မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကလေးများအင်တာနက်သုံးခြင်းနှင့်ပတ်သက်၍ မိဘများ သိသင့်သိအပ်ရာ

ကလေးများအင်တာနက်သုံးခြင်းနှင့်ပတ်သက်၍ မိဘများ သိသင့်သိအပ်ရာ

ကလေးများအင်တာနက်သုံးခြင်းနှင့်ပတ်သက်၍ မိဘများ သိသင့်သိအပ်ရာ

အချိန်အတန်ကြာထိ အင်တာနက်လုံခြုံရေးသည် ကွန်ပျူတာ၏တည်နေရာပေါ်တွင်သာ မူတည်ပုံရခဲ့သည်။ ကွန်ပျူတာကို အိမ်၏ လူအများမြင်သာသည့်နေရာတွင်ထားခြင်းဖြင့် ၎င်းတို့၏ကလေးများကို အင်တာနက်၏အန္တရာယ်များမှ ကာကွယ်နိုင်မည်ဟု လူများယုံကြည်ခဲ့ကြသည်။ ယင်းသို့ပြုလုပ်ခြင်းသည် ၎င်းတို့၏ကလေးကို အန္တရာယ်ရှိသော သို့မဟုတ် မသင့်လျော်သော ဝက်ဘ်ဆိုက်များနှင့် ချိတ်ဆက်ခြင်းမှ ကာကွယ်ပေးလိမ့်မည်ဟု ထင်မှတ်ကြသည်။ ကလေးများကို ၎င်းတို့၏ကိုယ်ပိုင်အိပ်ခန်းတွင် အင်တာနက်ချိတ်ဆက်ရန် ခွင့်မပြုခြင်းက ပညာရှိရာကျသော်လည်း ယင်းသည် ကလေးများကိုကာကွယ်ပေးသည့် တစ်ခုတည်းသောနည်းလမ်း မဟုတ်ပါ။ ယနေ့အချိန်တွင် ကြိုးမဲ့ဆက်သွယ်မှုများသည် လူငယ်များအား ၎င်းတို့သွားသည့်နေရာတိုင်းတွင် အင်တာနက်ကို အသုံးပြုနိုင်စေသည်။ ဆဲလ်ဖုန်းများစွာပင် အွန်လိုင်းနှင့် ချိတ်ဆက်နိုင်ပြီဖြစ်သည်။ ထို့နောက်၊ အင်တာနက်ကဖေးများ၊ အများသုံးအင်တာနက်ဆိုင်များ (Internet kiosks)၊ စာကြည့်တိုက်များနှင့် သူငယ်ချင်းအိမ်တစ်အိမ်သွားလည်၍လည်း အင်တာနက်ကို အသုံးပြုနိုင်ပါသည်။ ရွေးချယ်စရာနည်းလမ်းများစွာရှိသောကြောင့် မိဘတစ်ဦးအနေဖြင့် ၎င်း၏ကလေး အင်တာနက်အသုံးပြုနေကြောင်း မသိရှိခြင်းကို နားလည်နိုင်ပါသည်။

လူငယ်များစွာကို ဆွဲဆောင်သော အွန်လိုင်း၏လုပ်ဆောင်မှုအချို့နှင့် ယင်း၏ ဖြစ်လာနိုင်ဖွယ်ရှိသော အန္တရာယ်များကို သုံးသပ်ကြည့်ပါ။

အီးမေးလ်များ

ယင်းတို့ကား အဘယ်နည်း။ အီလက်ထရောနစ်စနစ်ဖြင့်ပို့သော ရေးသားထားသည့်စာများဖြစ်သည်။

အဘယ်ကြောင့် နှစ်သက်ကြသနည်း။ အီးမေးလ်သည် မိတ်ဆွေများ၊ မိသားစုဝင်များနှင့်ဆက်သွယ်ရာတွင် မြန်ဆန်ပြီး အကုန်အကျနည်းသော နည်းလမ်းတစ်ခုဖြစ်သည်။

