ဆင်းရဲနွမ်းပါးသူတို့အတွက် အဘယ်မျှော်လင့်ချက် ရှိသနည်း
ဆင်းရဲနွမ်းပါးသူတို့အတွက် အဘယ်မျှော်လင့်ချက် ရှိသနည်း
အလုပ်ကြိုးစားသူတို့သည် သင့်လျော်သောလုပ်ခ ရနေသရွေ့ အသက်ရှင်ရေးအတွက် အလုပ်ကြိုးစားခြင်းသည် မမှားချေ။ ကျမ်းရေးသူတစ်ဦး၏ ဤမှတ်ချက်များကို သတိပြုကြည့်ပါ– “လူသည် အသက်ရှင်စဉ်တွင် ရွှင်လန်းခြင်း . . . ထက် မိမိအဖို့ သာ၍ကောင်းသောအမှုအရာမရှိကြောင်းကို ငါသိမြင်၏။ လူတိုင်း စားသောက်ခြင်း၊ မိမိပင်ပန်းစွာလုပ်ကိုင်သမျှသောအမှု၌ ပျော်မွေ့ ခြင်းများသည် မုချအားဖြင့် ဘုရားသခင်၏ဆုကျေးဇူးတော်ဖြစ်၏။”—ဒေ. ၃:၁၂၊ ၁၃၊ သမ္မာ။
သို့သော် ကျွန်ုပ်တို့သိရှိခဲ့ရသည့်အတိုင်း ကမ္ဘာ့စီးပွားရေးစနစ်သည် အလုပ်သမားများကို တရားလွန် ခိုင်းစေသော်လည်း လုပ်အားခကိုမူ မဖြစ်စလောက်သာ ပေးလေ့ရှိ၏။ လူများစွာမှာ ဆင်းရဲမြဲဆင်းရဲနေပြီး နေ့စဉ်အသက်ဆက်ဖို့အရေး ကြိုးစားရုန်းကန်နေရရှာသည်။ မိမိတို့ဖြတ်သန်းနေရသည့် ဘဝပုံစံကြောင့် ‘ပျော်မွေ့လိုစိတ်၊ ကောင်းသောအရာကို ကြည့်ရှုခံစားလိုစိတ်’ မရှိကြတော့ချေ။ ကမ္ဘာကြီးသည် အလွန်ကြွယ်ဝချမ်းသာလာသော်လည်း ကမ္ဘာ့လူသားထု၏ထက်ဝက်သည် အဆိုပါကြွယ်ဝမှုမှ အကျိုးခံစားခွင့် မရကြချေ။
ဘုရားသခင်သည် ဆင်းရဲနွမ်းပါးသူတို့ကို စိတ်ဝင်စားတော်မူ
လူသားတို့၏ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်သည် ဤအခြေအနေကို နှစ်မြို့တော်မမူချေ။ ယေဟောဝါသည် ဆင်းရဲနွမ်းပါးသူတို့ကို သနားကြင်နာစွာ ကြည့်ရှုတော်မူ၏။ သမ္မာကျမ်းစာတွင် ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “[ဘုရားသခင်သည်] နိမ့်ကျသူတို့၏ အော်ဟစ်သံကို မေ့လျော့တော်မမူတတ်ပါ။” (ဆာလံ ၉:၁၂၊ သမ္မာ) ယေဟောဝါသည် ဆင်းရဲနွမ်းပါးသူတို့ကို ဂရုစိုက်တော်မူသော ဘုရားသခင်ဖြစ်တော်မူသည်။
ယေဟောဝါနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက ဤသို့ဆို၏– “ခိုကိုးရာမဲ့သောသူသည် ကိုယ်တော်၌ ကိုယ်ကိုအပ်ပါ၏။ ကိုယ်တော်သည် အဘမရှိသောသူကို မစသောအရှင်ဖြစ်တော်မူ၏။” (ဆာလံ ၁၀:၁၄၊ သမ္မာ) ဤကျမ်းချက်တွင် ဆင်းရဲဝေဒနာခံစားနေရသူ တစ်ဦးချင်းစီအား ဘုရားသခင် မည်သို့ယူမှတ်ကြောင်း ဖော်ပြသည်ကို သတိပြုကြည့်ပါ။ * မှန်ပါသည်၊ ဘုရားသခင်သည် တစ်ဦးချင်းစီကို ကြည့်ရှုတော်မူပြီး ထိုသူ၏လိုအပ်ရာများကို ထည့်သွင်းစဉ်းစားပေးတော်မူသည်။ ကိုယ်တော်အတွက် လူတစ်ဦးစီသည် တန်ဖိုးရှိပြီး ကြည့်ရှုစောင်မထိုက်၏။ ယေဟောဝါသည် စီးပွားရေးအဆင့်အတန်းအမျိုးမျိုးမှ လူတို့အား ကိုယ်တော်အကြောင်း သင်ယူသိရှိစေပြီး ကိုယ်တော်နှင့်မိတ်ဖွဲ့ရန် ဖိတ်ခေါ်တော်မူ၏။
