သဘာဝ လက်ဦးမှုရထား
သဘာဝ လက်ဦးမှုရထား
‘မိုးကောင်းကင်ငှက်တို့ကို မေးမြန်းလော့။ သူတို့သည် ဟောပြောသွန်သင်ကြလိမ့်မည်။ ဤအမှုတို့ကို ယေဟောဝါ စီရင်တော်မူ၏။’—ယောဘ ၁၂:၇-၉။
ငှက်များနှင့်ပတ်သက်ရာမှန်သမျှသည် ပျံသန်းရန် ပုံစံပြုထားပုံရသည်။ ဥပမာ၊ ပျံသန်းနေစဉ် ၎င်း၏ကိုယ်အလေးချိန်တစ်ခုလုံးကို အမွေးအတောင်ရှိအရိုးချောင်းများက ထောက်မပေးရသည်။ တောင်ပံများသည် အလွန်ပေါ့ပါးသည့်တိုင် မည်သို့အလွန်ခိုင်မာနိုင်သနည်း။ တောင်ပံရှိအရိုးတစ်ချောင်းကို ဖြတ်ယူကြည့်ပါက အကြောင်းရင်းကို သင်တွေ့ရှိပေမည်။ ယင်းအရိုးချောင်းသည် အင်ဂျင်နီယာများခေါ်ဆိုသည့် ရေမြှုပ်ကဲ့သို့အရာကိုညှပ်ထားသောရက်မ (foam-sandwich beam) နှင့်ဆင်တူသည်။ ယင်း၏အတွင်းပိုင်းသည် ဖော့သားကဲ့သို့ဖြစ်ပြီး အပြင်ပိုင်းမူ ကြမ်းတမ်းသည်။ အင်ဂျင်နီယာများသည် ငှက်မွေးရိုးများကို လေ့လာခဲ့ကြပြီး ရေမြှုပ်ကဲ့သို့အရာကိုညှပ်ထားသောရက်မများကို လေယာဉ်ပျံတွင် အသုံးပြုကြသည်။
ငှက်ရိုးများသည်လည်း အံ့ဖွယ်ကောင်းလောက်အောင် ပုံစံပြုထားခံရသည်။ အများစုတွင် အခေါင်းပေါက်ရှိပြီး အင်ဂျင်နီယာများခေါ်ဆိုသော ဝေါရဲန်ဘောင်ခွေ (Warren girder) အသွင်ဖြင့် အတွင်းဒေါက်ကန်ထားခြင်းကြောင့် အချို့မှာ ခိုင်ခံ့နေခြင်းဖြစ်ပေမည်။ စိတ်ဝင်စားစရာမှာ အလားတူဒီဇိုင်းကို အာကာသလွန်းပြန်ယာဉ်၏တောင်ပံများတွင် အသုံးပြုခဲ့သည်။
လေယာဉ်မှူးများသည် မျက်မှောက်ခေတ်လေယာဉ်များကို တောင်ပံများနှင့် အမြီးပိုင်းရှိ ချပ်ပြားအနည်းငယ်ကို အလိုက်သင့်ချိန်ညှိခြင်းဖြင့် ဟန်ချက်ညီစေကြသည်။ သို့သော် ငှက်တစ်ကောင်သည် ၎င်း၏တောင်ပံများနှင့် ငှက်မွေးတစ်ခုစီ၏စီစဉ်ဖွဲ့စည်းပုံနှင့် လှုပ်ရှားမှုကို ပြောင်းလဲရန် ယင်းတောင်ပံနှင့် ပခုံးရှိကြွက်သား ၄၈ ခုခန့်ကိုအသုံးပြုသည်၊ တစ်စက္ကန့်တွင် ယင်းသို့အကြိမ်ပေါင်းများစွာ ပြုလုပ်သည်။ ငှက်များ၏ကျွမ်းထိုးအလှပြပျံသန်းနိုင်စွမ်းကို လေယာဉ်ပျံ ဒီဇိုင်နာများ မနာလိုဖြစ်မိသည်မှာ အံ့ဩစရာမဟုတ်ပါလေ။
လေယာဉ်ပျံသည် အထူးသဖြင့် မြေပြင်မှပျံတက်ချိန်တွင် စွမ်းအင်များစွာကုန်သည်။ ထို့ကြောင့် ငှက်များသည် အားကောင်းသည့် လျင်မြန်စွာလောင်ကျွမ်းနိုင်သော “အင်ဂျင်စက်” တစ်လုံးလိုသည်။ ငှက်တစ်ကောင်၏နှလုံးခုန်နှုန်းသည် ၎င်းနှင့်အရွယ်အစားတူနို့တိုက်သတ္တဝါထက် ပိုမြန်ပြီး များသောအားဖြင့် ပို၍ကြီးကာ ပို၍အားကောင်းသည်။ ထို့ပြင် ငှက်တစ်ကောင်၏အဆုတ်များသည် နို့တိုက်သတ္တဝါ၏အဆုတ်ထက်ပို၍ စွမ်းဆောင်နိုင်သော တစ်လမ်းသွားဒီဇိုင်းဖြစ်ခြင်းကြောင့် ကွာခြား၏။
ငှက်တစ်ကောင်၏ “အင်ဂျင်စက်” သည် မည်မျှစွမ်းဆောင်နိုင်သနည်း။ လေယာဉ်တစ်စင်း၏စွမ်းဆောင်နိုင်မှုအတိုင်းအတာသည် လုံလောက်သောလောင်စာကို သယ်ဆောင်ပြီးပျံတက်နိုင်မနိုင်အပေါ် မူတည်သည်။ ဘိုးရင်းလေယာဉ် ၇၄၇ တစ်စင်းသည် ဆယ်နာရီကြာခရီးကိုပျံသန်းသောအခါ အကြမ်းအားဖြင့် ၎င်းကိုယ်ထည်အလေးချိန်၏သုံးပုံတစ်ပုံမှာ လောင်စာဖြစ်သည်။ အလားတူပင် တစ်နေရာမှတစ်နေရာသို့ပြောင်းရွှေ့နေထိုင်သော မြေလူးငှက်တစ်ကောင်သည် ဆယ်နာရီကြာပျံသန်းရာတွင် ၎င်းကိုယ်အလေးချိန်တစ်ဝက်နီးပါး ကုန်ခန်းသွားပေမည်။ သို့သော် ရေစပ်နေငှက်တစ်မျိုး (Bar-tailed godwit) သည် အလာစကာမှနယူးဇီလန်သို့ဦးတည်ပျံသန်းသောအခါ ၎င်းကိုယ်အလေးချိန်တစ်ဝက်ကျော်မှာ အဆီဖြစ်သည်။ အံ့ဩစရာမှာ ယင်းငှက်သည် နာရီပေါင်း ၁၉၀ ခန့် (ရှစ်ရက်) မရပ်မနား ပျံသန်းသည်။ မည်သည့်စီးပွားဖြစ်လေယာဉ်မှ ယင်းသို့မလုပ်ဆောင်နိုင်ပါ။