သေခြင်းကို အဘယ်ကြောင့် ကြောက်ရွံ့ကြ
သေခြင်းကို အဘယ်ကြောင့် ကြောက်ရွံ့ကြ
“အရာခပ်သိမ်းတွင် သေခြင်းသည် ကြောက်စရာအကောင်းဆုံးဖြစ်၏။ အကြောင်းမှာ ယင်းသည် ဘဝနိဂုံး ဖြစ်သောကြောင့်တည်း။”—အရစ္စတိုတယ်။
အမျိုးသမီး တစ်ဦးကို ၎င်း၏မိတ်ဆွေများက ဘာသာတရားကိုင်းရှိုင်းသူ၊ စစ်မှန်သောယုံကြည်သူဟု ယူမှတ်ထားကြသည်။ မိတ်ဆွေတချို့က သူ့ကို “ချာ့ခ်ျကအားထားရသော အဓိကပုဂ္ဂိုလ်” ဟုပင် ပြောဆိုကြ၏။ သေခြင်းသည် အမှန်တကယ်တွင် ဘဝနိဂုံးမဟုတ်၊ ယင်းအစား တမလွန်ဘဝသို့ကူးပြောင်းသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်ဟု သူသွန်သင်ခံရ၏။ သို့သော် သူကိုယ်တိုင် သေရတော့မည့်အချိန်တွင်မူ ကြောက်ရွံ့လာ၏။ သံသယစိတ်များဝင်လာသည့်အတွက် မိမိ၏ဘာသာရေးအတိုင်ပင်ခံအား ထိုအမျိုးသမီးက ဤသို့မေးမြန်းသည်– “[သေပြီးနောက် ဘာဖြစ်သွားတယ်ဆိုတာနဲ့ပတ်သက်ပြီး ယုံကြည်ချက်တွေ] အများကြီးရှိတယ်။ ဘာက အမှန်လဲဆိုတာ ရှင် ဘယ်လိုသိနိုင်မလဲ။”
ဘာသာတရားနှင့် လူ့ဘောင်အဖွဲ့အစည်းအားလုံးနီးပါးက လူသေပြီးနောက် ဆက်၍အသက်ရှင်သည် သို့မဟုတ် တစ်ဖန် ပြန်အသက်ရှင်မည်ဟူသော ယူဆချက်ကို လက်ခံထားကြသည်။ ယုံကြည်ချက်များစွာအနက် အဘယ်အရာက မှန်ကန်သနည်း။ ခြုံ၍ပြောရလျှင် လူများစွာသည် တမလွန်ဘဝရှိခြင်းကို သံသယဝင်ကြ၏။ အသင်ကော မည်သို့နည်း။ သေပြီးနောက် အသက်ဆက်ရှင်နေသည်ဟု သွန်သင်ခံရဖူးပါသလော။ ယင်းသွန်သင်ချက်ကို သင်ယုံကြည်ပါသလော။ သေခြင်းကို သင် ကြောက်ရွံ့သလော။
တကယ်မတည်ရှိသောအရာကို ကြောက်ရွံ့ခြင်း
မကြာသေးမီ ဆယ်စုနှစ်များက စာအုပ်များစွာနှင့် သိပ္ပံဆိုင်ရာစာတမ်းများတွင် သေခြင်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရေးသားဖော်ပြခဲ့ကြပြီ။ လူအများစုမှာမူ သေခြင်းအကြောင်း မစဉ်းစားလိုကြပေ။ သို့သော် သေခြင်းနှင့်ပတ်သက်သည့်အမှန်တရားက ကျွန်ုပ်တို့အား ယင်းအကြောင်းကို မဖြစ်မနေစဉ်းစားစေ၏။ နေ့စဉ် ပျမ်းမျှ လူ ၁၆၀,၀၀၀ ကျော် သေဆုံးနေသည်ဖြစ်ရာ လူ့အသက်မှာ ပျောက်ပျက်လွယ်လှ၏။ လူတိုင်း တစ်ယောက်မကျန် သေနိုင်သောကြောင့် ဤအမှန်တရားက လူများစွာအား ခြောက်လှန့်နေလေသည်။
