ဝိညာဉ်ရေးတွင် ချမ်းသာကြွယ်ဝရန် သန္နိဋ္ဌာန်ချပါ
ဝိညာဉ်ရေးတွင် ချမ်းသာကြွယ်ဝရန် သန္နိဋ္ဌာန်ချပါ
ရုပ်ပစ္စည်းတွင်ချမ်းသာကြွယ်ဝရန် အပြင်းအထန် အားထုတ်ကြိုးပမ်းကာ အနစ်နာခံဖို့လိုပေသည်။ ဝိညာဉ်ရေးတွင် ချမ်းသာကြွယ်ဝရန်လည်း အလားတူပင်။ “ကောင်းကင်ဘုံ၌ဘဏ္ဍာကို ဆည်းပူးကြလော့” ဟုယေရှုမိန့်ဆိုခဲ့စဉ်က ယင်းကို ကိုယ်တော်ရည်ညွှန်းခဲ့၏။ (မဿဲ ၆:၂၀) ဝိညာဉ်ရေးကြွယ်ဝမှုသည် အလိုအလျောက် မဖြစ်လာနိုင်ချေ။ လူတစ်ဦးသည် ဘဏ်စာရင်းတစ်ခုရှိရုံနှင့် ချမ်းသာကြွယ်ဝလာမည်မဟုတ်သကဲ့သို့ ဘာသာတရားရှိကာမျှနှင့်လည်း ဝိညာဉ်ရေးတွင် ချမ်းသာကြွယ်ဝလာမည်မဟုတ်ချေ။ ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးကို ပြုစုပျိုးထောင်ခြင်း၊ ဝိညာဉ်ရေးစိတ်ဓာတ်ရှိသူတစ်ဦးအဖြစ် တိုးတက်လာခြင်း၊ ဝိညာဉ်ရေးဆိုင်ရာအရည်အသွေးများ ပြည့်ဝလာခြင်းတို့တွင် သန္နိဋ္ဌာန်၊ အချိန်၊ အပြင်းအထန် အားထုတ်ကြိုးပမ်းမှုနှင့် အနစ်နာခံမှုတို့လိုအပ်ပေသည်။—သု. ၂:၁-၆။
နှစ်မျိုးစလုံးကို သင် ပိုင်ဆိုင်နိုင်သလော
လူတစ်ဦးသည် ဝိညာဉ်ရေးကြွယ်ဝမှုကိုရော၊ ရုပ်ပစ္စည်းကြွယ်ဝမှုကိုပါ ပိုင်ဆိုင်နိုင်ပါသလော။ ဖြစ်နိုင်ဖွယ်ရာမှာ ထိုအရာနှစ်မျိုးတွင် တစ်မျိုးကိုသာ အောင်မြင်စွာ လိုက်စားနိုင်ပေမည်။ ယေရှုက ‘သင်တို့သည် ဘုရားသခင်၏အစေကိုလည်းကောင်း၊ လောကစည်းစိမ်၏အစေကိုလည်းကောင်း မခံနိုင်ကြ’ ဟူ၍ မိန့်ဆိုခဲ့သည်။ (မဿဲ ၆:၂၄ခ) အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဝိညာဉ်ရေးကြွယ်ဝမှုကို လိုက်စားခြင်းနှင့် ရုပ်ပစ္စည်းကြွယ်ဝမှုကို လိုက်စားခြင်းတို့သည် ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်နေသောကြောင့်ဖြစ်၏။ တစ်ခုက အခြားအရာတစ်ခုကို အနှောင့်အယှက်ပေးတတ်သည်။ သို့ဖြစ်၍ ဝိညာဉ်ရေးဘဏ္ဍာကို ဆည်းပူးရန် တပည့်များအား မပြောမီ ယေရှုက “မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းပူးကြနှင့် [စာသားအရ၊ “ဆက်မဆည်းပူးတော့နှင့်”] ” ဟူ၍ မိန့်ဆိုခဲ့၏။—မဿဲ ၆:၁၉။