ဘုရားသခင်ထံမှ လူတို့သင်ယူသိရှိနိုင်သည့်အရာတစ်ခုမှာ အခြားသူများကို သနားကြင်နာပြီး စာနာမှုပြခြင်းဖြစ်သည်။ ယေဟောဝါသက်သေများသည် မိမိတို့ကိုယ်ကို ဝိညာဉ်ရေးမိသားစုကြီးအဖြစ် ယူမှတ်ကြသည်။ သူတို့သည် အချင်းချင်း တစ်ဦးကိုတစ်ဦး တန်ဖိုးထားကြရာ ၎င်းတို့အလယ်တွင် စစ်မှန်သောခရစ်ယာန်မေတ္တာ ရှင်သန်တိုးပွားလျက်ရှိ၏။ တစ်ချိန်တွင် သခင်ယေရှုခရစ်က မိမိ၏နောက်လိုက်များအား “သင်တို့အပေါင်းသည် ညီအစ်ကိုချင်းဖြစ်ကြ၏” ဟုမိန့်ဆိုခဲ့သည်။ (မဿဲ ၂၃:၈) သို့နှင့် စစ်မှန်သောဝတ်ပြုကိုးကွယ်မှုတွင် ပါဝင်ကြသူအားလုံးသည် ဆင်းရဲချမ်းသာ၊ အဆင့်အတန်းမခွဲခြားဘဲ ညီအစ်ကိုအသင်းအပင်းဝင် ဖြစ်လာကြလေသည်။ သူတို့သည် အခက်အခဲကြုံသောအခါ တစ်ဦးကိုတစ်ဦးဂရုစိုက်၍ အားပေးကြလေသည်။
သမ္မာကျမ်းစာတွင် ဆင်းရဲနွမ်းပါးမှုဒဏ်ကို လျော့ပါးစေနိုင်သည့် မူများပါရှိ၏။ ဘုရားသခင်သည် ဆေးရွက်ကြီးအသုံးပြုခြင်းနှင့် အရက်သေစာသောက်စားခြင်းတို့ကြောင့် ကိုယ်ခန္ဓာညစ်ညူးခြင်းကို ပြစ်တင်ရှုတ်ချတော်မူကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ (သု. ၂၀:၁; ၂ ကောရိန္သု ၇:၁) ကျမ်းစာမူများအတိုင်း အသက်ရှင်နေထိုင်သူသည် အကျိုးမပြုသည့်အလေ့အထများတွင် အလဟဿဖြစ်သွားမည့်ငွေကို သက်သာစေမည်ဖြစ်သည်။ ဆေးလိပ်မသောက်၊ အရက်သေစာမသောက်ကြူးခြင်းကြောင့် ဖျားနာမှုနှင့်ကင်းဝေးကာ ဆေးဖိုးဝါးခမကုန်တော့ချေ။ ထို့ ပြင် သမ္မာကျမ်းစာသည် လူတို့ကို ရုပ်ပစ္စည်းမတပ်မက်ရန်၊ လိုဘမကြီးရန် သွန်သင်ပေး၏။ (မာကု ၄:၁၉; ဧဖက် ၅:၃) ဤကိစ္စများတွင် သမ္မာကျမ်းစာကို အလေးဂရုပြုခြင်းအားဖြင့် လူတစ်ဦးသည် မိမိ၏ငွေများကို လောင်းကစားခြင်းတွင် ဖြုန်းတီးပစ်မည်လည်း မဟုတ်ချေ။
ဆင်းရဲတွင်းနက်နေချိန်၌ပင် နေ့စဉ်အသက်ရှင်နေထိုင်ရေးအတွက် လက်တွေ့ကျသောမူများကို သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။ အောက်ပါတွေ့ ကြုံမှုကို ဂရုပြုကြည့်ပါ။
