သမ္မာကျမ်းစာကို သာမန်လူတွေလက်ထဲ မရောက်စေဖို့ ကြိုးစားခဲ့ကြ
သမ္မာကျမ်းစာကို သာမန်လူတွေလက်ထဲ မရောက်စေဖို့ ကြိုးစားခဲ့ကြ
အချိန်ကုန်လွန်လာတာနဲ့အမျှ သမ္မာကျမ်းစာကို လူအများပြောတဲ့ဘာသာစကားတွေနဲ့ ဘာသာပြန်ဆိုဖို့ ကြိုးစားခဲ့ကြတယ်။ မူရင်းဟေဗြဲဘာသာစကား ဒါမှမဟုတ် ဂရိဘာသာစကားနဲ့ ရေးထားတဲ့သမ္မာကျမ်းစာကို လူအနည်းငယ်ပဲ ဖတ်နိုင်ကြတယ်။ ယနေ့အချိန်မှာ အဲဒီရှေးခေတ်ဘာသာစကားတွေနဲ့ပဲရနိုင်မယ်ဆိုရင် ကျွန်ုပ်တို့အများစုက ကျမ်းစာကို နားလည်နိုင်ကြမှာမဟုတ်ဘူး။
ယေရှုကမ္ဘာပေါ် အသက်မရှင်ခင် အနှစ် ၃၀၀ လောက်မှာ ဟေဗြဲကျမ်းစောင်တွေကို ဂရိဘာသာစကားနဲ့ စပြီးဘာသာပြန်ခဲ့ကြတယ်။ အဲဒီဘာသာပြန်ကျမ်းကို ဂရိစက်ပ်တွားဂျင့်ကျမ်းလို့ ခေါ်တယ်။ အဲဒီနောက် အနှစ် ၇၀၀ လောက်ကြာတဲ့အခါ ဂျရုမ်းက ဗားလ်ဂိတ်လို့သိကြတဲ့ ဘာသာပြန်ကျမ်းတစ်ကျမ်းကို ထုတ်ဝေခဲ့တယ်။ အဲဒီကျမ်းက ဟေဗြဲနဲ့ဂရိကျမ်းစောင်တွေကို လက်တင်ဘာသာစကားနဲ့ ပြန်ဆိုတဲ့ကျမ်းဖြစ်တယ်။ အဲဒီအချိန်တုန်းက လက်တင်ဘာသာစကားဟာ ရောမအင်ပါယာတစ်ခွင်မှာ အများသုံးဘာသာစကားဖြစ်တယ်။
နောက်ပိုင်းမှာ လက်တင်ဘာသာစကားက တဖြည်းဖြည်းနဲ့ အများသုံးဘာသာစကား မဟုတ်တော့ဘူး။ လက်တင်ဘာသာစကားကို ပညာတတ်တွေလောက်ပဲ တတ်ကြတော့ပေမဲ့ ကက်သလစ်ချာ့ခ်ျက သမ္မာကျမ်းစာကို တခြားဘာသာစကားနဲ့ပြန်ဆိုဖို့ ကြိုးစားတာကို ကန့်ကွက်ခဲ့တယ်။ ချာ့ခ်ျခေါင်းဆောင်တွေက ဟေဗြဲ၊ ဂရိနဲ့ လက်တင်ဘာသာစကားကပဲ သမ္မာကျမ်းစာအတွက် သင့်လျော်တဲ့ ဘာသာစကားတွေဖြစ်တယ်လို့ အခိုင်အမာဆိုကြတယ်။ *
ချာ့ခ်ျကွဲပြားခြင်းနဲ့ သမ္မာကျမ်းစာကို ဘာသာပြန်ခြင်း
အေဒီကိုးရာစုမှာ ဘိုင်ဇန်တီယမ်မြို့ရဲ့ အရှေ့တိုင်းချာ့ခ်ျအတွက် အမှုဆောင်နေတဲ့ သက်စလိုနီကာမြို့သား ခရစ်ယာန်သာသနာပြု
