မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆင်းရဲခက်ခဲမှုတွေ ဘာကြောင့် ဒီလောက်တောင် များနေတာလဲ

ဆင်းရဲခက်ခဲမှုတွေ ဘာကြောင့် ဒီလောက်တောင် များနေတာလဲ

ဘေးမှာ ဖော်ပြထားတဲ့ မေးခွန်းရဲ့အဖြေကို သိပါတယ်လို့ ပြောတဲ့ ခရစ်ယာန်ဓမ္မဆရာတွေက ဆင်းရဲခက်ခဲမှုတွေဟာ ဘုရားသခင် ဒဏ်ခတ်တာလို့ သွန်သင်ပေးလေ့ရှိတယ်။ ဥပမာ၊ ဟေတီနိုင်ငံမှာ ငလျင်လှုပ်ပြီးတဲ့နောက် မြို့တော်မှာ နေတဲ့ ခရစ်ယာန်ဘုန်းကြီးတစ်ပါးက ဒီဘေးအန္တရာယ်ဟာ ဘုရားသခင်ဆီက လာတဲ့ သတင်းစကားဆိုပြီး သူ့အသင်းသားတွေကို ပြောပြတယ်။ တခြားသူတွေကျတော့ သိပ်ပြီး တစ်ယူသန် မဆန်ကြဘူး။ လူတော်တော်များများ ဒီလိုရှုမြင်ပုံရတယ်လို့ အမေရိကန်နိုင်ငံမှာ ရှိတဲ့ ဘာသာရေးဆိုင်ရာ တွဲဖက်ပါမောက္ခတစ်ဦးက ပြောတယ်– “အဲဒီဘေးဆိုးတွေကို ဘုရားသခင်ဖြစ်ပေါ်စေရတဲ့ အကြောင်းရင်းက ကျွန်တော်တို့ ဉာဏ်မမီနိုင်တဲ့အရာပါ၊ ဘာကြောင့် အဲဒီလိုလုပ်ရတာလဲဆိုပြီး ဘုရားသခင်ကို မေးခွန်းထုတ်ဖို့ မဟုတ်ဘူး။ ကျွန်တော်တို့အပိုင်းက ယုံကြည်ခြင်း ရှိဖို့ပဲ။”

လူတွေကြုံနေရတဲ့ ဆင်းရဲခက်ခဲမှုတွေကို တကယ်ပဲ ဘုရားသခင် “ဖြစ်ပေါ်စေ” တာလား။ သမ္မာကျမ်းစာက လုံးဝမဟုတ်ဘူးလို့ ဖြေဆိုပါတယ်။ ယေဟောဝါဘုရားသခင့် ရည်ရွယ်ချက်ထဲမှာ လူသားတွေ ဆင်းရဲခက်ခဲမှု ကြုံရဖို့ဆိုတာ မပါဘူး။ ဒါပေမဲ့ ပထမလူသားမောင်နှံက အကောင်းအဆိုးနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်စံနှုန်းတွေ ချမှတ်ခြင်းအားဖြင့် ဘုရားသခင့်အုပ်ချုပ်မှုကို ဆန့်ကျင်ပုန်ကန်ခဲ့ကြတယ်။ သူတို့ဟာ ဘုရားသခင်ကို ကျောခိုင်းခဲ့တဲ့အတွက် အကျိုးဆက်တွေကို ကြုံတွေ့ခံစားခဲ့ကြရတယ်။ သူတို့ရဲ့ မှားယွင်းတဲ့ ရွေးချယ်မှုကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကို ကနေ့ ကျွန်တော်တို့ တွေ့ကြုံခံစားနေရတယ်။ ဒါကြောင့် လူသားတွေ ကြုံတွေ့နေရတဲ့ ဆင်းရဲခက်ခဲမှုတွေဟာ ဘုရားသခင် ဖြစ်ပေါ်စေတာ လုံးဝမဟုတ်ဘူး။ ကျမ်းစာက ဒီလိုပြောတယ်– “စမ်းသပ်ခံရသောအခါ ‘ငါ့ကို ဘုရားသခင် စမ်းသပ်သည်’ ဟု မည်သူမျှ မဆိုစေနှင့်။ အကြောင်းမူကား မကောင်းသော အမှုများဖြင့် ဘုရားသခင်ကို မစမ်းသပ်နိုင်သကဲ့သို့ ကိုယ်တော်သည်လည်း မည်သူ့ကိုမျှ စမ်းသပ်တော်မမူ။” (ယာကုပ် ၁:၁၃) ဆင်းရဲခက်ခဲမှုတွေကို လူတိုင်း ကြုံတွေ့ရနိုင်တယ်၊ ဘုရားသခင့် မျက်နှာသာခံစားရသူတွေတောင် ကြုံတွေ့ရနိုင်တယ်။ အောက်ပါဥပမာတွေကို သုံးသပ်ကြည့်ပါ–

