ငါ ဘာကြောင့်အမြဲလိုလို အပယ်ခံရတာလဲ
လူငယ်များအမေး . . .
ငါ ဘာကြောင့်အမြဲလိုလို အပယ်ခံရတာလဲ
“စနေ၊ တနင်္ဂနွေနေ့တွေမှာ ကျွန်မကလွဲရင် တစ်လောကလုံး ပျော်ရွှင်နေတဲ့ပုံပဲ။”—ရာနေး။
“လူငယ်တွေ ဝိုင်းဖွဲ့တဲ့အခါ ကျွန်တော့်ကို ပ,ထုတ်ထားကြတယ်။”—ဂျယ်ရမီ။
လှပသောနေ့ဖြစ်၍ အခြားသူတို့တွင် အစီအစဉ်များရှိနေသော်လည်း သင်၌မူ ဘာအစီအစဉ်မျှမရှိဘဲဖြစ်နေသည်။ သင့်သူငယ်ချင်းအားလုံး တပျော်တပါး အပြင်ထွက်လည်ကြသည်။ ဤအချိန်တွင်လည်း သင် အပယ်ခံရပြန်လေပြီ။
လုပ်ဆောင်မှုတစ်ခုခုတွင်ပါဝင်ဖို့ ဖိတ်ခေါ်မခံရခြင်းသည် အတော်လေး စိတ်ပျက်ဖို့ကောင်းသော်လည်း ဖိတ်ခေါ်မခံရသည့်အကြောင်းရင်းက ပို၍ပင်စိတ်ပျက်ဖို့ကောင်းသည်။ ‘ငါ့မှာ တစ်ခုခုလိုနေလို့များလား။ ငါနဲ့ ဘာကြောင့် မပေါင်းချင်ကြတာလဲ’ ဟုသင့်ကိုယ်သင် ဆိုပေမည်။
စိတ်ပျက်ရသည့်အကြောင်းရင်း
အုပ်စုတစ်စုတွင် ပါဝင်လိုခြင်းနှင့် အုပ်စု၏လက်ခံမှုကို ရယူလိုခြင်းသည် သာမန်ကိစ္စဖြစ်၏။ အမှန်မှာ အစုလိုက်အဖွဲ့လိုက် နေထိုင်တတ်သူများအနေနှင့် ကျွန်ုပ်တို့သည် အခြားသူများနှင့် အပြန်အလှန်ပေါင်းသင်းခြင်းအားဖြင့် အကျိုးများစွာရရှိကြသည်။ ဧဝအားမဖန်ဆင်းမီ အာဒံကို ယေဟောဝါ ဤသို့မိန့်တော်မူခဲ့သည်– “ယောက်ျားသည် တစ်ယောက်တည်းမနေကောင်း။” (ကမ္ဘာဦး ၂:၁၈) လူသားအချင်းချင်း လိုအပ်ကြသည်မှာ ရှင်းနေပါသည်။ ဤနည်းဖြင့် ကျွန်ုပ်တို့ဖန်ဆင်းခံရကြ၏။ ထို့ကြောင့် အပယ်ခံရခြင်းသည် အလွန်ပင် စိတ်ပျက်စရာကောင်းပေသည်။
အထူးသဖြင့် သင်သည် ကြိမ်ဖန်များစွာ အပယ်ခံရလျှင် သို့မဟုတ် သင်မိတ်ဆွေဖွဲ့လိုသူတို့၏ စံနှုန်းများကို လိုက်မမီနိုင်ဟု ခံစားရမည်ဆိုလျှင် စိတ်ပျက်စရာဖြစ်နိုင်ပါသည်။ “ကြီးကျယ်တဲ့အရာတွေကို အောင်မြင်ပြီးမြောက်နေကြတဲ့ သီးသန့်လူငယ်အုပ်စုတွေ ရှိကြပေမဲ့ သူတို့က ကိုယ့်ကို သူတို့နဲ့ပေါင်းဖို့ စံမမီတဲ့သူလို့သတ်မှတ်ထားတာ အသိသာကြီးပဲ” ဟုမာရေးအမည်ရှိ အမျိုးသမီးငယ်တစ်ဦးကဆို၏။ အခြားသူတို့က သင့်ကို သူတို့အုပ်စုမှ ပ,ထုတ်သောအခါ အပယ်ခံ၊ အထီးကျန်ဆန်သည်ဟု သင်ခံစားရတော့သည်။
