မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဘယ်စိန်ခေါ်ချက်များကို လူငယ်များ ရင်ဆိုင်နေရသနည်း

အဘယ်စိန်ခေါ်ချက်များကို လူငယ်များ ရင်ဆိုင်နေရသနည်း

အဘယ်စိန်ခေါ်ချက်များကို လူငယ်များ ရင်ဆိုင်နေရသနည်း

မျက်မှောက်ခေတ်လူမျိုးဆက်၏ လူငယ်များ ရင်ဆိုင်နေရသော စိန်ခေါ်ချက်များသည် အတိတ်က လူငယ်များ ရင်ဆိုင်ခဲ့ရသော စိန်ခေါ်ချက်များထက် ပိုမိုခက်ခဲပါသလော။ သင်မည်သို့ ထင်သနည်း။ မခက်ခဲပါဟု သင်ဖြေဆိုလျှင် ယနေ့ခေတ် ဆယ်ကျော်သက်များသည် သမိုင်းတွင်ရှိခဲ့သည့် မည်သည့်လူငယ်အုပ်စုထက်မဆို အပျော်ရွှင်ဆုံး လူငယ်များဖြစ်ကြသည်ဟု သင်ထင်မှတ်ပေမည်။

နိုင်ငံများစွာတွင် ယခင်က လူငယ်များ၏ကျန်းမာရေးကို ထိခိုက်စေပြီး အသက်ကို ချွေယူခဲ့သည့် ရောဂါများကို ဆေးဝါးများက ထိန်းချုပ်ပေးသည်။ တိုးတက်လာသော နည်းပညာကြောင့် ယခင့်ယခင် လူမျိုးဆက်များ စဉ်းစားမိမည်မဟုတ်သော အီလက်ထရွန်နစ်ကိရိယာများနှင့် ကစားစရာများကို ထုတ်လုပ်လာခဲ့ကြသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက သန်းနှင့်ချီသော မိသားစုများကို ဆင်းရဲတွင်းမှ လွတ်မြောက်စေခဲ့ပြီ။ အမှန်မှာ မရေမတွက်နိုင်သော မိဘများစွာတို့သည် မိမိတို့၏သားသမီးများ အဆင့်အတန်းရှိရှိ နေနိုင်ရန်နှင့် မိမိတို့မရရှိခဲ့သည့် ပညာရေးအခွင့်အလမ်းများပေးနိုင်ရန် ကြိုးစားအလုပ်လုပ်ကြသည်။

ယနေ့ လူငယ်များတွင် အခွင့်ထူးများစွာ ရှိနေသည်မှာ သေချာပါသည်။ သို့သော် သူတို့သည် စိန်ခေါ်ချက်များကိုလည်း မကြုံစဖူး ရင်ဆိုင်နေရကြသည်။ အကြောင်းရင်းတစ်ခုမှာ ယနေ့လူသားထုသည် “ဤလောကစနစ်နိဂုံး” ဟုသမ္မာကျမ်းစာတွင် ခေါ်ဆိုထားသော အချိန်ကာလတစ်ခုအတွင်း အသက်ရှင်နေရသောကြောင့်ဖြစ်သည်။ (မဿဲ ၂၄:၃) လူမှုရေးမငြိမ်မသက်မှု အကြီးအကျယ်ဖြစ်ပွားခြင်းသည် ဤခေတ်ကာလ၏ အမှတ်လက္ခဏာတစ်ခုဖြစ်လိမ့်မည်ဟု ယေရှုခရစ် တိတိကျကျကြိုပြောခဲ့သည်။ (မဿဲ ၂၄:၇၊ ၈) သမ္မာကျမ်းစာက ဤခေတ်ကာလတစ်ခုတည်းကိုပင် “နောက်ဆုံးသောနေ့ရက်များ” ဟုခေါ်ဆိုထားပြီး နေရာအနှံ့တွင်တွေ့ရှိရသော လူမှုရေးအခြေအနေများသည် “ခက်ခဲကျပ်တည်း” ကြောင်း ဖော်ပြထား၏။ (၂ တိမောသေ ၃:၁) မျက်မှောက်ခေတ် ဆယ်ကျော်သက်များ ရင်ဆိုင်နေရသော ကိုင်တွယ်ရခက်သည့် စိန်ခေါ်ချက်တချို့ကို သုံးသပ်ကြည့်ပါ။

