ဘာသာတရားဖြင့် လေ့ကျင့်သွန်သင်ပေးခြင်းက ရလဒ်ကောင်းများရစေ
ဘာသာတရားဖြင့် လေ့ကျင့်သွန်သင်ပေးခြင်းက ရလဒ်ကောင်းများရစေ
သားသမီးများကို ငယ်ရွယ်စဉ်မှစ၍ သွန်သင်ပေးကြသော မိဘများသည် မိမိတို့၏ကြိုးပမ်းမှုများမှာ အချည်းနှီးမဖြစ်ကြောင်း သဘောပေါက်လာကြ၏။ တောင်အမေရိကတွင်ရှိသော ပီရူးနိုင်ငံမှ လူငယ်လေးတစ်ဦးဖြစ်သူ ဒိုရီယန်သည် အသက်လေးနှစ်ရှိစဉ်က ယေဟောဝါသက်သေများ၏ ဘုရားသခင့်နိုင်ငံတော်ခန်းမ၌ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် ဦးဆုံးအကြိမ် ကျောင်းသားဟောပြောချက်ပေးခဲ့သည်။ သူသည် ကျောင်းစတက်သောအခါ ခရစ္စမတ်ပွဲကို မိမိအဘယ်ကြောင့်မကျင်းပကြောင်း မိမိ၏ဆရာမနှင့် အတန်းသားချင်းများအား ရှင်းပြတတ်နေပြီဖြစ်သည်။
မကြာသေးမီက အသက်ငါးနှစ်ခန့်တွင် ဒိုရီယန်သည် ကျောင်းသား ၅၀၀ ခန့်ရှိသည့် ကျောင်းတစ်ကျောင်းလုံးရှေ့တွင် ဖခင်များနေ့အပေါ် မိမိ၏ရှုမြင်ပုံကိုပြောပြရန် တောင်းဆိုခံခဲ့ရ၏။ သူသည် ဧဖက် ၆:၄ ပါကျမ်းချက်ကိုအခြေပြု၍ “ဖခင်တစ်ဦး၏တာဝန်ဝတ္တရားများ” ဟူသောအကြောင်းအရာနှင့်ပတ်သက်သည့် ဆယ်မိနစ်ကြာ ဟောပြောချက်ကို ပြင်ဆင်ခဲ့သည်။ ဟောပြောချက်နိဂုံးတွင် သူက “ဖခင်များနေ့ကို တစ်နှစ်တစ်ကြိမ် ကျင်းပကြမယ့်အစား သားသမီးတွေဟာ နေ့တိုင်း မိဘတွေကို ရိုသေလေးစားပြီး သူတို့ရဲ့စကားကို နားထောင်သင့်တယ်” ဟုပြောခဲ့သည်။
၁၉၄၃ ခုနှစ်တွင် လူကြီးလူငယ်မရွေး လူထုရှေ့ဟောပြောခြင်းစွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် သီအိုကရက်တစ်ဓမ္မအမှုကျောင်းသည် ယေဟောဝါသက်သေများ၏ ပတ်စဉ်အစည်းအဝေးများအနက် တစ်ခုဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ အဆိုပါကျောင်းသည် ကျမ်းစာကိုအခြေပြု၍ လေ့ကျင့်သွန်သင်ပေးသည့်အပြင် မိဘများကိုလည်း မိမိတို့၏သားသမီးများအား ကျမ်းစာဖြင့် လေ့ကျင့်သွန်သင်ပေးကြရန် ညွှန်ကြားခဲ့လေသည်။—သု. ၂၂:၆။
၂၀၀၅၊ နိုဝင်ဘာလတွင် ဆွစ်ဇာလန်နိုင်ငံမှ လူငယ်လေးတစ်ဦးဖြစ်သူ အသက်ခြောက်နှစ်အရွယ်ရှိ ဆိုင်မွန်သည် သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် ပထမဦးဆုံးအကြိမ် ကျမ်းစာဖတ်ရှုခြင်းတာဝန်ကို ရရှိခဲ့၏။ တစ်နှစ်ခန့်အကြာတွင် သူသည် ယေဟောဝါသက်သေများ၏ ကြီးမားသော စည်းဝေးပွဲတစ်ခု၏အစီအစဉ်တွင် လူတွေ့မေးမြန်းခံခဲ့ရသည်။ ဘုရားသခင်အားဝတ်ပြု၍ အမှုတော်ဆောင်ရခြင်းကို သူမည်သို့သဘောထားခဲ့သနည်း။
ဆိုင်မွန်သည် ပင်ပန်းနွမ်းနယ်နေလျှင်ပင် စည်းဝေးတစ်ခုမျှ မလွတ်စေရန် ကြိုးစားခြင်းဖြင့် ခရစ်ယာန်အစည်းအဝေးများတက်ရောက်ခြင်းကို နှစ်သက်မြတ်နိုးကြောင်း ဖော်ပြခဲ့လေသည်။ ထို့ ပြင် သူသည် ခရစ်ယာန်ဓမ္မအမှုတွင် မိသားစုဝင်များနှင့်အတူ ပါဝင်ခဲ့၏။ သူသည် အသက်အရွယ်မရွေး လူအားလုံးကို လစဉ် ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းစောင်ရေ ၃၀ မှ ၅၀ အထိဝေငှ၏။ ထို့ ပြင် သူသည် ဖခင်အား ကျမ်းစာအကြောင်းများပြောပြလေ့ရှိပြီး မိသားစုဝင်များနှင့်အတူ အစည်းအဝေးများတက်ရောက်ရန်လည်း အားပေးတတ်သည်။
သားသမီးများကို “ယေဟောဝါ၏ ဆုံးမပဲ့ပြင်ခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ” ပြုစုပျိုးထောင်ပေးကြသော မိဘများသည် သားသမီးများက တုံ့ပြန်၍ ဖြောင့်မတ်သောအသီးများ သီးပွင့်ကြသောအခါ များစွာရွှင်လန်းဝမ်းမြောက်ကြမည်မှာ အသေအချာပင်။—ဧဖက် ၆:၄၊ ကဘ; ယာကုပ် ၃:၁၇၊ ၁၈။
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
ကျောင်းတက်နေသည့် ဒိုရီယန်
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
ဘုရားသခင့်နိုင်ငံတော်ခန်းမရှိ ဆိုင်မွန်