မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဂေါ်ရီလာပေါက်လေး အော်နေသောအခါ

ဂေါ်ရီလာပေါက်လေး အော်နေသောအခါ

ဂေါ်ရီလာပေါက်လေး အော်နေသောအခါ

ကင်မရွန်းနိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်

ဂေါ်ရီလာမျောက်မလေး ပစ်ချူအား ဗဟိုအာဖရိကသစ်တောထဲတွင် မွေးဖွားခဲ့၏။ ပစ်ချူ တစ်နှစ်သားအရွယ်ခန့်ရှိသောအခါ မုဆိုးများက အစာအတွက် ၎င်း၏မိခင်နှင့် ဂေါ်ရီလာအုပ်စုတစ်စုလုံးကို သတ်လိုက်ကြသည်။ အသားပေါ်ရောင်းရန် ပစ်ချူသည် ငယ်လွန်းသည့်အတွက် သူ့ကို မသတ်တော့ဘဲ အိမ်မွေးတိရစ္ဆာန်အဖြစ် ရောင်းလိုက်ကြ၏။ သို့သော် ပစ်ချူသည် နေမကောင်းဖြစ်လာပြီး တစ်ချိန်လုံး အော်နေတော့သည်။

ပစ်ချူသည် ထောင်ပေါင်းများစွာသော မိဘမဲ့မျောက်ဝံများထဲမှ တစ်ကောင်သာဖြစ်ပါသည်။ ဤဝမ်းနည်းဖွယ် အခြေအနေကို ဖြစ်ပေါ်စေသည့် အကြောင်းရင်း အတော်များများရှိ၏။ အကြောင်းရင်းတစ်ခုမှာ တောကောင်သား တရားမဝင်ရောင်းဝယ်ခြင်းဖြစ်၏။ စားသောက်ဆိုင်တချို့၏ တောင်းဆိုမှုနှင့် ဆန်းပြားသော အသားများကို စားသုံးလိုသူများကြောင့် ကြေးစားမုဆိုးများသည် လောဘဇောဖြင့် သစ်တောများတွင် နေ့ရောညပါ အမဲလိုက်နေကြသည်။ ထိုအတောအတွင်း ပွဲစားများသည် အကျိုးအမြတ်ရှိသော်လည်း တရားမဝင်သည့် ပြည်တွင်းပြည်ပအဆက်အသွယ်များဖြင့် တိရစ္ဆာန်များနှင့် အသားများကို ရောင်းဝယ်နေကြသည်။

ဒုတိယအကြောင်းရင်းတွင် အချိန်တိုလေးအတွင်း သစ်ပင်များစွာကို ခုတ်ပစ်ခြင်းပါဝင်၏။ သစ်တောများ ပျက်စီးသွားသောအခါ တိရစ္ဆာန်များ၏မှီတင်းနေထိုင်ရာ အသိုက်အမြုံများနှင့် အစားအစာများ ဆုံးရှုံးသွားသည်။ ထို့အပြင် အဆိုပါလုပ်ရပ်နှစ်မျိုးစလုံးသည် တစ်ခုကိုတစ်ခု ထောက်ကူပေး၏။ မည်သို့အားဖြင့်နည်း။ တစ်ခုအနေနှင့် ခုတ်ထွင်ရှင်းလင်းထားသည့် လမ်းများကြောင့် မုဆိုးများသည် တောတွင်းနေတိရစ္ဆာန်များထံ အလွယ်တကူ သွားရောက်နိုင်ပြီး ယောင်ချာချာဖြစ်ကာ ဘုံပျောက်နေသော တိရစ္ဆာန်များမှာ ဖမ်းရလွယ်ကူသော သားကောင်များဖြစ်လာကြသည်။ အခြားသောအကြောင်းရင်းများတွင် လူဦးရေတိုးပွားမှု၊ အစားအစာတောင်းဆိုမှု၊ မြို့ပြများတိုးချဲ့မှုနှင့် အမဲလိုက်သည့်နည်းပညာများ ပိုမိုတိုးတက်လာမှုအပြင် စစ်မှုနှင့် လက်နက်ကိရိယာများ တိုး၍ရရှိလာနိုင်မှုတို့ ပါဝင်သည်။ သို့နှင့် မျောက်ဝံများနှင့် အခြားသောမျိုးစိတ် အတော်များများသည် တစ်ခါနှင့်မျှမတူအောင် မျိုးသုဉ်းမည့်အနေအထားသို့ ရောက်ရှိနေပြီး ယင်းကြောင့် ဗလာသစ်တောလက္ခဏာစုဟု ခေါ်ဆိုခဲ့ကြပြီ။ သို့သော် ယင်းသည် တစ်ခုတည်းသော ပြဿနာမဖြစ်နိုင်ချေ။ မည်သို့အားဖြင့်နည်း။ ဥပမာ၊ တိရစ္ဆာန်များသည် မျိုးစေ့များပျံ့နှံ့စေရန် ကူညီပေးခြင်းဖြင့် သစ်တော၏ဂေဟစနစ်များကို ကောင်းမွန်စေကာ အသွင်အမျိုးမျိုးရှိစေသည်။ ထို့ကြောင့် တိရစ္ဆာန်များမရှိတော့လျှင် သစ်ပင်များကိုလည်း ထိခိုက်သွားပေမည်။

