မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာ ရှုထောင့်

နတ်ဝိဇ္ဇာအတတ်ကို ရှောင်သင့်သည့် အကြောင်းရင်း

နတ်ဝိဇ္ဇာအတတ်ကို ရှောင်သင့်သည့် အကြောင်းရင်း

အာရှနိုင်ငံတစ်နိုင်ငံတွင် လူတစ်စုသည် နတ်ကနား ပေးနေကြ၏။ အမျိုးသမီးနှစ်ဦးအား နတ်ပူးဝင်စေရန် ရွေးချယ်လိုက်သောအခါ ပွဲမှာ အထွတ်အထိပ်သို့ ရောက်သွားသည်။ အဆိုပါ အမျိုးသမီးနှစ်ဦးသည် မျက်ဖြူလန်သွားပြီး ဓာတ်လိုက်ခံရသည့်အလား တစ်ကိုယ်လုံး တုန်ခါနေတော့၏။

ပွာတီရီကိုနိုင်ငံတွင် နတ်ဝင်သည်တစ်ဦးသည် ချန်ဂိုဟုခေါ်သည့် မိုးကြိုးနတ်ဘုရားနှင့် အဆက်အသွယ်ရရန် ကြိုးစားနေ၏။ အဆိုပါနတ်ဝင်သည်,သည် သူ၏စိတ်အာရုံတွင် မြင်ရသည့်အရာများကို ဖော်ပြပေးပြီးနောက် အခန်းထဲတွင်ရှိနေသူအားလုံးမှာ နတ်ပူးခံရသည့်အလား တုန်ခါနေတော့သည်။

မှော်အတတ်ပညာ၌ ပါဝင်ပတ်သက်မှုသည် နိုင်ငံအများတွင် အဆန်းမဟုတ်ချေ။ သဘာဝထက်လွန်ကဲသောအရာအား ယုံကြည်ခြင်းသည် ပို၍ရေပန်းစားလာပြီး လူတို့သည် ယင်းကို စိတ်ဝင်စားလာကြ၏။ နတ်ဆိုးများ၊ စုန်းကဝေနှင့် သဘာဝလွန်ဖြစ်ရပ်များအကြောင်းကို အသားပေးဖော်ပြထားသည့် စာပေများ၊ ဂိမ်းများ၊ ရုပ်မြင်သံကြားပြကွက်များနှင့် ရုပ်ရှင်များသည် ယခင်ကထက် ပို၍ပျံ့နှံ့လာနေပြီ။

သို့သော် မှော်အတတ်နှင့်ဆက်နွှယ်နေသည့် အရာမှန်သမျှတွင် ပါဝင်ပတ်သက်ခြင်းသည် အမှန်ဆိုလျှင် နတ်ဝိဇ္ဇာအတတ် လိုက်စားခြင်းဖြစ်သည်ဟု သမ္မာကျမ်းစာက သွန်သင်၏။ နတ်ဝိဇ္ဇာအတတ် လိုက်စားခြင်းသည် အပြစ်ကင်းမဲ့ပြီး အန္တရာယ်မရှိသော ပျော်ရွှင်ဖွယ်ရာ မဟုတ်ချေ။ ယင်းသည် မသိသောအရာများကို စူးစမ်းလေ့လာခြင်းမျှသာ မဟုတ်ဘဲ ဘုရားသခင်အား ပုန်ကန်ခဲ့ကြသည့် ကောင်းကင်တမန်ဆိုးများဖြစ်သော နတ်ဆိုးများနှင့် အဆက်အသွယ်ပြုနေခြင်း ဖြစ်သည်။—ဗျာ. ၁၂:၉၊ ၁၂

