သဘာဝ လက်ဦးမှုရထား
သဘာဝ လက်ဦးမှုရထား
“မိုးကောင်းကင်၌ကျင်လည်သော တောငန်း [ငှက်ကျား၊ ကဘ] သော်လည်း မိမိအချိန်ကိုသိတတ်၏။”—ယေရမိ ၈:၇။
ယေရမိသည် လွန်ခဲ့သောနှစ်ပေါင်း ၂,၅၀၀ ကျော်တွင် ရာသီအလိုက်နေရပ်ပြောင်းတတ်သောငှက်ကျားအကြောင်း ရေးခဲ့သည်။ သမုဒ္ဒရာတွင် မိုင်ထောင်နှင့်ချီ၍ကူးခပ်နိုင်ပြီး မိမိတို့မွေးရပ်ဌာနေမြစ်ချောင်းသို့ပြန်လာသည့် ဆာမွန်ငါးကဲ့သို့သော ပြောင်းရွှေ့နေထိုင်သည့်သတ္တဝါများနှင့် သားရေကျောခွံပင်လယ်လိပ် (leatherback sea turtle) များ၏ မယုံနိုင်လောက်အောင် ခရီးသွားလာနိုင်မှုကိုလည်း ယနေ့ လူတို့အံ့သြနေဆဲပင်။ အင်ဒိုနီးရှားတွင်အသိုက်ဖွဲ့သော ယင်းလိပ်တစ်ကောင်ကို အမေရိကန်ပြည်ထောင်စုရှိ အော်ရီဂွန်ပင်လယ်ကမ်းခြေအထိ မိုင်ပေါင်း ၁၃,၀၀၀ ပြောင်းရွှေ့နေစဉ် ခြေရာခံခဲ့သည်။ ယင်းလိပ်တို့သည် အသိုက်ပြန်ဖွဲ့ရန် အင်ဒိုနီးရှားနိုင်ငံ၏မူလဒေသကိုပင် ပြန်လာလေ့ရှိသည်။
လူများက တစ်ရပ်တစ်ကျေးသို့ခေါ်ဆောင်သွားသော်လည်း မိမိတို့၏မူလနေရပ်သို့ပြန်လာနိုင်သော အချို့တိရစ္ဆာန်တို့၏စွမ်းရည်သည် ပြောင်းရွှေ့နေထိုင်တတ်သည့်တိရစ္ဆာန်တို့၏ လမ်းကြောင်းရှာတွေ့နိုင်စွမ်းထက် ပို၍ပင်မှတ်သားဖွယ်ဖြစ်သည်။ ဥပမာ၊ ပင်လယ်စင်ရော်ကြီး ၁၈ ကောင်ကို ပစိဖိတ်သမုဒ္ဒရာ၏အလယ်ရှိ ကျွန်းလေးတစ်ကျွန်းမှ မိုင်ထောင်နှင့်ချီဝေးသောနေရာဒေသအသီးသီးသို့ လေယာဉ်ဖြင့်သယ်သွားခဲ့ပြီး အချို့ကို ပစိဖိတ်သမုဒ္ဒရာ၏အနောက်ဘက်စွန်းအနီးတွင်နှင့် ကျန်အချို့ကို အရှေ့ဘက်စွန်းအနီးတွင် လွှတ်ခဲ့သည်။ အပတ်အနည်းငယ်အတွင်း ယင်းငှက်အများစုသည် နေရင်းဌာနေသို့ ပြန်လာခဲ့ကြသည်။
