ချမ်းသာကြွယ်ဝလိုခြင်း ယင်းက သင့်ကို ထိခိုက်စေနိုင်ပုံ
ချမ်းသာကြွယ်ဝလိုခြင်း ယင်းက သင့်ကို ထိခိုက်စေနိုင်ပုံ
ကမ္ဘာပေါ်တွင် လူသန်းပေါင်း ၈၅၀ တို့မှာ ဆာလောင်မွတ်သိပ်နေကြရာ စည်းစိမ်ဥစ္စာများများရှိထားခြင်းက ပြဿနာများ ပေါ်ပေါက်စေနိုင်သည်ဟုဆိုခြင်းကို တွေးရခက်နေပေမည်။ သို့သော် ရှေ့ဆောင်းပါး၌ ကိုးကားဖော်ပြထားသည့် ကျမ်းချက်တွင် ငွေ သို့မဟုတ် စည်းစိမ်ဥစ္စာကို ပြစ်တင်ရှုတ်ချထားခြင်းမဟုတ်ဘဲ ငွေတပ်မက်ခြင်းနှင့် ချမ်းသာကြွယ်ဝလိုခြင်းတို့နှင့်ပတ်သက်၍ သတိပေးခြင်းဖြစ်ကြောင်း သင် သတိပြုမိပါသလော။ လူတို့သည် စည်းစိမ်ဥစ္စာကြွယ်ဝရန်နှင့် ငွေဖြင့်ဝယ်ယူနိုင်သောအရာများရရှိရန်သာ အဓိကထားမည်ဆိုလျှင် ဘာဖြစ်သွားမည်နည်း။ သားသမီးများအပေါ် အကျိုးသက်ရောက်မှုကို ဦးစွာ သုံးသပ်ကြည့်ပါ။
သားသမီးများအပေါ် အကျိုးသက်ရောက်မှု
အမေရိကန်နိုင်ငံတွင် သာမန်ကလေးတစ်ဦးသည် တစ်နှစ်အတွင်း ရုပ်မြင်သံကြားကြော်ငြာ ၄၀,၀၀၀ ကိုကြည့်ရှုကြောင်း ခန့်မှန်းရ၏။ ထို့ ပြင် စတိုးဆိုင်များနှင့် သူငယ်ချင်းများ၏အိမ်တွင် ဗီဒီယိုဂိမ်းများ၊ ခေတ်မီဆန်းပြားသော တေးသီချင်းဓာတ်ပြားဖွင့်စက်များ၊ ကွန်ပျူတာပရိုဂရမ်များနှင့် နာမည်ကြီးတံဆိပ်ပါ အဝတ်အစားများကို ကလေးများတွေ့ မြင်ခဲ့ရပြီးနောက် မိဘများအား မရမကပူဆာနေကြသည်ကို မြင်ယောင်ကြည့်လိုက်ပါဦး။ မိဘတချို့သည် သားသမီးများ၏ဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေးခဲ့ကြ၏။ အဘယ်ကြောင့်နည်း။
မိဘတချို့သည် မိမိတို့ငယ်စဉ်က ဇိမ်ခံပစ္စည်းများ မရရှိခဲ့ကြသဖြင့် မိမိတို့၏သားသမီးများအား ချို့ချို့ငဲ့ငဲ့ဖြင့် မကြီးပြင်းစေလိုကြချေ။ အခြားမိဘများမူ သားသမီးများ တောင်းဆိုရာကို မလိုက်လျောပေးပါက မိမိတို့အား မချစ်တော့မှာကို စိုးရိမ်ကြသည်။ “မိဘတွေဟာ ကလေးတွေရဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်ချင်ကြတဲ့အတွက် ကလေးတွေကို ပျော်အောင်ထားကြတယ်” ဟုအမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၊ ဘိုလ်ဒါမြို့မှ မိဘများအား ကူညီပေးနေသည့် အဖွဲ့တစ်ဖွဲ့ကို