သင် သိထားသင့်သည့်အရာ။ စပမ်း (spam) ဟုခေါ်လေ့ရှိသော မတောင်းခံဘဲ ဝင်လာသည့်အီးမေးလ်များသည် အနှောင့်အယှက်ပေးရုံမျှသာ မဟုတ်ပါ။ ယင်းတို့တွင် မဖွယ်မရာများ စိတ်တွင်ပေါ်လာစေသော သို့မဟုတ် အရှက်ကင်းမဲ့သော ညစ်ညမ်းရာများ ပါဝင်လေ့ရှိသည်။ ချိတ်ဆက်ထားသောစာများသည် ကိုယ်ရေးအချက်အလက်ခိုးခြင်းသို့ ဦးတည်စေနိုင်သော ကိုယ်ပိုင်အချက်အလက်များဖော်ပြရန် အန္တရာယ်ကိုမမြင်သောကလေးအပါအဝင် အသုံးပြုသူကို လှုံ့ဆော်ပေးနိုင်သည်။ အီးမေးလ်များ ပို့ခြင်းကိုရပ်တန့်ရန် ခိုင်မာပြတ်သားစွာတောင်းဆိုလျှင်ပင် ထိုကဲ့သို့အီးမေးလ်များကို စာပြန်ခြင်းသည် အသုံးပြုသူတွင် အသုံးပြုနေဆဲ အီးမေးလ်လိပ်စာတစ်ခုရှိကြောင်း အတည်ပြုပေးသလိုဖြစ်ပြီး ယင်းက မတောင်းခံသော အီးမေးလ်များကို ထပ်မံဝင်လာစေနိုင်ပါသည်။

ဝက်ဘ်ဆိုက်များ

ယင်းတို့ကား အဘယ်နည်း။ အဖွဲ့အစည်းများ၊ ပညာရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များ ဖန်တီးထားသော အီလက်ထရောနစ်စာမျက်နှာများဖြစ်သည်။

အဘယ်ကြောင့် နှစ်သက်ကြသနည်း။ သန်းပေါင်းများစွာသောဆိုက်များသည် လူငယ်များအား ဈေးဝယ်ရန်၊ သုတေသနလုပ်ရန်၊ သူငယ်ချင်းများနှင့်ဆက်သွယ်ရန်၊ ကစားရန် သို့မဟုတ် ဂိမ်းများနှင့် သီချင်းများကို မိမိကွန်ပျူတာထဲသို့ ကူးယူရန် အခွင့်အလမ်းများစွာရရှိစေသည်။

သင် သိထားသင့်သည့်အရာ။ အကျင့်ပျက်သူများစွာတို့သည် ဝက်ဘ်များကို တလွဲအသုံးပြုကြ၏။ ဝက်ဘ်ဆိုက်များစွာတွင် လိင်ဆိုင်ရာပြကွက်များကို ကွက်ကွက်ကွင်းကွင်းပြသထားပြီး ယင်းဆိုက်များနှင့် အလွယ်တကူနှင့် အမှတ်တမဲ့ချိတ်ဆက်မိ နိုင်သည်။ ဥပမာ၊ ဗြိတိန်တွင် အသက် ၈ နှစ်နှင့် ၁၆ နှစ်ကြား လူငယ် ၉၀ ရာခိုင်နှုန်းကို မေးမြန်းကြည့်ရာ သူတို့သည် မရည်ရွယ်ဘဲ ညစ်ညမ်းရုပ်ပုံများပါသည့် အွန်လိုင်းများကို ဖွင့်မိကြောင်း၊ အများအားဖြင့် အိမ်စာလုပ်နေစဉ်တွင်ဖြစ်ကြောင်း ပြောပြခဲ့သည်။