အမှန်တကယ်တွင် ငါးစာများသည် တံငါသည်များအတွက် ဖြစ်သကဲ့သို့ နတ်ဝိဇ္ဇာအတတ်သည် နတ်ဆိုးများအတွက် ဖြစ်၏။ တံငါသည်တစ်ဦးသည် ငါးအမျိုးမျိုးကိုဖမ်းမိရန် ငါးစာအမျိုးမျိုးကို အသုံးပြု၏။ အလားတူ၊ နတ်ဆိုးများသည် လူအမျိုးမျိုးကို ၎င်းတို့ဩဇာအောက်ရောက်ရှိလာစေရန် နတ်ဝိဇ္ဇာအတတ်ပုံစံအမျိုးမျိုးကို အသုံးပြုကြသည်။ နတ်ဆိုးမင်းကို ‘ဤလောကစနစ် [ဆိုး] ၏ဘုရားသခင်’ အဖြစ် ရည်ညွှန်းထားသည်။ သူသည် ဘုရားသခင်၏စကားတော်နှင့် ရည်ရွယ်တော်မူချက်တို့နှင့်ဆိုင်သော အမှန်တရားအား မယုံကြည်သူများ၏ ဉာဏ်မျက်စိကို ကွယ်စေရာတွင် အောင်မြင်လျက်ရှိ၏။—၂ ကောရိန္သု ၄:၄ကဘ။

နတ်ဝိဇ္ဇာအတတ်၏ ဦးတည်ရာ

ဆိုးညစ်သော ဝိညာဉ်သတ္တဝါများ၏ပန်းတိုင်မှာ ရိုးရိုးလေးသာဖြစ်၏။ ယင်းမှာ သူတို့သည် ကျွန်ုပ်တို့အား ဖန်ဆင်းရှင်နှင့် ရင်းနှီးသောဆက်ဆံရေး မရှိစေလိုကြခြင်း ဖြစ်၏။ ဘုရားသခင်၏ ဖြောင့်မတ်သော တောင်းဆိုချက်များကို သိလျက်ဖြစ်စေ၊ မသိလျက်ဖြစ်စေ မနာခံရန် လူတို့ကို သိမ်းသွင်းကြသည်။ သို့ဖြစ်သောကြောင့် နတ်ဝိဇ္ဇာအတတ် လိုက်စားခြင်းသည် ဘုရားသခင်၏ နှစ်သက်မှုကို မရရှိခြင်း၊ မျှော်လင့်ချက်မဲ့ခြင်းနှင့် နောက်ဆုံးတွင် ဖျက်ဆီးခြင်းသို့ ဦးတည်စေပါသည်။—ဗျာ. ၂၁:၈

ပွာတီရီကိုနိုင်ငံမှ လွီစ်က ဤသို့ပြောပြသည်– “ကျွန်တော်ငယ်ငယ်ကတည်းက ကျွန်တော်တို့မိသားစုဟာ နတ်ဝိဇ္ဇာအတတ်လိုက်စားခဲ့ကြတယ်။ အဲဒါက ကျွန်တော်တို့မိသားစုရဲ့ ဘာသာရေးအစိတ်အပိုင်းတစ်ခုနဲ့ ဘဝပုံစံ ဖြစ်ခဲ့တယ်။ အနာဂတ်ကို ကြိုမြင်နိုင်တာ၊ ဖဲဗေဒင်ဟောနိုင်တာက ကျွန်တော့်ရဲ့ မွေးရာပါအရည်အချင်းလို့ ကျွန်တော် ထင်ခဲ့တယ်။ မကြာခဏဆိုသလို တခြားသူတွေ ထီပေါက်အောင် ထီနံပါတ်တွေ ရွေးပေးနိုင်ခဲ့တယ်။ အဲဒီအရည်အချင်းတွေက ကျမ်းစာအသိပညာ ရရှိအောင်၊ ဘုရားသခင်နဲ့ ရင်းနှီးလာအောင် ကျွန်တော့်ကို မလုပ်ပေးနိုင်တဲ့အရာတွေသာ ဖြစ်ခဲ့တယ်။”—ယောဟန် ၁၇:၃

