မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်အချိန်ကို ထိန်းချုပ်နိုင်ပုံ

သင့်အချိန်ကို ထိန်းချုပ်နိုင်ပုံ

သင့်အချိန်ကို ထိန်းချုပ်နိုင်ပုံ

“ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။” —ဒေ. ၃:၁

အရေးကြီးကိစ္စများအတွက်အချိန်ရအောင်လုပ်ရန် ယင်းကိစ္စများသည် အဘယ်အရာများဖြစ်ကြောင်း သင်သိဖို့လိုသည်။ သင်တန်ဖိုးထားရာများ၊ ပန်းတိုင်များနှင့် ယင်းတို့ကိုထောက်မပေးသည့် သတ်သတ်မှတ်မှတ်လုပ်ဆောင်မှုများကို ရှင်းရှင်းလင်းလင်းနားလည်ပါက အရေးကြီးရာများကိုသိဖို့ ပို၍လွယ်ကူပါလိမ့်မည်။

သို့ဆိုလျှင် ဦးစွာ သင့်တန်ဖိုးထားရာများကို ရှင်းရှင်းလင်းလင်းသိပါ။ မိသားစု၊ မိတ်ဖွဲ့ခြင်း၊ ကြိုးစားအလုပ်လုပ်ခြင်း၊ ပညာရေး၊ ပြီးမြောက်အောင်မြင်ခြင်း၊ ရုပ်အသွင်လှခြင်း၊ ငွေကြေး၊ ပျော်ရွှင်ခြင်း၊ အိမ်ထောင်ရေး၊ သနားကြင်နာခြင်း၊ ကိုယ်ကာယကျန်းမာရေး၊ ဘုရားသခင်နှင့်ဆက်ဆံရေးကောင်းခြင်းစသော သင့်စိတ်ထဲပေါ်လာသည့် တန်ဖိုးထားရာတိုင်းကို သင် ရေးချနိုင်သည်။ ထို့နောက် ကိုယ့်ကိုယ်ကိုယ်ဤသို့မေးပါ– ‘ဒီတန်ဖိုးထားရာတွေထဲမှာ ငါ့အတွက် အရေးကြီးဆုံးက ဘယ်ဟာလဲ။’

ထို့နောက် ဘဝတွင် ဖြစ်မြောက်လိုသည့် ပန်းတိုင်များကို သုံးသပ်ပါ။ တန်ဖိုးထားရာများနှင့် ပန်းတိုင်များစပ်ကြား ကွာခြားချက်ကား အဘယ်နည်း။ တန်ဖိုးထားရာများမှာ ဆက်၍ရှိနေမည်ဖြစ်ပြီး ပန်းတိုင်များမှာမူ အနာဂတ်တစ်ချိန်ချိန်တွင် အထမြောက်အောင်မြင်ပြီး ပြည့်စုံသွားမည်ဟု ကျွန်ုပ်တို့ပြောနိုင်သည်။

သင်သည် အဘယ်ပန်းတိုင်များကို ချမှတ်နိုင်သနည်း။ သင့်မိသားစုနှင့် ပို၍အချိန်သုံးလိုပါသလော။ ပို၍သင့်လျော်သောအလုပ်ကို ရှာတွေ့ဖို့လော။ သင်အနှစ်သက်ဆုံးဝါသနာတစ်ခုတွင် ပို၍ကျွမ်းကျင်ဖို့လော။ ဝါသနာအသစ်တစ်ခုရဖို့လော။ ပင်ကိုအရည်အသွေးတစ်ခုခု တိုးတက်စေဖို့လော။ အားလပ်ရက်ယူဖို့လော။ စာဖတ်ဖို့လော။ စာရေးဖို့လော။

ထို့နောက် မည်သည့်ပန်းတိုင်များသည် သင့်အတွက်အရေးအကြီးဆုံးဖြစ်သည်ကို ဆုံးဖြတ်ပါ။ ယင်းတို့သည် သင့်တန်ဖိုးထားရာများနှင့်အံဝင်ခွင်ကျဖြစ်ကြောင်း သေချာစေပါ။ ဥပမာ၊ သင်သည် အလွန်ချမ်းသာရမည်ဟု ပန်းတိုင်ချမှတ်သည်ဆိုပါက သင့်ဘ၀တွင် ကွဲပြားဆန့်ကျင်မှုများဖြစ်လာနိုင်ဖွယ်ရှိသည်။

ယခု၊ သင်ရွေးချယ်ခဲ့သောပန်းတိုင်များကို ရောက်ရှိစေဖို့ထောက်ကူပေးမည့် လုပ်ဆောင်မှုများ ကိုသုံးသပ်ပါ။ ဥပမာ၊ သင့်ပန်းတိုင်များထဲမှတစ်ခုသည် ကိုယ်အလေးချိန်အနည်းငယ်ကျဖို့ဖြစ်ပါက လေ့ကျင့်ခန်းသည် သင့်ကိုထောက်ကူပေးနိုင်သည့် လုပ်ဆောင်မှုတစ်ခုဖြစ်သည်။