ဝက်ဘ်များသည် လူငယ်များအား လောင်းကစားနိုင်သည့် ဆိုက်များနှင့်ချိတ်ဆက်ရန်လည်း ပြုလုပ်ပေးနိုင်သည်။ ကနေဒါတွင် ၁၀ တန်းနှင့် ၁၁ တန်းကျောင်းသားများကို ဆန်းစစ်လေ့လာမှုပြုလုပ်ခဲ့ရာ ယောက်ျားလေး ၄ ဦးတွင် ၁ ဦးနီးပါးသည် ထိုကဲ့သို့သောဆိုက်များကို ဝင်ရောက်ကြည့်ရှုခဲ့ကြကြောင်း ဝန်ခံခဲ့သည်၊ အွန်လိုင်းလောင်းကစားခြင်းမှာ အလွန်စွဲစေတတ်သောကြောင့် ၎င်းနှင့်ပတ်သက်၍ ပညာရှင်များ စိုးရိမ်ကြသည်ကို နားလည်နိုင်ပါသည်။ “အစာစားချင်စိတ်မရှိသော ဘဝပုံစံ” ကိုတိုးမြှင့်ပေးသည့် ဝက်ဘ်ဆိုက်များလည်းရှိပါသည်။ * မုန်းတီးမှုကိုလှုံ့ဆော်ပေးသည့် ဆိုက်များသည်လည်း လူအနည်းစုသာရှိသော ဘာသာတရားနှင့် လူမျိုးစုများကို ပစ်မှတ်ထားသည်။ အချို့သောဆိုက်များသည် ဗုံးများပြုလုပ်ပုံ၊ အဆိပ်များဖော်စပ်ပုံနှင့် အကြမ်းဖက်မှုများအား လုပ်ဆောင်ပုံတို့ကို သင်ကြားပေးသည်။ အွန်လိုင်းဂိမ်းများတွင် အလွန့်အလွန် အကြမ်းဖက်မှုနှင့် သွေးထွက်သံယိုမှုမြင်ကွင်းများကို အသေးစိတ်ကွင်းကွင်းကွက်ကွက်ဖော်ပြချက်များ အများအပြားပါဝင်သည်။

အီလက်ထရောနစ် စကားဝိုင်းများ (Chat Rooms)

ယင်းတို့ကား အဘယ်နည်း။ ပုံမှန်အားဖြင့် သတ်သတ်မှတ်မှတ် ခေါင်းစဉ်တစ်ခု သို့မဟုတ် စိတ်ဝင်စားရာအကြောင်းတစ်ခုနှင့်ပတ်သက်၍ စာရိုက်ကာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ပေးပို့သော ဝက်ဘ်ဆိုက်ပေါ်ရှိ နယ်ပယ်များဖြစ်သည်။

အဘယ်ကြောင့် နှစ်သက်ကြသနည်း။ စိတ်ဝင်စားမှုခြင်း တူကြသော်လည်း တစ်ခါမျှမတွေ့ဆုံဖူးသော လူအတော်များများနှင့် သင့်ကလေး ဆက်သွယ်နိုင်သည်။

သင် သိထားသင့်သည့်အရာ။ များသောအားဖြင့် အမြတ်ထုတ်လိုသူများသည် ကလေးတစ်ဦးကို အွန်လိုင်းထဲဝင်ဖို့ သို့မဟုတ် လူချင်းတွေ့ကာ လိင်ဆက်ဆံမှုပြုဖို့ပင် ဖြားယောင်းသွေးဆောင်ရန်မျှော်လင့်ချက်ဖြင့် အီလက်ထရောနစ်စကားဝိုင်းများထဲ မကြာခဏ ဝင်ရောက်ကြသည်။ အင်တာနက်လုံခြုံရေးအကြောင်း စာအုပ်တစ်အုပ်ရေးသူများထဲမှ တစ်ဦး၏အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ သူ့သုတေသန၏ အစိတ်အပိုင်းအနေနှင့် သူသည် ၁၂ နှစ်အရွယ် အွန်လိုင်းအသုံးပြုသူ အသွင်ဆောင်ခဲ့သည်။ “ချက်ချင်းဆိုသလိုပဲ၊ နှစ်ကိုယ်ကြားသီးသန့် အီလက်ထရောနစ်စကားဝိုင်းထဲသို့ဝင်ရန် တစ်ဦးဦးက သူ့ကိုဖိတ်ခေါ်ခဲ့သည်။ မိမိသည် ယင်းစကားဝိုင်းထဲ မဝင်တတ်ကြောင်းပြောခဲ့ပြီး ကူညီပေးတတ်သောသူငယ်ချင်းအသစ်ကြီးက တစ်ဆင့်ပြီးတစ်ဆင့် ညွှန်ကြားချက်များပေးခဲ့သည်။ ထို့နောက် သူသည် [အွန်လိုင်းဖြင့်] လိင်ဆက်ဆံချင်သလားဆိုသည်ကို ထိုသူ သိလိုခဲ့သည်” ဟု အွန်လိုင်းနှင့်ပတ်သက်သော စာအုပ်တစ်အုပ် (What in the World Are Your Kids Doing Online?) ကဖော်ပြသည်။

သတင်းများ ချက်ချင်းဖလှယ်ခြင်း (Instant Messages)