တစ်ခါတစ်ရံတွင် သင်သည် အုပ်စုအတွင်းရှိနေသော်လည်း သီးခြားဖြစ်နေသည်ဟုပင် ခံစားရနိုင်သည်။ “အူကြောင်ကြောင်နိုင်လှပေမဲ့ မိတ်ဆုံပွဲတစ်ခုမှာ ကျွန်မ အရမ်းအထီးကျန်ခဲ့တာကို မှတ်မိသေးတယ်။ လူအများကြီးရှိနေပေမဲ့ ဘယ်သူနဲ့မှ မရင်းနှီးဘူးလို့ ခံစားရတာကြောင့်ဖြစ်မယ်ထင်တယ်” ဟုနီကိုးလ်ကဆို၏။ ခရစ်ယာန်စည်းဝေးပွဲများနှင့် စည်းဝေးကြီးများ၌ပင် အထီးကျန်သည်ဟု လူတချို့ ခံစားကြရသည်။ “လူတိုင်းက တစ်ယောက်ကိုတစ်ယောက် သိနေကြပေမဲ့ ကျွန်မကိုတော့ ဘယ်သူမှ သိဟန်မတူဘူး” ဟုမီဂန်ကဆို၏။ မာရီယာအမည်ရှိ အမျိုးသမီးငယ်တစ်ဦးလည်း ထပ်တူပင်ခံစားရသည်။ “ကျွန်မမှာ သူငယ်ချင်းတွေ ဝိုင်းဝိုင်းလည်နေပုံပေါက်ပေမဲ့ တကယ်တော့ သူငယ်ချင်းတစ်ယောက်မှ မရှိပါဘူး” ဟုသူကဆိုသည်။
မည်သူမျှ အထီးကျန်မှုနှင့် မကင်းကြချေ။ နာမည်ကြီးသူ၊ ပျော်ရွှင်နေသူဟု ထင်ရသူတို့ပင် မကင်းကြပါ။ “လူသည် ရယ်စဉ်အခါပင် ဝမ်းနည်းသောစိတ်သဘောရှိ၏” ဟုကျမ်းစာစကားပုံတစ်ခုက ဆိုသည်။ (သု. ၁၄:၁၃) အထီးကျန်မှုသည် ပြင်းထန်ကာ အမြဲခံစားနေရလျှင် ယင်းသည် အားလျော့စေနိုင်သည်။ “ညှိုးငယ်ခြင်းအားဖြင့်ကား စိတ်ပျက်တတ်၏” ဟု ကျမ်းစာကဆိုသည်။ အခြားဘာသာပြန်ကျမ်းတစ်ခုတွင်မူ “ဝမ်းနည်းခြင်းသည် စိတ်ထောင်းကိုယ်ကြေဖြစ်စေနိုင်၏” ဟုပြန်ဆိုထားသည်။ (သု. ၁၅:၁၃; ခေတ်ပြိုင်အင်္ဂလိပ်ဘာသာပြန်ကျမ်း) သင်သည် အပယ်ခံရသည့်အတွက် စိတ်ပျက်အားလျော့ခဲ့ရသည်ဆိုလျှင် သင် အဘယ်အရာပြုလုပ်နိုင်သနည်း။
အထီးကျန်မှုကို တွန်းလှန်ခြင်း
အထီးကျန်မှုကို တွန်းလှန်နိုင်ရန် အောက်ပါအချက်များကို ကြိုးစားလိုက်နာကြည့်ပါလေ–
▪ သင်၏အဖိုးတန်အရည်အချင်းများကို အာရုံစိုက်ပါ။ (၂ ကောရိန္သု ၁၁:၆) ‘ငါ့မှာ အဖိုးတန်တဲ့ ဘယ်အရည်အချင်းတွေရှိသလဲ’ ဟုသင့်ကိုယ်သင်မေးပါ။ သင်ပိုင်ဆိုင်သည့် အရည်အချင်းတချို့ကို စဉ်းစားကာ အောက်တွင်ဖော်ပြပါ။
․․․․․
အပယ်ခံရသည်ဟု သင်ခံစားရသည့်အခါ အထက်ဖော်ပြပါ သင်၏အရည်အချင်းများကို သတိရပါလေ။ သင်၌ အားနည်းချက်များရှိကာ ယင်းတို့ကို ကျော်လွှားအောင်မြင်ဖို့ သင်ကြိုးစားသင့်သည်မှာ မှန်ပါသည်။ သို့သော် သင်၏အမှားများကြောင့် ဖိစီးမှုဖြစ်မလာစေရန် ကြိုးစားပါ။ ယင်းအစား အမှားများကို စိတ်ရှည်ရှည်ဖြင့် ပြုပြင်နေသူအဖြစ် ကိုယ့်ကိုယ်ကို ရှုမြင်ပါ။ အရာရာတိုင်း စိတ်တိုင်းကျဖြစ်လာမည်မဟုတ်သော်လည်း အရာတချို့ကား ဖြစ်လာနိုင်ပေသည်။ ယင်းတို့ကို အာရုံစိုက်ပါလေ။