သို့သော် သတ်ဖြတ်မှုမှာ ဆက်လက်ရှိနေဆဲပင်။ အနောက်အာဖရိကဒေသများတွင် ဆယ်နှစ်တာကာလတစ်ခုအတွင်း၌ပင် မျောက်ဝံကောင်ရေသည် နဂိုရှိခဲ့သည့်ကောင်ရေ၏ ဆယ်ပုံတစ်ပုံသို့ လျော့ကျသွားခဲ့သည်။ “အမဲခိုးပစ်နေဦးမယ်ဆိုရင်တော့ မကြာခင် တောနက်ထဲမှာ ဂေါ်ရီလာမျောက်ဝံတွေ ရှိတော့မှာမဟုတ်ဘူး” ဟုကင်မရွန်းနိုင်ငံမှ တောရိုင်းတိရစ္ဆာန်လေ့လာသူ ကျွမ်းကျင်ပညာရှင်များကဆိုကြသည်။ *

မိဘမဲ့များကို ကယ်တင်ခြင်း

ဝမ်းနည်းဖွယ်ကောင်းသော ဤအခြေအနေကို တုံ့ပြန်သည့်အနေနှင့် အနောက်အာဖရိက ဆာဟာရတောင်ပိုင်းဒေသရှိ ကင်မရွန်းတောင်ခြေတွင် အခြေစိုက်ထားသည့် လင်မ်အီတောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးဌာနကဲ့သို့သော အဖွဲ့များသည် ဘေးသင့်နေသည့် မျိုးစိတ်များကို ကာကွယ်ရန် ကြိုးပမ်းနေကြသည်။ လင်မ်အီတွင် ဧည့်သည်များသည် ဂေါ်ရီလာမျောက်ဝံများ၊ ချင်ပန်ဇီမျောက်များ၊ ဘာဘွန်းမျောက်ကြီးများနှင့် နောက်ထပ်မျောက်မျိုးစိတ် ၁၃ မျိုးကို အခြားတိရစ္ဆာန်အမျိုးမျိုးနှင့်အတူ တွေ့ရှိနိုင်ပါသည်။ မကြာသေးမီနှစ်များက အဆိုပါဌာနတွင် ကောင်ရေ ၂၀၀ နီးပါးရှိသော မိဘမဲ့များနှင့် ဘုံပျောက်နေသည့် တိရစ္ဆာန်များကို ဂရုစိုက်စောင့်ရှောက်ခဲ့ပြီး ၎င်းတို့အား လုံခြုံသောနေရာ၊ အစားအစာနှင့် ဆေးဝါးကုသမှုများ ပေးခဲ့သည်။ အဆိုပါဌာန၏ နောက်ကဏ္ဍတစ်ခုမှာ ကင်မရွန်း၊ အနီးအနားရှိ တိုင်းနိုင်ငံများနှင့် ကမ္ဘာတစ်ဝန်းမှ ရောက်ရှိလာသော ဧည့်သည်များအား သဘာဝထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၏ အရေးကြီးမှုကို သင်ကြားပေးခြင်းဖြစ်သည်။ မကြာသေးမီတစ်နှစ်က ဧည့်သည် ၂၈,၃၀၀ ကျော်ကို သင်ကြားပေးခဲ့သည်။

ပစ်ချူအကြောင်း ပြန်ဆက်ကြစို့။ ဝမ်းနည်းစရာကောင်းသော ပစ်ချူလေး၏ အော်နေသံများကို မကြားရက်သဖြင့် စိတ်မကောင်းဖြစ်နေသော တွေ့ရှိသူများက မုဆိုးများထံမှ ၎င်းကိုဝယ်ယူလိုက်ပြီး လင်မ်အီတိရစ္ဆာန်ထိန်းသိမ်းရေးဌာနကို ပေးအပ်ခဲ့သည်။ ပစ်ချူလေးရောက်လာသောအခါ ဆေးကုဌာနတွင် အသေအချာစစ်ဆေးပေးကြ၏။ ပစ်ချူလေးသည် စိတ်ထိခိုက်နေသည့်အပြင် ချောင်းဆိုးခြင်း၊ ရေဓာတ်ဆုံးရှုံးခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ဝမ်းလျှောခြင်းနှင့် အရေပြားရောဂါများ ခံစားနေရ၏။ အရေပြားရောဂါကြောင့် ဒေသန္တရဘာသာစကားဖြင့် “ကွက်ကြား” ဟူ၍အဓိပ္ပာယ်ရှိသည့် ပစ်ချူဟု ခေါ်ဆိုခဲ့ကြသည်။ ဝမ်းသာစရာမှာ ပစ်ချူသည် ကုသမှုကို ကောင်းစွာခံယူခဲ့ပြီး ခွဲစိတ်ကုသရန်မလိုအပ်ချေ၊ အဆိုပါဌာနတွင် လိုအပ်လာပါက ခွဲစိတ်ကုသမှုလည်း ပြုလုပ်ပေးနိုင်ပါသည်။