ယင်းသည် အဘယ်အရာနည်း။ လူနှစ်ဦး သို့မဟုတ် နှစ်ဦးထက်မကနှင့် စာဖြင့်အပြန်အလှန် တိုက်ရိုက်စကားပြောခြင်းဖြစ်သည်။

အဘယ်ကြောင့်နှစ်သက်ကြသနည်း။ အသုံးပြုသူသည် သတင်းများ ချက်ချင်းဖလှယ်ခြင်းကို အသုံးပြု၍ မိမိဖန်တီးထားသော ဆက်သွယ်ရန်စာရင်းမှ မိတ်ဆွေတစ်ဦးဦးအား ရွေးချယ်ကာ စကားပြောနိုင်သည်။ ကနေဒါလူမျိုးတစ်ဦး၏ လေ့လာချက်တစ်ခုအရ ၁၆ နှစ်နှင့် ၁၇ နှစ်အရွယ်ရှိ ၈၄ ရာခိုင်နှုန်းသည် ၎င်းတို့၏သူငယ်ချင်းများနှင့် ယင်းကို တစ်ရက်လျှင် တစ်နာရီကျော်ကြာ ပြုလုပ်သည်မှာ အံ့ဩစရာမဟုတ်ပါ။

သင် သိထားသင့်သည့်အရာ။ သင့်ကလေး စာဖတ်သင့်သည့်အချိန်တွင် သို့မဟုတ် အာရုံစူးစိုက်မှုလိုအပ်သော အခြားလုပ်ဆောင်မှုကို ပြုလုပ်နေစဉ်တွင် သတင်းများချက်ချင်းဖလှယ်၍ စကားပြောခြင်းသည် အနှောင့်အယှက်ဖြစ်စေနိုင်ပါသည်။ ထို့ပြင်၊ သင့်သား သို့မဟုတ် သမီးသည် မည်သူနှင့် အဆက်အသွယ်လုပ်နေသည်ကို သင်သိနိုင်မည်မဟုတ်ပါ။ ထို့ထက်ကား၊ စကားပြောခြင်းကို သင် မကြားနိုင်ပါ။

ဘလော့ဂ်များ (Blogs)

ယင်းတို့ကား အဘယ်အရာနည်း။ အွန်လိုင်း နေ့စဉ်မှတ်တမ်းများဖြစ်သည်။

အဘယ်ကြောင့် နှစ်သက်ကြသနည်း။ ဘလော့ဂ်များသည် လူငယ်များကို မိမိတို့၏ စိတ်ကူးစိတ်သန်းများ၊ နှစ်သက်စွဲလမ်းရာများ၊ လုပ်ဆောင်မှုများနှင့်ပတ်သက်၍ ရေးသားခွင့်ရရှိစေသည်။ ဘလော့ဂ်အများစုသည် စာဖတ်သူများကို မှတ်ချက်ချခွင့်ရစေပြီး မိမိတို့ရေးသားရာများအပေါ် တစ်ဦးဦးက တုံ့ပြန်ခဲ့သည်ကိုသိရခြင်းက ကလေးအများစုအား ဘဝင်တုန်ရင်ခုန်စေသည်။

သင် သိထားသင့်သည့်အရာ။ ဘလော့ဂ်တစ်ခုကို လူထုကဖတ်ရှုနိုင်ပါသည်။ လူငယ်အချို့သည် မိမိတို့၏မိသားစု၊ ကျောင်း သို့မဟုတ် အိမ်လိပ်စာတို့နှင့်ပတ်သက်သည့် အသုံးပြုနိုင်သော အချက်အလက်များကို ပေါ့ပေါ့ဆဆ ဖော်ပြကြသည်။ နောက်ထပ်အကြောင်းရင်းတစ်ခုမှာ ဘလော့ဂ်များသည် မှတ်တမ်းရေးသားသူအပါအဝင် အခြားသူများ၏ဂုဏ်သိက္ခာကို ထိပါးစေနိုင်ပါသည်။ ဥပမာ၊ အချို့သောအလုပ်ရှင်များသည် လူတစ်ဦးကို ငှာရမ်းသင့်မသင့် စဉ်းစားသောအခါ ထိုလျှောက်ထားသူ၏ဘလော့ဂ်ကို ဝင်ရောက်ကြည့်ရှုတတ်သည်။