ယေရှု၏ဆုံးမစကားကို လျစ်လျူရှုပြီး ဝိညာဉ်ရေးနှင့် ရုပ်ပစ္စည်းနှစ်မျိုးစလုံးတွင် ကြွယ်ဝရန် ရှာဖွေစုဆောင်းဖို့ ကြိုးစားမည်ဆိုလျှင် အဘယ်အရာဖြစ်ပျက်မည်နည်း။ ယေရှုက “အဘယ်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်မည်။ သခင်တစ်ဦးကိုမှီခို၍ တစ်ဦးကို မခန့်မညားပြုမည်” ဟုမိန့်ဆိုခဲ့သည်။ (မဿဲ ၆:၂၄က) ထို့ကြောင့် နှစ်မျိုးစလုံးကိုရှာဖွေစုဆောင်းသူသည် ဝိညာဉ်ရေးရာများကို တာဝန်အရ လုပ်ဆောင်နေလျှင်ပင် ယင်းတို့ကို အနှောင့်အယှက်အဖြစ် ယူမှတ်လာပေမည်။ ဘုရားသခင်အပေါ် မှီခိုအားထားမည့်အစား ဘဝ၏စိုးရိမ်ပူပန်မှုများကို ဖြေရှင်းသည့် အဓိကနည်းအဖြစ် ငွေနှင့် ငွေဖြင့်ဝယ်၍ရသောအရာများအပေါ် အားထားလာပေမည်။ ယေရှု ဤသို့မိန့်ဆိုသည့်အတိုင်းပင်ဖြစ်၏– “သင်၏ဘဏ္ဍာရှိရာအရပ်တွင် သင်၏စိတ်နှလုံးလည်း ရောက်တတ်၏။”—မဿဲ ၆:၂၁၊ ကဘ။
ခရစ်ယာန်တစ်ဦးစီသည် မိမိ၏အချိန်၊ အာရုံနှင့် စိတ်ဝင်စားရာတို့ကို အဘယ်အရာအပေါ် အဓိကထားမည်ဟု မဆုံးဖြတ်မီ အဆိုပါကျမ်းစာဆုံးမစကားကို အလေးအနက်သုံးသပ်သင့်သည်။ ခရစ်ယာန်တစ်ဦး မည်မျှရှာဖွေစုဆောင်းရမည်ကို ဘုရားသခင် မသတ်မှတ်ထားပေးသည့်အတွက် လောဘလွန်ကျူးခြင်းနှင့်ပတ်သက်သော ကိုယ်တော်၏သတိပေးချက်များတွင် ပြစ်ဒဏ်ပေးခြင်းမပါဝင်ဟု မဆိုလိုပါ။ (၁ ကောရိန္သု ၆:၉၊ ၁၀) ကျွန်ုပ်တို့သိရှိခဲ့ရသည့်အတိုင်း ကျမ်းစာဆုံးမစကားကို လျစ်လျူရှုကာ ချမ်းသာကြွယ်ဝလိုသည့်သဘောရှိသူတို့သည် ဝိညာဉ်ရေးပိုင်း၊ စိတ်ပိုင်းနှင့် စိတ်လှုပ်ရှားမှုပိုင်းတို့တွင် ထိခိုက်လာသည်။ (ဂလာတိ ၆:၇) ယင်းနှင့်ဆန့်ကျင်လျက် ဘုရားသခင်ကို မှီခိုရန်လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်ကြမည်ဟု ယေရှုမိန့်ဆိုခဲ့သည်။ (မဿဲ ၅:၃၊ ကဘ) ကျွန်ုပ်တို့၏ဖန်ဆင်းရှင်နှင့် ကိုယ်တော်၏သားတော်သည် ကျွန်ုပ်တို့ပျော်ရွှင်ကောင်းစားရေးအတွက် အဘယ်အရာ အကောင်းဆုံးဖြစ်မည်ကို အမှန်ပင် သိရှိထားတော်မူသည်။—ဟေရှာယ ၄၈:၁၇၊ ၁၈။
သင် ဝမ်းနည်းရမည်မဟုတ်သော ရွေးချယ်မှုတစ်ခု