ပညာရှင်များသည် သေခြင်းအား ကြောက်ရွံ့ ခြင်းကို အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခဲ့ကြသည်။ ယင်းတို့တွင် နာကျင်မှုကို ကြောက်ရွံ့ခြင်း၊ မသိသောအရာကို ကြောက်ရွံ့ခြင်း၊ ချစ်ရသူများနှင့် သေကွဲ,ကွဲရမည်ကို ကြောက်ရွံ့ခြင်း၊ လူတစ်ဦး၏သေခြင်းက ကျန်ရစ်သူများအပေါ် ဆိုးကျိုးများသက်ရောက်မည်ကို ကြောက်ရွံ့ခြင်းတို့ ပါဝင်သည်။
အဆိုပါကြောက်ရွံ့ ခြင်းများတွင် အများဆုံးမှာ သေရမည်ကိုကြောက်ရွံ့ခြင်းဖြစ်သည်။ မည်သည့်ဘာသာရေး ယုံကြည်ချက်ပင် ရှိပါစေ သေခြင်းသည် လူ့ဘဝ၏နိဂုံးဖြစ်သည်ဟူသော အယူအဆက လူများစွာကို ခြောက်လှန့်နေ၏။ သိပ္ပံပညာကလည်း ယင်းသို့ကြောက်ရွံ့ရန် လှုံ့ဆော်ပေး၏။ လူ့ကိုယ်ခန္ဓာ၏လုပ်ဆောင်မှုအများစုကို ယခုအခါ သိပ္ပံဆိုင်ရာအသုံးအနှုန်းများဖြင့် ရှင်းပြနိုင်ပြီဖြစ်သည်။ သို့သော် ရုပ်ခန္ဓာသေပြီးနောက် ကိုယ်တွင်းမှ မမြင်နိုင်သောအစိတ်အပိုင်းတစ်ခုက အသက်ဆက်ရှင်နိုင်စွမ်းရှိသည်ဟူသော အထောက်အထားကို မည်သည့်ဇီဝဗေဒပညာရှင်၊ ရူပဗေဒပညာရှင် သို့မဟုတ် ဓာတုဗေဒပညာရှင်ကမျှ မတွေ့ရှိသေးချေ။ ထို့ကြောင့် သိပ္ပံပညာရှင်များစွာက လူတစ်ဦးသေဆုံးခြင်းသည် ဇီဝဗေဒဖြစ်စဉ်တစ်ခုမျှသာဖြစ်၏ဟု ရှင်းပြကြသည်။
သို့ဖြစ်၍ တမလွန်ဘဝကိုယုံကြည်သော ဘာသာတရားကိုင်းရှိုင်းပုံရသူများစွာသည် သေလွန်သောအခါ ဘာမျှမတည်ရှိသော အခြေအနေသို့ရောက်ရှိသွားမည်ကို ကြောက်လန့်ကြသည်မှာ အံ့ဩစရာမဟုတ်ပေ။ စိတ်ဝင်စားစရာမှာ ရှေးခေတ်ရှင်ဘုရင် ရှောလမုန်ရေးသားခဲ့သော ကျမ်းစာစောင်များတွင် လူ့သေခြင်းကို ကြောက်ရွံ့သူအချို့ ယူဆကြသည့်အတိုင်း အဆုံးသတ်ခြင်းဟု ဖော်ပြထားခြင်းဖြစ်သည်။
“မြေမှုန့်”—ခရီးလမ်းဆုံးလော
အနှစ် ၃,၀၀၀ သက်တမ်းရှိ ဒေ.ကျမ်းတွင် ရှောလမုန် ဤသို့ရေးသားရန် မှုတ်သွင်းခံခဲ့ရသည်– “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ။ အကျိုးအပြစ်ကိုလည်းမခံရ။ သူ့ကိုလည်း မေ့လျော့တတ်ကြ၏။ သူ၏ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်း ပျောက်ပျက်၏။” ဤသို့လည်း ထပ်ရေးခဲ့သည်– “ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအားထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား သင် ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသော မရဏာနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။”—ဒေ. ၉:၅၊ ၆၊ ၁၀။