မီသိုဒီယက်စ်နဲ့ စီရယ်လ်က ဆလာဗစ်ဘာသာစကားကို ချာ့ခ်ျဝတ်ပြုရေးမှာအသုံးပြုဖို့ ကြိုးစားခဲ့ကြတယ်။ အကြောင်းက အရှေ့ဥရောပသား ဆလာဗစ်လူမျိုးတွေဟာ ဂရိစကားကိုရော၊ လက်တင်စကားကိုပါ နားမလည်ကြဘူး။ ဒါကြောင့် သူတို့ရဲ့စကားနဲ့ ဘုရားသခင်အကြောင်း သင်ယူနိုင်ဖို့ အဲဒီလိုကြိုးစားခဲ့ကြတာဖြစ်တယ်။ဒါပေမဲ့ ဒီခရစ်ယာန်သာသနာပြုတွေက ဂျာမန်ခရစ်ယာန်ဘုန်းတော်ကြီးတွေရဲ့ ပြင်းထန်တဲ့ဆန့်ကျင်မှုကို ခံခဲ့ရတယ်။ ဂျာမန်ခရစ်ယာန်ဘုန်းတော်ကြီးတွေက ဘိုင်ဇန်တီယမ်ခရစ်ယာန်တွေရဲ့ ဩဇာကြီးထွားလာမှာကို တားဆီးတဲ့အနေနဲ့ လက်တင်ဘာသာစကားကိုပဲသုံးဖို့ အတင်းအကျပ်ဖိအားပေးခဲ့ကြတယ်။ သူတို့က ဘုရားသခင်အကြောင်း လူတွေသိလာဖို့ထက် ကိုယ့်ရဲ့အခွင့်အာဏာကို ပိုအလေးထားတယ်ဆိုတာ ရှင်းနေပါတယ်။ ဒီလိုနဲ့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းခရစ်ယာန်အသင်းတွေကြားမှာ တင်းမာမှုတိုးများလာပြီး ၁၀၅၄ ခုနှစ်မှာ ရိုမန်ကက်သလစ်နဲ့ အရှေ့ပိုင်းသြသဒေါက်စ်ဆိုပြီး ကွဲပြားသွားတယ်။
သမ္မာကျမ်းစာဘာသာပြန်ဆိုခြင်းကို တိုက်ခိုက်ခဲ့ကြ
နောက်ဆုံးတော့ ရိုမန်ကက်သလစ်က လက်တင်စကားကို သန့်ရှင်းတဲ့ဘာသာစကားအဖြစ် ရှုမြင်ခဲ့ကြတယ်။ ဒါကြောင့် ၁၀၇၉ ခုနှစ်မှာ ဘိုဟီးမီးယားမင်းသား ဗရာတစ်စလော့စ်က ဒေသခံချာ့ခ်ျဝတ်ပြုရေးမှာ ဆလာဗစ်ဘာသာစကားကို အသုံးပြုဖို့ ခွင့်ပြုချက်တောင်းတဲ့အခါ ပုပ်ရဟန်းမင်း ဂရေဂရီ ၇ က “ဒီတောင်းဆိုချက်ကို ဘယ်လိုနည်းနဲ့မှ ခွင့်မပြုနိုင်ဘူး” လို့ ပြန်ပြောခဲ့တယ်။ ဘာကြောင့်လဲ။
ဂရေဂရီ ဒီလိုပြောတယ်– “သမ္မာကျမ်းစာရဲ့ တချို့အပိုင်းတွေကို လျှို့ဝှက်ထားသင့်တယ်လို့ ဘုရားသခင် အလိုရှိတာက အကြောင်းမဲ့မဟုတ်ဘူး။ တကယ်လို့ ကျမ်းစာကို လူအားလုံး ရှင်းရှင်းလင်းလင်းနားလည်လာကြမယ်ဆိုရင် သိပ်တန်ဖိုးမထားတော့ဘဲ မလေးမစားတောင်လုပ်လာနိုင်တယ်၊ ဒါမှမဟုတ် ပညာသာမန်အဆင့်ရှိသူတွေက အမှားမှားအယွင်းယွင်းနားလည်သွားနိုင်ပြီး လမ်းမှားရောက်သွားနိုင်တယ်ဆိုတဲ့အချက်ကို အကြိမ်ကြိမ်အသေအချာစဉ်းစားကြည့်သူတွေ ရှင်းရှင်းလင်းလင်းသိနိုင်တယ်။”