ပူးတွဲတည်ထောင်ခဲ့သူတစ်ဦးက ဆိုသည်။ အခြားမိဘများကမူ လက်ဆောင်အများအပြားပေးခြင်းက ကလေးများနှင့်ဝေးရာတွင် အချိန်များစွာပေး၍ အလုပ်လုပ်နေခြင်းကို ထေမိစေမည်ဟု မျှော်လင့်ထားကြသည်။ မိဘတစ်ဦးသည် တစ်ပတ်လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးနောက် “မရဘူး၊ ဝယ်မပေးနိုင်ဘူး” ဟုငြင်းဆိုနိုင်စွမ်း မရှိတော့ချေ။သို့သော် သားသမီးများတောင်းသမျှကို ပေးနေသော မိဘများသည် သူတို့ကို ကူညီပေးနေခြင်းလော၊ ဖျက်ဆီးနေခြင်းလော။ အံ့ဩစရာမှာ အလိုလိုက်ခံရသောကလေးများသည် မိဘများကို ပို၍ချစ်ခင်ကြမည့်အစား ကျေးဇူးကန်းကြကြောင်း အတွေ့အကြုံက ဖော်ပြနေသည်။ သူတို့မရမကပူဆာခဲ့ကြသော လက်ဆောင်ပစ္စည်းများကို တန်ဖိုးပင်မထားကြချေ။ အလယ်တန်းကျောင်းအုပ်တစ်ဦးက ဤသို့ဆိုခဲ့၏– “ကျွန်မရဲ့အတွေ့အကြုံအရ ကလေးတွေဟာ သူတို့ပူဆာတာတွေ ရပြီဆိုရင် တစ်ခဏတော့ ကျေနပ်သွားကြတယ်။ ဒါပေမဲ့ နှစ်ပတ်လောက်လည်းကြာရော သူတို့ သဲကြီးမဲကြီး လိုချင်ခဲ့တဲ့ပစ္စည်းတွေကို လွှင့်ပစ်တတ်ကြတယ်။”
အလိုလိုက်ခံရသည့်ကလေးများ ကြီးပြင်းလာသောအခါ ဘာဖြစ်သွားသနည်း။ နယူးစ်ဝိခ် မဂ္ဂဇင်းအရ သူတို့လေးများသည် “ဘဝ၏စိတ်ပျက်စရာများကို ကိုင်တွယ်ဖြေရှင်းရာတွင် အခက်အခဲတွေ့ ကြရ” သော လူကြီးများဖြစ်လာကြကြောင်း လေ့လာမှုများက ဖော်ပြ၏။ သူတို့ရရှိထားရာများအတွက် ကြိုးစားအားထုတ်ခဲ့ရခြင်း မရှိသောကြောင့် ကလေးတချို့မှာ ကျောင်း၊ အလုပ်ခွင်နှင့် အိမ်ထောင်ရေးတို့တွင် အောင်မြင်မှုမရရှိသည့်အပြင် ငွေကြေးအရလည်း မိဘများကိုသာ မှီခိုနေကြရလေသည်။ ထိုသူတို့သည် ပူပန်သောကနှင့် စိတ်အားငယ်ခြင်းတို့ကိုလည်း ခံစားရလေ့ရှိ၏။
သို့ ဖြစ်၍ အလိုလိုက်ခံရသောကလေးများမှာ အဆုံးတွင် ချို့ချို့ငဲ့ငဲ့ ဖြစ်ရလေသည်။ သူတို့သည် အလုပ်၏တန်ဖိုးကိုနားမလည်၊ ကိုယ့်ကိုယ်ကိုတန်ဖိုးထားသည့်စိတ်မရှိ၊ မိမိတို့တွင် ပင်ကိုအရည်အသွေးများရှိကြောင်း မသိနားမလည်ကြတော့ချေ။ စိတ်ရောဂါကုထုံးပညာရှင် ဂျက်ဆီအိုနီးလ်က ဤသို့သတိပေး၏– “သူတို့လိုချင်တာကို လိုချင်တဲ့အချိန်မှာရနိုင်တယ်လို့ ကလေးတွေကိုသင်ပေးတာက သူတို့ဘဝတစ်လျှောက်လုံး စိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့ နေထိုင်သွားရဖို့ လမ်းခင်းပေးလိုက်တာနဲ့တူတယ်။”