ယင်းသို့ဆန်းစစ်ခြင်းက သင့်ကိုမည်သို့ကူညီပေးနိုင်သနည်း

သင့်ပန်းတိုင်များနှင့် တန်ဖိုးထားရာများသည် ကိုက်ညီပြီး ယင်းပန်းတိုင်များပြီးမြောက်စေသည့်လုပ်ဆောင်မှုများကိုပြုလုပ်ပါက သင့်အသက်တာသည် ဦးတည်ချက်တစ်ခုတည်းသို့ သွားနေပါလိမ့်မည်။ သင့်အတွက်အရေးကြီးသောကိစ္စရပ်များတွင် ပို၍အချိန်သုံးလာကြောင်း သင်တွေ့ရပါလိမ့်မည်။ ယင်းက အခြားသူများ၏လိုအပ်ရာများနှင့် ဆန္ဒများကိုလျစ်လျူရှုသင့်သည်ဟု မဆိုလိုပါ။ (ဖိလိပ္ပိ ၂:၄) ယင်းက အမှန်တကယ်အကျိုးမပြုသောအရာများကို ပို၍ပိုင်းခြားသိမှတ်လာနိုင်ပြီး ယင်းတို့ကိုငြင်းပယ်မည်ဟု ဆိုလိုသည်။

စိန်ခေါ်ချက်များရှိမည်မှာ မှန်ပါသည်။ အချို့သောကိစ္စများသည် သိပ်အရေးမကြီးသော်လည်း လုပ်ဖို့လိုအပ်ပေမည်။ ယင်းတို့ကြောင့် တစ်နေ့လုံးအချိန်ကုန်သွားနိုင်ပြီး အရေးအကြီးဆုံးကိစ္စအတွက် အချိန်အနည်းငယ် သို့မဟုတ် လုံး၀မပေးနိုင်ဘဲဖြစ်ပေမည်။ အရေးပေါ်ကိစ္စများ ပေါ်လာနိုင်သည်။ သင့်ဘ၀အခြေအနေအပြောင်းအလဲများက သင့်အချိန်ဇယားကို ဟန်ချက်မညီဘဲဖြစ်သွားစေနိုင်သည်။ တကယ်အရေးကြီးသောအရာများတွင် ပို၍အချိန်သုံးရန် လက်တွေ့ကျလုပ်ဆောင်မှုများကို ပြုလုပ်ခြင်းဖြင့် သင့်အချိန်အသုံးပြုပုံနှင့် သင့်အသက်ရှင်နေထိုင်ပုံကို ပို၍ထိန်းချုပ်တတ်လာမည်ဖြစ်သည်။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အီလက်ထရွန်နစ်ကိရိယာများသည် အချိန်ကုန်သက်သာစေပါသလော

ယင်းတို့သည် တချို့အတွက် အချိန်ကုန်သက်သာစေသည်၊ သို့သော် တခြားသူတို့အတွက် အချိန်ကိုအလဟဿဖြစ်စေသည်။ ဥပမာ၊ ကိုယ်ပိုင်ဒီဂျစ်တယ်အထောက်အကူ သို့မဟုတ် ပီဒီအေ (PDA) တစ်ခုတွင် ပြက္ခဒိန်၊ ဖုန်းနံပါတ်များနှင့်လိပ်စာများစာရင်း၊ တစ်ရက်တာလုပ်ရမည့်စာရင်း၊ စာစီစာရိုက်ကွန်ပျူတာပရိုဂရမ်၊ မှတ်စု၊ ကင်မရာ၊ အီမေးလ်နှင့်အင်တာနက်ချိတ်ဆက်ခြင်းတို့ပါဝင်ပေမည်။ သင်သည် ယင်းကိရိယာတွင် နောက်ဆုံးအချက်အလက်များကို ထည့်သွင်းထားပြီး ယင်းကို သင်နှင့်အတူယူဆောင်သွားခြင်းဖြင့် အချိန်ကုန်သက်သာစေရာတွင် အသုံးပြုနိုင်သည်။ သို့သော်၊ သင်သည် မဆီမဆိုင်ရာများကိုလျှောက်ဖွင့်ကြည့်ခြင်း၊ စူးစမ်းစိတ်ဖြင့် လျှောက်ကလိခြင်း သို့မဟုတ် လိုချင်သည့်ပုံစံရအောင် လျှောက်ပြောင်းခြင်း သို့မဟုတ် မလိုအပ်သောအလှအပ,ပစ္စည်းများဝယ်ယူတပ်ဆင်ခြင်း သို့မဟုတ် ယင်းကိရိယာကြောင့် အရေးကြီးဆက်သွယ်မှုများ သို့မဟုတ် တာဝန်များကို ကောင်းစွာမလုပ်ဆောင်နိုင်စေပါက အချိန်ကိုအလွယ်တကူဖြုန်းတီးမိနိုင်သည်။

အကြံပြုချက်– သင် မဝယ်မီစူးစမ်းလေ့လာပါ။ အီလက်ထရွန်နစ်ကိရိယာတစ်ခုသည် မကြာခဏချွတ်ယွင်းပါက ယင်းကိုပြုပြင်ရန်အချိန်များစွာလိုလိမ့်မည်။ ထို့ပြင် မည်သည့်အီလက်ထရွန်နစ်ကိရိယာမဆို ယင်းကိုအသုံးပြုသူအပေါ်တွင်သာမူတည်ပြီး အကျိုးရှိသည်။ ထို့ကြောင့် သင့်တွင် ယင်းကိရိယာတစ်ခုရှိပါက အချိန်ဖြုန်းရန်မဟုတ်ပဲ အချိန်ကုန်သက်သာစေရန်အသုံးပြုပါ။

[စာမျက်နှာ ၄၊ ၅ ပါ ရုပ်ပုံ]

အရေးကြီးသောကိစ္စများအတွက် အချိန်ရအောင် သင်ပြုလုပ်နိုင်သလော