သမ္မာကျမ်းစာကို သာမန်လူတွေ မရနိုင်အောင် အပြင်းအထန်တားမြစ်ထားကြပြီး ခရစ်ယာန်ဘုန်းတော်ကြီးတွေက အဲဒီလိုပဲ ဆက်တားမြစ်ထားချင်ကြတယ်။ ဒါမှ သူတို့က သာမန်လူတန်းစားတွေအပေါ် ဩဇာလွှမ်းမိုးနိုင်မှာဖြစ်တယ်။ ခရစ်ယာန်ဘုန်းတော်ကြီးတွေနဲ့ပဲဆိုင်တယ်လို့ သူတို့ယူမှတ်ထားရာတွေကို သာမန်လူတွေ စူးစမ်းလေ့လာတာ သူတို့မကြိုက်ကြဘူး။
၁၁၉၉ ခုနှစ်မှာ သမ္မာကျမ်းစာကို ပြင်သစ်ဘာသာစကားနဲ့ပြန်ဆိုပြီး အချင်းချင်းကြားမှာ ကျမ်းစာအကြောင်းဆွေးနွေးရဲသူတွေကို ပုပ်ရဟန်းမင်း အင်နိုးစင့် ၃ က “အယူလွဲသူတွေ” လို့ခေါ်ခဲ့တယ်။ သူတို့ကိုရည်ရွယ်ပြီး အင်နိုးစင့်က “သန့်ရှင်းသောအရာကို ခွေးတို့အား မပေးကြနှင့်။ သင်တို့၏ပုလဲများကိုလည်း ဝက်များရှေ့တွင် မချပေးနှင့်” ဆိုတဲ့ ယေရှုရဲ့စကားတွေကို အသုံးပြုခဲ့တယ်။ (မဿဲ ၇:၆) “သမ္မာကျမ်းစာက အလွန့်အလွန်မြင့်မြတ်လွန်းတဲ့အတွက် ပညာမတတ်တဲ့ သာမန်လူတွေက ကျမ်းစာကို မလေ့လာထိုက်ဘူး၊ မဟောပြောထိုက်ဘူး” ဆိုပြီး သူအကြောင်းပြခဲ့တယ်။ ပုပ်ရဟန်းမင်းရဲ့အမိန့် မနာခံတဲ့သူတွေကို အပြစ်ရှိတယ်လို့ဝန်ခံလာတဲ့အထိ နှိပ်စက်ညှဉ်းဆဲပြီးမေးမြန်းတဲ့သူတွေလက်ထဲ အပ်လေ့ရှိတယ်။ ကိုယ့်ခံယူချက်ကို မစွန့်လွှတ်တဲ့သူတွေကို အရှင်လတ်လတ်မီးရှို့ခဲ့ကြတယ်။
နှစ်ကာလတစ်လျှောက်မှာ သမ္မာကျမ်းစာကို သာမန်လူတွေ မပိုင်ဆိုင်နိုင်အောင်၊ မဖတ်နိုင်အောင် တားဆီးရာမှာ ပုပ်ရဟန်းမင်း အင်နိုးစင့်ရဲ့စာကို သုံးခဲ့ကြတယ်။ သူ့ရဲ့အမိန့်ထုတ်ပြန်ပြီး မကြာမီအချိန်မှာပဲ သာမန်လူတွေသုံးတဲ့ဘာသာစကားနဲ့ ပြန်ဆိုထားတဲ့ ကျမ်းစာတွေကို မီးရှို့ဖျက်ဆီးတာ၊ ကျမ်းစာပိုင်ဆိုင်တဲ့သူကို ကျမ်းစာနဲ့အတူမီးရှို့တာတွေ စလုပ်ခဲ့ကြတယ်။ နောက်ပိုင်းရာစုနှစ်တွေမှာ ဥရောပက ကက်သလစ်အုပ်စိုးရှင်တွေနဲ့ ဂိုဏ်းအုပ်တွေက ပုပ်ရဟန်းမင်း အင်နိုးစင့်ရဲ့ အမိန့်အတိုင်း သာမန်လူတွေ ကျမ်းစာ