  • ပရောဖက်ဧလိရှဲက ရောဂါဆိုးကြီးတစ်ခု ခံစားခဲ့ရတယ်။—၄ ရာ. ၁၃:၁၄

  • တမန်တော်ပေါလုက “အစာရေစာငတ်ပြတ်ခြင်း၊ အဝတ်မဲ့ခြင်း၊ ရိုက်ပုတ်ခြင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်ခြင်းတို့ကို မပြတ်” ခံနေရတယ်ဆိုပြီး ရေးသားခဲ့တယ်။—၁ ကောရိန္သု ၄:၁၁

  • ခရစ်ယာန်တစ်ဦးဖြစ်သူ ဧပဖြောဒိတ်လည်း ဖျားနာခဲ့ပြီး “ဝမ်းနည်းညှိုးငယ်” ခဲ့တယ်။—ဖိလိပ္ပိ ၂:၂၅၊ ၂၆

ဒီအမျိုးသားသုံးယောက်စလုံးကို သူတို့ရဲ့ အပြစ်တွေကြောင့် ဘုရားသခင် ဒဏ်ခတ်ခဲ့တာဆိုတဲ့ ကျမ်းချက် တစ်ချက်မှ ကျမ်းစာမှာ မပါဘူး။ ဒါပေမဲ့ ကျမ်းစာက ဆင်းရဲခက်ခဲမှုတွေအတွက် ဘယ်သူ့မှာ တာဝန်မရှိဘူးဆိုတာလောက်ပဲ ဖော်ပြထားတာ မဟုတ်ပါ။ ဆင်းရဲခက်ခဲမှုတွေ ဖြစ်စေတတ်တဲ့ အဓိကအချက် သုံးချက်ကိုလည်း ခွဲခြားဖော်ပြထားပါတယ်။

မိမိကိုယ်တိုင်ရဲ့ရွေးချယ်မှု

“လူသည် မျိုးစေ့ကြဲသည့်အတိုင်းပင် ရိတ်သိမ်းရလိမ့်မည်။” (ဂလာတိ ၆:၇) သေချာတာတစ်ခုကတော့ လူတစ်ယောက်ဟာ ဆေးလိပ်သောက်မယ်၊ မဆင်မခြင် ကားမောင်းမယ် ဒါမှမဟုတ် ငွေသုံးတဲ့နေရာမှာ လက်ဖွာမယ်ဆိုရင် ကိုယ့်လုပ်ရပ်ရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေအတွက် တခြားဘယ်သူ့ကိုမှ လက်ညှိုးထိုးပြီး အပြစ်ပုံချလို့ မရဘူးဆိုတာပဲ။

ဒါ့ပြင် တခြားသူတစ်ဦးဦးရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ရွေးချယ်မှုတွေကြောင့် ကျွန်တော်တို့ ဆင်းရဲခက်ခဲမှု ကြုံရနိုင်တယ်။ နာဇီတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကအစ ကလေး မတော်မတရားပြုမှုအဆုံး တကယ့်ကို စိုးရိမ်ထိတ်လန့်၊ တုန်လှုပ်ခြောက်ခြားဖွယ် လုပ်ရပ်တွေကို လူတွေ ကျူးလွန်နေကြတယ်။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် တလွဲအသုံးပြုခြင်းရဲ့ အကျိုးဆက်ကို ပြုလုပ်သူကိုယ်တိုင်သာမက တခြားသူတွေလည်း ကြုံတွေ့ကြရတယ်။

