍ လူသိများလာသည်။ (ကောလောသဲ ၁:၁၅) နောက်ပိုင်းတွင် ဘုရားသခင်၏ အခြားသောသားများကို ဖန်ဆင်းခဲ့ကာ ယင်းတို့ကို ကောင်းကင်တမန်များဟုခေါ်သည်။ (ယောဘ ၃၈:၄-၇) ၎င်းတို့အားလုံးသည် စုံလင်ဖြောင့်မတ်ကြ၏။ သို့သော် ကောင်းကင်တမန်တစ်ပါးသည် နောင်တွင် စာတန်ဖြစ်လာ၏။
စာတန်ဟူသည် ဖန်ဆင်းခံရချိန်တွင်ပေးထားသော သူ၏နာမည်ရင်းမဟုတ်ပေ။ ယင်းသည် “ပြိုင်ဘက်၊ ရန်သူ၊ စွပ်စွဲသူ” ဟူ၍အဓိပ္ပာယ်ရှိသည့် အမျိုးအစားပြနာမည်တစ်ခုဖြစ်၏။ သူသည် ဘုရားသခင်အား ဆန့်ကျင်သောဘဝလမ်းစဉ်ကို ရွေးချယ်ခဲ့ခြင်းကြောင့် စာတန်ဟူ၍ အမည်တွင်လာသည်။
ဤဝိညာဉ်သတ္တဝါသည် စိတ်ကြီးဝင်ကာ ဘုရားသခင်နှင့် ပြိုင်ဆိုင်လိုစိတ် တိုးများလာ၏။ မိမိအား အခြားသူများဝတ်ပြုရန် လိုလားခဲ့၏။ ဘုရားသခင်၏သားဦးယေရှု မြေကြီးပေါ်ရှိစဉ်က စာတန်သည် မိမိအား “ကိုးကွယ်” ရန် ယေရှုကိုပင် သွေးဆောင်ခဲ့သည်။—မဿဲ ၄:၉။
စာတန်သည် “သစ္စာတရား၌မတည်မနေ” ပါ။ (ယောဟန် ၈:၄၄) သူက ဘုရားသခင်သည် မုသားသုံးသည်ဟု စောင်းပါးရိပ်ခြည်ပြောသော်လည်း အမှန်ဆိုလျှင် သူသာလျှင် မုသာကောင်ဖြစ်၏။ သူသည် ဧဝအား ဘုရားသခင်ကဲ့သို့ဖြစ်နိုင်သည်ဟု ပြောဆိုခဲ့သော်လည်း ဘုရားသခင်ကဲ့သို့ အမှန်တကယ်ဖြစ်လိုသူမှာ သူသာလျှင်ဖြစ်၏။ စဉ်းလဲကောက်ကျစ်သောနည်းများကိုအသုံးပြု၍ သူ၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒကို အကောင်အထည်ဖော်ခဲ့သည်။ ဘုရားသခင်ထက် မိမိကြီးမြတ်သည်ဟု ဧဝအား အယုံသွင်းခဲ့၏။ ဧဝသည် စာတန်၏စကားကိုနားထောင်ခြင်းဖြင့် စာတန်အား ဘုရားသခင်အဖြစ် လက်ခံခဲ့သည်။—ကမ္ဘာဦး ၃:၁-၇။
ပုန်ကန်ရန်လှုံ့ဆော်ခြင်းဖြင့် ယခင်က ယုံကြည်စိတ်ချရသော ဤကောင်းကင်တမန်သည် သူ့ကိုယ်သူ စာတန်—ဘုရားသခင်နှင့်လူတို့၏ ပြိုင်ဘက်နှင့် ရန်သူ—ဖြစ်စေခဲ့သည်။ ဤဆိုးညစ်သူ၏အမည်သည် “ရှုတ်ချဂုဏ်ဖျက်သူ” ဟူ၍လည်းအဓိပ္ပာယ်ရှိ၏။ အပြစ်ကျူးလွန်ရာတွင်ဦးဆောင်သော ဤသူသည် နောက်ဆုံးတွင် ဘုရားသခင်အား မနာခံရန်၊ သူ၏ပုန်ကန်မှုတွင် ပူးပေါင်းပါဝင်ရန် အခြားကောင်းကင်တမန်များအပေါ် ဩဇာလွှမ်းမိုးခဲ့သည်။ (ကမ္ဘာဦး ၆:၁၊ ၂; ၁ ပေတရု ၃:၁၉၊ ၂၀) အဆိုပါကောင်းကင်တမန်များသည် လူသားတို့၏အခြေအနေကို ပို၍ဆိုးဝါးစေခဲ့သည်။ စာတန်၏ကိုယ်ကျိုးရှာလမ်းစဉ်ကို တုပခြင်းကြောင့် ကမ္ဘာမြေကြီးသည် အကြမ်းဖက်မှုနှင့် ပြည့်နှက်လာ၏။—ကမ္ဘာဦး ၆:၁၁; မဿဲ ၁၂:၂၄။
စာတန့်သြဇာ မည်မျှကြီးမားသနည်း