အဆိုပါဌာနသို့ရောက်ရှိလာသော တိရစ္ဆာန်များအတွက် ထုံးစံအတိုင်း ပစ်ချူကို အရင်ဆုံး ရက်ပေါင်း ၉၀ သီးသန့်ခွဲထားသည်။ ထို့နောက်မှ သဘာဝသစ်တောဝန်းကျင်နှင့်တူသော ခြံခတ်ထားသည့်နေရာတွင် ဂေါ်ရီလာမျောက်ဝံ ၁၁ ကောင်နှင့်အတူ ထားရှိသည်။ အသက်ပိုကြီးသော မျောက်ဝံများသည် အသစ်ရောက်လာသော ပစ်ချူအား တရင်းတနှီးဆက်ဆံသည်ကို တွေ့ရသည့်အတွက် ဝန်ထမ်းများက ဝမ်းသာနေကြသည်။ ယင်းမှာ အဆန်းမဟုတ်ချေ၊ သို့နှင့် ပစ်ချူသည် လျင်မြန်စွာပင် ယင်းအုပ်စုအဝင်ဖြစ်လာသည်။

တိရစ္ဆာန်များနှင့် လူသားပြုစုစောင့်ရှောက်သူများအကြား ရင်းရင်းနှီးနှီး ထိတွေ့ဆက်ဆံခြင်းက ခိုင်မြဲသောနှောင်ကြိုးဖွဲ့စေသည်။ အဆိုပါဌာနတွင် လုပ်ဆောင်နေသည့်အရာများကို တွေ့ မြင်ရခြင်းက ဧည့်သည်တစ်ဦးအား ကမ္ဘာမြေကြီးနှင့် ၎င်းအပေါ်ရှိ တိရစ္ဆာန်များကို အုပ်စိုးရန် ပထမဆုံးလူသားမောင်နှံကို ဘုရားသခင် ညွှန်ကြားခဲ့ချိန်က လူသားများအား အပ်နှင်းထားသော ကိုယ်ကျင့်တရားဆိုင်ရာတာဝန်ကို နားလည်သဘောပေါက်စေနိုင်ပါသည်။—ကမ္ဘာဦး ၁:၂၈

မိဘမဲ့များအတွက် အနာဂတ်ကား မည်သို့နည်း

လင်မ်အီဌာန၏ နောက်ဆုံးပန်းတိုင်မှာ ထိန်းသိမ်းစောင့်ရှောက်ထားသော တိရစ္ဆာန်များကို တောနက်ထဲ ပြန်လွှတ်ပေးရန်ဖြစ်သည်။ သို့သော် ယင်းသည် လွယ်ကူသောအလုပ်မဟုတ်ပေ။ လူတို့၏ကြည့်ရှုစောင့်ရှောက်မှုနှင့် အသားကျနေပြီဖြစ်သော တိရစ္ဆာန်များသည် မိမိတို့ဘာသာ မရပ်တည်နိုင်ကြချေ။ တစ်ဖန် သူတို့သည် တစ်ဦးတစ်ယောက်အတွက် တည်ခင်းသောဟင်းလျာ ဖြစ်သွားနိုင်သည့်အန္တရာယ်ရှိသည်။ အာဖရိကနိုင်ငံအတော်များများသည် နယ်စပ်များတစ်လျှောက် ဘေးမဲ့ကြိုးဝိုင်းများ ဖန်တီးရန်နှင့် တည်ရှိနေသောကြိုးဝိုင်းများ စီမံအုပ်ချုပ်မှုကို တိုးတက်စေရန် သဘောတူခဲ့ကြသည်။ အဆိုပါအစီအစဉ်များက မိဘမဲ့တိရစ္ဆာန်များအား ပြန်လွှတ်ပေးရန် ပို၍လွယ်ကူစေကာ ယင်းနယ်မြေရှိ မျောက်ဝံများသာမက တောရိုင်းတိရစ္ဆာန်အားလုံးကို ထိန်းသိမ်းစောင့်ရှောက်စေနိုင်မည်ဟု မျှော်လင့်ရသည်။

