မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာမြေကြီးသည် အနာဂတ်လူမျိုးဆက်ကို ဆက်လက်ထောက်ပံ့ နိုင်ပါမည်လော

ကမ္ဘာမြေကြီးသည် အနာဂတ်လူမျိုးဆက်ကို ဆက်လက်ထောက်ပံ့ နိုင်ပါမည်လော

ကမ္ဘာမြေကြီးသည် အနာဂတ်လူမျိုးဆက်ကို ဆက်လက်ထောက်ပံ့ နိုင်ပါမည်လော

ကနေဒါမှ နိုးလော့! စာရေးသူ ပေးပို့သည်

▪ သုတေသနအဖွဲ့တစ်ဖွဲ့ (the Millennium Ecosystem Assessment [Ma]) ၏အဖွဲ့ဝင်များဖြစ်သော ပညာရှင်တစ်စုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဦးဆောင်သူများသည် ကမ္ဘာ့အဓိကဂေဟစနစ်များကို လေးနှစ်ကြာ ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့ကြပြီးနောက် ၎င်းတို့၏ ပထမဦးဆုံး အစီရင်ခံစာကို ထုတ်ပြန်လိုက်သည်။ ၎င်းတို့ချခဲ့သော ကောက်ချက်အချို့မှာ ဤသို့ဖြစ်သည်– လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်အတွင်း အစားအစာ၊ ရေကောင်းရေသန့်၊ သစ်၊ ချည်မျှင်နှင့် လောင်စာဆီ တိုး၍လိုအပ်လာမှုက ကမ္ဘာ့ဂေဟစနစ်များကို အကြီးအကျယ်ပြောင်းလဲစေခဲ့ပြီး ကမ္ဘာမြေကြီး၏ အနာဂတ်လူမျိုးဆက်အား ဆက်လက်ထောက်ပံ့ပေးနိုင်စွမ်းကို အနှောင့်အယှက်ပေးနေသည်။ သီးနှံပင်များကို ဝတ်မှုန်ကူးပေးရန်၊ သဘာဝပေါက်ပင်များအားဖြင့် လေကိုသန့်ရှင်းစေပြီး အောက်ဆီဂျင်ထုတ်လွှတ်ပေးရန်နှင့် သမုဒ္ဒရာများဖြင့် အာဟာရဓာတ်များကို ပြန်လည်ပြုပြင်ပေးရန် ကမ္ဘာမြေကြီး၏ သဘာဝစွမ်းဆောင်နိုင်မှုသည် မနိုင်ဝန်ထမ်းနေရ၏။ ထို့အပြင် ဤဂြိုဟ်ကြီးပေါ်တွင် သက်ရှိမျိုးစိတ်အများအပြား မျိုးသုဉ်းတော့မည်ဖြစ်သည်။

“လူတို့သည် ကမ္ဘာဂြိုဟ်အား များစွာပျက်စီးစေနေသောကြောင့် သဘာဝလောက၏ အချို့သောစနစ်များ လျင်မြန်စွာယိုယွင်းပျက်စီးနိုင်ခြေ တိုးများလာနေရာ ယင်းက ရောဂါ၊ တောပြုန်းခြင်း သို့မဟုတ် ပင်လယ်များတွင် သက်မဲ့ဇုန်များကို ဖြစ်ပေါ်စေနိုင်သည်” ဟုကနေဒါနိုင်ငံမှ သတင်းစာတစ်စောင် (Globe and Mail) ကဖော်ပြခဲ့သည်။ ထိုစာစောင်က ဤသို့ထပ်ဖော်ပြခဲ့၏– “သက်ရှိသတ္တဝါအားလုံးအတွက် လေ၊ ရေနှင့် အာဟာရဓာတ်များကို ပြန်လည်ပြုပြင်ပေးသည့် စိမ့်မြေများ၊ သစ်တောများ၊ အပူပိုင်းမြက်ခင်းလွင်ပြင်များ၊ မြစ်ဝကျယ်များ၊ ပင်လယ်ငါးဖမ်းစခန်းများနှင့် အခြားသက်ရှိတို့၏နေရာများသည် ပြန်ပြုပြင်၍မရလောက်အောင် ပျက်စီးနေသည်။” လူ့ဘောင်အဖွဲ့အစည်းသည် ဂေဟစနစ်များ ပျက်စီးနေမှုကို လျော့ပါးစေနိုင်စွမ်းရှိသော်လည်း “သဘာဝလောကအား လူသားတို့အသုံးပြုပုံတွင် ပြောင်းလဲမှုကြီးများပြုလုပ်ရန် လိုအပ်ပေလိမ့်မည်” ဟု အမ်အေဘုတ်အဖွဲ့၏ဒါရိုက်တာများက သဘောတူကြသည်။