ရာဇဝတ်သားတစ်ဦးသည် မိမိမည်သူမည်ဝါဖြစ်ကြောင်း သဲလွန်စမကျန်စေရန် အခင်းဖြစ်ပွားရာနေရာမှ သူ၏လက်ဗွေများကို ဖျက်ပစ်ပေမည်။ သို့သော် ရဲများရောက်လာသည့်အခါ ရာဇဝတ်မှုတစ်ခု ကျူးလွန်ထားလျှင် ရာဇဝတ်သားတစ်ဦးရှိရမည်ကို သူတို့သိကြသည်။ ဦးဆုံး ‘လူအသက်သတ်သူ’ စာတန်သည် မိမိမည်သူမည်ဝါဖြစ်ကြောင်း သဲလွန်စမကျန်ရန် ကြိုးစားသည်။ (ယောဟန် ၈:၄၄; ဟေဗြဲ ၂:၁၄) ဧဝနှင့်စကားပြောစဉ်က စာတန်သည် မြွေတစ်ကောင်၏နောက်ကွယ်မှနေ၍ မိမိမည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ထားသည်။ ယနေ့လည်း ဖုံးကွယ်ရန် သူကြိုးစားနေဆဲပင်။ သူသည် မိမိ၏သြဇာလွှမ်းမိုးနိုင်စွမ်းကို မသိအောင်ဖုံးကွယ်ရန် ‘မယုံကြည်သောသူတို့၏ ဉာဏ်မျက်စိကိုကွယ်စေ’ ခဲ့ပြီ။—၂ ကောရိန္သု ၄:၄။
သို့သော် ယေရှုက စာတန်အား ကျွန်ုပ်တို့နေထိုင်ရာ ပျက်စီးယိုယွင်းသောလောက၏နောက်ကွယ်မှ ကြိုးကိုင်နေသောရာဇဝတ်ကောင်အဖြစ် ဖော်ပြကာ “ဤလောကကိုအစိုးရသောမင်း” ဟုခေါ်ဆိုခဲ့သည်။ (ယောဟန် ၁၂:၃၁; ၁၆:၁၁) ‘တစ်လောကလုံးသည် စာတန်၏လက်၌ရှိ၏’ ဟု တမန်တော်ယောဟန်က ရေးသားခဲ့သည်။ (၁ ယောဟန် ၅:၁၉) စာတန်သည် ‘ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကစည်းစိမ်၌ ဝါကြွားခြင်း’ တို့ကို ထိရောက်စွာအသုံးပြု၍ “ဤလောက တစ်နိုင်ငံလုံးကိုလှည့်ဖြား” သည်။ (၁ ယောဟန် ၂:၁၆; ဗျာ. ၁၂:၉) လူသားအများစုသည် စာတန်ကို နာခံကြသည်။
ဧဝ၏ကိစ္စတွင်ကဲ့သို့ စာတန်ကို နာခံသူများသည် အမှန်ဆိုလျှင် စာတန်ကို မိမိတို့၏ဘုရားသခင်အဖြစ် လက်ခံကြခြင်းဖြစ်သည်။ ထို့ကြောင့် စာတန်သည် ‘ဤလောကကိုအစိုးရသောဘုရားသခင်’ ဖြစ်လာ၏။ (၂ ကောရိန္သု ၄:၄) စာတန့်အုပ်ချုပ်မှု၏ အကျိုးဆက်များတွင် အရေခြုံခြင်း၊ မုသားသုံးခြင်း၊ စစ်ပွဲ၊ နှိပ်စက်ညှဉ်းပန်းမှု၊ ဖျက်ဆီးမှု၊ ရာဇဝတ်မှု၊ လောဘကြီးခြင်းနှင့် အကျင့်ယိုယွင်းခြင်းတို့ပါဝင်သည်။
စာတန့်သြဇာမှ ကင်းဝေးနိုင်ပုံ
သမ္မာကျမ်းစာက “သတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့” ဟုသတိပေး၏။ အဘယ်ကြောင့်နည်း။ ‘သင်တို့၏ရန်သူတည်းဟူသော စာတန်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ’ သောကြောင့်ဖြစ်၏။ (၁ ပေတရု ၅: ၈) ဤကျမ်းချက်သည် အလေးအနက်ဆင်ခြင်စရာဖြစ်သော်လည်း သတိနှင့် မစောင့်နေသူများကိုသာလျှင် ‘စာတန် အနိုင်ရမည်’ ဖြစ်ကြောင်း သိရခြင်းက အားရှိစရာဖြစ်သည်။—၂ ကောရိန္သု ၂:၁၁။
စာတန် တကယ်ရှိသည်ဟူသော အမှန်တရားကိုသာမက ဘုရားသခင် ကျွန်ုပ်တို့အား “ခိုင်ခံ့မြဲမြံစေတော်မူ” သည်ကို လက်ခံကြဖို့ အလွန်အရေးကြီး၏။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် ‘စာတန်ကိုဆီးတား’ ကာ ဘုရားသခင်ဘက် ရပ်တည်နိုင်ကြမည်ဖြစ်၏။—၁ ပေတရု ၅:၉၊ ၁၀။