မပိုင်ဆိုင်အောင်၊ မဖတ်နိုင်အောင်တားဆီးရာမှာ ဖြစ်နိုင်တဲ့နည်းအားလုံးကို သုံးခဲ့ကြတယ်။ကက်သလစ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့သွန်သင်ချက်များစွာက ကျမ်းစာအပေါ်မဟုတ်ဘဲ ချာ့ခ်ျထုံးတမ်းစဉ်လာတွေအပေါ် အခြေခံတယ်ဆိုတာသိထားမှာ သေချာတယ်။ သူတို့ရဲ့အသင်းသားတွေ သမ္မာကျမ်းစာကိုဖတ်တဲ့အခါ ချာ့ခ်ျအယူဝါဒနဲ့ ကျမ်းစာကွဲလွဲနေတယ်ဆိုတာကို သတိပြုမိလာနိုင်တယ်။ ဒီအချက်က သာမန်လူတွေကို ကျမ်းစာမပိုင်ဆိုင်စေလိုတဲ့ အကြောင်းရင်းတစ်ခုဖြစ်တယ်ဆိုတာ ထင်ရှားတယ်။
ပြုပြင်ပြောင်းလဲမှုအကျိုးဆက်
ပရိုတက်စတင့်ပြုပြင်ပြောင်းလဲမှုကြောင့် ဥရောပက ခရစ်ယာန်ဘာသာရေးအခြေအနေ ပြောင်းလဲခဲ့တယ်။ မာတင်လူသာက ကက်သလစ်ချာ့ခ်ျကို ပြုပြင်ပြောင်းလဲဖို့ကြိုးစားခဲ့ပေမဲ့ နောက်ဆုံး ၁၅၂၁ ခုနှစ်မှာ ကက်သလစ်ချာ့ခ်ျကနေ ခွဲထွက်ခဲ့တယ်။ အဲဒီလိုလုပ်ဆောင်ခဲ့တဲ့ အဓိကအကြောင်းရင်းက ကျမ်းစာကို သူနားလည်လာတဲ့အတွက်ဖြစ်တယ်။ ဒါကြောင့် လုံးဝခွဲထွက်ခဲ့ပြီးနောက်ပိုင်း အရည်အချင်းရှိတဲ့ ဘာသာပြန်သူ လူသာက သမ္မာကျမ်းစာကို ပြည်သူလူထုရရှိနိုင်အောင် ကြိုးပမ်းခဲ့တယ်။
လူသာရဲ့ ဂျာမန်ဘာသာပြန်ကျမ်းက တော်တော်လေးပျံ့နှံ့လာတဲ့အတွက် ရိုမန်ကက်သလစ်ချာ့ခ်ျက အာရုံစိုက်မိပြီး လူသာရဲ့ကျမ်းစာကိုယှဉ်ပြိုင်ဖို့ ချာ့ခ်ျလက်ခံတဲ့ နောက်ကျမ်းစာအုပ်ထုတ်သင့်တယ်လို့ သူတို့ယူဆလာကြတယ်။ ဒါနဲ့ သိပ်မကြာခင်မှာပဲ ချာ့ခ်ျလက်ခံတဲ့ ဂျာမန်ဘာသာပြန်ကျမ်းနှစ်အုပ် ထွက်ပေါ်လာတယ်။ ဒီလိုထွက်ပေါ်လာပြီး နောက်ပိုင်း ၂၅ နှစ်တောင်မပြည့်ခင် ၁၅၄၆ ခုနှစ်မှာ ကျမ်းစာဘာသာပြန်ခြင်းအပါအဝင် ခရစ်ယာန်ဘာသာရေးနဲ့ဆိုင်တဲ့စာအုပ်မှန်သမျှကို ချာ့ခ်ျရဲ့ ထိန်းချုပ်မှုအောက်မှာ ထုတ်ဝေဖို့ ရိုမန်ကက်သလစ်ထရန့်ကောင်စီအစည်းအဝေးက အမိန့်ထုတ်ပြန်ခဲ့တယ်။
အဲဒီအမိန့်မှာ ဒီလိုပါရှိတယ်– “အခုအချိန်ကစပြီး မြင့်မြတ်တဲ့သမ္မာကျမ်းစာကို အတော်မှန်ဆုံးနည်းလမ်းနဲ့ ထုတ်ဝေရမယ်။ မြင့်မြတ်တဲ့အကြောင်းအရာတွေပါဝင်တဲ့ ဘယ်စာအုပ်ကိုမဆို စာရေးသူနာမည်မပါဘဲ ထုတ်ဝေခြင်း ဒါမှမဟုတ် ထုတ်ဝေဖို့စီစဉ်ခြင်းက တရားမဝင်ဘူး။ နောက်နောင် အဲဒီလိုစာအုပ်တွေကို [ဒေသခံဂိုဏ်းအုပ်ရဲ့] ခွင့်ပြုချက်မရှိဘဲ ရောင်းချခွင့်၊ ပိုင်ဆိုင်ခွင့် မရှိဘူး။”