လူကြီးများအပေါ် အကျိုးသက်ရောက်မှု
သင်သည် အိမ်ထောင်သည်ဖြစ်ပါက “အိမ်ထောင်သက်တမ်း မည်မျှပင်ကြာပါစေ၊ ငွေမည်မျှပင်ရှိပါစေ၊ သင်တို့သည် ငွေကြေးနှင့်ပတ်သက်၍ စကားများရဖို့အကြောင်းရှိသည်” ဟု Psychology Today ဂျာနယ်က ဖော်ပြသည်။ ထို့ ပြင် “ငွေကြေးဆိုင်ရာ သဘောထားကွဲလွဲမှုများနှင့် စိတ်ပျက်စရာများကို ဇနီးမောင်နှံ ကိုင်တွယ်ဖြေရှင်းပုံက သူတို့၏ဆက်ဆံရေးကို ရေရှည်အောင်မြင်စေနိုင်သည် သို့မဟုတ် ပျက်ပြားစေနိုင်သည်” ဟုဖော်ပြထား၏။ ငွေနှင့် ရုပ်ပစ္စည်းများအပေါ် အလွန်အကျွံ အလေးထားသော မောင်နှံတစ်စုံသည် ၎င်းတို့၏အိမ်ထောင်ရေးကို အဆုံးသတ်ပစ်ဖို့အကြောင်း ပိုများစေသည်မှာ ရှင်းနေပါသည်။ အမှန်ဆိုရလျှင် ကွာရှင်းမှုများ၏ ၉၀ ရာခိုင်နှုန်းမှာ ငွေနှင့်ပတ်သက်သော အငြင်းပွားမှုများကြောင့်ဖြစ်သည်ဟု ခန့်မှန်းရ၏။
သို့သော် မောင်နှံတစ်စုံသည် အတူနေထိုင်လျှင်ပင် မိမိတို့ရှာဖွေထားသည့် ငွေကြေးနှင့် ဇိမ်ခံပစ္စည်းများအပေါ် အာရုံစိုက်နေပါက ၎င်းတို့၏အိမ်ထောင်ရေးအခြေအနေမှာ ဆိုးရွားလာနိုင်သည်။ ဥပမာ၊ အကြွေးတင်နေသော မောင်နှံတစ်စုံသည် ဒေါသထွက်လွယ်၊
စိတ်ဆိုးလွယ်လာပြီး ငွေကြေးပြဿနာများကြောင့် တစ်ဦးကိုတစ်ဦး အပြစ်တင်လာကြပေမည်။ ကိစ္စရပ်တချို့တွင် အိမ်ထောင်ဖက်တို့သည် မိမိတို့ပိုင်ဆိုင်ရာများအပေါ်တွင်သာ အလွန်အမင်း အာရုံစိုက်နေရာ တစ်ဦးကိုတစ်ဦး အချိန်ပေးခြင်း၊ ပြောဆိုဆက်သွယ်ခြင်း မရှိကြတော့ချေ။ အိမ်ထောင်ဖက်တစ်ဦးသည် ဈေးကြီးသောပစ္စည်းတစ်ခုကို ဝယ်ယူပြီး မိမိအိမ်ထောင်ဖက်မသိအောင် ယင်းကို ဖုံးကွယ်ထားမည်ဆိုလျှင် ဘာဖြစ်သွားမည်နည်း။ ယင်းသို့ ပြုခြင်းက လျှို့ဝှက်ထားခြင်း၊ စိတ်မလုံမလဲဖြစ်ခြင်း၊ သံသယဝင်ခြင်းတို့ကိုဖြစ်ပေါ်စေပြီး အိမ်ထောင်ရေးကို တစ်စတစ်စ ယိုင်လဲစေသည်။အိမ်ထောင်သည်ဖြစ်စေ၊ တစ်ကိုယ်ရေသမားဖြစ်စေ လူကြီးအချို့သည် ရုပ်ဝါဒလိုက်စားရန် မိမိတို့၏အသက်ကိုပင် စွန့်လွှတ်ခဲ့ကြသည်။ တောင်အာဖရိကနိုင်ငံတွင် လူတချို့သည် ရုပ်ပစ္စည်းများကို တန်ဖိုးထားသည့် အနောက်တိုင်းဟန်ကို ခံယူရန် ဖိအားပေးမှုကြောင့် မိမိကိုယ်ကို သေကြောင်းကြံခဲ့ကြသည်။ အမေရိကန်နိုင်ငံတွင် လူတစ်ဦးသည် ဇနီးနှင့် ၁၂ နှစ်အရွယ်သားငယ်ကိုရော မိမိကိုယ်ကိုပါ သတ်သေခဲ့ခြင်းမှာ ငွေကြေးပြဿနာများကြောင့် ဖြစ်ဟန်တူ၏။
လူအများစုမူ ရုပ်ပစ္စည်းများနောက် တကောက်ကောက်လိုက်သည့်အတွက် မသေကြသည်မှာ မှန်ပါသည်။ သို့သော် သူတို့သည် စည်းစိမ်ဥစ္စာရှာဖွေခြင်းတွင် အာရုံနစ်မြုပ်ထားသည့်အတွက် စစ်မှန်သောစိတ်ကျေနပ်မှုမရရှိဘဲ အသက်ရှင်နေကြရသည်။ ထို့ ပြင် အလုပ်ဖိစီးမှု၊ ငွေကုန်ကြေးကျများမှုကြောင့် အလိုလိုထိတ်လန့်ခြင်း၊ အိပ်မရဖြစ်ခြင်း၊ အမြဲလိုလို ခေါင်းကိုက်ခြင်း၊ အနာရောဂါဖြစ်ခြင်းစသည့် ကျန်းမာရေးပြဿနာများက ဘဝအရည်အသွေးကို ကျဆင်းစေကာ အသက်ကိုပင်တိုစေနိုင်သည်။ လူတစ်ဦးသည် မိမိဦးစားထားရာများကို ပြောင်းလဲဖို့လိုကြောင်း အသိတရားဝင်လာလျှင်ပင် အခါနှောင်းသွားပေမည်။ အိမ်ထောင်ဖက်၏ ယုံကြည်ကိုးစားမှုကို ရရှိတော့မည်မဟုတ်ချေ။ သားသမီးများလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်ကာ မိမိကိုယ်တိုင်၏ ကျန်းမာရေးသည်လည်း ယိုယွင်းလာပေမည်။ ထိခိုက်ပျက်စီးမှုအချို့ကို ပြန်လည်ပြုပြင်၍ရနိုင်ဖွယ်ရှိသော်လည်း များစွာကြိုးစားအားထုတ်ဖို့တော့လိုပေမည်။ ထိုသို့သောသူများသည် အမှန်ပင် “နာကျင်ခြင်းဝေဒနာများစွာဖြင့် ကိုယ့်ကိုယ်ကို ထိခိုက်နစ်နာစေခဲ့” ကြပြီ။—၁ တိမောသေ ၆:၁၀၊ ကဘ။
သင်အလိုရှိရာကား အဘယ်နည်း
လူအများစုသည် စိတ်လက်ချမ်းသာစွာ နေထိုင်နိုင်ရန် ပျော်ရွှင်သောမိသားစု၊ ကောင်းမွန်သောကျန်းမာရေး၊ အဓိပ္ပာယ်ရှိသောအလုပ်နှင့် ငွေအလုံအလောက်ရှိလိုကြသည်။ ယင်းတို့အားလုံးကို ပိုင်ဆိုင်ဖို့မူကား ဟန်ချက်ညီဖို့လိုသည်။ ငွေကိုသာ အဓိကထားမည်ဆိုလျှင် ထိုဟန်ချက်ပျက်သွားပေမည်။ လူများစွာအတွက်မူ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ရေးဟူသည် လခနည်းသောအလုပ်လုပ်ခြင်း၊ အိမ်ခပ်သေးသေးတွင် နေထိုင်ခြင်း၊ လူနေမှုအဆင့်အတန်းလျှော့ချခြင်းကို