ဝိညာဉ်လောကနှင့်ပတ်သက်ခြင်းသည် ဘေးကင်းသည့်အပြင် အကျိုးပင်ရှိသည်ဟု လူများစွာက ယူဆကြပေမည်။ တစ္ဆေအချို့သည် သဘောကောင်းကြသည် သို့မဟုတ် နတ်ဝိဇ္ဇာအတတ်ပညာသည် ဉာဏ်အလင်းကို ပို၍ပွင့်စေသည်၊ ပို၍ချမ်းသာကြွယ်ဝစေသည်၊ ပျော်ရွှင်မှုပိုပေးသည်ဟု လူတချို့က ဆိုပေမည်။ ယင်းသည် အဖြစ်မှန်နှင့် ဝေလာဝေး။ “အဖိုးအခကတော့ အမြဲပေးဆပ်ရတာပဲ” ဟုလွီစ်က ဆို၏။

ချက်ဒ်အမည်ရှိ လူရွယ်တစ်ဦးသည် ညစဉ်ညတိုင်း ကြောက်စရာကောင်းသည့် မြင်ကွင်းများ တွေ့ရခြင်း၊ အိပ်ပျော်နေရာမှ အနှိုးခံရခြင်းဖြင့် နှောင့်ယှက်ခံခဲ့ရ၏။ “နတ်ဆိုးတွေဟာ ကျွန်တော့်ကို ညတိုင်း အနှောင့်အယှက် ပေးတယ်၊ နှိပ်စက်တယ်” ဟုသူကဆို၏။ ထိုသို့သော အနှောင့်အယှက်မှ ကျွန်ုပ်တို့ မည်သို့ ကာကွယ်ခံရနိုင်သနည်း။

ကာကွယ်မှု ရရှိနိုင်ပုံ

ကျွန်ုပ်တို့သည် မိမိကိုယ်ကို ကာကွယ်ရန် နတ်ဝိဇ္ဇာအတတ်နှင့်ပတ်သက်နေသော အရာမှန်သမျှနှင့် ကင်းကင်းရှင်းရှင်းနေဖို့ လိုအပ်သည်။ (ဂလာတိ ၅:၁၉-၂၁) ထို့ကြောင့် ယေဟောဝါဘုရားသခင်သည် မိမိကျေးကျွန်များအား အောက်ပါအလေ့အထများကို ရှောင်ကြဉ်ရန် ညွှန်ကြားတော်မူ၏– ‘သင်တို့တွင် . . . ဖြစ်လတ္တံ့သောအမှုကို ကိုယ်ဉာဏ်နှင့် ဟောပြောသောသူ၊ ကာလဗေဒင်ကို ကြည့်သောသူ၊ မကောင်းသောအတတ်ကို ပြုစုသောသူ၊ ပြုစားတတ်သောသူ၊ နတ်ဆိုးနှင့် ပေါင်းသောသူ၊ ဝိဇ္ဇာအတတ်ကို ပြုစုသောသူ၊ လူသေကို မေးမြန်းသောသူ တစ်စုံတစ်ယောက်မျှ မရှိရ။ ထိုသို့ပြုတတ်သောသူအပေါင်းတို့ကို ထာဝရဘုရားသခင် စက်ဆုပ်ရွံရှာတော်မူ၏။’—တရားဟောရာ ၁၈:၁၀-၁၂

အဆိုပါမိန့်မှာချက်နှင့်အညီ များစွာသောသူတို့သည် နတ်ဝိဇ္ဇာအတတ်နှင့် ဆက်နွှယ်နေသော စာအုပ်များ သို့မဟုတ် အရာဝတ္ထုများကို လွှင့်ပစ်ခြင်းဖြင့် မိမိကိုယ်ကို ကာကွယ်ခဲ့ကြပြီ။ နတ်ဝိဇ္ဇာအတတ် လိုက်စားခြင်းမှ ကင်းလွတ်ခဲ့သည့် ကဲန်က ဤသို့ဆိုသည်– “ကျွန်တော့်ရဲ့ပစ္စည်းတွေအားလုံးကို မွှေနှောက်ရှာဖွေပြီး မကောင်းဘူးလို့ ကျွန်တော် ယူဆတဲ့အရာမှန်သမျှကို ဖျက်ဆီးပစ်လိုက်တယ်။”—တမန်တော် ၁၉:၁၉၊ ၂၀ ကိုရှု။