၁၅၅၉ ခုနှစ်မှာ ရိုမန်ကက်သလစ်ချာ့ခ်ျကတားမြစ်တဲ့ ဦးဆုံးစာအုပ်စာရင်းကို ပုပ်ရဟန်းမင်း ပေါလ် ၄ က ထုတ်ပြန်ခဲ့တယ်။ အဲဒီမှာ လက်တင်ဘာသာပြန်ကျမ်းတချို့အပါအဝင် ဂျာမန်၊ စပိန်၊ ဒတ်ခ်ျ၊ ပြင်သစ်၊ အီတလီနဲ့ အင်္ဂလိပ်ကျမ်းစာပိုင်ဆိုင်မှုတွေကို တားမြစ်ထားတယ်။ ကျမ်းစာကိုဖတ်ရှုလိုသူ ဘယ်သူမဆိုဟာ ဂိုဏ်းအုပ် ဒါမှမဟုတ် စစ်ဆေးမေးမြန်းသူတွေရဲ့ ခွင့်ပြုချက်စာ တောင်းခံရမယ်။ ဒါပေမဲ့ အဲဒီလိုတောင်းခံရင် အယူလွဲသူအဖြစ် စွပ်စွဲခံရနိုင်တဲ့အတွက် ဒီအမိန့်ဟာ လူတွေအတွက် မနှစ်သက်စရာပါပဲ။
အများသုံးဘာသာစကားနဲ့ကျမ်းစာ ပိုင်ဆိုင်သူ ဒါမှမဟုတ် ဖြန့်ဝေသူတွေဟာ ကက်ကလစ်ချာ့ခ်ျကပေးတဲ့ ပြစ်ဒဏ်ကို ခံခဲ့ကြရတယ်။ လူများစွာဟာ ဖမ်းဆီးခံရ၊ သစ်တိုင်မှာမီးရှို့ခံရ၊ မီးကင်ခံရ၊ တစ်သက်တစ်ကျွန်းထောင်ချခံရ ဒါမှမဟုတ် လှေထိုးသားကျွန်တွေအဖြစ် ပြစ်ဒဏ်ပေးခံခဲ့ရတယ်။ သိမ်းဆည်းရမိတဲ့ သမ္မာကျမ်းစာတွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်။ ကက်သလစ်ဘုန်းကြီးတွေဟာ သမ္မာကျမ်းစာကို သိမ်းယူ၊ မီးရှို့တဲ့လုပ်ရပ်တွေကို ၂၀ ရာစုအထိ ဆက်လုပ်ဆောင်ခဲ့ကြတယ်။
ပရိုတက်စတင့်တွေက သမ္မာကျမ်းစာကို ထောက်ခံသူတွေ၊ ကာကွယ်သူတွေဖြစ်တယ်လို့တော့ တစ်ထစ်ချမပြောနိုင်ဘူး။
၁၈ နဲ့ ၁၉ ရာစုနှစ်တွေမှာ ပရိုတက်စတင့်ဓမ္မပညာရှင်တချို့က “အဆင့်မြင့်ဝေဖန်ရေး” လို့ အမည်တွင်လာတဲ့ သမ္မာကျမ်းစာလေ့လာနည်းတွေကို စတင်ခဲ့တယ်။ အသက်ဟာ ဖန်ဆင်းရှင်ကြောင့်မဟုတ်ဘဲ မတော်တဆ အဆင့်ဆင့်ဖြစ်ပေါ်လာတယ်ဆိုတဲ့ ဒါဝင်ရဲ့သီအိုရီလွှမ်းမိုးနေတဲ့ သွန်သင်ချက်တွေကို နောက်ပိုင်း လူများစွာက လက်ခံခဲ့ကြတယ်။ခရစ်ယာန်ဓမ္မပညာရှင်တွေ၊ ခရစ်ယာန်ဓမ္မဆရာတွေကတောင် သမ္မာကျမ်းစာက ဒဏ္ဍာရီပုံပြင်တွေအပေါ် အခြေပြုတယ်လို့ သွန်သင်ကြတယ်။ ဒါကြောင့် ပရိုတက်စတင့်ဓမ္မဆရာတွေနဲ့ သူတို့ရဲ့ အသင်းသားများစွာက သမ္မာကျမ်းစာဟာ သမိုင်းနဲ့မညီဘူးလို့ ပြောကြတာ အဆန်းမဟုတ်တော့ဘူး။