ဆိုလိုပေမည်။ သာ၍တန်ဖိုးရှိသောအရာများအတွက် ယင်းသို့သောစည်းစိမ်များကို စွန့်လွှတ်လိုစိတ်ရှိသူ မည်မျှရှိသနည်း။ ‘အဲဒီစည်းစိမ်တွေ မရှိလည်းဖြစ်တယ်ဆိုတာ ကျွန်မသိပေမဲ့ စွန့်လွှတ်ဖို့အခက်သား’ ဟုအမျိုးသမီးတစ်ဦးက ဝန်ခံခဲ့သည်။ အခြားသူတို့မူ ယင်းတို့ကို စွန့်လွှတ်လိုစိတ်ရှိကြသော်လည်း မိမိတို့ဘက်မှ ဦးစွာမလုပ်ဆောင်လိုကြချေ။
အသင်ဆိုလျှင်ကော အသို့နည်း။ ငွေကြေးနှင့် ရုပ်ပစ္စည်းများကို သူ့နေရာနှင့်သူထားရှိသည့် နည်းလမ်းကို သင်တွေ့ရှိထားပြီးဖြစ်လျှင် သင့်အား ချီးမွမ်းပါသည်။ သို့သော် သင်၏လူနေမှုအဆင့်အတန်းက သင်၏အချိန်အများစုကို တောင်းဆိုနေသောကြောင့် သင်သည် ဤဆောင်းပါးကို အလျင်စလိုဖတ်ရှုနေပါသလော။ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာစေရန်
ရုပ်ပစ္စည်းပိုင်ဆိုင်ရာအချို့ကို လျှော့ချဖို့လိုသည်ဟု ခံစားရသူတို့တွင် သင်လည်း ပါဝင်ပါသလော။ သို့ဆိုလျှင် ရုပ်ဝါဒလိုက်စားမှုက သင်၏မိသားစုကို မဖျက်ဆီးပစ်မီ ပြတ်ပြတ်သားသား လုပ်ဆောင်ပါလေ။ ဤစာမျက်နှာရှိ လေးထောင့်ကွက်တွင် အစပြုလုပ်ဆောင်ခြင်းနှင့်ပတ်သက်သော အကြံပြုချက်တချို့ကို ဖော်ပြပေးထားပါသည်။ရုပ်ပစ္စည်းများနှင့်ပတ်သက်၍ မျှတသောအမြင်ရှိမည်ဆိုလျှင် မိသားစုဝင်တစ်ဦးချင်းစီအနေနှင့် ကာယပိုင်းအရရော စိတ်ခံစားမှုပိုင်းအရပါ အကျိုးခံစားရပေမည်။ သို့သော် ခရစ်ယာန်များတွင် အခြားအရေးကြီးသောအရာတစ်ခု ရှိသေး၏။ ယင်းမှာ ရုပ်ပစ္စည်းများကြောင့် ဘုရားသခင်နှင့် မိမိတို့၏ဆက်ဆံရေးကို အပျက်မခံလိုကြခြင်းဖြစ်သည်။ ရုပ်ဝါဒလိုက်စားမှုသည် လူတစ်ဦး၏ ဝိညာဉ်ရေးကျန်းမာမှုကို မည်သို့ထိခိုက်စေနိုင်သနည်း။ ထိုသို့မထိခိုက်စေရန် မည်သို့ကာကွယ်တားဆီးနိုင်သနည်း။ ယင်းနှင့်ပတ်သက်၍ နောက်ဆောင်းပါးတွင် ရှင်းပြပါမည်။
[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]
အလိုလိုက်ခံရသောကလေးများသည် ကျေးဇူးကန်းတတ်ကြပြီး သူတို့သဲကြီးမဲကြီးလိုချင်ခဲ့သော ပစ္စည်းများကို လွှင့်ပစ်တတ်ကြ
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ဟန်ချက်ညီညီ အသက်ရှင်
