လျှို့ဝှက်ချက် ၄– လေးစားမှု
လျှို့ဝှက်ချက် ၄– လေးစားမှု
‘ခပ်သိမ်းသော အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်းတို့ကို ဖယ်ရှားကြလော့။’—ဧဖက် ၄:၃၁။
ဆိုလိုသည့်အရာ။ ပြဿနာရှိသောမိသားစုများတွင်သာမက အောင်မြင်သောမိသားစုများတွင်လည်း သဘောထားကွဲလွဲမှုများရှိသည်။ သို့သော် အောင်မြင်သောမိသားစုများသည် ခနဲ့သော၊ စော်ကားသော၊ ရိုင်းပျသောစကားများ မသုံးဘဲ ယင်းတို့ကို ဖြေရှင်းကြသည်။ မိသားစုဝင်များသည် မိမိကိုဆက်ဆံစေလိုသည့်အတိုင်း တစ်ဦးနှင့်တစ်ဦး ဆက်ဆံကြသည်။—မဿဲ ၇:၁၂။
အရေးကြီးရသည့်အကြောင်းရင်း။ စကားလုံးများသည် အဖျက်စွမ်းအားပြင်းသောလက်နက်များကဲ့သို့ ဖြစ်လာနိုင်သည်။ “စိတ်တို၍ ရန်တွေ့တတ်သောမိန်းမနှင့်နေသည်ထက် တောလွင်ပြင်၌နေသော် သာ၍ကောင်း၏” ဟုကျမ်းစာပါ ပညာရှိစကားတစ်ခုကဆိုသည်။ (သု. ၂၁:၁၉) ထိုသို့ရန်တွေ့တတ်သောယောက်ျားမျိုးလည်း အလားတူပင်။ မိဘများနှင့်ပတ်သက်၍ ကျမ်းစာက ဤသို့ဆိုသည်– “ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာမပြုကြနှင့်။ ထိုသို့ပြုလျှင်၊ သူတို့သည် အားလျော့စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။” (ကောလောသဲ ၃:၂၁) အစဉ်ပြစ်တင်ဝေဖန်ခံနေရသောကလေးများသည် မိဘများ စိတ်ကျေနပ်စေရန် မိမိတို့လုပ်နိုင်တော့မည်မဟုတ်ဟု ခံစားလာရနိုင်သည်။ ကြိုးစားချင်စိတ်ပင် ရှိတော့မည်မဟုတ်ပေ။
ဤအရာကိုကြိုးစားကြည့်ပါ။ အောက်ပါမေးခွန်းများကို ဖြေဆိုခြင်းဖြင့် သင့်အိမ်ထောင်တွင် တစ်ဦးကိုတစ်ဦးလေးစားမှုသည် အဘယ်အဆင့်တွင်ရှိကြောင်း ဆန်းစစ်ပါ။
▪ အိမ်ထောင်မှာ သဘောထားကွဲလွဲမှုတွေဖြစ်တိုင်း တစ်ယောက်က အပြင်ကို ဝုန်းဒိုင်းကြဲပြီးထွက်သွားတာမျိုးနဲ့ အမြဲအဆုံးသတ်သွားလေ့ရှိသလား။
▪ ငါ့အိမ်ထောင်ဖက်နဲ့ ဒါမှမဟုတ် ကလေးတွေနဲ့ စကားပြောတဲ့အခါ “ငတုံး၊” “ငအ” ဒါမှမဟုတ် အဲဒီလိုမျိုး စော်ကားတဲ့စကားလုံးတွေကို သုံးလေ့ရှိသလား။
▪ ရိုင်းပျတဲ့စကားတွေ ပြောလေ့ရှိတဲ့ဝန်းကျင်မျိုးမှာ ငါကြီးပြင်းလာသလား။
သန္နိဋ္ဌာန်ချထားပါ။ သင့်အပြောအဆိုတွင် လေးစားမှုတင်ပြရန် သင်ချမှတ်နိုင်သည့်ပန်းတိုင်တစ်ခုနှစ်ခုကို စဉ်းစားကြည့်ပါ။ (အကြံပြုချက်– “မင်း/ရှင်” အစား “ကို/ကျွန်မ” ဟူသောစကားလုံးကို အသုံးပြုရန် သန္နိဋ္ဌာန်ချထားပါ။ ဥပမာ၊ “ရှင်ကအမြဲ ဒီလိုပဲ” ဟုပြောမည့်အစား “ရှင် အဲဒီလိုလုပ်တာ ကျွန်မစိတ်ထိခိုက်တယ်” ဟုပြောပါ။)
သင့်ပန်းတိုင်များအကြောင်း သင့်အိမ်ထောင်ဖက်ကို ပြောပြပါ။ သုံးလကြာပြီးနောက် သင်မည်မျှတိုးတက်လာကြောင်း သင့်အိမ်ထောင်ဖက်ကို မေးကြည့်ပါ။
သင့်သားသမီးများနှင့် ပြောဆိုဆက်သွယ်ရာတွင် ရိုင်းပျသောစကားများ မပြောဆိုမိစေရန် ချမှတ်နိုင်သည့်ဘောင်အချို့ကို စဉ်းစားကြည့်ပါ။
သင့်သားသမီးများကို ကြမ်းတမ်းနာကြည်းသောစကားများ ပြောဆိုမိလျှင် တောင်းပန်ပါ။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
သမုဒ္ဒရာလှိုင်းလုံးများသည် ကျောက်ဆောင်ကို တိုက်စားနိုင်သကဲ့သို့ ထိခိုက်စေသောစကားများသည် အိမ်ထောင်ကို ချည့်နဲ့စေနိုင်