မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်၏ သဘောသဘာဝကား အဘယ်နည်း

ဘုရားသခင်၏ သဘောသဘာဝကား အဘယ်နည်း

သမ္မာကျမ်းစာရှုထောင့်

ဘုရားသခင်၏ သဘောသဘာဝကား အဘယ်နည်း

“ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏၊ ကိုယ်တော်ကို ကိုးကွယ်သောသူတို့သည် စွမ်းအားတော်၏လမ်းပြမှုကို ခံယူ၍ အမှန်တရားနှင့်အညီ ကိုးကွယ်ရမည်” ဟုသမ္မာကျမ်းစာက ဆိုသည်။ ဤဖော်ပြချက်က ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်သည်ဟူသော ဘုရားသခင့်ပုံသဏ္ဌာန်တော်၊ သို့မဟုတ် သဘောသဘာဝနှင့်ပတ်သက်သည့် အခြေခံအမှန်တရားကို ဖော်ပြသည်။ (ယောဟန် ၄:၁၉-၂၄ကဘ) သို့သော် သမ္မာကျမ်းစာက ကိုယ်တော့်ကို လူပုဂ္ဂိုလ်တစ်ဦးအနေနှင့် ဖော်ပြ၏။ ကိုယ်တော်၏နာမတော်မှာ ယေဟောဝါဖြစ်၏။—ဆာလံ ၈၃:၁၈ကဘ; ယေရမိ ၃၃:၂၂

ကျမ်းစာဖတ်ရှုသူအချို့က ဘုရားသခင်၏ သဘောသဘာဝနှင့်ပတ်သက်၍ စိတ်ရှုပ်ထွေးသည်ဟု ဆိုကြ၏။ ဘုရားသခင်သည် အကောင်အထည်မရှိသော နာမ်ဝိညာဉ်ဖြစ်သောကြောင့် ကိုယ်တော့်ကို မမြင်ရချေ၊ သို့သော် ကျမ်းပိုဒ်များစွာက ဘုရားသခင်တွင် မျက်စိများ၊ နားများ၊ နှာခေါင်း၊ နှလုံး၊ လက်ရုံးများ၊ လက်များ၊ လက်ချောင်းများနှင့် ခြေများရှိသည်ဟု အဘယ်ကြောင့် ဖော်ပြရသနည်း။ * အချို့က ဘုရားသခင်သည် လူကို မိမိပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းတော်မူသောကြောင့် ကိုယ်တော်သည် လူပုံသဏ္ဌာန်ရှိသည်ဟု ကောက်ချက်ချကြပေမည်။ သမ္မာကျမ်းစာအဆိုကို အသေအချာလေ့လာခြင်းဖြင့် ဤသို့သော စိတ်ရှုပ်ထွေးမှုကို ဖယ်ရှားနိုင်ပါသည်။—ကမ္ဘာဦး ၁:၂၆

အဘယ်ကြောင့် လူ့စရိုက်လက္ခဏာဖြင့် ဖော်ပြ

လူသားများ ဘုရားသခင့်သဘောသဘာဝကို နားလည်ရန် အထောက်အကူပြုဖို့ ကျမ်းရေးသူများသည် ဘုရားသခင့်လှုံ့ဆော်မှုဖြင့် အတိုင်းအဆမဲ့တန်ခိုးရှင်အား လူ့စရိုက်လက္ခဏာများကို အသုံးပြု၍ ရည်ညွှန်းသည်။ ဤနည်းဖြင့် ဖော်ပြရသည့် ရည်ရွယ်ချက်မှာ လူသားများ ဘုရားသခင့်ပုံသဏ္ဌာန်တော်နှင့် ဂုဏ်ရည်တော်များကို သိရှိ၍ နားလည်နိုင်စေရန်ဖြစ်သည်။ သမ္မာကျမ်းစာတွင် ဘုရားသခင်အား “ကျောက်၊” “နေ၊” “အကာအကွယ်” အဖြစ် ရည်ညွှန်းသည်ကို စာသားအတိုင်း အဓိပ္ပာယ်ကောက်ရန်မဟုတ်သကဲ့သို့ လူ့စရိုက်လက္ခဏာဖြင့် ဖော်ပြသောအသုံးအနှုန်းများကိုလည်း စာသားအတိုင်း ကောက်ယူရန်မဟုတ်ပါ။—တရားဟောရာ ၃၂၊ ၄ကဘ; ဆာလံ ၈၄:၁၁