စိန်ခေါ်ချက် ၁

တစ်သီးပုဂ္ဂလနေမှု တိုးများလာခြင်း

လူငယ်များသည် အရွယ်ရောက်လာသည်နှင့်အမျှ ကျောင်းနေဖက် သူငယ်ချင်းတစ်စုနှင့် အမြဲတရုံးရုံးဖြစ်ကာ ရင်းနှီးမှုနှောင်ကြိုးခိုင်မြဲအောင် ထိန်းသိမ်းထားကြောင်း ရုပ်ရှင်၊ တီဗွီပြကွက်နှင့် မဂ္ဂဇင်းများတွင် သရုပ်ဖော်တင်ဆက်ထားကြ၏။ ဆယ်ကျော်သက်အများစု၏အဖြစ်မှန်မှာ လုံးဝကွာခြားပါသည်။

“အချိန်ကြာလာသည်နှင့်အမျှ အချစ်ဆုံးသူငယ်ချင်း သို့မဟုတ် သူငယ်ချင်းအုပ်စုငယ်လေး တစ်သမတ်တည်းရှိကြသည့် ကျောင်းသားအနည်းငယ်သာရှိတော့သည်” ကိုအမေရိကန်နိုင်ငံရှိ လူငယ်ထောင်ပေါင်းများစွာနှင့် ပြုလုပ်ခဲ့သော လူတွေ့မေးမြန်းခန်းများကို ဆန်းစစ်ခဲ့ကြသည့် သုတေသီများဖြစ်သော ဘာဘရာ ရှနီဒါနှင့် ဒေးဗစ် စတီဗင်စဲန်တို့ တွေ့ရှိခဲ့ကြသည်။ လူငယ်များစွာသည် “လူများနှင့် ရင်းနှီးသောဆက်ဆံရေးမရှိသည့်အပြင် ပြဿနာများ သို့မဟုတ် အယူအဆများကို သက်သောင့်သက်သာ ဆွေးနွေးပြောဆိုနိုင်သည့် ရင်းနှီးသောမိတ်ဆွေ မရှိသလောက်ဖြစ်သည်” ဟုရှနီဒါနှင့် စတီဗင်စဲန်တို့က ပြောသည်။

မိတ်ဆွေဖွဲ့ ကြသည့် ဆယ်ကျော်သက်များသည် မိတ်ဆွေများနှင့်ပေါင်းသင်းရန် အချိန်မရှိကြပုံရ၏။ အမေရိကန်နိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ရပ်က ဆယ်ကျော်သက်အများစုသည် သူငယ်ချင်းများနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံပေါင်းသင်းချိန်မှာ မိမိတို့အချိန်၏ ၁၀ ရာခိုင်နှုန်းခန့်ရှိပြီး ၎င်းတို့နိုးနေချိန်၏ ၂၀ ရာခိုင်နှုန်းအထိသည် တစ်ကိုယ်တည်း ဖြစ်သောကြောင့် မိသားစုနှင့်ဖြစ်စေ၊ သူငယ်ချင်းများနှင့်ဖြစ်စေ အသုံးပြုသည့်အချိန်ထက် ပို၍များနေကြောင်း တွေ့ရှိခဲ့သည်။ သူတို့သည် တစ်ကိုယ်တည်း စား၊ တစ်ကိုယ်တည်း ခရီးသွား၊ တစ်ကိုယ်တည်း အပန်းဖြေနေကြ၏။