ကမ္ဘာဂြိုဟ်ကို ကယ်တင်နိုင်ပါမည်လော။ မုချကယ်တင်နိုင်ပါသည်။ ဘုရားသခင်၏ဖန်ဆင်းရာများကို ပြုစုစောင့်ရှောက်သူများအနေနှင့် ကျွန်ုပ်တို့သည် ပတ်ဝန်းကျင်ကို အတတ်နိုင်ဆုံး လေးမြတ်တန်ဖိုးထားသင့်သည်။ (ဆာလံ ၁၁၅:၁၆) သို့သော် ဘုရားသခင် ကြားဝင်လုပ်ဆောင်မှသာလျှင် ဂေဟစနစ်များ ပြန်လည်ညီညွတ်မျှတလာပါလိမ့်မည်။ ကျွန်ုပ်တို့၏ ‘မဟာဖန်ဆင်းရှင်’ သည် ကမ္ဘာမြေကြီးကို ပြန်လည်အာရုံစိုက်ပြီး ယင်းကို “အလွန်ကြွယ်ဝစေ” မည်ဟု ကတိပြုတော်မူသည်။ (ယောဘ ၃၅:၁၀; ဆာလံ ၆၅:၉-၁၃) ဤတွင် ပင်လယ်သမုဒ္ဒရာများနှင့် ယင်းတို့၌ရှိသော အရာအားလုံးပါဝင်သည်၊ အကြောင်းမှာ ဖန်ဆင်းရှင်အနေနှင့် ယေဟောဝါဘုရားသခင်သည် ပင်လယ်သမုဒ္ဒရာများအပေါ်တွင် ဩဇာအာဏာရှိ၍ဖြစ်သည်။ (ဆာလံ ၉၅:၅; ၁၀၄:၂၄-၃၁) ထို့ပြင် ဘုရားသခင်သည် “မုသားနှင့်ကင်းစင်” သောကြောင့် ကိုယ်တော်ကတိပြုထားရာများ ဧကန်အမှန်ဖြစ်လာပါလိမ့်မည်။—တိတု ၁: ၂ကဘ။

ကမ္ဘာမြေကြီးသည် အနာဂတ်လူမျိုးဆက်ကို ဆက်လက်ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း သိရှိရခြင်းက နှစ်သိမ့်မှုများစွာဖြစ်စေပါသည်။ ဤအချက်က ကိုယ်တော်၏ကြွယ်ဝလှသော ဉာဏ်ပညာ၊ တန်ခိုးတော်၊ ကောင်းမြတ်မှုများအတွက်နှင့် ဖန်ဆင်းရာများအပေါ်တွင်ထားရှိသည့် ကိုယ်တော်၏ မေတ္တာတော်အတွက် ဘုရားသခင်ကိုကြောက်ရွံ့သူအားလုံး ကိုယ်တော်အား ချီးမွမ်းထောမနာပြုရန် လှုံ့ဆော်ပေးပါသည်။—ဆာလံ ၁၅၀:၁-၆

[Picture Credit Line on page 12]

Globe: NASA photo