ထိုနည်းတူ လူတွင် အကန့်အသတ်ဖြင့်ရှိသောအရည်အသွေးများသည် ယေဟောဝါ အကြွင်းမဲ့ပိုင်ဆိုင်ထားသည့် အရည်အသွေးများနှင့်တူသည်ဟူသော အယူအဆကိုဖော်ပြရန် လူသည် ဘုရားသခင့်ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခံရသည်ဟု သမ္မာကျမ်းစာက ဆိုခြင်းဖြစ်သည်။ ရှင်းနေသည်မှာ လူတို့သည် နာမ်ဝိညာဉ်များဖြစ်သည် သို့မဟုတ် ဘုရားသခင်တွင် လူပုံသဏ္ဌာန်ရှိသည်ဟု မဆိုလိုပါ။

ဘုရားသခင်သည် ယောက်ျားလော၊ မိန်းမလော

ဘုရားသခင်အား လူပုံပန်းဖြင့်ဖော်ပြခြင်းကို စာသားအတိုင်း နားလည်ရန်မဟုတ်သကဲ့သို့ ယောက်ျားဖြစ်သော ပုလ္လိင်ဖြင့် ဖော်ပြခြင်းကိုလည်း စာသားအတိုင်း အဓိပ္ပာယ်ကောက်ရန်မဟုတ်ပါ။ ကျားမခွဲခြားခြင်းသည် အကောင်အထည်ရှိသော သတ္တဝါများအတွက်သာဖြစ်ပြီး အတိုင်းအဆမဲ့တန်ခိုးရှင် ယေဟောဝါဘုရားသခင်အား အပြည့်အစုံဖော်ပြရန် အကန့်အသတ်ရှိသော လူ့ဘာသာစကား၏ ဘာသာစကားဆိုင်ရာ အသုံးအနှုန်းတစ်ခုဖြစ်သည်။

သမ္မာကျမ်းစာတွင် “ဖခင်” ဟုမှတ်သားဖော်ပြခြင်းက ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ကို မေတ္တာရှိ၍ ကာကွယ်ပေးသော ဂရုစိုတ်တတ်သည့် လူသားဖခင်နှင့် နှိုင်းယှဉ်နိုင်ကြောင်း ကျွန်ုပ်တို့နားလည်စေရန် အထောက်အကူပြုသည်။ (မဿဲ ၆:၉) ယင်းက ဘုရားသခင်ကို သို့မဟုတ် ကောင်းကင်ရှိ အခြားနာမ်ဝိညာဉ်သတ္တဝါများကိုပင် ယောက်ျား သို့မဟုတ် မိန်းမအဖြစ် ရှုမြင်ရမည်ဟု မဆိုလိုပါ။ လိင်သဘောအရ ကျားမခွဲခြားခြင်းသည် ၎င်းတို့သဘောသဘာဝ၏ စရိုက်လက္ခဏာမဟုတ်ပါ။ စိတ်ဝင်စားစရာမှာ ခရစ်တော်နှင့်အတူ ကောင်းကင်တွင် အမွေခံရန် ခေါ်တော်မူခြင်းခံရသူများသည် ဘုရားသခင့်သားများအဖြစ် ဘုန်းဝင်စားသောအခါ သူတို့၏လူသားဘဝမှ လိင်သတ်မှတ်ချက် မရှိတော့ဟု ကျမ်းစာတွင် ဖော်ပြထားသည်။ ဘုရားသခင့် နာမ်ဝိညာဉ်သားများအဖြစ် ဘုန်းဝင်စားသောအခါ သူတို့၏ဘောင်တွင် “အမျိုးသား၊ အမျိုးသမီး ဟူ၍မရှိ” ကြောင်း တမန်တော်ပေါလုက သူတို့အား သတိပေးခဲ့သည်။ သူတို့ကို သိုးသငယ်ယေရှုခရစ်၏ “သတို့သမီး” အဖြစ်လည်း ပုံဆောင်သဘောအရ ဖော်ပြသည်။ ဤဥပမာများအားလုံးက ဘုရားသခင်နှင့် ကိုယ်တော့် တစ်ပါးတည်းသောသားတော်ယေရှုအပါအဝင် အခြား နာမ်ဝိညာဉ်သတ္တဝါများကိုလည်း လူပုံပန်းဖြင့် မည်သို့ပင် ဖော်ပြပါစေ ၎င်းကို စာသားအတိုင်း နားလည်ရန်မဟုတ်ကြောင်း ဖော်ပြသည်။—ဂလာတိ ၃:၂၆၊ ၂၈; ဗျာ. ၂၁:၉; ၁ ယောဟန် ၃:၁၊ ၂