အလုပ်လက်မဲ့နှုန်း မြင့်တက်လာသည့် နိုင်ငံတစ်နိုင်ငံတွင် စက်ရုံအလုပ်သမတစ်ဦးသည် ခရစ်ယာန်အစည်းအဝေးများ တက်ရောက်ရန် အလုပ်နားရက်တောင်းဆိုခြင်းဖြင့် အလုပ်ပြုတ်မည့်ကိန်းရှိခဲ့သည်။ သူ၏ကြီးကြပ်ရေးမှူးသည် သူ့ကို အလွယ်တကူ အလုပ်ဖြုတ်၍ရသည်။ သို့သော် အလုပ်ဖြုတ်မည့်အစား ကြီးကြပ်ရေးမှူးသည် သူ၏တောင်းဆိုမှုကို သဘောတူခွင့်ပြုလိုက်ခြင်းဖြင့် သူနှင့် အခြားသောအလုပ်သမားများကို အံ့အားသင့်စေခဲ့၏။ ထို့ပြင် သူ့အား စက်ရုံတွင် ဆက်အလုပ်လုပ်စေလိုကြောင်း ကြီးကြပ်ရေးမှူးကပြောပြီး သူ့ကို “စံပြအလုပ်သမ” အဖြစ် ချီးမွမ်းပြောဆိုခဲ့သည်။ အဘယ့်ကြောင့်နည်း။
ယေဟောဝါသက်သေတစ်ဦးဖြစ်သော ထိုအလုပ်သမသည် ကျမ်းစာမူများအတိုင်း အသက်ရှင်နေထိုင်ခဲ့၏။ ‘အရာရာ၌ ရိုးသား’ လိုသဖြင့် သူသည် မလိမ်ညာခဲ့၊ မခိုးဝှက်ခဲ့ပေ။ သို့နှင့် ရိုးသားသူဟူ၍ နာမည်ကောင်းရခဲ့၏။ (ဟေဗြဲ ၁၃:၁၈၊ ကဘ) သူသည် ကောလောသဲ ၃:၂၂၊ ၂၃ ပါကျမ်းစာမူကို နာခံလိုက်လျှောက်ကာ အလုပ်ကို “စေတနာစိတ်” ဖြင့်လုပ်ဆောင်ခဲ့၏။ ဆိုလိုသည်မှာ သူသည် မိမိ၏အလုပ်ရှင်ကို နာခံပြီး နေ့စဉ်လုပ်ဆောင်ရမည့် မိမိ၏တာဝန်ကို ဝီရိယရှိရှိ လုပ်ကိုင်ခဲ့သည်။
ကျွန်ုပ်တို့သည် တစ်ကိုယ်ကောင်းစိတ်ပျံ့နှံ့နေပြီး အကျိုးအမြတ်ရရေးကိုသာ အဓိကထားသော စီးပွားရေးစနစ်တွင် အသက်ရှင်နေထိုင်ကြသည်။ ကျမ်းစာမူများကို အလွန်လေးစားသူအချို့သည် အစားအစာ၊ အဝတ်အထည်နှင့် အိုးအိမ်ရရှိရန် ရုန်းကန်လှုပ်ရှားနေရဆဲပင်ဖြစ်မည်။ သို့သော် ထိုသူတို့သည် မိမိတို့ဖန်ဆင်းရှင်၏ မျက်မှောက်တော်တွင် ကိုယ်ကိုကိုယ်သိစိတ်ကြည်လင်ပြီး ရှေ့လာမည့်အချိန်အခါကောင်းကို ယုံကြည်စိတ်ချမှုအပြည့်ဖြင့် မျှော်လင့်စောင့်စားနေကြသည်။ အကြောင်းမှာ ယေဟောဝါသည် “မျှော်လင့်ခြင်း၏အရှင်၊ ဘုရားသခင်” ဖြစ်တော်မူသောကြောင့်တည်း။—ရောမ ၁၅:၁၃။
ဆင်းရဲနွမ်းပါးမှုအတွက် တည်မြဲသောဖြေရှင်းနည်း
ဆင်းရဲနွမ်းပါးသူတို့အား မတရားဖိနှိပ်ချုပ်ချယ်ရန် ထောက်ခံအားပေးသူတို့ကို ယေဟောဝါ အလွန်ရွံမုန်းတော်မူကြောင်း သမ္မာကျမ်းစာတွင် ဖော်ပြထား၏။ ဘုရားသခင့်မှုတ်သွင်းခံစကားတော်က ဤသို့ဆိုသည်– “ငတ်မွတ်သောသူတို့ကို တရားရှုံးစေခြင်းငှာလည်းကောင်း၊ ငါ၏လူမျိုးတွင် ဆင်းရဲသားတို့၏အခွင့်အရာကို ရုပ်သိမ်းခြင်းငှာလည်းကောင်း၊ မုဆိုးမတို့ကို ညှဉ်းဆဲ၍ မိဘမရှိသောသူတို့၏ဥစ္စာကို