မီးတောင်မြုံ၏ အန္တရာယ်အရိပ်အောက်တွင် နေထိုင်ခြင်း
မီးတောင်မြုံ၏ အန္တရာယ်အရိပ်အောက်တွင် နေထိုင်ခြင်း
မီးတောင်များသည် အမြဲပင် လျှို့ဝှက်ဆန်းကြယ်သောအရာဖြစ်၏။ ယင်းတို့သည် ရာစုနှစ်နှင့်ချီ၍ တိတ်ဆိတ်ငြိမ်သက်နေရာမှ ရုတ်တရက်ထကြွလှုပ်ရှားလာကာ အကြီးအကျယ် သေကျေပျက်စီးစေနိုင်သည်။ မီးတောင်ပေါက်ကွဲမှုသည် ကျေးလက်ဒေသနှင့် သက်ရှိများကို မိနစ်အနည်းငယ်အတွင်း သိမ်းရုံးဖျက်ဆီးပစ်နိုင်၏။
မီးတောင်များသည် အန္တရာယ်ရှိသည်ကို မည်သူမျှ သံသယမဝင်ချေ။ ယင်းတို့သည် လွန်ခဲ့သောရာစုနှစ်သုံးခု၌ပင် သိန်းနှင့်ချီသောလူများ၏အသက်ကို ခြွေယူခဲ့လေပြီ။ ကျွန်ုပ်တို့အများစုသည် မီးတောင်မြုံများ၏အန္တရာယ်နှင့် လွတ်ကင်းသောဒေသတွင် နေထိုင်ကြသည်မှာ မှန်သော်လည်း သန်းနှင့်ချီသောလူတို့မူ မီးတောင်ရှင်များ၏ အနီးဝန်းကျင်တွင် နေထိုင်ကြ၏။ ဥပမာ၊ ပီချင်ချာမီးတောင်သည် အီကွေဒေါနိုင်ငံ၏မြို့တော် ကွီတို၏အနောက်မြောက်ဘက်တွင် ကပ်လျက်တည်ရှိသည်။ အက်ဇ်တက်ဘာသာစကားတွင် “မီးခိုးထွက်နေသောတောင်” ဟုအဓိပ္ပာယ်ရှိသည့် ပိုပိုကယ်တီပယ်တောင်သည် မက္ကဆီကိုစီးတီးနှင့် မိုင် ၄၀ ခန့်အကွာတွင်တည်ရှိသည်။ နယူးဇီလန်၏မြို့တော် အော့ကလန်မြို့နှင့် အီတလီ၏မြို့တော် နေပယ်လ်မြို့သည် မီးတောင်ခြေတွင် တည်ရှိကြသည်။ ကမ္ဘာမြေကြီး၏စွမ်းအားကြောင့် မီးတောင်မြုံများ ပြင်းထန်စွာမြည်ဟည်းတုန်ခါကာ ပေါက်ကွဲနိုင်သည့် အခြေအနေအောက်တွင် လူသန်းပေါင်းများစွာ နေထိုင်နေကြသည်။
အန္တရာယ်များသည့် မီးတောင်ကြီး
နေပယ်လ်မြို့နေလူထုသည် ဗီဆူးဗီးယပ်စ်မီးတောင်အနီးတွင် နေထိုင်ခဲ့သည်မှာ အနှစ် ၃,၀၀၀ ခန့်ရှိပြီဖြစ်သည်။ ဤမီးတောင်သည် နေပယ်လ်မြို့နှင့် ခုနစ်မိုင်အကွာတွင်သာ တည်ရှိသည်။ ယင်းတောင်ကို ဆုန်မာတောင်က စက်ဝိုင်းခြမ်းသဏ္ဌာန် ရံလျက်ရှိသည်။ ဗီဆူးဗီးယပ်စ်မီးတောင်သည် ကမ္ဘာပေါ်ရှိ အန္တရာယ်အများဆုံးမီးတောင်များတွင် ပါဝင်၏။ ယင်း၏အောက်ခြေသည် ပင်လယ်ရေမျက်နှာပြင်အောက်တွင် တည်ရှိသောကြောင့် မြင်တွေ့ရသည့်အရွယ်အစားထက် များစွာကြီးမား၏။