သမ္မာကျမ်းစာရဲ့ ကျမ်းစစ်ကျမ်းမှန်ဖြစ်မှုနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကို ကြားဖူးနိုင်သလို လွန်ခဲ့တဲ့ ရာစုနှစ်များစွာကတည်းက သမ္မာကျမ်းစာကို ပျောက်ပျက်သွားအောင် ဘယ်လောက်အထိကြိုးစားခဲ့ကြသလဲဆိုတာ အခုသိလာတဲ့အတွက် သင် အံ့သြမိနိုင်တယ်။ ဒါပေမဲ့ ကြိုးစားမှုတွေက မအောင်မြင်ခဲ့ဘူး။ သမ္မာကျမ်းစာက ယနေ့အထိ ရှိနေပါတယ်။
သမ္မာကျမ်းစာက ဘာကြောင့် ယနေ့အထိရှိနေ
လူများစွာက သမ္မာကျမ်းစာကို အသက်နဲ့ရင်းပြီးကာကွယ်ဖို့ တလိုတလားရှိတဲ့အထိ ချစ်မြတ်နိုးကြတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာ ဆက်တည်ရှိနေရတာက ကျမ်းစာကို လူတွေမြတ်နိုးတာ တစ်ခုတည်းကြောင့်မဟုတ်ဘူး။ ကျမ်းရေးသူတွေက သမ္မာကျမ်းစာကို ဘုရားသခင့်စွမ်းအားတော်တိုက်တွန်းမှုနဲ့ ရေးခဲ့သလို သမ္မာကျမ်းစာ မပျောက်မပျက်ဆက်တည်ရှိနေရတဲ့ အဓိကအကြောင်းရင်းကလည်း အဲဒီစွမ်းအားတော်ကြောင့်ပဲဖြစ်တယ်။—ဟေရှာယ ၄၀:၈; ၁ ပေတရု ၁:၂၅။
ကျမ်းစာသွန်သင်ချက်တွေကို ဖတ်ရှုပြီး လက်တွေ့ကျင့်သုံးခြင်းက ကျွန်ုပ်တို့ရဲ့ဘဝ၊ ကျန်းမာရေးနဲ့ မိသားစုဘဝကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ဘုရားသခင်က သမ္မာကျမ်းစာကို မပျောက်မပျက်ဆက်ရှိစေလိုပြီး ဘာသာစကားများစွာနဲ့ ပြန်ဆိုဖို့ အလိုရှိတယ်။ ဒါမှသာ ဘုရားသခင်အကြောင်းသင်ယူဖို့၊ ကိုယ်တော့်ကိုချစ်မြတ်နိုးဖို့နဲ့ ကိုယ်တော့်အမှုတော်ဆောင်ပြီး ထာဝရကောင်းချီးတွေခံစားရဖို့ အားလုံးအခွင့်အရေးရရှိမှာဖြစ်တယ်။ ကျွန်ုပ်တို့အားလုံးလည်း အလားတူဆန္ဒရှိမှာသေချာပါတယ်။
ယေရှုက ကောင်းကင်ခမည်းတော်ထံ ဆုတောင်းတဲ့အခါ “ကိုယ်တော်၏ တရားစကားတော်သည် အမှန်တရားဖြစ်ပါ၏” လို့ပြောခဲ့တယ်။ (ယောဟန် ၁၇:၁၇) ယေရှုခရစ် ဖတ်ရှုခဲ့၊ သွန်သင်ပေးခဲ့တဲ့ သမ္မာကျမ်းစာမှာ စိတ်နှလုံးရိုးဖြောင့်သူတွေ သိချင်တဲ့မေးခွန်းတွေရဲ့ အဖြေပါရှိပါတယ်။
