ကမ္ဘာ့ပတ်ဝန်းကျင်ကို အဘယ်ကြောင့် ထိန်းသိမ်းရ
သမ္မာကျမ်းစာရှုထောင့်
ကမ္ဘာ့ပတ်ဝန်းကျင်ကို အဘယ်ကြောင့် ထိန်းသိမ်းရ
လူသားတို့၏ လုပ်ရပ်များသည် ကမ္ဘာဂြိုဟ်၏ ကောင်းစွာလည်ပတ်လုပ်ဆောင်နေမှုကို သမိုင်းတွင် မည်သည့်အချိန်ကထက်မဆို ယခုအခါ ပိုမိုဖျက်ဆီးနေဖွယ်ရှိသည်။ ကမ္ဘာချီပူနွေးမှုကဲ့သို့သော ပြဿနာများ၏ခြိမ်းခြောက်မှုများက ပို၍ထိတ်လန့်ဖွယ်ရာဖြစ်လာသောကြောင့် သိပ္ပံပညာရှင်များ၊ အာဏာပိုင်များနှင့် စက်မှုလုပ်ငန်းရှင်များသည် အရေးတယူလုပ်ဆောင်ရန် တိုး၍ကြိုးပမ်းလာကြသည်။
ကျွန်ုပ်တို့ တစ်ဦးချင်းစီတွင် ပတ်ဝန်းကျင်ကို ထိန်းသိမ်းရမည့်တာဝန် ရှိပါသလော။ ရှိမည်ဆိုလျှင် အဘယ်အတိုင်းအတာဖြင့်နည်း။ ကမ္ဘာမြေကို အကျိုးပြုစေမည့်နည်းများဖြင့် လုပ်ဆောင်ရန် ခိုင်လုံသောအကြောင်းရင်းများကို သမ္မာကျမ်းစာတွင် ဖော်ပြထားပါသည်။ ထို့ ပြင် ကြိုးပမ်းလုပ်ဆောင်ရာ၌ ဟန်ချက်ညီစေရန်လည်း ယင်းက ကျွန်ုပ်တို့ကို ကူညီပေးသည်။
ဖန်ဆင်းရှင်၏ ရည်ရွယ်တော်မူချက်နှင့်အညီ လုပ်ဆောင်ခြင်း
ယေဟောဝါဘုရားသခင်သည် ကမ္ဘာမြေကြီးကို လူသားတို့အတွက် ဥယျာဉ်ကဲ့သို့သော စံအိမ်အဖြစ် ဖန်ဆင်းပေးခဲ့သည်။ မိမိ၏ဖန်ဆင်းခြင်းလက်ရာအားလုံးကို “အလွန်ကောင်းသည်” ဟုမိန့်မြွက်ကာ ‘[ကမ္ဘာမြေကြီး] ကိုပြုစုစောင့်ရှောက်ရန်’ လူသားတို့ကို တာဝန်ပေးခဲ့၏။ (ကမ္ဘာဦး ၁:၂၈၊ ၃၁; ၂:၁၅) ကမ္ဘာမြေကြီး၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ ဘုရားသခင် မည်သို့ခံစားရသနည်း။ လူသား တို့၏ တလွဲစီမံမှုကြောင့် ကိုယ်တော် အလွန်စိတ်ထိခိုက်တော်မူသည်။ ထို့ကြောင့် ကိုယ်တော်သည် “မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူ” မည်ဟု ဗျာ. ၁၁:၁၈ တွင် ကြိုပြောထား၏။ သို့ ဖြစ်၍ ကမ္ဘာမြေကြီးအပေါ်တွင် ဖြစ်ပျက်နေသောအရာကို ကျွန်ုပ်တို့ အလေးမထားဘဲ မနေသင့်ပါ။
လူကြောင့်ဖြစ်သော ပျက်စီးမှုမှန်သမျှသည် “ခပ်သိမ်းသောအရာတို့ကို” ဘုရားသခင် “အသစ်ဖန်ဆင်း” မည့်အချိန်တွင် ပြုပြင်ခံရမည်ဖြစ်ကြောင်း သမ္မာကျမ်းစာက အာမခံထားသည်။ (ဗျာ. ၂၁:၅) သို့သော် ဘုရားသခင်သည် အချိန်တန်လျှင် ကမ္ဘာမြေကြီးကို ပြန်လည်ပြုပြင်ပေးမည်ဖြစ်သောကြောင့် ယခု ကျွန်ုပ်တို့၏လုပ်ရပ်များသည် ဘာမျှအရေးမကြီးဟူ၍ ကောက်ချက်မချသင့်ပေ။ ယင်းတို့သည် အလွန်အရေးကြီး၏။ ကမ္ဘာဂြိုဟ်နှင့်ပတ်သက်သည့် ဘုရားသခင့်အမြင်မျိုး ကျွန်ုပ်တို့တွင်ရှိပြီး လှပသည့် ဥယျာဉ်ကြီးဖြစ်စေရန်ဟူသော ကိုယ်တော်၏ရည်ရွယ်ချက်နှင့်အညီ ကျွန်ုပ်တို့ လုပ်ဆောင်နေကြောင်း မည်သို့ဖော်ပြနိုင်ကြသနည်း။