လူငယ်များအား တစ်သီးပုဂ္ဂလနေရန် တွန်းပို့နေသောအရာများမှာ များပြားလှသည့် အီလက်ထရွန်နစ်ကိရိယာများဖြစ်သည်။ ဥပမာ၊ ၂၀၀၆ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ အသက် ၈ နှစ်နှင့် ၁၈ နှစ်အကြားရှိ လူငယ်များသည် ရုပ်မြင်သံကြားကြည့်ရှုခြင်း၊ နားကြပ်ဖြင့် တေးဂီတနားထောင်ခြင်း၊ ဗီဒီယိုဂိမ်းကစားခြင်း သို့မဟုတ် ကွန်ပျူတာသုံးခြင်းတို့တွင် ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ခြောက်နာရီခွဲ အသုံးပြုခဲ့ကြကြောင်း တိုင်းမ်မဂ္ဂဇင်းတွင် ဖော်ပြထား၏။ *

ဤလူမျိုးဆက်သည် တေးဂီတနားထောင်ခြင်း သို့မဟုတ် ဂိမ်းကစားခြင်းတွင် အချိန်များစွာအကုန်ခံသော ဦးဆုံးလူမျိုးဆက်မဟုတ်သည်ကား အမှန်ပင်။ (မဿဲ ၁၁:၁၆၊ ၁၇) သို့သော် ယခုအခါတွင်မူ မိသားစုနှင့်ပေါင်းသင်းမည့်အစား အီလက်ထရွန်နစ်ကိရိယာများဖြင့် တစ်ကိုယ်တည်း အချိန်များစွာအကုန်ခံနေခြင်းက အန္တရာယ်ရှိနိုင်ပါသည်။ သုတေသီ ရှနီဒါနှင့် စတီဗင်စဲန်တို့က ဤသို့ဆို၏– “လူငယ်တွေမှာ သိမ်ငယ်တဲ့စိတ် ပိုဝင်လာတယ်၊ ပျော်ရွှင်မှုပိုနည်းလာတယ်၊ သူတို့လုပ်ဆောင်နေတဲ့အရာကို နှစ်သက်မှု ပိုနည်းလာကြတယ်၊ သူတို့တစ်ကိုယ်တည်းရှိနေချိန်မှာ လုပ်ချင်ကိုင်ချင်တဲ့စိတ်လည်း နည်းပါးလာတယ်လို့ ပြောပြကြတယ်။”

စိန်ခေါ်ချက် ၂

လိင်ဆက်ဆံရန် ဖိအားပေးခံရ

ဆယ်ကျော်သက်များနှင့် အသက် ၁၃ နှစ်အောက်ကလေးများပင်လျှင် လိင်ဆက်ဆံကြည့်ရန် အကြီးအကျယ်ဖိအားပေးခံနေရသည်။ ဩစတြေးလျတွင်နေထိုင်သည့် လူငယ်တစ်ဦးဖြစ်သူ နေသန်က ဤသို့ဆို၏– “ကျောင်းက ကျွန်တော်သိထားတဲ့ အသက် ၁၂ နှစ်နဲ့ ၁၅ နှစ်အရွယ်တွေပဲရှိသေးတဲ့ ကလေးအများစုဟာ လိင်ဆက်ဆံနေကြပြီ။” မက္ကဆီကိုနိုင်ငံတွင်နေထိုင်သည့် ဗင်ဘေးအမည်ရှိ အမျိုးသမီးငယ်တစ်ဦးက ချစ်ခင်တွယ်တာခြင်းမရှိဘဲ သို့မဟုတ် ကတိကဝတ်မရှိဘဲ ကြုံရာကျပန်းလိင်ဆက်ဆံခြင်းသည် မိမိ၏ကျောင်းရှိ လူငယ်များအကြားတွင် အဆန်းမဟုတ်တော့ကြောင်း ပြောပြသည်။ “လိင်မဆက်ဆံတဲ့သူတွေကို လူထူးလူဆန်းလို့ သတ်မှတ်ကြတယ်” ဟုသူကဆို၏။ “ကြုံရာကျပန်းလိင်ဆက်ဆံခြင်းက ကျွန်မရဲ့သက်တူရွယ်တူတွေကြားမှာ ဘာမှမဆန်းတော့ဘူး။ လိင်ဆက်ဆံဖို့ကမ်းလှမ်းတာကို တစ်ခါငြင်းရုံလောက်နဲ့ မလုံလောက်ဘူး၊ ထပ်ခါတလဲလဲ ငြင်းရမှာဖြစ်တယ်” ဟုဘရာဇီးနိုင်ငံတွင် နေထိုင်သည့် အသက် ၁၅ နှစ်အရွယ် အန်းနာကဆိုသည်။