ဗီဆူးဗီးယပ်စ်မီးတောင်သည် အကြိမ်ကြိမ်ပေါက်ကွဲခဲ့ဖူးသည်။ ပွန်ပေမြို့နှင့် ဟာကျူလေနီယမ်မြို့များကို ဖျက်ဆီးပစ်လိုက်သည့် အေဒီ ၇၉ ပေါက်ကွဲမှုနောက်ပိုင်းမှစ၍ အကြိမ် ၅၀ ထက်မက ပေါက်ကွဲခဲ့သည်။ ၁၆၃၁ ခုနှစ်ပေါက်ကွဲမှုတွင် လူ ၄,၀၀၀ ခန့်သေကျေပျက်စီးခဲ့၏။
ဗီဆူးဗီးယပ်စ်မီးတောင်သည် ရာစုနှစ်များတစ်လျှောက် ချော်ပြာများ အဆက်မပြတ်မှုတ်ထုတ်ကာ ချော်ရည်များ ပွက်ထလျက်ရှိ၏။ ၁၉၄၄ ခုနှစ်၊ ဒုတိယကမ္ဘာစစ်အတွင်းတွင် ယင်းမီးတောင်ပေါက်ကွဲခဲ့ရာ မဟာမိတ်တပ်များအပေါ် ချော်ပြာများဖုံးလွှမ်းသွားသည်။ အနီးအနားရှိ မာစာမြို့နှင့် ဆန်စေဗတ်စတီယေးနိုမြို့များကို ချော်ပြာများ ဖုံးလွှမ်းသွားသကဲ့သို့ နာမည်ကြီးအီတလီကျေးလက်ရိုးရာသီချင်း “ဖူနီကျူလီ၊ ဖူနီကျူလာ” ပါထင်ရှားကျော်ကြားသည့် ကြိုးဆွဲရထားကိုလည်း ချော်ပြာများ ဖုံးလွှမ်းသွားခဲ့သည်။
ယနေ့ နေပယ်လ်မြို့သူမြို့သားများသည် အန္တရာယ်နှင့်အလွန်နီးကပ်စွာ နေထိုင်လျက်ရှိသည်ကို သတိမမူမိကြဟန်တူသည်။ ကမ္ဘာလှည့်ခရီးသည်များသည် အထင်ကရ သမိုင်းဝင်ဗိသုကာလက်ရာများကို တအံ့တသြလေ့လာကြ၏။ ဈေးဆိုင်များ၊ ကဖေးဆိုင်များဖြင့် ပျားပန်းခပ်စည်ကားနေကာ နေပယ်လ်ပင်လယ်အော်တွင် ရွက်လှေများ ရွက်လွှင့်နေသည်။ ဗီဆူးဗီးယပ်စ်မီးတောင်သည် အန္တရာယ်ရှိမီးတောင်မြုံအဖြစ်မဟုတ်ဘဲ သဘောကောင်းသောမိတ်ဆွေအဖြစ် လူအများကို ဆွဲဆောင်လျက်ရှိသည်။
မီးတောင်မြို့တော် အော့ကလန်
နယူးဇီလန်နိုင်ငံ၏ ဆိပ်ကမ်းမြို့တော် အော့ကလန်တွင် မီးတောင်များ ပြန့်ကျဲလျက်ရှိသည်။ အမှန်မှာ မြို့နေလူထုတစ်သန်းကျော်သည် မီးတောင်ငယ် ၄၈ လုံးကြားတွင် နေထိုင်လျက်ရှိ၏။ ရှေးမီးတောင်ချိုင့်ဝှမ်းများမှ သင်္ဘောဆိပ်ကမ်းနှစ်ခုဖြစ်လာပြီး ထိုတွင်ရှိကျွန်းများသည် မီးတောင်ပေါက်ကွဲရာမှ ကျန်ရစ်သောအစိတ်အပိုင်းများဖြစ်သည်။ အမြင်သာဆုံးကျွန်းမှာ ရေထဲမှထွက်ပေါ်လာသော နှစ်ပေါင်း ၆၀၀ သက်တမ်းရှိ ရန်ဂီတိုတိုကျွန်းဖြစ်ပြီး ဗီဆူးဗီးယပ်စ်မီးတောင်နှင့် ပုံသဏ္ဌာန်ရော အရွယ်အစားချင်းပါ တူညီသည်။ ၎င်းကျွန်းပေါ်ထွက်လာစဉ်က အနီးရှိ မိုရီရွာမှာ ချော်ပြာများအောက်ရောက်ခဲ့ရသည်။