ကမ္ဘာမြေ သန့်ရှင်းနေစေရန် အတတ်နိုင်ဆုံးပါဝင်လုပ်ဆောင်ခြင်း
လူတို့၏ သာမန်လုပ်ဆောင်မှုများသည် ပျက်စီးယိုယွင်းမှု အတော်အတန်ဖြစ်စေသည်။ ယေဟောဝါသည် ဤပျက်စီးယိုယွင်းမှုကို ရှင်းလင်းပြုပြင်ရန်၊ လေထု၊ ရေထုနှင့် မြေထုကို သန့်ရှင်းစင်ကြယ်စေရန် ကမ္ဘာမြေ၏သဘာဝသံသရာများကို အမြော်အမြင်ရှိရှိ ပုံစံပြုထားခဲ့သည်။ (သု. ၃:၁၉) ကျွန်ုပ်တို့၏လုပ်ရပ်များသည် အဆိုပါဖြစ်စဉ်များနှင့် ကိုက်ညီသင့်သည်။ သို့ ဖြစ်၍ မလိုအပ်ဘဲ ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ ထပ်မတိုးလာစေရန် ဂရုစိုက်ဖို့လိုသည်။ ထိုသို့ဂရုစိုက်ခြင်းဖြင့် လူသားချင်းကို ကိုယ်နှင့်အမျှချစ်ကြောင်း တင်ပြရာရောက်သည်။ (မာကု ၁၂:၃၁၊ ကဘ) သမ္မာကျမ်းစာခေတ်မှ စိတ်ဝင်စားဖွယ်ပုံနမူနာတစ်ရပ်ကို သုံးသပ်ကြည့်ပါ။
ဘုရားသခင်သည် အစ္စရေးလူမျိုးအား လူ့အညစ်အကြေးကို “တပ်ပြင်” ၌မြှုပ်ရမည်ဟု မှာကြားခဲ့၏။ (တရားဟောရာ ၂၃:၁၂၊ ၁၃) ယင်းက လူနေထိုင်ရာတပ်ကို သန့်ရှင်းစင်ကြယ်စေကာ လျင်မြန်စွာဓာတ်ပြိုကွဲစေနိုင်သည်။ ယနေ့လည်း ထပ်တူပင်၊ စစ်မှန်သောခရစ်ယာန်များသည် အမှိုက်သရိုက်များနှင့် အခြားအညစ်အကြေးများကို လျောက်ပတ်သည့်နည်းဖြင့် အလျင်အမြန် စွန့်ပစ်ရန် ကြိုးစားကြသည်။ အဆိပ်အတောက်ဖြစ်စေသည့် အရာဝတ္ထုများကိုစွန့်ပစ်ရာတွင် အထူးဂရုစိုက်သင့်၏။
များစွာသော စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုနိုင်သည် သို့မဟုတ် ပြန်လည်ပြုပြင် အသုံးပြုနိုင်သည်။ ဒေသန္တရဥပဒေများက ပြန်လည်ပြုပြင်အသုံးပြုရန် ပြဋ္ဌာန်းထားသည်ဆိုလျှင် ယင်းဥပဒေကိုလိုက်နာခြင်းသည် “ဧကရာဇ်မင်း၏ဥစ္စာကို ဧကရာဇ်မင်းအားပေး” ခြင်းဖြစ်သည်။ (မဿဲ ၂၂:၂၁၊ ကဘ) ပြန်လည်ပြုပြင်အသုံးပြုခြင်းတွင် ပိုမိုအားထုတ်ဖို့လိုမည်ဖြစ်သော်လည်း ယင်းသည် ကမ္ဘာမြေအား သန့်ရှင်းစင်ကြယ်နေစေလိုသည့်ဆန္ဒကို ဖော်ပြရာရောက်၏။