ခိုများကို မေ့ဆေးပေးထားစဉ် သို့မဟုတ် လည်နေသောစည်ပိုင်းများထဲထည့်ကာ မိုင် ၁၀၀ ကျော်ဝေးသည့်အကျွမ်းတဝင်မရှိသောနေရာများသို့ ခေါ်ဆောင်ခဲ့သည်၊ သို့တိုင် အကြိမ်အနည်းငယ်လှည့်လိုက်ပြီးနောက် ယင်းခိုများသည် မိမိတို့ရှိနေသည့်နေရာကိုတွက်ချက်ကာ မိမိတို့ဌာနေသို့ မှန်ကန်စွာပြန်လာခဲ့ကြသည်။ ခိုများကို ရှင်းလင်းစွာမမြင်နိုင်စေသည့်မျက်ကပ်မှန်များ တပ်ပေးထားလျှင်ပင် အိမ်ပြန်လမ်းကိုသိရှိနိုင်သောကြောင့် အရေးပါသည့် လမ်းကြောင်းပြခြင်းအချက်အလက် လာရာလမ်းကြောင်းကိုခွဲခြားသိရှိခြင်းဖြင့် သူတို့ဌာနေအရပ်မှ မိမိတို့၏တည်နေရာကို တွက်ချက်သည်ဟု သုတေသီများယုံကြည်ကြသည်။
မြောက်အမေရိကတိုက်၏ကျယ်ပြောလှသောဒေသများမှ ဘုရင်လိပ်ပြာများ (Monarch butterflies) သည် မိုင်ပေါင်း တစ်ထောင်ကျော်ဝေးသော မက္ကဆီကိုနိုင်ငံရှိ သေးငယ်သောဒေသတစ်ခုသို့ပြောင်းရွှေ့နေထိုင်ကြသည်။ ၎င်းတို့သည် မက္ကဆီကိုနိုင်ငံကို တစ်ခါမျှမရောက်ခဲ့ဖူးသော်လည်း ယခင်နှစ်က ၎င်းတို့၏ဘိုးဘေးတို့ ခိုနားခဲ့သည့်ထပ်တူသစ်ပင်များဆီသို့ သွားလေ့ရှိကြသည်။ ၎င်းတို့ မည်သို့လုပ်ဆောင်သည်ကို သုတေသီများ ဦးနှောက်ရှုပ်နေကြဆဲဖြစ်သည်။
ကျွန်ုပ်တို့၏အလိုအလျောက်လမ်းကြောင်းပြကိရိယာများသည် ဂြိုလ်တုများအပေါ် လုံးလုံးမှီခိုနိုင်သော်လည်း တိရစ္ဆာန်များစွာမှာ မြေပြင်လက္ခဏာများနှင့် နေကိုကြည့်ခြင်းဖြင့်လည်းကောင်း၊ သံလိုက်စက်ကွင်းများ၊ ကွဲပြားခြားနားသောအနံ့များနှင့် အသံများကိုပင် ခံစားသိမြင်ခြင်းဖြင့်လည်းကောင်း အမျိုးမျိုးသောလမ်းကြောင်းပြနည်းများကို အသုံးပြုနိုင်ပုံရသည်။ ဇီဝဗေဒပါမောက္ခ ဂျိမ်းစ် အယ် ဂိုလ်ဒ် ဤသို့ရေးသည်– “တိကျသောလမ်းကြောင်းပြခြင်းအပေါ် မှီခိုနေရသောတိရစ္ဆာန်များကို တူညီသောနည်းဖြင့် အလွန်အံ့သြလောက်အောင် ပုံစံပြုထားသည်။ . . . ယင်းသို့သောတိရစ္ဆာန်တို့တွင် လမ်းကြောင်းပြနည်းစနစ် တစ်မျိုးထက်မကရှိကြသည်။ မည်သည့်အချက်အလက်သည် အတိကျဆုံးဖြစ်သည်အပေါ်မူတည်၍ ပြောင်းလဲအသုံးပြုကြသည်။” တိရစ္ဆာန်တို့၏လမ်းကြောင်းပြခြင်းဆိုင်ရာ ဆန်းပြားရှုပ်ထွေးမှုက စူးစမ်းလေ့လာသူများကို ဆက်လက်အံ့သြစေသည်။