သမ္မာကျမ်းစာမှာပါတဲ့ လူသားတွေအတွက် ဘုရားသခင့်သတင်းစကားကို လေ့လာဖို့ သင့်ကို လှိုက်လှဲစွာဖိတ်ခေါ်ပါတယ်။ ဒီမဂ္ဂဇင်းကိုထုတ်ဝေတဲ့ ယေဟောဝါသက်သေတွေက သင့်ကို ဝမ်းသာအားရ ကူညီပေးလိုပါတယ်။ *
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 4 အဲဒီသဘောထားက စဗေးလ်မြို့က စပိန်လူမျိုးဂိုဏ်းအုပ် အစ်စီဒေါ (အေဒီ ၅၆၀-၆၃၆) ရေးခဲ့တဲ့စာကြောင့် ပေါ်ပေါက်လာခဲ့ပုံရတယ်။ “ကမ္ဘာတစ်ခုလုံးမှာ သန့်ရှင်းမြင့်မြတ်တဲ့ ဘာသာစကား သုံးခုပဲရှိတယ်၊ အဲဒါက ဟေဗြဲ၊ ဂရိနဲ့ လက်တင်ဘာသာစကားဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ပိလတ်မင်းက သခင်ကိုစွပ်စွဲတဲ့ စွပ်စွဲချက်ကို လက်ဝါးကပ်တိုင်မှာ ဒီဘာသာစကားသုံးမျိုးနဲ့ပဲ ရေးခဲ့တယ်” လို့ သူရေးခဲ့တယ်။ ဒါပေမဲ့ အဲဒီဘာသာစကားသုံးခုနဲ့ရေးဖို့ ဆုံးဖြတ်ခဲ့တာက ဘုရားသခင်ကိုမကိုးကွယ်တဲ့ ရောမတွေဖြစ်တယ်။ ဘုရားသခင်ဆီကလာတဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူး။
^ အပိုဒ်၊ 28 ဒီမဂ္ဂဇင်းရဲ့ စာမျက်နှာ ၅ ဒါမှမဟုတ် www.watchtower.org မှာပါတဲ့ လိပ်စာနဲ့ ဆက်သွယ်နိုင်ပါတယ်။
[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]
သမ္မာကျမ်းစာကို သာမန်လူတွေ မရနိုင်အောင် အပြင်းအထန်တားမြစ်ထားခြင်းကြောင့် ခရစ်ယာန်ဓမ္မဆရာတွေ သာမန်လူတန်းစားတွေအပေါ် ဩဇာလွှမ်းမိုးနိုင်
[စာမျက်နှာ ၈ ပါ အကျဉ်းဖော်ပြချက်]
အများသုံးဘာသာစကားနဲ့ကျမ်းစာ ပိုင်ဆိုင်သူ ဒါမှမဟုတ် ဖြန့်ဝေသူတွေကို ဖမ်းမိတဲ့အခါ သစ်တိုင်မှာမီးရှို့ ဒါမှမဟုတ် တစ်သက်တစ်ကျွန်းထောင်ချ
[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]
သမ္မာကျမ်းစာ ဖြေဆိုပေးတဲ့ မေးခွန်းများ
ဖန်ဆင်းရှင်က ဒီအခြေခံကျတဲ့မေးခွန်းတွေရဲ့အဖြေကို ကျွန်ုပ်တို့ကို သိရှိစေလိုတယ်–
● ကျွန်ုပ်တို့ ဘာကြောင့် အသက်ရှင်နေကြသလဲ
● ဆင်းရဲခက်ခဲမှုတွေ ဘာကြောင့် ဒီလောက်ထိ များနေရတာလဲ