အင်္ဂလန်နိုင်ငံမှ သုတေသီများသည် နောက်ခံအမျိုးမျိုးရှိကြသော အသက် ၁၂ နှစ်နှင့် ၁၉ နှစ်အကြားရှိ လူငယ်အယောက်တစ်ထောင်ကို လေ့လာဆန်းစစ်ခဲ့ကြသည်။ အဆိုပါလူငယ်များအနက် ၅၀ ရာခိုင်နှုန်းနီးပါးသည် လိင်ဆက်ဆံမှုပုံစံတစ်မျိုးမျိုးတွင် မှန်မှန်ပါဝင်ခဲ့ကြောင်း သုတေသီများ တွေ့ရှိခဲ့ကြသည်။ ကာမစိတ်ထကြွနေသော အဆိုပါလူငယ်များအနက် ၂၀ ရာခိုင်နှုန်းကျော်မှာ အသက် ၁၂ နှစ်အရွယ်သာရှိသေးသည်။ အဆိုပါသုတေသနပြုမှုကို ကြီးကြပ်ခဲ့သည့် ဒေါက်တာ ဒိုင်လန်း ဂရစ်ဖစ်က ဤသို့ဆို၏– “မိသားစု၊ ချာ့ခ်ျနဲ့ တခြားအသင်းအဖွဲ့တွေ ထုံးတမ်းအရ အသုံးပြုခဲ့ကြတဲ့ ကန့်သတ်ချက်တွေ ပျောက်ပျက်သွားတဲ့အတွက် လူငယ်တွေ ထိခိုက်ပျက်စီးလာကြတယ်။”

အစမ်းသဘော လိင်ဆက်ဆံခဲ့ကြသည့် လူငယ်များသည် အမှန်တကယ်ပင် “ထိခိုက်ပျက်စီး” နေပါသလော။ ၂၀၀၃ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် မှတ်တမ်းတစ်ခု၌ သုတေသီများဖြစ်သော ရက်တာ၊ နွိုင်ဇ်နှင့် ဂျွန်ဆန်တို့သည် ဆယ်ကျော်သက်များ လိင်မှုကိစ္စတွင်ပါဝင်နေခြင်း၊ စိတ်ကျဝေဒနာခံစားနေခြင်းနှင့် တိုးများလာနေသော ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်သည့်အန္တရာယ်စပ်ကြား တိုက်ရိုက်ဆက်နွှယ်မှုကို ဖော်ပြခဲ့ကြသည်။ သူတို့သည် ဆယ်ကျော်သက် ၆,၅၀၀ ကို လူတွေ့မေးမြန်း၍ လေ့လာဆန်းစစ်ခဲ့ကြရာ “ကာမစိတ်ထကြွနေသော မိန်းကလေးများသည် ကာမစိတ်ထကြွခြင်းမရှိသည့် မိန်းကလေးများထက် စိတ်ကျဝေဒနာခံစားရန်အကြောင်း သုံးဆပိုများ” ကြောင်းတွေ့ရှိခဲ့ကြသည်။ ယောက်ျားလေးများအကြားတွင် “ကာမစိတ်ထကြွသည့် ယောက်ျားလေးများသည် ကာမစိတ်ထကြွခြင်းမရှိသည့် ယောက်ျားလေးများထက် စိတ်ကျဝေဒနာခံစားရန်အကြောင်း နှစ်ဆပိုများသည်။”