▪ ကျယ်ဝန်းသောစိတ်ရှိပါ။ (၂ ကောရိန္သု ၆:၁၁-၁၃) မိမိဘက်မှအစပြု၍ လူတို့နှင့်မိတ်ဆက်ပါ။ ယင်းကိုလုပ်ဆောင်ဖို့ အခက်အခဲရှိမည်မှာ မှန်ပါသည်။ “အုပ်စုကိုကြည့်ပြီး အရမ်းလန့်နေရပေမဲ့ တစ်ယောက်ယောက်ဆီသွားပြီး နှုတ်ဆက်လိုက်တဲ့အခါ ချက်ချင်းပဲ အဲဒီအုပ်စုအဝင် ဖြစ်သွားတယ်” ဟုအသက် ၁၉ နှစ်အရွယ် လစ်ဇ် ကဆို၏။ (“စကားလက်ဆုံပြောဆိုနည်းများ” လေးထောင့်ကွက်ကိုရှု။) အပယ်ခံရခြင်းနှင့်ပတ်သက်၍ သင်သည် သက်ကြီးရွယ်အိုများကဲ့သို့သောသူတို့ကို မပယ်ထားကြောင်း သေချာစေပါ။ “ကျွန်မအသက် ၁၀ နှစ်၊ ၁၁ နှစ်တုန်းက ကျွန်မထက် အများကြီး အသက်ကြီးတဲ့ မိတ်ဆွေတစ်ယောက်ရှိခဲ့တယ်။ အသက်ကွာပေမဲ့ ကျွန်မတို့ အရမ်းရင်းနှီးခဲ့ကြတယ်” ဟုကိုရီအမည်ရှိ ဆယ်ကျော်သက်တစ်ဦးက အမှတ်ရနေသည်။
အသင်းတော်တွင် သင်ပို၍သိကျွမ်းလိုသူ လူကြီးနှစ်ဦးအကြောင်းကို စဉ်းစားပါ။
․․․․․
နောက်လာမည့် အသင်းတော်အစည်းအဝေး၌ အထက်တွင်ဖော်ပြထားသူတို့ထဲမှ တစ်ဦးထံ ချဉ်းကပ်ပါလေ။ မိမိဘက်မှ အစပြု၍ စကားပြောဆိုပါ။ ကျမ်းစာကို မည်သို့စိတ်ဝင်စားလာကြောင်း ထိုသူအား မေးမြန်းပါ။ သင်သည် “ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံး” နှင့် လက်ပွန်းတတီးရှိလာလေ အပယ်ခံရသည်၊ အထီးကျန်သည်ဟူသောခံစားချက် လျော့နည်းလေဖြစ်မည်။—၁ ပေတရု ၂:၁၇၊ ကဘ။
▪ ရင်ဖွင့်ပါ။ (သု. ၁၇:၁၇) သင်၏စိုးရိမ်ပူပန်မှုကို သင့်မိဘများထံ သို့မဟုတ် အခြားလူကြီးတစ်ဦးထံ ပြောပြခြင်းက အထီးကျန်မှုကို လျော့နည်းစေနိုင်ပါသည်။ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး ထိုသို့လုပ်ဆောင်ခဲ့၏။ အစပိုင်းတွင် သူသည် အပယ်ခံရခြင်းနှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်ခဲ့သည်။ “အပယ်ခံရတယ်လို့ ကျွန်မကိုခံစားစေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အပြန်ပြန်အလှန်လှန် သုံးသပ်တယ်။ ပြီးမှ အမေ့ကိုပြောပြတော့ အမေက အဲဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ အကြံဉာဏ်ပေးတယ်။ အဲလိုပြောပြလိုက်မှပဲ စိတ်ပေါ့သွားတယ်” ဟုသူကဆို၏။
သင်သည် အမြဲလိုလို အထီးကျန်နေသည်ကို တစ်ယောက်ယောက်အား ပြောပြဖို့လိုနေပြီဆိုလျှင် မည်သူ့ထံ သင်ချဉ်းကပ်နိုင်သနည်း။
․․․․․