လုယူခြင်းငှာလည်းကောင်း၊ မတရားသဖြင့်စီရင်သောသူ၊ ကျပ်တည်းစွာသောမှတ်ချက်ကို မှတ်သားသောစာရေးတို့သည် အမင်္ဂလာရှိကြ၏။” (ဟေရှာယ ၁၀:၁၊ ၂) ဆင်းရဲနွမ်းပါးသူတို့ကို စိတ်လိုကိုယ်လျောက် လျစ်လျူရှုသည်ဖြစ်စေ၊ အမှုမဲ့အမှတ်မဲ့ လျစ်လျူရှုမိသည်ဖြစ်စေ ယနေ့ခေတ် လူ့အဖွဲ့အစည်း၏ စီးပွားရေးလုပ်ဆောင်မှုများကို ထိန်းချုပ်သူတို့သည် အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင် ဖယ်ရှားတော့မည့် ဆိုးရွားသောစနစ်၏ အစိတ်အပိုင်းများဖြစ်ကြသည်။
ထိုသို့သော မတရားဖိနှိပ်သူများကို ပရောဖက်ဟေရှာယက “ရပ်ဝေးဒေသမှ ဘေးအန္တရာယ်ဆိုးနှင့် တွေ့ကြုံစေတော်မူသောအခါ သင်တို့ အဘယ်သို့ပြုကြပါမည်နည်း” ဟု အရေးတကြီးမေးမြန်းလေသည်။ (ဟေရှာယ ၁၀:၃၊ ခမ) ယေဟောဝါသည် ဖိနှိပ်သူများဖြစ်ပေါ်စေသည့် မတရားသောစနစ်ကို ဖျက်ဆီးလိုက်ခြင်းဖြင့် ထိုသို့သောသူတို့အား ဖယ်ရှားပစ်တော်မူမည်။
သို့သော် ဘုရားသခင့်ရည်ရွယ်တော်မူချက်တွင် ဖိနှိပ်သူတို့ကို အရေးယူခြင်းထက်မကပါဝင်သည်။ ကိုယ်တော်သည် ရိုးသားဖြောင့်မတ်သူတို့အား မတရားမှုကင်းသည့်ဘဝပုံစံကို ပေးသနားတော်မူမည်။ ကိုယ်တော်သည် မြင့်မြတ်သည့်အုပ်ချုပ်မှုပုံစံဖြင့် လူသားအားလုံးကို ဆင်းရဲနွမ်းပါးမှုကင်းသော ကျေနပ်ပျော်ရွှင်ဖွယ်ကောင်းသည့် အသက်တာသို့ ပို့ဆောင်တော်မူမည်။ ထိုအချိန်တွင် ချမ်းသာကြွယ်ဝရန် သင်သည် ငွေအများအပြား အမွေဆက်ခံစရာ၊ စီးပွားရေးအဆက်အသွယ်ကောင်းရှိစရာ၊ စီးပွားရေးကျွမ်းကျင်စရာ မလိုတော့ချေ။ ထိုသို့သောအပြောင်းအလဲများ ဖြစ်ပျက်လာမည်ဟု ကျွန်ုပ်တို့ မည်သို့ယုံကြည်စိတ်ချနိုင်သနည်း။
လူသားတို့ကိုအုပ်ချုပ်ရန် ယေဟောဝါခန့်အပ်တော်မူသော ယေရှုခရစ်သည် ထိုထူးမြတ်လှသည့်အနာဂတ်ကို ‘အသစ်ပြုပြင်မှု’ ဟုရည်ညွှန်းခဲ့၏။ (မဿဲ ၁၉:၂၈) ဤစကားလုံးသည် လူ့ဘဝအား အသစ်ပြန်စတင်ခြင်းကို ဖော်ပြသည်။ ‘အသစ်ပြုပြင်မှု’ ဟူသောအသုံးအနှုန်းကို အသုံးပြုခြင်းအားဖြင့် ယေဟောဝါသည် ဖြောင့်မတ်သောလူသားတို့ကို မေတ္တာပြည့်ဝသည့် ဖန်ဆင်းရှင်၏အလိုတော်အတိုင်း အသက်ရှင်နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ယေရှု အလေးပေးဖော်ပြခဲ့၏။ ထိုအချိန်တွင် လူသားတို့အတွက် ကိုယ်တော်ဆောင်ကြဉ်းပေးမည့် အကျိုးကျေးဇူးများစွာအနက်တစ်ခုမှာ လူများစွာအပေါ် ဝန်ပိနေစေသည့် စီးပွားရေးအခက်အခဲများကို ထာဝစဉ်ဖယ်ရှားခြင်းဖြစ်သည်။