စိန်ခေါ်ချက် ၃

ပြိုကွဲနေသောမိသားစုများ

အမေရိကန်လူငယ်များသည် မိသားစုအဖွဲ့အစည်းအတွင်း လျင်မြန်သော အပြောင်းအလဲများ၊ မတည်မြဲသောစံနှုန်းများနှင့် ရင်ဆိုင်နေရ၏။ “လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်က ဆယ်ကျော်သက်များ၏ဘဝအပေါ် တိုက်ရိုက်အကျိုးသက်ရောက်ခဲ့သည့် ဖွားသေစာရင်း ပြောင်းလဲမှုကြီး အတော်များများရှိခဲ့သည်။ သာမန်အမေရိကန်မိသားစု၏ အရွယ်အစားမှာ သေးငယ်လာနေသည်။ သို့နှင့် မြီးကောင်ပေါက်များတွင် မောင်နှမသားချင်း ပို၍နည်းလာစရာအကြောင်းရှိသည်။ ကွာရှင်းနှုန်း ဆက်လက်မြင့်မားလာသည်နှင့်အမျှ ကြင်ဖော်မဲ့မိဘနှင့်အတူ မိမိတို့၏ကလေးဘဝကို ကုန်ဆုံးနေရသည့်သားသမီးများ ပိုမိုများပြားလာသည်။ အသက်ဆယ့်ရှစ်နှစ်အရွယ်အောက် သားသမီးများရှိ၍ အလုပ်လုပ်နေရသည့် မိခင်များ ပိုမိုများပြားလာရာ အိမ်တွင် လူကြီးရှိဖို့အကြောင်းနည်းပေမည်” ဟုစာအုပ်တစ်အုပ်ကဆို၏။—The Ambitious Generation—America’s Teenagers, Motivated but Directionless.

သားသမီးများသည် မိဘတစ်ဦးနှင့်နေထိုင်သည်ဖြစ်စေ၊ မိဘနှစ်ဦးနှင့်နေထိုင်သည်ဖြစ်စေ မိမိတို့အလိုအပ်ဆုံးအချိန်များတွင် မိဘများနှင့်ရင်းရင်းနှီးနှီးမရှိကြဟု ခံစားကြရသည်။ နှစ်ကာလများတစ်လျှောက် ဆယ်ကျော်သက် ၇,၀၀၀ ကိုမျက်ခြည်မပြတ်လေ့လာခဲ့ရာ မိမိတို့၏မိဘများသည် မေတ္တာပြည့်ဝပြီး တာဝန်ယူတတ်သူများဖြစ်သည်ဟု မြီးကောင်ပေါက်အများစုက သတ်မှတ်ခဲ့ကြကြောင်း တွေ့ရှိခဲ့ရသည်။ သို့ဖြစ်သည့်တိုင် “သုံးပုံတစ်ပုံကသာ မိမိတို့သည် အထူးဂရုစိုက်ခံရပြီး ပြဿနာကြုံရသည့်အခါ အကူအညီရရှိကြောင်း ပြောဆိုခဲ့ကြသည်။ မြီးကောင်ပေါက်အများစုအတွက်မူ မိဘများ ကြားဝင်ဖြေရှင်းကာ ကူညီပေးမည့်ပုံ မပေါ်သည့်အခါတိုင်း ပြဿနာရှိသော အခြေအနေများကို တွေ့ရသည်” ဟူ၍လည်း ဖော်ပြသည်။