အွန်လိုင်း လူမှုဆက်သွယ်ရေးကွန်ရက်များ

ယင်းတို့ကား အဘယ်အရာနည်း။ လူငယ်များအား ဝက်ဘ်စာမျက်နှာတစ်ခုကို ဖန်တီးနိုင်စေပြီး ယင်းစာမျက်နှာတွင် ရုပ်ပုံများ၊ ဗီဒီယိုများနှင့် ဘလော့ဂ်များဖြင့် ဖြည့်စွက်ပြင်ဆင်ထားသော ဆိုက်များဖြစ်သည်။

အဘယ်ကြောင့် နှစ်သက်ကြသနည်း။ ဝက်ဘ်စာမျက်နှာတစ်ခုကို ဖန်တီး၍ဖြည့်စွက်ပြင်ဆင်ခြင်းသည် လူငယ်တစ်ဦးအား မိမိသည် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြနိုင်စေသည်။ အွန်လိုင်းလူမှုဆက်သွယ်ရေးကွန်ရက်များသည် လူငယ်များအား “မိတ်ဆွေ” အသစ်များစွာနှင့် တွေ့ဆုံခွင့်ရစေသည်။

သင် သိထားသင့်သည့်အရာ။ “လူမှုဆက်သွယ်ရေးကွန်ရက်ဆိုက်တစ်ခုဟာ အွန်လိုင်းပါတီပွဲတစ်ခုနဲ့တူတယ်” ဟုဂျိုအန်နာဆိုသည့် မိန်းကလေးတစ်ဦးကပြောသည်။ “တကယ့်ကို ကြောက်စရာကောင်းတဲ့လူတချို့ ပေါ်လာနိုင်တယ်။” စဉ်းလဲကောက်ကျစ်သော လူငယ်များနှင့် လူကြီးများသည် လူမှုဆက်သွယ်ရေးကွန်ရက်များပေါ်တွင်တင်ထားသော ပုဂ္ဂိုလ်ရေးအချက်အလက်ကို ကိုယ်ကျိုးအတွက် အသုံးပြုနိုင်ပါသည်။ ထို့ကြောင့်၊ အင်တာနက်လုံခြုံရေးတွင်ကျွမ်းကျင်သူ ပယ်ရီအက်ဖ်တက်က ထိုသို့သောဆိုက်များကို “လိင်ဆိုင်ရာအမြတ်ထုတ်လိုသူများအတွက် တစ်နေရာတည်းတွင် လိုချင်ရာအကုန်ရနိုင်သောဈေးဆိုင်” ဟုခေါ်ဆိုသည်။

ထို့ပြင်၊ အင်တာနက်မိတ်ဖွဲ့ခြင်းသည် အပေါ်ယံမျှသာဖြစ်သည်။ အချို့သောလူငယ်များသည် ဝက်ဘ်စာမျက်နှာများပေါ်တွင် တစ်ခါမျှ မျက်နှာချင်းဆိုင် မတွေ့ဆုံဖူးသောသူများနှင့်ချိတ်ဆက်သည့် အွန်လိုင်းစာရင်းတသီတတန်းကြီးရှိကြောင်း ဖော်ပြကြခြင်းမှာ ၎င်းတို့၏ဆိုက်အတွင်းသို့ဝင်လာသော အခြားသူများအား ၎င်းတို့၏ဆိုက်သည် လူကြိုက်များသည်ဟု ယူမှတ်စေလိုသောကြောင့်သာဖြစ်သည်။ ကန်ဒစ်ကာစီက လူမှုဆက်သွယ်ရေးကွန်ရက်နှင့်ဆိုင်သော (Generation MySpace) စာအုပ်တွင် “လူတစ်ဦးရဲ့ တန်ဖိုးကို လူဘယ်လောက်များများက သူ့ကိုကြိုက်သလဲဆိုတဲ့အချက်လောက်နဲ့သာ ဆုံးဖြတ်ကြတယ်” ဟုရေးသားထားသည်။ သူ ဤသို့ဆက်ပြောသည်– “ချိတ်ဆက်ထားသည့်စာရင်းကိုအခြေခံပြီး လူများကိုဆုံးဖြတ်ခြင်းသည် ကျွန်ုပ်တို့၏ကလေးများကို လူသားမဆန်သည့်ပုဂ္ဂိုလ်များဖြစ်သွားစေကာ သူတို့ကိုလူကြိုက်များလာစေရန် မည်သည့်နည်းကိုမဆိုသုံးကာ အယောင်ဆောင်ခြင်းက အလွန်များပြားသောဖိအားများရှိစေသည်။” ထို့ကြောင့်၊ အွန်လိုင်းနှင့်ပတ်သက်သော (What in the World Are Your Kids Doing Online?) စာအုပ်က ဤခြေမြစ်ခိုင်လုံသောမေးခွန်းတစ်ခု မေးထားပါသည်– “အီလက်ထရောနစ်လောကသည် ကလေးများအား လူများကိုတွေ့ဆုံပြီး စာနာမှုမဲ့စွာ ကျောခိုင်းနေစေချိန်တွင် ကလေးများအား ကိုယ်ချင်းစာပြီး သနားကြင်နာတတ်ခြင်းကို ပျိုးထောင်ရန်လိုအပ်ကြောင်း သင်မည်သို့ ရှင်းရှင်းလင်းလင်းဖော်ပြမည်နည်း။”