ကမ္ဘာမြေ၏သယံဇာတများကို ထိန်းသိမ်းခြင်း
အစာရေစာ၊ နေစရာနှင့် လောင်စာစသော ကျွန်ုပ်တို့၏လိုအပ်ရာများကို ဖြည့်ဆည်းပြီး အသက်ဆက်နိုင်ရန် သဘာဝသယံဇာတများကို ကျွန်ုပ်တို့ အသုံးပြုကြရသည်။ ယင်းသယံဇာတများကို ကျွန်ုပ်တို့အသုံးပြုပုံက ယင်းတို့သည် ဘုရားသခင်ထံမှလာသည့် ဆုကျေးဇူးများဖြစ်ကြောင်း ကျွန်ုပ်တို့အသိအမှတ်ပြုမပြုကို ဖော်ပြပါသည်။ အစ္စရေးလူတို့သည် တောကန္တာရတွင် အသားစားလိုစိတ်ပေါ်လာသောအခါ ယေဟောဝါသည် ငုံးများဖြင့် အလျှံပယ်ကျွေးမွေးတော်မူခဲ့၏။ သူတို့သည် လိုဘကြီးမှုကြောင့် ထိုဆုကျေးဇူးတောလည်ရာ ၁၁:၃၁-၃၃) ဘုရားသခင်သည် ထိုအချိန်ကတည်းက ပြောင်းလဲတော်မူခြင်းမရှိခဲ့ချေ။ ယင်းနှင့်အညီ တာဝန်သိစိတ်ရှိသော ခရစ်ယာန်များသည် လိုဘကြီးခြင်း၏လက္ခဏာတစ်ရပ် ဖြစ်နိုင်သည့် ဖြုန်းတီးခြင်းကို ရှောင်ကြဉ်ကြ၏။
ကို တစ်ကိုယ်ကောင်းဆန်စွာ တလွဲအသုံးချခဲ့ရာ ယေဟောဝါဘုရားသခင် အလွန်အမျက်ထွက်ခဲ့သည်။ (တချို့က စွမ်းအင် သို့မဟုတ် အခြားသောသယံဇာတများကို မိမိတို့စိတ်ကြိုက် အသုံးပြုပိုင်ခွင့်ရှိသည်ဟု ယူမှတ်ကြပေမည်။ သို့သော် ကျွန်ုပ်တို့သည် သဘာဝသယံဇာတများကို ဝယ်ယူသုံးစွဲနိုင်ရုံမျှနှင့် သို့မဟုတ် အလျှံပယ်ရရှိနိုင်ရုံမျှနှင့် ယင်းတို့ကို မဖြုန်းတီးသင့်ချေ။ ယေရှုသည် လူအုပ်ကြီးတစ်အုပ်ကို အံ့ဖွယ်နည်းဖြင့် ကျွေးမွေးပြီးနောက် ကျန်ကြွင်းသည့် ငါးနှင့်ပေါင်မုန့်တို့ကို စုသိမ်းရန် ညွှန်ကြားခဲ့သည်။ (ယောဟန် ၆:၁၂) ကိုယ်တော်သည် ခမည်းတော်စီမံထားရာများကို အလေအလွင့်မရှိစေရန် ဂရုစိုက်ခဲ့သည်။
ကြိုးပမ်းလုပ်ဆောင်ရာတွင် ဟန်ချက်ညီစေခြင်း
နေ့စဉ် ကျွန်ုပ်တို့ ရွေးချယ်ရာများက ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်စေသည်။ ကမ္ဘာမြေကြီးကိုထိခိုက်နေသော အန္တရာယ်တစ်စုံတစ်ခုကို ရှောင်ကြဉ်ရန် လူ့ဘောင်အဖွဲ့အစည်းအား ကျွန်ုပ်တို့ကျောခိုင်းရမည်လော။ ယင်းသို့လုပ်ဆောင်ခြင်းကို ကျမ်းစာက မထောက်ခံပေ။ ယေရှု၏စံနမူနာကို သုံးသပ်ကြည့်ပါ။ မြေကြီးပေါ်ရှိစဉ်က ကိုယ်တော်သည် သာမန်ဘဝဖြင့်နေထိုင်ခဲ့ပြီး ယင်းက ကိုယ်တော့်အား ဘုရားသခင်ခန့်အပ်ထားသော ဟောပြောခြင်းလုပ်ငန်းကို ပြီးမြောက်အောင် ဆောင်ရွက်ခွင့်ရစေခဲ့၏။ (လုကာ ၄:၄၃) ထို့ ပြင် ယေရှုသည် မိမိခေတ်က လူမှုရေးပြဿနာများကို ဖြေရှင်းသည့်နည်းလမ်းတစ်ရပ်ဖြစ်သော နိုင်ငံရေးတွင် ပါဝင်ပတ်သက်ရန် ငြင်းဆိုခဲ့၏။ ကိုယ်တော်က “ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်” ဟုရှင်းရှင်းလင်းလင်း ပြောဆိုခဲ့သည်။—ယောဟန် ၁၈:၃၆။