“လူသားတွေ့ ကြုံသောအမှုကို တိရစ္ဆာန်တွေ့ ကြုံတတ်၏။ ထိုနှစ်ဦးတို့သည် တစ်ပါးတည်းသောအမှုကို တွေ့ ကြုံလျက် တစ်ဦးသေသကဲ့သို့ တစ်ဦးသေတတ်၏။ . . . လူသည် တိရစ္ဆာန်ထက် ထူးမြတ်သောအကြောင်းမရှိ။ . . . အလုံးစုံတို့သည် တစ်ခုတည်းသောအရပ်သို့ ရောက်တတ်ကြ၏။ အလုံးစုံတို့သည် မြေမှုန့်ထဲကဖြစ်သည်နှင့်အညီ မြေမှုန့်ထဲသို့ ပြန်သွားတတ်ကြ၏” ဟုလည်း ရှောလမုန်မိန့်ဆိုခဲ့သေးသည်။—ဒေ. ၃:၁၉၊ ၂၀။
အထက်ပါစကားများကို ဘုရင်ရှောလမုန်ရေးသားခဲ့သော်လည်း ဘုရားသခင် မှုတ်သွင်းခဲ့ခြင်းဖြစ်ပြီး ယင်းတို့ကို သမ္မာကျမ်းစာ၏ အစိတ်အပိုင်းဖြစ်စေခဲ့သည်။ အဆိုပါကျမ်းချက်များအပြင် သမ္မာကျမ်းစာရှိ အခြားသောကျမ်းချက်များစွာက ကျွန်ုပ်တို့အထဲရှိ တစ်စုံတစ်ရာသည် သေပြီးနောက် ပုံစံတစ်မျိုးမျိုးဖြင့် အသက်ဆက်ရှင်နေသည် ဟူသော ရေပန်းစားနေသည့် ယုံကြည်ချက်ကို မထောက်ခံချေ။ (ကမ္ဘာဦး ၂:၇; ၃:၁၉; ယေဇကျေလ ၁၈:၄) သို့ဆိုလျှင် “မြေမှုန့်” သို့မဟုတ် “ဘာမျှမတည်ရှိခြင်း” က လူသားအားလုံး၏ ဘဝနိဂုံးဖြစ်သည်ဟု ဘုရားသခင် မိန့်ဆိုတော်မူသလော။ လုံးဝ မမိန့်ဆိုခဲ့ချေ။
လူ့ကိုယ်ခန္ဓာ၏ အစိတ်အပိုင်းတစ်ခုခုသည် သေလွန်ပြီးနောက် အသက်ဆက်ရှင်သည်ဟု သမ္မာကျမ်းစာက မသွန်သင်ချေ။ သို့သော် သေလွန်သူများအတွက် သေချာသောမျှော်လင့်ချက်တစ်ခု ပေးထားပါသည်။ သေခြင်းသည် လူ့ဘဝ၏နိဂုံးဖြစ်သည်ဟူသောအချက်ကို သင် အဘယ်ကြောင့် ကြောက်ရွံ့စရာမလိုကြောင်း နောက်ဆောင်းပါးတွင် တင်ပြပါမည်။
[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်]
ရှောင်တိမ်း၍မရသော ရန်သူ
သေခြင်းကို လူ့ရန်သူဟု ခေါ်ဆိုခဲ့ကြပြီ။ ယင်းသည် တကယ့်ရန်သူတစ်ပါးဖြစ်ပြီး ကျွန်ုပ်တို့ပတ်ပတ်လည်တွင် သက်သေအထောက်အထားများစွာရှိ၏။ ခန့်မှန်းချက်တစ်ခုအရ တစ်စက္ကန့်လျှင် ပျမ်းမျှ လူ ၂ ဦးနှုန်းဖြင့် နှစ်စဉ်လူ ၅၉ သန်းခန့် သေဆုံးနေ၏။ မည်သည့်နည်းများဖြင့် လူတို့ သေဆုံးနေကြသနည်း။ ကျေးဇူးပြု၍ သေခြင်းနှင့်ပတ်သက်သော အောက်ပါကိန်းဂဏန်းများကို သတိပြုကြည့်ပါ။