ကျမ်းရေးသူများသည် ယောက်ျား၏အခန်းကဏ္ဍကို မှန်ကန်စွာ နားလည်သောကြောင့် ဘုရားသခင်အား ရည်ညွှန်းသောအခါ ယောက်ျားဖြစ်သော ပုလ္လိင်ကို အသုံးပြုကြသည်။ ယောက်ျားသည် မိမိ၏ အခန်းကဏ္ဍကို တော်မှန်စွာ လုပ်ဆောင်ရာတွင် ယေဟောဝါ၏ ချစ်ခြင်းမေတ္တာ၊ မိမိ၏မြေကြီး သားသမီးများအပေါ် ဖခင်သဖွယ်စိတ်ဝင်စားမှုတို့ကို သင့်တော်စွာ ရောင်ပြန်ဟပ်ကြောင်း ကျမ်းရေးသူများ သိမြင်ကြသည်။—မာလခိ ၃:၁၇; မဿဲ ၅:၄၅; လုကာ ၁၁:၁၁-၁၃

ဘုရားသခင်၏ အထူးခြားဆုံးအရည်အသွေး

နာမ်ဝိညာဉ်ဖြစ်သော်လည်း စကြဝဠာပိုင်သအုပ်စိုးရှင်သည် မည်သည့်အခါမျှ ဘာသိဘာသာနေသူ၊ လျှို့ဝှက်စွာနေတတ်သူ သို့မဟုတ် နှုတ်ဆိတ်နေသူမဟုတ်ချေ။ ကိုယ်တော့်မေတ္တာတော်၊ တန်ခိုးတော်၊ ဉာဏ်ပညာ၊ တရားမျှတမှုနှင့် ဖန်ဆင်းခြင်းတွင်လည်း ထင်ရှားပေါ်လွင်သော ကိုယ်တော်၏ သဘောသဘာဝအကြောင်းကို လေ့လာလိုသူများအတွက် ကိုယ်တော်၏ နာမ်ဝိညာဉ်သဘောသဘာဝသည် အတားအဆီးမဖြစ်ချေ။—ရောမ ၁:၁၉-၂၁

သို့သော် ဘုရားသခင့်သဘောသဘာဝကို မေတ္တာဟူသော ကိုယ်တော့်အထူးခြားဆုံးအရည်အသွေးဖြင့် အကျဉ်းချုပ်နိုင်သည်။ ကိုယ်တော်၏မေတ္တာတော်သည် ထူးခြားလှသောကြောင့် ကိုယ်တော်အား မေတ္တာသဖွယ် ခိုင်းနှိုင်းတင်စားသည်။ (၁ ယောဟန် ၄:၈) ဤအရည်အသွေးသည် ကိုယ်တော့်သဘောသဘာဝ၏ အခြားစရိုက်လက္ခဏာများဖြစ်သော ကြင်နာမှု၊ ခွင့်လွှတ်မှုနှင့် စိတ်ရှည်မှုတို့ကို လွှမ်းခြုံထားသည်။ (ထွက်မြောက်ရာ ၃၄:၆; ဆာလံ ၁၀၃:၈-၁၄; ဟေရှာယ ၅၅:၇; ရောမ ၅:၈) ကျွန်ုပ်တို့လူသားများကို မိမိထံချဉ်းကပ်ရန် ဖိတ်ခေါ်သောအရှင် ယေဟောဝါသည် အမှန်ပင် မေတ္တာရှင်ဘုရားသခင်ဖြစ်၏။—ယောဟန် ၄:၂၃

[အောက်ခြေမှတ်ချက်]

သင်စဉ်းစားဖူးသလော

▪ ဘုရားသခင့်နာမတော်ကား အဘယ်နည်း။—ဆာလံ ၈၃:၁၈၊ ကဘ; ယေရမိ ၃၃:၂

▪ ဘုရားသခင်၏အရည်အသွေး ထင်ရှားပြသမှုများကို မည်သည့်နေရာတွင် တွေ့ နိုင်သနည်း။—ရောမ ၁:၁၉-၂၁

▪ ဘုရားသခင်၏အထူးခြားဆုံးအရည်အသွေးမှာ အဘယ်နည်း။—၁ ယောဟန် ၄:၈