အော့ကလန်မြို့သူမြို့သားများသည် မီးတောင်များကြားတွင် နေသားကျနေပြီဖြစ်သည်။ မွန်ဂါကီကီအမည်ရှိ မီးတောင်သည် ယနေ့အချိန်တွင် ပြည်သူ့ဥယျာဉ်နှင့် သိုးခြံအဖြစ် အော့ကလန်မြို့လယ်တွင် တည်ရှိ၏။ ယခုအခါတွင် မီးတောင်အချို့မှာ ရေကန်များ၊ ပန်းခြံများ၊ အားကစားကွင်းများဖြစ်နေလေပြီ။ မီးတောင်တစ်ခုမှာမူ သင်္ချိုင်းဖြစ်နေပြီ။ အများစုသည် သဘာဝတောတောင်ရှုခင်းများကို ကြည့်ရှုခံစားဖို့ မီးတောင်စောင်းများတွင် နေထိုင်ရန် ရွေးချယ်ကြသည်။
အော့ကလန်မြို့တွင် ဦးဆုံးအခြေချနေထိုင်သူတို့မှာ မာအိုရီလူမျိုးဖြစ်ပြီး လွန်ခဲ့သောအနှစ် ၁၈၀ တွင်မူ ဥရောပတိုက်သားများရောက်လာကြကာ ယင်းနေရာတွင် မီးတောင်နှင့်ပတ်သက်သောအတိတ် ရှိခဲ့ဖူးသည်ကို လူများ အမှတ်ရကြဟန်မတူချေ။ ယင်းအစား ပင်လယ်နှင့်နီး၍ မြေသြဇာကောင်းမွန်သောနေရာအဖြစ်သာ ရှုမြင်ကြသည်။ မြေသြဇာကောင်းမွန်သည်ဟူသောအချက်က ကမ္ဘာ့အခြားဒေသရှိ မီးတောင်တည်ရှိရာအရပ်များတွင်လည်း မှန်ကန်ပါသည်။ ဥပမာ၊ အင်ဒိုနီးရှားနိုင်ငံ၏ စပါးအထွက်အကောင်းဆုံးဒေသတချို့မှာ မီးတောင်ရှင်ဝန်းကျင်တွင်ဖြစ်သည်။ အမေရိကန်နိုင်ငံ အနောက်ပိုင်းတွင် အကောင်းဆုံး စိုက်ပျိုးရေးဒေသများမှာ အများအားဖြင့် မီးတောင်ဒေသများဖြစ်ကြသည်။ အမှန်မှာ ချော်ရည်များဖုံးလွှမ်းနေသောမြေသည် သက်တမ်းတစ်နှစ်မပြည့်မီတွင် သီးနှံများ စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။
ကြိုတင်သတိပေးစနစ်များ
‘မီးတောင်အနီးတွင်နေထိုင်ခြင်းသည် အန္တရာယ်မများပေလော’ ဟု လူအများသိလိုကြပေမည်။ အဖြေမှာ အမှန်ပင်အန္တရာယ်များ၏။ သို့သော် သိပ္ပံပညာရှင်များသည် ငလျင်နှင့် မီးတောင်လှုပ်ရှားမှုများကို အသေအချာ ထောက်လှမ်းနိုင်ကြသည်။ ဥပမာ၊ အမေရိကန် ဘူမိတိုင်းတာစစ်ဆေးရေးဌာနသည် အရေးပေါ်စနစ်များထားရှိကြသည့် နေပယ်လ်မြို့နှင့် အော့ကလန်မြို့မှ မီးတောင်များအပါအဝင် ကမ္ဘာတစ်ဝန်းရှိ မီးတောင်ရှင်များကို မပြတ်ထောက်လှမ်းလျက်ရှိ၏။ သိပ္ပံပညာရှင်များသည် ၂၄-နာရီ ကမ္ဘာလုံးဆိုင်ရာ တည်နေရာပြဂြိုဟ်တုစနစ်များနှင့် ငလျင်တိုင်းတာစက်ကွန်ရက်များကို အသုံးပြု၍ ကျောက်ရည်ပူနှင့် မြေအောက်ရွေ့လျားမှုများကို စုံစမ်းထောက်လှမ်းနိုင်ပြီဖြစ်သည်။