ထိုအချိန်အတောအတွင်း ဆန့်ကျင်နေသော အင်အားစုများဖြစ်သည့် လိုဘကြီးမှု၊ ဆင်းရဲမွဲတေမှု၊ လူဦးရေလျင်မြန်စွာတိုးပွားမှုနှင့် သစ်တောပြုန်းတီးမှုတို့က မျောက်ဝံများနှင့် အခြားသောတိရစ္ဆာန်များအပေါ် ဆက်လက်ထိခိုက်နေပါဦးမည်။ ထိထိရောက်ရောက်နှင့် မြန်မြန်ဆန်ဆန် မကာကွယ်လျှင် “တောရိုင်းမျိုးစိတ်ကောင်ရေ ဂိတ်ဆုံးအဆင့်ကို ကျဆင်းလာပြီး ပျောက်ကွယ်သွားနိုင်စရာ အကြောင်းရှိပါလိမ့်မယ်။ ရလဒ်ကတော့ ကျွန်တော်တို့ ကြိုးစားကူညီစောင့်ရှောက်ပေးနေတဲ့သတ္တဝါတွေ တောနက်ထဲမှာ မျိုးသုဉ်းသွားနိုင်ပါတယ်” ဟုလင်မ်အီတောရိုင်းတိရစ္ဆာန်ဌာနမှ စီမံကိန်းမန်နေဂျာဖြစ်သူ ဖီးလစ်ခ်စ် လန်ကီစတာက ထုတ်ဖော်ပြောပြ၏။

ဝမ်းနည်းစရာပါတကား။ သို့သော် အာဟာရချို့တဲ့ခြင်းနှင့် ရောဂါဝေဒနာများခံစားနေရသော လူသားများ၊ ဗိုက်ပူနံကားနှင့် ငိုယိုနေကြသော ကလေးသူငယ်များ ငတ်ပြတ်သေဆုံးသွားကြသည်ကို တွေ့မြင်နေရခြင်းက ပို၍ပင် ဝမ်းနည်းကြေကွဲစရာကောင်းပါသည်။ ရှင်းနေသည်မှာ ပစ်ချူ၏ပြဿနာက ကမ္ဘာလောကတစ်ခုလုံး၏ ဝမ်းနည်းဖွယ်ကောင်းသော အခြေအနေကို ဖော်ပြလိုက်ခြင်းဖြစ်သည်၊ အထူးသဖြင့် ဘက်လိုက်မှုများနှင့် မတရားမှုများကို ထင်ဟပ်ပေသည်။

ဝမ်းသာစရာမှာ ကမ္ဘာမြေကြီးပေါ်တွင် အဘယ်အရာများ ဖြစ်ပျက်နေသည်ကို ဖန်ဆင်းရှင် ဂရုစိုက်ကြည့်ရှုနေခြင်းဖြစ်သည်။ မကြာမီ ကိုယ်တော်သည် ရက်စက်မှု၊ ဆင်းရဲဝေဒနာနှင့် မျိုးသုဉ်းမှုတို့ကိုဖြစ်စေသော အကြောင်းရင်းများကို ဖယ်ရှားပစ်ကာ သက်ရှိအားလုံးအလယ်တွင် တည်မြဲသော သွေးစည်းညီညွတ်မှုကို ဖန်တီးပေးတော်မူပါလိမ့်မည်။—ဟေရှာယ ၁၁:၆-၉

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 တောကောင်သားများကို ကိုင်တွယ်ခြင်းနှင့် စားသုံးခြင်းသည် တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သော ထောင့်သန်းရောဂါ၊ အီဗိုလာနှင့် အိပ်ခ်ျအိုင်ဗွီနှင့်တူသော ဗိုင်းရပ်စ်များအစရှိသည့် ဆိုးဝါးလှသောရောဂါများကိုလည်း ပျံ့နှံ့စေနိုင်ကြောင်း ကျန်းမာရေးပညာရှင်များက သတိပေးကြသည်။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ယခင်က ပစ်ချူနှင့် ကျန်းမာရေး ပြန်ကောင်းလာပြီးနောက် ပစ်ချူ

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

အနီရောင်နားရွက်ရှိ မြီးရှည်မျောက်

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

မိမိ၏သားငယ်ကို ဂရုစိုက်ပေးနေသော မျောက်မောင်းမကြီး

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

လင်မ်အီဌာနဝင်ပေါက်

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

မိဘမဲ့ဂေါ်ရီလာ ဘိုလိုကို ဂရုစိုက်ပေးနေခြင်း

[Picture Credit Line on page 23]

All photos pages 22 and 23: Limbe Wildlife Centre, Cameroon

[Picture Credit Line on page 24]

Both photos: Limbe Wildlife Centre, Cameroon