ယေရှုခရစ်၏အုပ်ချုပ်မှုနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက ဤသို့ပရောဖက်ပြုထားသည်– “နွမ်းပါးသူအော်ဟစ်သောအခါ ထိုသူကိုလည်းကောင်း၊ ခိုကိုးရာမရသောဆင်းရဲသူကိုလည်းကောင်း ကယ်လွှတ်တော်မူ၏။ ဆင်းရဲသူနှင့် နွမ်းပါးသူကို သနား၍ နွမ်းပါးသူတို့၏အသက်ကို ကယ်တင်တော်မူ၏။ သူတို့အသွေးကို နှမြောတော်မူသဖြင့် အသက်ကိုညှဉ်းဆဲခြင်းနှင့် ကြမ်းကြုတ်ခြင်း၏လက်မှ ရွေးနုတ်တော်မူ၏။”—ဆာလံ ၇၂:၁၂-၁၄၊ သမ္မာ။
နှစ်လို့ဖွယ်ကောင်းသော ဤအနာဂတ်ကို သင်ပိုင်ဆိုင်နိုင်ပါသည်။ သို့သော် ထိုကမ္ဘာသစ်အသက်တာအတွက် ဘုရားသခင့်တောင်းဆိုချက်များကို ပြည့်မီရန် သင်သည် ဦးစွာ စစ်မှန်သောဘုရားသခင်၏အလိုတော်ကို သင်ယူပြီး ထိုအတိုင်းလုပ်ဆောင်ဖို့ အရေးကြီးသည်။ သမ္မာကျမ်းစာအသိပညာကိုအခြေခံပြီး ပညာရှိသောဆုံးဖြတ်ချက်များချပါလေ။ လူသားအားလုံးအတွက် ဘုရားသခင်ပြင်ဆင်ပေးထားသည့် ထူးမြတ်လှသောအနာဂတ်ကို မျှော်လင့်စောင့်စားရင်း အသက်ရှင်နေထိုင်ပါ။ သင် စိတ်ပျက်ရလိမ့်မည်မဟုတ်ချေ။ “နွမ်းပါးသောသူတို့ကို အစဉ်မေ့လျော့တော်မမူ။ ဆင်းရဲသောသူတို့သည် မျှော်လင့်၍မရဘဲ အစဉ်နေရကြမည်မဟုတ်” ဟူ၍ သမ္မာကျမ်းစာတွင် ကတိပြုထား၏။—ဆာလံ ၉:၁၈၊ သမ္မာ။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 6 ဆင်းရဲဝေဒနာခံစားနေရသူတို့ကို ဘုရားသခင်စိုးရိမ်မကင်းဖြစ်ကြောင်း အသားပေးဖော်ပြသည့် ကျမ်းချက်နှစ်ချက်မှာ ဆာလံ ၃၅:၁၀ နှင့် ဆာလံ ၁၁၃:၇ တို့ဖြစ်သည်။
[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]
နှစ်လို့ဖွယ်ကောင်းသောအနာဂတ်ကို သင်ပိုင်ဆိုင်နိုင်
[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
စီးပွားရေးအခြေအနေ ပိုကောင်းသောဒေသသို့ ကျွန်ုပ်ပြောင်းရွှေ့သင့်သလော
လူတို့သည် မည်သည့်နေရာ၌နေထိုင်ပြီး မည်သည့်အလုပ်လုပ်ရမည်ဟု သမ္မာကျမ်းစာတွင် မဖော်ပြထားချေ။ သို့သော် စီးပွားရေးအခြေအနေကြောင့် အခြားနိုင်ငံတစ်နိုင်ငံသို့ ပြောင်းရွှေ့သွားခြင်းက သင့်လျော်မသင့်လျော်ဟူသည်ကို လူတစ်ဦးဆုံးဖြတ်နိုင်ရန် ကျမ်းစာမူများက ကူညီပေးနိုင်ပါသည်။ အောက်ဖော်ပြပါမေးခွန်းများနှင့် ကျင့်သုံးရမည့်ကျမ်းစာမူများကို ဂရုပြုကြည့်ပါလေ။