ဗီဆူးဗီးယပ်စ်မီးတောင်သည် မပြတ်စောင့်ကြည့်ခံနေရ၏။ အန္တရာယ်များကို အထူးသတိထားသည့်အနေနှင့် အီတလီအာဏာပိုင်များသည် ၁၆၃၁ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော မီးတောင်ပေါက်ကွဲမှုကြီးမျိုးကို ကြိုတင်သိရှိနိုင်ရန် အရေးပေါ်စနစ်များ တပ်ဆင်ထားသည်။ ဤသို့ဖြင့် အန္တရာယ်ဇုန်တွင် နေထိုင်သူများသည် ပေါက်ကွဲမှုမစတင်မီပင် ထိုနေရာမှထွက်ခွာရန် သတိပေးခံရနိုင်သည်ဟု ပညာရှင်များက ပြောဆိုကြသည်။
အော့ကလန်မြို့သည် မီးတောင်စက်ကွင်းဟု သိပ္ပံပညာရှင်များ သတ်မှတ်သောဒေသတွင် တည်ရှိ၏။ ယင်းက ရှိပြီးသားမီးတောင်များ ပေါက်ကွဲခြင်းအစား အခြားတစ်နေရာတွင် မီးတောင်အသစ်တစ်လုံး ထပ်ပေါ်လာနိုင်သည်ကို ဆိုလိုသည်။ မြေငလျင်လှုပ်ပြီးနောက်ပိုင်း ရက်ပေါင်းများစွာမှ သီတင်းပတ်ပေါင်းများစွာကြာမှသာ ဤသို့ဖြစ်ပျက်နိုင်ကြောင်း ကျွမ်းကျင်သူများကဆိုသည်။ ဤသို့သော မြေငလျင်ကြိုတင်သတိပေးချက်များသည် လူများစွာအား ဘေးကင်းလုံခြုံရာဒေသများ ရှာတွေ့နိုင်ရန် အချိန်ရရှိစေသည်။
ဘေးအန္တရာယ်များကို မပြတ်အာရုံစိုက်ခြင်း
မီးတောင်များကို ထောက်လှမ်းခြင်းသည် အရေးပါသော်လည်း သတိပေးချက်များကို ဂရုမပြုပါက အကျိုးမရှိချေ။ ၁၉၈၅ ခုနှစ်တွင် ကိုလံဘီယာနိုင်ငံ၊ အာမီရိုမြို့၌ နီဗာဒိုဒဲလ်ရူအီစ်မီးတောင် ပေါက်ကွဲတော့မည်ဖြစ်ကြောင်း အာဏာပိုင်များကို သတိပေးခဲ့၏။ မီးတောင်လှုပ်ရှားမြည်ဟည်းနေသည်ကို မိုင် ၃၀ ခန့်အကွာမှ ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသော်လည်း မြို့နေလူထုကို မစိုးရိမ်ကြရန်ပြောခဲ့သည်။ ထိုအခါ ချော်ရည် ရွှံ့နွံများ စီးဆင်းလာပြီး မြို့ကိုဖုံးလွှမ်းသွားရာ လူ ၂၁,၀၀၀ ကျော်သေဆုံးခဲ့ရလေသည်။
ထိုသို့သော ကပ်ဘေးကြီးများ ကျရောက်ခဲသော်လည်း ပေါက်ကွဲမှုများမဖြစ်မီစပ်ကြား ငြိမ်သက်အေးဆေးနေသောအချိန်တွင် ထပ်ဆင့်သုတေသနပြုမှုနှင့် ပြင်ဆင်မှုများပြုလုပ်ခဲ့ကြသည်။ ထို့ကြောင့် ဆက်၍စူးစမ်းထောက်လှမ်းခြင်း၊ လုံလောက်သောပြင်ဆင်မှုများ ပြုလုပ်ခြင်း၊ ပြည်သူလူထုအား အသိပညာပေးခြင်းသည် မီးတောင်မြုံအနီး နေထိုင်သူများကြုံရသောအန္တရာယ်များကို လျော့နည်းစေနိုင်သည်။