ဂျပန်နိုင်ငံတွင် ရုပ်ပစ္စည်းပိုင်ဆိုင်လိုသည့်ဆန္ဒကြောင့် တစ်ချိန်တစ်ခါက ခိုင်မြဲခဲ့သော မိသားစုနှောင်ကြိုးသည် တဖြည်းဖြည်း ပြတ်တောက်လျက်ရှိသည်။ လူမှုဗေဒပညာပါမောက္ခတစ်ဦးဖြစ်သူ ယူကို ကာဝါနီရှီက ဤသို့ဆိုသည်– “ကနေ့ခေတ်လူငယ်တွေရဲ့ မိဘအများစုဟာ စစ်ကြီးပြီးတဲ့နောက် ကလေးမွေးဖွားနှုန်း ရုတ်တရက်တိုးများလာတဲ့ လူမျိုးဆက်ကာလအတွင်းမှာ အသက်ရှင်ခဲ့ကြပြီး စီးပွားရေးအောင်မြင်မှုနဲ့ ရုပ်ပစ္စည်းပိုင်ဆိုင်မှုကို အလေးထားတဲ့ စံနှုန်းအသစ်တွေနဲ့ထိတွေ့ ပြီး ကြီးပြင်းလာခဲ့ကြတယ်။” အဆိုပါမိဘများသည် မိမိတို့၏သားသမီးများထံ အဘယ်စံနှုန်းများကို လက်ဆင့်ကမ်းပေးကြသနည်း။ “ကနေ့ခေတ် မိဘတွေဟာ ကိုယ့်သားသမီးတွေ ပညာရေးဘက်မှာ အောင်မြင်ဖို့ အဓိကဂရုစိုက်ပေးကြတယ်။ သူတို့ရဲ့ကလေးတွေ လေ့လာမှုလုပ်နေသရွေ့ အိမ်မှာ တခြားအရာတွေက ဒုတိယနေရာ ဒါမှမဟုတ် အရေးတောင်မကြီးတော့ဘူး” ဟုကာဝါနီရှီကဆိုသည်။

ရုပ်ပစ္စည်းပိုင်ဆိုင်မှုနှင့် ပညာရေးတွင် အောင်မြင်မှုတို့ကို ယင်းသို့တစ်ဖက်စောင်းနင်း အလေးပေးခြင်းက လူငယ်များအပေါ် မည်သို့အကျိုးသက်ရောက်နိုင်သနည်း။ ဂျပန်နိုင်ငံတွင် ဖိအားပေးခံရသော လူငယ်များ ရုတ်တရက် စိတ်မထိန်းနိုင်ပုံကိုဖော်ပြသည့် အသုံးအနှုန်းတစ်ခုဖြစ်သော ကီရေယူ အကြောင်းကို မီဒီယာများ၌ ပြောဆိုလေ့ရှိ၏။ “သားသမီးတွေ ရူးရူးမိုက်မိုက် ပြုမူတဲ့အခါ အကြောင်းရင်းကတော့ သူတို့ရဲ့အပြုအမူနဲ့ပတ်သက်ပြီး မိသားစုက ထိန်းချုပ်ပေးရမယ်ဆိုတာ သူတို့မသိနားမလည်လို့ ဖြစ်နိုင်ပါတယ်” ဟုကာဝါနီရှီက ဆိုသည်။

အကောင်းမြင်ရသည့်အကြောင်းရင်း

ကျွန်ုပ်တို့သည် “ခက်ခဲကျပ်တည်းသောကာလ” တွင်အသက်ရှင်နေကြသည်မှာ သေချာပါသည်။ (၂ တိမောသေ ၃:၁) သို့သော် သမ္မာကျမ်းစာက ဤကာလတွင်အသက်ရှင်နေကြသူတို့သည် ပြဿနာ တိုး၍ရင်ဆိုင်ရမည်ဟူ၍ ကြိုပြောရုံထက်မက များစွာကြိုပြောထားပါသည်။