၁။ အခြေအမြစ်မရှိသည့်စကားများကြောင့် ကျွန်ုပ်လှည့်ဖြားခံနေရသလော။ သု. ၁၄:၁၅ တွင် ဤသို့ဖော်ပြထားသည်– “ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏။” အရှေ့ဥရောပမှ အမျိုးသားတစ်ဦးသည် ချမ်းသာကြွယ်ဝသောနိုင်ငံတစ်နိုင်ငံသို့ ပြောင်းရွှေ့သွားပြီးနောက် ဤသို့ဆိုခဲ့သည်– “ဒီနိုင်ငံမှာ ရွှေပင်ငွေပင်တွေ ပေါက်နေတယ်လို့ ကြားသိခဲ့ရတယ်။ အဲလိုအပင်တွေကို အခုထက်ထိ ကျွန်တော် ရှာလို့မတွေ့သေးဘူး။”
၂။ ကျွန်ုပ်၏ မိသားစုလိုအပ်ရာများနှင့်ပတ်သက်၍ ကျွန်ုပ်တွင် မျှတသောအမြင်ရှိ၏လော။ လိုအပ်ရာများနှင့် လက်တွေ့မကျသော လိုချင်ရာများကြားတွင် ကျွန်ုပ်ခေါင်းရှုပ်နေသလော။ အိမ်ထောင်ဦးစီးများသည် မိမိဇနီးနှင့် သားသမီးများအတွက် ရုပ်ပစ္စည်းလိုအပ်ရာများ စီမံပေးရန် တာဝန်ရှိကြသည်။ (၁ တိမောသေ ၅:၈) သို့သော် ဖခင်များသည် မိမိတို့၏သားသမီးများကို ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးအရ သွန်သင်ပေးရန်လည်း ဘုရားသခင်ရှေ့တော်တွင် တာဝန်ရရှိထားကြသည်။ (တရားဟောရာ ၆:၆၊ ၇; ဧဖက် ၆:၄) ဖခင်တစ်ဦးသည် ရပ်ဝေးသို့သွား၍ အလုပ်လုပ်မည်ဆိုလျှင် ရုပ်ပစ္စည်းများ ပို၍ထောက်ပံ့ပေးကောင်း ပေးနိုင်ပေမည်။ သို့သော် သူသည် မိသားစုနှင့် အချိန်ကြာကြာ ခွဲနေမည်ဆိုလျှင် သားသမီးများ၏ ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးရာတို့ကို လိုအပ်သလို မသွန်သင်ပေးနိုင်တော့ချေ။
၃။ ဇနီးသည်နှင့် အချိန်ကြာကြာခွဲနေခြင်းက အိမ်ထောင်ရေးဖောက်ပြန်ဖို့အကြောင်း ရှိသည်ကို ကျွန်ုပ် သဘောပေါက်၏လော။ အိမ်ထောင်သည် ဇနီးမောင်နှံများသည် အချင်းချင်း၏လိင်ဆိုင်ရာ လိုအပ်ရာများကို ထည့်စဉ်းစားရန် ကျမ်းစာက သတိပေးထားသည်။—၁ ကောရိန္သု ၇:၅။
၄။ နိုင်ငံတစ်နိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်နေထိုင်ခြင်းက အာဏာပိုင်များ၏ အရေးယူမှု ခံရနိုင်ကြောင်း ကျွန်ုပ်သဘောပေါက်၏လော။ စစ်မှန်သော ခရစ်ယာန်များသည် နိုင်ငံ့ဥပဒေများကိုနာခံရန် တာဝန်ရှိကြသည်။—ရောမ ၁၃:၁-၇။
[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]
ကျမ်းစာမူများသည် ဆင်းရဲချမ်းသာမရွေး အားလုံးအတွက် လက်တွေ့ကျ
[Picture Credit Line on page 7]
Top: © Trygve Bolstad/Panos Pictures