ဤနမူနာခြောက်ခုမှာ ယနေ့အချိန်တွင် လူငယ်များစိတ်ဝင်စားသော အင်တာနက်၏လုပ်ဆောင်မှု အချို့မျှသာဖြစ်သည်။ သင်သည် မိဘတစ်ဦးဖြစ်မည်ဆိုလျှင် အွန်လိုင်း၏အန္တရာယ်မှ သင့်ကလေးများကိုကာကွယ်ရန် အဘယ်အရာပြုလုပ်နိုင်သနည်း။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 12 အစာစားချင်စိတ်မရှိသော ဘဝပုံစံကို တိုးမြှင့်ပေးသည့်ဆိုက်များနှင့် အဖွဲ့အစည်းများစွာက ၎င်းတို့သည် အစာငတ်ခံသည့်စိတ်အား လှုံ့ဆော်ပေးခြင်းမဟုတ်ပါဟု အခိုင်အမာပြောကြသည်။ သို့သော်၊ ယင်းတို့ထဲမှအချို့က အစာငတ်ခံသည့်စိတ်ကို ရောဂါတစ်ခုအဖြစ်ဖော်ပြမည့်အစား ရွေးချယ်စရာတစ်ခုအဖြစ် တင်ဆက်ကြသည်။ ထိုကဲ့သို့သော ဝက်ဘ်ဆိုက်များသည် လူတစ်ဦး၏ အမှန်တကယ်ကိုယ်အလေးချိန်ကို မည်ကဲ့သို့ဖုံးကွယ်ထားနိုင်ပုံ၊ ပုံမမှန်သည့်စားသောက်သောအကျင့်ကို မိဘများမသိအောင် မည်ကဲ့သို့ဖုံးကွယ်ထားနိုင်ပုံနှင့်ပတ်သက်သော အချက်အလက်များကို ပြင်ဆင်ပေးထားသည်။

[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]

အိန္ဒိယတွင် အင်တာနက်အသုံးပြုသူအရေအတွက်သည် တစ်နှစ်တည်းတွင် ၅၄ ရာခိုင်နှုန်းသို့ တစ်ဟုန်ထိုးမြှင့်တက်လာသည်၊ အများစုမှာ လူငယ်များဖြစ်သည်ဟု ယူဆရသည်

[စာမျက်နှာ ၇ ပါ အကျဉ်းဖော်ပြချက်]

“ဗီဒီယိုကင်မရာတပ်ဆင်ထားသည့် ကွန်ပျူတာသည် သူငယ်ချင်းများ၊ ဆွေမျိုးများနှင့် ဆက်သွယ်ရာတွင် ကလေးများအတွက် လွယ်ကူစေပြီး အကုန်အကျနည်းသော အရာအဖြစ် မိဘတစ်ဦး ယူမှတ်နိုင်သည်၊ သို့သော် အမြတ်ထုတ်လိုသူတစ်ဦးကမူ ထိုကွန်ပျူတာကို ကလေးတစ်ဦး၏အိပ်ခန်းရှိ ပွင့်နေသော ပြတင်းပေါက်တစ်ပေါက်အဖြစ် ယူမှတ်သည်။”—ရောဘတ် အက်စ်. မာလာ ၃၊ ဖယ်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို ဒါရိုက်တာ။