ရုပ်ပစ္စည်းများကိုလျှော့ချရာတွင် ပြတ်သားမှုနှင့် အသေအချာစီစဉ်မှုရှိဖို့ လိုပေမည်။ အချို့သောသူတို့အား အထောက်အကူပြုခဲ့သည့် အကြံပြုချက်များကို ဤတွင်ဖော်ပြထားပါသည်။
▪ မိမိ၏အခြေအနေကိုစစ်ဆေးပါ။ အဘယ်အရာကို မဝယ်ဘဲနေ၍ရနိုင်သနည်း။ အဘယ်အရာကို ဖယ်ရှားပစ်နိုင်သနည်း။ မဂ္ဂဇင်းလစဉ် မှာယူဖတ်ရှုခြင်းလော။ တေးသီချင်းဓာတ်ပြားများလော။
▪ ရိုးရှင်းစွာနေထိုင်ရန် ခေတ္တစမ်းကြည့်ပါ။ ရိုးရှင်းစွာနေထိုင်ရေးနှင့်ပတ်သက်၍ သင် ဒွိဟဖြစ်နေပါက ခြောက်လ သို့မဟုတ် တစ်နှစ် စမ်းကြည့်ပါ။ ငွေကြေးနှင့် ပိုင်ဆိုင်ရာများအတွက် အသုံးပြုခဲ့သောအချိန်က သင့်ကို အမှန်တကယ် ပျော်ရွှင်မှုပေးသလော၊ အနည်းငယ်သာပေးသလောဟူသည်ကို ချိန်ထိုးကြည့်ပါ။
▪ ရိုးရှင်းစွာနေထိုင်ခြင်းနှင့်ပတ်သက်သည့် မိသားစုဆွေးနွေးခန်းများတွင်သားသမီးများကို ပါဝင်စေပါ။ သို့ပြုလျှင် သူတို့လေးများအတွက် အထောက်အကူဖြစ်စေနိုင်ပြီး သူတို့ပူဆာလာသည့်အခါ သင် ငြင်းဆိုဖို့ အခက်တွေ့မည်မဟုတ်တော့ချေ။
▪ သင့်ကလေးများကို မုန့်ဖိုးပေးရန် စဉ်းစားပါ။ ကလေးများသည် သူတို့လိုချင်သည့်ပစ္စည်းဝယ်ရန် မုန့်ဖိုးစုဖို့ ဆုံးဖြတ်သည်ဖြစ်စေ၊ မစုဘဲ သုံးလိုက်သည်ဖြစ်စေ သူတို့သည် စိတ်ရှည်တတ်လာပြီး မိမိတို့ပိုင်ပစ္စည်းကို တန်ဖိုးထားတတ်လာပေမည်။ ဆုံးဖြတ်ချက်များလည်း ချတတ်လာပေမည်။
▪ ချွေတာနည်းများကို သင်ယူလေ့လာထားပါ။ လျှော့ဈေးဖြင့် ရောင်းချသောဆိုင်များတွင် ဈေးဝယ်ပါ။ ဝင်ငွေထွက်ငွေစာရင်းတစ်ခု ပြုလုပ်ပါ။ ကားစုငှားပါ။ အသုံးအဆောင်များကို လျှော့သုံးပါ။ စာအုပ်များကို ဝယ်မည့်အစား စာကြည့်တိုက်မှ ငှားဖတ်ပါ။
▪ လိုအပ်ချက်ကို ဖြည့်ဆည်းပါ။ ရုပ်ပစ္စည်းလျှော့ချရန်ဟူသော သင့်ရည်ရွယ်ချက်မှာ ပစ္စည်းနည်းနည်းသာထားရှိရုံသာမက သင့်ဘဝတွင် သင့်မိသားစုနှင့် မိတ်ဆွေများကဲ့သို့သော ပို၍အရေးကြီးသည့်အရာများကိုပါ အာရုံစိုက်ဖို့ဖြစ်ကြောင်း သတိရပါ။ သင် ထိုသို့လုပ်ဆောင်နေပါ
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ချမ်းသာကြွယ်ဝလိုခြင်းက အိမ်ထောင်ရေးအခြေအနေကို တင်းမာစေနိုင်