▪ သူတစ်ပါးအကျိုးကို စဉ်းစားပါ။ (၁ ကောရိန္သု ၁၀:၂၄) ကျွန်ုပ်တို့သည် ‘မိမိ၏အကျိုးကိုသာမရှာဘဲ သူတစ်ပါး၏အကျိုးကိုရှာ’ သင့်ကြောင်း သမ္မာကျမ်းစာကဆို၏။ (ဖိလိပ္ပိ ၂:၄၊ ခမ) သင်သည် အပယ်ခံရသောအခါ စိတ်ပျက်ဝမ်းနည်းဖို့ လွယ်ကူ၏။ သို့သော် စိတ်ဓာတ်ကျနေမည့်အစား အကူအညီလိုနေသူတစ်ဦးဦးအတွက် တစ်ခုခုလုပ်ပေးလျှင် မကောင်းပေလော။ ထိုသို့ ဖြင့် မိတ်သစ်ဆွေသစ်များပင် ဖွဲ့နိုင်ပေမည်။
အသင်းတော်တွင် သို့မဟုတ် မိသားစုတွင် သင်အဖော်ပြုပေးနိုင်သောသူ သို့မဟုတ် တစ်နည်းနည်းဖြင့် သင်ကူညီပေးနိုင်သောသူ တစ်ဦးဦးကို စဉ်းစားကြည့်ပါ။ ထိုသူ၏အမည်ကို အောက်တွင်ရေးချကာ သူ့အား သင်မည်သို့ ကူညီပေးနိုင်ပုံကို ဖော်ပြပါ။
․․․․․
သင်သည် ကိုယ့်အကျိုးထက် သူတစ်ပါးအကျိုးကို စဉ်းစားကာ သူတို့အတွက် တစ်ခုခုလုပ်ဆောင်ပေးလျှင် အထီးကျန်ဖို့ အချိန်နည်းသွားသည်။ ယင်းက သင်၏အမြင်နှင့် ပြုမူပြောဆိုပုံတို့တွင် ပို၍အပြုသဘောရှိစေနိုင်ပြီး သင့်အား မိတ်ဆွေဖွဲ့ ၍ရသူတစ်ဦး ဖြစ်လာစေနိုင်သည်။ နယပုံပြင် ၁၁:၂၅ တွင် “သူတစ်ပါးကိုရေလောင်းသောသူသည် ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကို ခံရလိမ့်မည်” ဟုဖော်ပြထား၏။
▪ ရွေးချယ်တတ်ပါ။ (သု. ၁၃:၂၀) သင့်ကိုဂရုစိုက်တတ်သည့် မိတ်ဆွေစစ်အနည်းငယ်ရှိထားခြင်းက သင့်ကိုအကျပ်တွေ့စေမည့် မိတ်ဆွေတုများစွာရှိထားခြင်းထက် ပို၍ကောင်းပေသည်။ (၁ ကောရိန္သု ၁၅:၃၃) သမ္မာကျမ်းစာတွင် ဖော်ပြထားသည့် လူငယ်ရှမွေလကို သုံးသပ်ကြည့်ပါ။ သူသည် ဝတ်ပြုရာတဲတော်တွင် အထီးကျန်နေပေမည်။ သူ၏လုပ်ဖော်ဆောင်ဖက်ချင်းများတွင် ဟောဖနိနှင့် ဖိနဟတ်တို့လည်း ပါဝင်ခဲ့၏။ သူတို့သည် ယဇ်ပုရောဟိတ်မင်း၏သားများ ဖြစ်ကြသော်လည်း ၎င်းတို့၏အကျင့်ဆိုးများကြောင့် သူတို့ကို အပေါင်းအသင်းအဖြစ် ရွေးချယ်၍မရချေ။ ရှမွေလသာ သူတို့နှင့်လိုက်လျောညီထွေဖြစ်အောင် ကြိုးစားပါက သူ၏ဝိညာဉ်ရေးကို ထိခိုက်စေမည်ဖြစ်သည်။ သို့သော် ရှမွေလ ထိုသို့အဖြစ်မခံလိုခဲ့ချေ။ သမ္မာကျမ်းစာက ဤသို့ဆို၏– ‘သူငယ်ရှမွေလသည် ကြီးပွား၍ ထာဝရဘုရားသခင်ရှေ့၊ လူတို့ရှေ့၌ မျက်နှာရလေ၏။’ (၁ ဓမ္မရာဇဝင် ၂:၂၆) မည်သူတို့နှင့် သူပေါင်းသင်းခဲ့သနည်း။ ဟောဖနိနှင့် ဖိနဟတ်တို့မဟုတ်သည်မှာ သေချာပါသည်။ သူတို့သည် ရှမွေလ၏အကျင့်ကောင်းများကြောင့် သူ့ကိုပင် ရှောင်ခဲ့ကြပေမည်။ ရှမွေလ၏ ချီးမွမ်းထိုက်သော အရည်အသွေးများကြောင့် ဘုရားသခင့်စံနှုန်းတော်များကို ထောက်ခံသူတို့သည် သူ့ကို ချစ်ခင်ခဲ့ကြလေသည်။ သင်လိုအပ်သောမိတ်ဆွေများမှာ ယေဟောဝါအား ချစ်မြတ်နိုးသူတို့ပင်ဖြစ်၏။