ကြိုမသိနိုင်တဲ့ဖြစ်ရပ်များ

စီ.အီး ပထမရာစုမှာ ဂျေရုဆလင်မှာရှိတဲ့ မျှော်စင်ကြီးပြိုလဲသွားတဲ့အခါ လူ ၁၈ ယောက် သေဆုံးသွားတယ်။ အဲဒီမတော်တဆဖြစ်ရပ်မှာ သေဆုံးသွားတဲ့သူတွေကို ရည်ညွှန်းပြီး ယေရှုက ဒီလိုပြောတယ်– “ပိသေသောသူ တစ်ဆယ့်ရှစ်ယောက်တို့သည် ဂျေရုဆလင်မြို့၌ နေသောသူရှိသမျှထက် သာ၍အပြစ်ကြွေးရှိသည်ဟု ထင်ကြသလော။ ထိုသို့မဟုတ်။” (လုကာ ၁၃:၄၊ ၅) သေဆုံးသွားတဲ့သူတွေဟာ ဘုရားသခင်ရဲ့ ဒဏ်ခတ်မှုခံခဲ့ရတာ မဟုတ်ဘူးဆိုတာကို ယေရှုသိတယ်။ ဘုရားသခင့် တရားစကားတော်မှာ ဒီလိုဖော်ပြခဲ့ဖူးတာကို ယေရှုသိခဲ့တယ်– “ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေ့ခြင်း၊ အဆင်သင့်ခြင်း [မမျှော်လင့်ထားသော အချိန်မှာ မမျှော်လင့်ထားသော ဖြစ်ရပ်တွေ၊ ကဘ] ရှိသည်အတိုင်း ဖြစ်တတ်သည်။” (ဒေ. ၉:၁၁) ဖြစ်ရပ်ဆိုးများစွာ ဖြစ်ရတဲ့အကြောင်းက လူတစ်ယောက်ဟာ မရှိသင့်တဲ့နေရာကို မရှိသင့်တဲ့အချိန်မှာ ရောက်နေတဲ့အတွက်ဖြစ်တယ်။ ဥပမာ၊ သတိပေးချက်တွေကို လူတွေ လျစ်လျူရှုတဲ့အခါ၊ ဆိုးရွားပြင်းထန်တဲ့ ရာသီဥတု ဒါမှမဟုတ် မြေငလျင်ဒဏ် ခံနိုင်လောက်အောင် အဆောက်အဦတွေကို အရည်အသွေးမီမီ မဆောက်ထားတဲ့အခါ ဆင်းရဲခက်ခဲမှုတွေ ပိုဖြစ်လာကြောင်း မှတ်တမ်းတွေက ဖော်ပြတယ်။ ဒီလိုအခြေအနေမျိုးမှာ မတော်တဆ ဖြစ်ရပ်တွေက လူအတော်များများကို ထိခိုက်တဲ့အတွက် ဆင်းရဲခက်ခဲမှုတွေ ပိုများနေခြင်း ဖြစ်တယ်။

“ဤလောကကို အစိုးရသောမင်း”

“တစ်လောကလုံးသည် ဆိုးညစ်သူ၏ဩဇာအောက်တွင် ရှိနေကြောင်း ငါတို့သိကြ၏” ဆိုပြီး ကျမ်းစာက ပြောတယ်။ (ယောဟန် ၁၂:၃၁; ၁ ယောဟန် ၅:၁၉) အဲဒီ “ဆိုးညစ်သူ” ဆိုတာ စာတန်ဖြစ်ပြီး “လေ၏သြဇာအာဏာနှင့် တူသော စိတ်ဓာတ်ကို အစိုးရသူ၊” မမြင်နိုင်တဲ့ တန်ခိုးကြီးပုဂ္ဂိုလ်အဖြစ် ကျမ်းစာက ဖော်ပြတယ်။ ‘နာခံမှုမရှိသောသူတို့တွင် ရှင်သန်လှုပ်ရှားလျက်ရှိသည့် စိတ်ဓာတ်’ ကို စာတန်က အားပေးအားမြှောက်ပြုနေတယ်။ (ဧဖက် ၂:၂) မျိုးဖြုတ်သတ်ဖြတ်မှုနဲ့ ကလေး မတော်မတရားပြုမှုတွေလို ရာဇဝတ်မှုတွေဟာ အရမ်းထိတ်လန့်စရာ ကောင်းတာကြောင့် ကျူးလွန်သူတွေဟာ စာတန်ရဲ့ သြဇာလွှမ်းမိုးမှု ခံနေရကြောင်း ထင်ရှားနေပါတယ်။

ဒါဆိုရင် ကျွန်တော်တို့ ကြုံနေရတဲ့ ဆင်းရဲခက်ခဲမှုတွေကို ဘုရားသခင်ဂရုမစိုက်ဘူးလို့ ဆိုလိုတာလား။ ဆင်းရဲခက်ခဲမှု အားလုံးကို ဘုရားသခင် ဖယ်ရှားပစ်နိုင်ပါသလား၊ ဖယ်ရှားပစ်ပါ့မလား။