● သေလွန်သွားသူတွေ ဘယ်ကိုရောက်သွားသလဲ
● လူသားထုရဲ့အနာဂတ် ဘယ်လိုရှိသလဲ
သမ္မာကျမ်းစာထဲမှာ ဒီမေးခွန်းတွေရဲ့အဖြေပါရှိတယ်၊ ဒါ့အပြင် စစ်မှန်တဲ့ပျော်ရွှင်မှုရဖို့ လက်တွေ့ကျတဲ့ အကြံပြုချက်တွေလည်း ပါရှိပါတယ်။
[စာမျက်နှာ ၆၊ ၇ ပါ ဇယား/ရုပ်ပုံများ]
သမ္မာကျမ်းစာကို တိုက်ခိုက်ခဲ့တဲ့ခုနှစ်စဉ်
အေဒီ ၆၃၆ ခန့်
ဟေဗြဲ၊ ဂရိနဲ့ လက်တင်ဘာသာစကားက “သန့်ရှင်းမြင့်မြတ်” တဲ့ဘာသာစကားဖြစ်တဲ့အတွက် ဒီဘာသာစကားတွေကပဲ သမ္မာကျမ်းစာအတွက် သင့်တော်တယ်လို့ စဗေးလ်မြို့မှ အစ်စီဒေါ အခိုင်အမာဆိုခဲ့
၁၀၇၉
ချာ့ခ်ျမှာ ဆလာဗစ်ဘာသာစကားကိုသုံးဖို့ ဗရာတစ်စလော့စ် ခွင့်ပြုချက်တောင်းတဲ့အခါ ပုပ်ရဟန်းမင်း ဂရေဂရီ ၇ က သမ္မာကျမ်းစာဟာ “ပညာသာမန်အဆင့်ရှိသူများ” လက်ထဲ မရောက်ရှိသင့်ဘူးလို့ ပြောပြီး ငြင်းပယ်ခဲ့
၁၁၉၉
သမ္မာကျမ်းစာကို ဘာသာပြန်ရဲသူ၊ ဆွေးနွေးရဲသူတွေကို ပုပ်ရဟန်းမင်း အင်နိုးစင့် ၃ က အယူလွဲသူတွေအဖြစ် ရှုမြင်ခဲ့။ ပုပ်ရဟန်းမင်းရဲ့အမိန့်ကို မလိုက်နာသူတွေဟာ ညှဉ်းပန်းနှိပ်စက်ခံရ၊ အသတ်ခံခဲ့ရကြ
၁၅၄၆
ကျမ်းစာဘာသာပြန်ကျမ်းတွေ ပုံနှိပ်ထုတ်ဝေမှုမှန်သမျှအတွက် ဦးဆုံး ကက်သလစ်ချာ့ခ်ျရဲ့ခွင့်ပြုချက်တောင်းခံရမယ်လို့ ထရန့်ကောင်စီအစည်းအဝေးမှာ အမိန့်ထုတ်ပြန်ခဲ့
၁၅၅၉
ပုပ်ရဟန်မင်း ပေါလ် ၄ က သာမန်လူတွေသုံးတဲ့ဘာသာစကားနဲ့ပြန်ဆိုထားတဲ့ သမ္မာကျမ်းစာ ပိုင်ဆိုင်ခွင့်ကို ပိတ်ပင်ခဲ့။ အဲဒီဘာသာပြန်ကျမ်းတွေကို သိမ်းဆည်းပြီး မီးရှို့ဖျက်ဆီးခဲ့၊ တစ်ခါတလေ ကျမ်းစာကို ကျမ်းစာပိုင်ရှင်နဲ့အတူ မီးရှို့ခဲ့
[Credit Lines]
Pope Gregory VII: © Scala/White Images/Art Resource, NY; Pope Innocent III: © Scala/Art Resource, NY; Council of Trent: © Scala/White Images/Art Resource, NY; Pope Paul IV: © The Print Collector, Great Britain/HIP/Art Resource, NY
[Picture Credit Line on page 8]
From Foxe’s Book of Martyrs