▪ အပြုသဘောရှိပါ။ (သု. ၁၅:၁၅) အနည်းဆုံး တစ်ချိန်မဟုတ်တစ်ချိန်တွင် အပယ်ခံရသည်ဟု လူတိုင်း ခံစားကြရသည်။ အဘယ်အရာက အကူအညီဖြစ်စေနိုင်သနည်း။ အပျက်သဘောဝင်နေမည့်အစား ဘဝကို အပြုသဘောဖြင့်ရှုမြင်ဖို့ ကြိုးစားပါလေ။ ဘဝကဏ္ဍတိုင်းကို သင်ထိန်းချုပ်နိုင်မည်မဟုတ်သော်လည်း အခြေအနေအပေါ် သင်တုံ့ပြန်ပုံကို ထိန်းချုပ်နိုင်ကြောင်း သတိရပါ။
အပယ်ခံရသည်ဟု သင်ခံစားရသောအခါ အခြေအနေကို ပြောင်းလဲ၍ဖြစ်စေ၊ အနည်းဆုံး သင်၏အမြင်ကို ပြောင်းလဲ၍ဖြစ်စေ အပြုသဘောဖြင့် လုပ်ဆောင်ပါ။ သင်မည်သို့ ဖြစ်လာကြောင်း၊ သင်၏လိုအပ်ရာများနှင့် ယင်းတို့ကို အကောင်းဆုံး မည်သို့ ဖြည့်ဆည်းပေးနိုင်ကြောင်း ယေဟောဝါသိတော်မူသည်ကို အမြဲသတိရပါလေ။ သင်၌ အမြဲလိုလိုရှိနေနိုင်သည့် အထီးကျန်မှုမှန်သမျှအတွက် ယေဟောဝါထံ ဆုတောင်းပါ။ ကိုယ်တော်သည် “သင့်ကို မစတော်မူမည်” ဖြစ်ကြောင်း ယုံကြည်စိတ်ချပါလေ။—ဆာလံ ၅၅:၂၂။
“လူငယ်များအမေး . . . ” အခန်းဆက်ဆောင်းပါးများမှ ထပ်ဆင့်အချက်အလက်များကို www.watchtower.org/ype ဝက်ဘ်ဆိုက်တွင် တွေ့ရှိနိုင်ပါသည်
ချင့်တွေးစရာ
▪ အပယ်ခံရသည်ဟု ခံစားရပါက အပြုသဘောပါသည့် အဘယ်အချက်များကို လုပ်ဆောင်နိုင်သနည်း။
▪ အပျက်သဘော၏လွှမ်းမိုးမှုကို ခံနေမည့်အစား ကိုယ့်ကိုယ်ကို မျှမျှတတရှုမြင်ဖို့ အဘယ်ကျမ်းချက်များက ကူညီပေးမည်နည်း။
[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
စကားလက်ဆုံပြောဆိုနည်းများ
▪ ပြုံးပါ။ သင်၏လှိုက်လှဲသောအပြုံးက အခြားသူများအား သင်နှင့်စကားပြောဆိုစေပါမည်။
▪ သင့်ကိုယ်သင် မိတ်ဆက်ပါ။ သင်၏အမည်နှင့် သင်နေထိုင်ရာဒေသကို ပြောပြပါ။
▪ မေးခွန်းများမေးပါ။ သူတစ်ပါး၏နောက်ခံအကြောင်းနှင့်ပတ်သက်၍ စပ်စုခြင်းမဟုတ်ဘဲ သင့်တော်သောမေးခွန်းများမေးပါ။
▪ နားထောင်ပေးပါ။ သင်ဘာပြန်ပြောရမည်ကို စဉ်းစားမနေပါနှင့်။ နားသာထောင်ပေးပါ။ သင် နောက်ထပ်မေးမည့်မေးခွန်း သို့မဟုတ် နောက်ထပ်ပြောမည့်စကားသည် အလိုအလျောက်ထွက်လာပေမည်။
▪ သက်သောင့်သက်သာရှိပါ။ စကားလက်ဆုံပြောဆိုခြင်းသည် မိတ်သစ်ဆွေသစ်ဖွဲ့ရန် လမ်းစဖွင့်ပေးနိုင်ပါသည်။ ထို့ကြောင့် စမ်းကြည့်ပါလေ။