သို့သော် အိမ်သုံးပစ္စည်းများဝယ်ခြမ်းခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် အပန်းဖြေခြင်းကဲ့သို့သော ကျွန်ုပ်တို့ရွေးချယ်ရာများက ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်ကြောင်း ဆင်ခြင်သုံးသပ်ခြင်းက လျောက်ပတ်ပေသည်။ ဥပမာ၊ လူတချို့သည် ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေသည့်နည်းများဖြင့် ထုတ်လုပ်ထားသော ကုန်ပစ္စည်းများကို ဝယ်ယူရန်ရွေးချယ်ကြသည်။ အခြားသူများကလည်း သဘာဝသယံဇာတများကို အလွန်အကျွံသုံးစွဲသည့် သို့မဟုတ် ညစ်ညမ်းမှုဖြစ်စေသည့် လုပ်ငန်းဆောင်တာများတွင် ပါဝင်ခြင်းကို ကန့်သတ်ရန်ကြိုးစားကြသည်။
လူတစ်ဦးသည် ပတ်ဝန်းကျင်နှင့်စပ်လျဉ်း၍ မိမိဆုံးဖြတ်သည့်အတိုင်း လိုက်ဆုံးဖြတ်ရန် အခြားသူတို့ကို အတင်းတိုက်တွန်းစရာမလိုပေ။ တစ်ဦးစီ၏အခြေအနေနှင့် ဒေသန္တရအခြေအနေများမှာ ကွဲပြားခြားနားသည်။ သို့သော် ကျွန်ုပ်တို့ တစ်ဦးချင်းစီသည် ကိုယ့်ဆုံးဖြတ်ချက်အတွက် တာဝန်ယူကြရမည်။ သမ္မာကျမ်းစာတွင် ဖော်ပြထားသည့်အတိုင်း “လူအသီးသီးတို့သည် မိမိတို့၏ဝန်ကို ဆောင်ရွက်ရကြမည်။”—ဂလာတိ ၆:၅။
ဖန်ဆင်းရှင်သည် လူသားတို့အား ကမ္ဘာမြေကြီးကို ကြည့်ရှုစောင့်ရှောက်ရန် တာဝန်ပေးခဲ့၏။ ယင်းတာဝန်ကို တန်ဖိုးထားလေးမြတ်ပြီး ဘုရားသခင်နှင့် ကိုယ်တော်၏ ဖန်ဆင်းခြင်းလက်ရာတော်များကို လေးစားခြင်းက ကမ္ဘာမြေကြီးအား ကျွန်ုပ်တို့ ကြည့်ရှုစောင့်ရှောက်ပုံနှင့်စပ်လျဉ်း၍ ထောက်ထားစာနာမှုရှိရှိ၊ တာဝန်သိသိဖြင့် စဉ်းစားဆုံးဖြတ်ရန် လှုံ့ဆော်ပေးသင့်ပါသည်။
သင်စဉ်းစားဖူးသလော
▪ ဘုရားသခင်သည် ကမ္ဘာမြေ၏ ဝန်းကျင်ဆိုင်ရာပြဿနာများကို ဖြေရှင်းပေးမည်လော။—ဗျာ. ၁၁:၁၈။
▪ ဘုရားသခင်သည် ကမ္ဘာမြေနှင့်ပတ်သက်၍ လူသားတို့အား အဘယ်တာဝန်အပ်နှင်းခဲ့သနည်း။—ကမ္ဘာဦး ၁:၂၈; ၂:၁၅။
▪ ဖြုန်းတီးခြင်းကိုရှောင်ရာတွင် ယေရှုခရစ်သည် အဘယ်စံနမူနာပြခဲ့သနည်း။—ယောဟန် ၆:၁၂။