▪ ၁၀၂ စက္ကန့်တိုင်းတွင် စစ်ကြောင့် လူတစ်ဦးသေဆုံးနေ၏။
▪ ၆၁ စက္ကန့်တိုင်းတွင် လူတစ်ဦး အသတ်ခံနေရ၏။
▪ ၃၉ စက္ကန့်တိုင်းတွင် လူတစ်ဦး မိမိကိုယ်ကိုသတ်သေနေ၏။
▪ ၂၆ စက္ကန့်တိုင်းတွင် ယာဉ်တိုက်မှုကြောင့် လူတစ်ဦးသေဆုံးနေ၏။
▪ သုံးစက္ကန့်တိုင်းတွင် မွတ်သိပ်ခြင်းနှင့်ဆက်နွှယ်နေသော အကြောင်းရင်း များကြောင့် လူတစ်ဦးသေဆုံးနေ၏။
▪ သုံးစက္ကန့်တိုင်းတွင် အသက်ငါးနှစ်အောက်ကလေးတစ်ဦး သေဆုံးနေ၏။
[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်]
အကျိုးမရှိသောရှာဖွေမှု
၁၉၄၉၊ နိုဝင်ဘာလ ၉ ရက်တွင် အသက် ၇၀ အရွယ် ကြေးနီသတ္တုတွင်းလုပ်သား ဂျိမ်းစ်ကစ်ဒ်သည် အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်ရှိ တောင်တန်းများတွင် ပျောက်ဆုံးသွားခဲ့၏။ နှစ်ပေါင်းအတော်ကြာမှ သူ သေဆုံးသွားပြီဟု တရားဝင်ကြေညာခဲ့ပြီးနောက် ၎င်း၏ခဲလက်ရေးသေတမ်းစာနှင့် ဒေါ်လာထောင်ပေါင်းများစွာတန်သော ၎င်းပိုင်ဆိုင်သည့် ရင်းနှီးမြှုပ်နှံမှုများကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ သေတမ်းစာတွင် ကစ်ဒ်က ၎င်း၏ငွေများကို “လူသေပြီးနောက် ဝိညာဉ်စိုးလ် အသက်ဆက်ရှင် နေသည်ဟူသော သိပ္ပံဆိုင်ရာအထောက်အထားတချို့” ရှာဖွေ သုတေသနပြုရေးတွင် အသုံးပြုပါဟု ဖော်ပြထား၏။
ယင်းနောက် များမကြာမီ သုတေသီများ၊ သိပ္ပံပညာရှင်များ ဟုဆိုသော လူအယောက် ၁၀၀ ကျော်တို့သည် ယင်းငွေများကို ရရှိရန် လျှောက်ထားခဲ့ကြသည်။ တရားရုံးတွင် လနှင့်ချီ၍ အမှု ကြားနာစစ်ဆေးခဲ့ပြီး ထောင်ပေါင်းများစွာက မမြင်နိုင်သော ဝိညာဉ်စိုးလ်ရှိကြောင်း အဆိုပြုခဲ့ကြသည်။ နောက်ဆုံး၌ တရားသူကြီးက အဆိုပါငွေများကို ယုံကြည်စိတ်ချရသော သုတေသနအဖွဲ့နှစ်ဖွဲ့အား ပေးအပ်လိုက်သည်။ ရာစုနှစ်ဝက်ကျော် ကြာပြီးနောက်တွင်လည်း အဆိုပါသုတေသီများသည် “လူသေပြီးနောက် ဝိညာဉ်စိုးလ် အသက်ဆက်ရှင်နေသည်ဟူသော သိပ္ပံဆိုင်ရာအထောက်အထား” ကို မတွေ့ရှိကြသေးချေ။