စစ်မှန်သောဘုရားသခင် ယေဟောဝါနှင့် ရင်းနှီးမှုရှိခြင်းက အကောင်းဆုံး အကာအကွယ် ဖြစ်သည်။ ယာကုပ် ၄:၇၊ ၈ တွင်ဖော်ပြထားသည့် ဤလမ်းစဉ်ကို သတိပြုကြည့်ပါ– ‘ထို့ကြောင့် ဘုရားသခင်၏ အလိုတော်သို့ လိုက်ကြလော့။ စာတန်ကို ဆီးတားကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။ ဘုရားသခင်၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်ရှိသောသူတို့ သင်တို့လက်ကို စင်ကြယ်စေကြလော့။ စိတ်နှစ်ခွရှိသောသူတို့ သင်တို့စိတ်နှလုံးကို သန့်ရှင်းစေကြလော့။’

ယေဟောဝါဘုရားသခင်သည် မိမိထံချဉ်းကပ်လာသူတို့အား ညွှန်ကြားပြသကာ ကာကွယ်ပေးတော်မူ၏။ ထိုသူတို့သည် ‘စာတန်၏ အကြံအစည်များကို မသိဘဲ’ မနေကြ သို့မဟုတ် အတုအယောင်များ၏ လှည့်ဖြားမှုကို မခံခဲ့ကြချေ။ (၂ ကောရိန္သု ၂:၁၁။ ၁၁:၁၄ကဘ) ထို့အပြင် ယေဟောဝါသည် အတိုင်းအဆမဲ့တန်ခိုးရှင် ဖြစ်တော်မူ၏။ ယေဟောဝါအား ယုံကြည်ခြင်းဖြင့် အကူအညီ တောင်းခံမည်ဆိုလျှင် ကိုယ်တော်သည် ထိုသူတို့အား နတ်ဆိုးများ၏အနှောင့်အယှက်မှ လွတ်မြောက်စေတော်မူမည်။ အစောပိုင်းတွင် ဖော်ပြခဲ့သော ချက်ဒ်က ဤသို့ပြောသည်– “ဒီတိုက်ခိုက်မှုတွေဟာ နတ်ဆိုးတွေဆီက လာတယ်ဆိုတာ သိထားပြီး သူတို့ရဲ့ ဩဇာလွှမ်းမိုးမှုကနေ ကျွန်တော့်ကို ကာကွယ်ပေးဖို့ ယေဟောဝါဘုရားသခင်ထံ အကူအညီတောင်းခဲ့လို့ နတ်ဆိုးတွေရဲ့ အနှောင့်အယှက်ပေးမှုကနေ လွတ်မြောက်ခဲ့တယ်။”—ဆာလံ ၉၁: ၁၊ ၂

စိတ်နှလုံးရိုးဖြောင့်သူတို့သည် ယခုပင် ဘုရားသခင့် ကွယ်ကာမှုကို ရရှိထားပြီး နတ်ဆိုးများနှင့် ၎င်းတို့၏သြဇာခံအားလုံး မကြာမီ ဖျက်ဆီးခံရတော့မည်ကို သိထားသောကြောင့် ဝမ်းမြောက်နိုင်ပါသည်။ နတ်ဝိဇ္ဇာအတတ် လိုက်စားမှု၏ ဆိုးကျိုးများမှ လူသားတို့ လွတ်မြောက်မည့်အချိန်တွင် ကမ္ဘာပေါ်၌ ရွှင်လန်းဝမ်းမြောက်မှုနှင့် အေးချမ်းငြိမ်သက်မှုတို့ လွှမ်းမိုးနေမည်ကို မြင်ယောင်ကြည့်လိုက်ပါလေ။—ဟေရှာယ ၁၁:၉။ ဗျာ. ၂၂:၁၅