သမ္မာကျမ်းစာတွင် လူငယ်များ မိမိတို့၏ဘဝကို မည်သို့တိုးတက်စေနိုင်ကြောင်း ထောက်ကူပေးသည့် အကြံဉာဏ်များပါရှိသည်။ သမ္မာကျမ်းစာ၏အာဘော်ရှင် ယေဟောဝါဘုရားသခင်သည် စိန်ခေါ်ချက်များ ကိုင်တွယ်ဖြေရှင်းပုံကို လူငယ်များအား သွန်သင်ပေးလိုသည့်ဆန္ဒ အလွန်ပြင်းပြတော်မူ၏။ (သု. ၂:၁-၆) ကိုယ်တော်သည် သူတို့အား ကောင်းသောဘဝအသက်တာကို ပိုင်ဆိုင်စေလိုတော်မူ၏။ ကိုယ်တော့်နှုတ်မြွက်စကားတော်သည် ‘မိုက်သောသူအား လိမ္မာစေ၍ လူပျိုကို ပညာသတိနှင့်ပြည့်စုံ’ စေနိုင်ပါသည်။ (သု. ၁:၃) ကျမ်းစာမူများက မည်သို့ကူညီပေးနိုင်ပုံကို သုံးသပ်ကြည့်ပါ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 ဂျပန်နိုင်ငံတွင် အခန်းအောင်းသည့် တစ်သီးပုဂ္ဂလလူငယ်များ ပိုမိုများပြားလာသည့်အတွက် သူတို့ကို ဟီကီကိုမိုရီဟု အမည်ပေးထားသည်။ ယင်းနိုင်ငံတွင် ဟီကီကိုမိုရီ ၅၀၀,၀၀၀ နှင့် ၁,၀၀၀,၀၀၀ ကြားရှိကြောင်း တချို့က ခန့်မှန်းကြသည်။

[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]

လေ့လာမှုတစ်ရပ်အရ အစမ်းသဘောအနေနှင့် လိင်ဆက်ဆံကြသည့် မိန်းကလေးများသည် ထိုသို့မပြုလုပ်သည့် မိန်းကလေးများထက် စိတ်ကျ ဝေဒနာခံစားရဖို့အကြောင်း သုံးဆပိုများသည်

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးသော အမူအကျင့်

ဗြိတိန်နိုင်ငံ၌ ကိုကင်းသုံးစွဲသည့် အသက် ၁၁ နှစ်မှ ၁၅ နှစ်အရွယ်ရှိ ကလေးများအရေအတွက်သည် တစ်နှစ်အတွင်း နှစ်ဆတိုးလာခဲ့ကြောင်း ၂၀၀၆ ခုနှစ်တွင် ထုတ်ပြန်သည့် အစိုးရအစီရင်ခံစာတစ်စောင်က ဖော်ပြခဲ့သည်။ လူငယ် ၆၅,၀၀၀ ခန့်က ၎င်းတို့သည် မူးယစ်ဆေးဝါး စမ်းသုံးခဲ့ကြကြောင်း ပြောဆိုခဲ့သည်။ ဟော်လန်နိုင်ငံတွင် အသက် ၁၆ နှစ်နှင့် ၂၄ နှစ်အထိရှိသော လူငယ် ၂၀ ရာခိုင်နှုန်းကျော်သည် အတိုင်းအတာတစ်ခုအထိ အရက်စွဲနေသည် သို့မဟုတ် အရက်ကြောင့် နာမကျန်းဖြစ်နေသည်ဟုဆို၏။

လူငယ်များစွာသည် စိတ်သောကများကို မိမိတို့၏ကိုယ်ခန္ဓာအား ပို၍တိုက်ရိုက်ထိခိုက်စေသောနည်းဖြင့် ဖော်ပြကြသည်။ သူတို့သည် မိမိတို့၏ကိုယ်ခန္ဓာကို လှီးကြသည်၊ ကိုက်ကြသည် သို့မဟုတ် မီးမြှိုက်ကြသည်။ “အမေရိကန်နိုင်ငံသား သုံးသန်းသည် ကိုယ့်ကိုယ်ကို ထိခိုက်ဒဏ်ရာရစေကြပြီး ဆယ်ကျော်သက် ၂၀၀ လျှင် တစ်ဦးသည် မိမိတို့ကိုယ်ကို စွဲစွဲမြဲမြဲ ထိခိုက်နာကျင်စေနေကြသည်” ဟုသုတေသီများဖြစ်သော လန်း ဩစတင်နှင့် ဂျူလီ ကော်တမ်တို့ကဆို၏။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

လူငယ်များစွာတွင် ရင်ဖွင့်နိုင်သည့် ရင်းနှီးသောမိတ်ဆွေများမရှိကြ