သဘာဝကပ်ဘေးအတွက် သင် ကြိုတင်ပြင်ဆင်ထားသလော။ သင့်ဒေသတွင်ဖြစ်တတ်သည့် အန္တရာယ်များကို သတိရှိပါ။ မိသားစုဝင်များ တကွဲတပြားဖြစ်သွားပါက တွေ့ဆုံမည့်နေရာနှင့် သင်ရှိမည့်နေရာကို မည်သူထံအကြောင်းကြားမည်ကို ကြိုတင်ပြောထားပါ။ အစားအစာ၊ ရေ၊ ဆေးသေတ္တာ၊ အရေးပေါ်အဝတ်အစား၊ ရေဒီယို၊ ရေစိုခံဓာတ်မီး၊ ဓာတ်ခဲအပိုများ အပါအဝင် အရေးပေါ်ထောက်ပံ့ပစ္စည်းများကို အသင့်စုဆောင်းထားပါ။ ယင်းပစ္စည်းများ အလုံအလောက်စုဆောင်းထားပါက သင့်အတွက် ရက်အတန်ကြာ ဖူလုံမည်ဖြစ်သည်။
[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ကြိုတင်ပြင်ဆင်ပါ!
သဘာဝကပ်ဘေးအတွက် သင် ကြိုတင်ပြင်ဆင်ထားသလော။ သင့်ဒေသတွင်ဖြစ်တတ်သည့် အန္တရာယ်များကို သတိရှိပါ။ မိသားစုဝင်များ တကွဲတပြားဖြစ်သွားပါက တွေ့ဆုံမည့်နေရာနှင့် သင်ရှိမည့်နေရာကို မည်သူထံအကြောင်းကြားမည်ကို ကြိုတင်ပြောထားပါ။ အစားအစာ၊ ရေ၊ ဆေးသေတ္တာ၊ အရေးပေါ်အဝတ်အစား၊ ရေဒီယို၊ ရေစိုခံဓာတ်မီး၊ ဓာတ်ခဲအပိုများ အပါအဝင် အရေးပေါ်ထောက်ပံ့ပစ္စည်းများကို အသင့်စုဆောင်းထားပါ။ ယင်းပစ္စည်းများ အလုံအလောက်စုဆောင်းထားပါက သင့်အတွက် ရက်အတန်ကြာ ဖူလုံမည်ဖြစ်သည်။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ဗီဆူးဗီးယပ်စ်မီးတောင်ဝအနီးတွင် ဧည့်သည်များ လမ်းလျှောက်နေကြ
[Credit Line]
©Danilo Donadoni/Marka/age fotostock
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
အီတလီနိုင်ငံ၊ ဗီဆူးဗီးယပ်စ်တောင်အရှေ့ရှိ နေပယ်လ်မြို့
[Credit Line]
© Tom Pfeiffer
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ပွန်ပေမြို့နှင့် ဟာကျူလေနီယမ်မြို့များကို ဖျက်ဆီးပစ်ခဲ့သည့် အေဒီ ၇၉ ပေါက်ကွဲမှုကြီးကို ရေးဆွဲထားသည့်ပန်းချီကား
[Credit Line]
© North Wind Picture Archives
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
အော့ကလန်မြို့ရှိ မီးတောင်များစွာထဲမှ တစ်လုံးဖြစ်သည့် ရန်ဂီတိုတိုမီးတောင်ကျွန်း
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
အထက်နှင့်လက်ယာပုံ– မက္ကဆီကိုနိုင်ငံ၊ ပိုပိုကယ်တီပယ်တောင်
[Credit Lines]
AFP/Getty Images
Jorge Silva/AFP/Getty Images
[Picture Credit Line on page 14]
USGS, Cascades Volcano Observatory