သင်အာရုံစိုက်ရမည့်အရာကား အဘယ်နည်း။ ဘုရားသခင်လော၊ စည်းစိမ်ဥစ္စာလော။ ကျွန်ုပ်တို့သည် မိမိတို့၏ရုပ်ပစ္စည်းလိုအပ်ရာများကို အတော်အတန် အာရုံစိုက်ရမည်မှာ ရှင်းနေပါသည်။ တိမောသေထံပေးပို့သည် ပထမစာတွင် တမန်တော်ပေါလု ဤသို့ဆိုခဲ့၏– “မိမိလူတို့ကိုမပြုစု၊ ထိုမျှမက၊ မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား ယုံကြည်ခြင်းတရားကို ငြင်းပယ်၏။ မယုံကြည်ဖူးသောသူထက် သာ၍ယုတ်မာ၏။” ထို့ ပြင် ပေါလုသည် ခရစ်ယာန်များအား မိမိတို့၏မျှော်လင့်ချက်ကို ငွေအပေါ်တွင်မဟုတ်ဘဲ ဘုရားသခင်အပေါ်ထားရှိကာ “ကောင်းသောအကျင့်၌ ကြွယ်ဝပြည့်စုံ” ရန် အားပေးတိုက်တွန်းခဲ့သည်။ (၁ တိမောသေ ၅:၈; ၆:၁၇၊ ၁၈) မည်သည့်အရာပေါ် သင် အာရုံစိုက်မည်နည်း။ မည်သည့်အရာကို သင် လိုက်စားမည်နည်း။ ပေါလုရည်ညွှန်းခဲ့သည့် ကောင်းသောအကျင့်များတွင် အဓိကကျသည့်အရာမှာ မိမိ၏တပည့်များလုပ်ဆောင်ရန် ယေရှုပေးအပ်ခဲ့သော ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းဖြစ်သည်။ (မဿဲ ၂၈:၁၉၊ ၂၀) ခရစ်ယာန်များသည် စိတ်လိုကိုယ်လျောက် ရိုးရှင်းစွာနေထိုင်ကြခြင်းမှာ အေးဆေးသက်သာစွာ ဇိမ်ခံလို၍မဟုတ်ဘဲ အဆိုပါအဓိပ္ပာယ်ရှိသောလုပ်ငန်းတွင် ပိုမိုပါဝင်လို၍ဖြစ်ပြီး ဘုရားသခင်ကတိပြုထားသည့် ကမ္ဘာသစ်တွင် “ကောင်းသောဘဏ္ဍာကို မိမိတို့အဖို့ ဆည်းပူး” လို၍ဖြစ်သည်။ ယခုပင်လျှင် ဝိညာဉ်ရေးကြွယ်ဝမှုသည် ‘ရွှေကိုရတတ်ခြင်းထက် ပိုကောင်း’ ကြောင်း သူတို့သိရှိထားကြသည်။—၁ တိမောသေ ၆:၁၉; သု. ၁၆:၁၆; ဖိလိပ္ပိ ၁:၁၀။
အယ်ဒီ၏တွေ့ ကြုံမှုကို သုံးသပ်ကြည့်ပါ။ သူငယ်ရွယ်စဉ်က သူ၏မိသားစုသည် ယေဟောဝါသက်သေများဖြစ်လာခဲ့ကြသည်။ တစ်ချိန်တွင် သူ၏မိသားစုသည် ပိုင်ဆိုင်ရာအားလုံး ဆုံးရှုံးသွားပြီး အိမ်မှဆင်းပေးရန် မောင်းချခံခဲ့ရသည်။ အယ်ဒီက ဤသို့ရှင်းပြသည်– “ကျွန်တော်တို့ မွဲပြာကျတဲ့ အခြေဆိုက်သွားရင် ဘယ်လိုများနေမလဲဆိုပြီး အမြဲစိတ်ပူခဲ့ရတယ်။ တကယ်ပဲ အဲဒီအခြေဆိုက်သွားခဲ့တယ်။ ဘယ်လိုဖြစ်သွားသလဲဆိုတာ သိပါသလား။ ဘယ်လိုမှမဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို့ စားနေ၊ သောက်နေ၊ ဝတ်နေရတုန်းပါပဲ။ ကျွန်တော်တို့လိုအပ်ရာတွေကို ယေဟောဝါ ထောက်ပံ့ပေးခဲ့တယ်။ အချိန်တန်တော့ ကျွန်တော်တို့ဆုံးရှုံးခဲ့ရာတွေကို ပြန်ရရှိခဲ့ပါတယ်။ ဒီတွေ့ကြုံမှုက မဿဲ ၆:၃၃ မှာ ယေရှုကတိပြုခဲ့ရာကို အလေးအနက်ထားဖို့ ကျွန်တော့်ကို သင်ပေးခဲ့တယ်။ ကျွန်တော်တို့ရဲ့ဘဝမှာ ဘုရားသခင့်နိုင်ငံတော်ကို ရှေးဦးထားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ရုပ်ပစ္စည်းလိုအပ်ရာတွေအတွက် ဘယ်တော့မှ စိုးရိမ်ပူပန်နေဖို့မလိုဘူး။” ယနေ့ အယ်ဒီသည် ဇနီးသည်နှင့်အတူ အချိန်ပြည့်နယ်လှည့်တစ်ဦးအဖြစ် အမှုဆောင်နေပါသည်။ ရုပ်ပစ္စည်းလိုအပ်ရာများကို သူတို့ရရှိထားသည်။ ထို့ထက်ကား သူတို့သည် ဝိညာဉ်ရေးတွင် ချမ်းသာကြွယ်ဝနေကြသည်။
အလွန်များပြားလှသည့် အကျိုးကျေးဇူးများ
သူခိုးများ ခိုးယူသွားနိုင်သည့် မြေကြီးပေါ်ရှိဘဏ္ဍာနှင့်မတူဘဲ ဝိညာဉ်ရေးဘဏ္ဍာမှာ အမြဲတည်နိုင်ပေသည်။ (သု. ၂၃:၄၊ ၅; မဿဲ ၆:၂၀) ဝိညာဉ်ရေးတိုးတက်မှုကို တိုင်းတာရခက်သည်မှာ မှန်ပါသည်။ လူတစ်ဦး၏ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ယုံကြည်ခြင်းတို့တွင် တိုးပွားမှုကို သိရှိရန်မှာ လူတစ်ဦး၏ ငွေကြေးတိုးများလာမှုကို သိရှိသလောက် မလွယ်ကူချေ။ သို့သော် ဝိညာဉ်ရေးကြွယ်ဝမှု၏ အကျိုးကျေးဇူးများကား တိုင်းတာ၍မရလောက်အောင် အလွန်များပြားလှပေသည်။ ဝိညာဉ်ရေးရာများကို ဦးစားပေးရန် မိမိတို့၏အသက်မွေးလုပ်ငန်း၊ မိမိတို့၏အိမ်၊ လယ်ယာများကိုပင် စွန့်လွှတ်ခဲ့ကြသည့် တပည့်များအား ယေရှု ဤသို့မိန့်ဆိုခဲ့လေသည်– “ငါအမှန်ဆိုသည်ကား ငါ့နာမနှင့် သတင်းကောင်းကြောင့် အိမ်၊ ညီအစ်ကိုမောင်နှမ၊ မိဘ၊ သားသမီး၊ လယ်ယာတည်းဟူသော တစ်ပါးပါးကို စွန့်သောသူသည် ယခုကာလ၌ ညှဉ်းဆဲခြင်းနှင့်တကွ အဆတစ်ရာသော အိမ်၊ ညီအစ်ကိုမောင်နှမ၊ မိဘ၊ သားသမီး၊ လယ်ယာတို့ကိုရမည့်အပြင် အနာဂတ်ကာလတွင် ထာဝရအသက်ကိုလည်း ရလိမ့်မည်။”—မာကု ၁၀:၂၉၊ ၃၀၊ ကဘ။
သင့်အသက်တာတွင် အဘယ်အရာကို ဦးစားထားမည်နည်း။ ဘုရားသခင်လော၊ စည်းစိမ်ဥစ္စာလော။
သင်သည် ရုပ်ပစ္စည်းကြွယ်ဝရန် ကြိုးစားနေသလော . . . သို့မဟုတ် ဝိညာဉ်ရေးကြွယ်ဝရန် ကြိုးစားနေသလော
[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံများ]
သင်သည် ရုပ်ပစ္စည်းကြွယ်ဝရန် ကြိုးစားနေသလော . . .
. . . သို့မဟုတ် ဝိညာဉ်ရေးကြွယ်ဝရန် ကြိုးစားနေသလော