နောက်အိမ်ထောင်ပြုတဲ့အခါ ကြုံတွေ့ရတတ်တဲ့ အခက်အခဲများ
နောက်အိမ်ထောင်ပြုတဲ့အခါ ကြုံတွေ့ရတတ်တဲ့ အခက်အခဲများ
● မိထွေးပထွေးရှိတဲ့မိသားစုတွေအကြောင်း လေ့လာတဲ့ပညာရှင် ဒေါက်တာ ပက်ထရီရှာ ပက်ပါနောက နောက်အိမ်ထောင်မှာကြုံတွေ့ရတတ်တဲ့ အရေးကိစ္စတွေကို ပထမအိမ်ထောင်အတိုင်း ဖြေရှင်းဖို့ကြိုးစားတာက မြို့တစ်မြို့မှာ တခြားမြို့တစ်မြို့ရဲ့မြေပုံကိုသုံးပြီး လမ်းရှာနေတာနဲ့တူမယ်လို့ ပြောခဲ့တယ်။
အမှန်တော့ နောက်အိမ်ထောင်ပြုတဲ့အခါ ကြုံရတဲ့အခက်အခဲတွေက တမူထူးခြားရုံသာမကဘူး၊ ပထမအိမ်ထောင်မှာ ကြုံခဲ့ရတဲ့အခက်အခဲတွေထက် ပိုရှုပ်ထွေးတယ်။ စိတ်ပညာရှင် ဝီလျံ မာကာလ်က နောက်အိမ်ထောင်ပြုခြင်းဆိုတာ “လူတွေသိထားတဲ့ ဆက်ဆံရေးတွေထဲမှာ အရှုပ်ထွေးဆုံးဖြစ်ပြီး သာမန်မဟုတ်တဲ့အပြင် အခက်ခဲဆုံးလည်းဖြစ်တယ်” လို့ပြောခဲ့တယ်။
အဲဒီလိုခက်ခဲတယ်ဆိုရင် မိထွေးပထွေးရှိတဲ့မိသားစုတွေက ပျော်ရွှင်သာယာတဲ့မိသားစု ဘယ်လိုဖြစ်နိုင်မလဲ။ မိထွေးပထွေးရှိတဲ့မိသားစုရဲ့ ဆက်ဆံရေးတွေကို စပ်စောင်တစ်ခုမှာရှိတဲ့ စပ်ကြောင်းတွေနဲ့ နှိုင်းယှဉ်နိုင်တယ်။ စချုပ်ချိန်မှာ စပ်ကြောင်းတွေက မခိုင်ပုံပေါက်နေနိုင်ပေမဲ့ သေသေချာချာ ဂရုတစိုက်ချုပ်ပြီးသွားတဲ့အခါမှာတော့ ပိတ်စတစ်စတည်းစောင်လိုပဲ ခိုင်ခံ့နိုင်ပါတယ်။
မိထွေးပထွေးရှိတဲ့မိသားစုတွေ ကြုံတွေ့နေကျဖြစ်တဲ့ အခက်အခဲတချို့နဲ့ သူတို့တစ်ဦးချင်းစီ အတူတကွ “ပေါင်းစပ်” နိုင်အောင် ထောက်ကူပေးတဲ့ အချက်တချို့ကို သုံးသပ်ကြည့်ကြစို့။ ပြီးတဲ့နောက် မိထွေးပထွေးရှိပေမဲ့ ပျော်ရွှင်သာယာနေတဲ့မိသားစုလေးစုအကြောင်း တွေ့ရပါမယ်။
အခက်အခဲ ၁– မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ
“ခင်ပွန်းဘက်ကနေပါလာတဲ့ကလေးတွေကို မေတ္တာများများပြ၊ ကောင်းကောင်းဂရုစိုက်ပေးရင် သူတို့ ကျွန်မကို လက်ခံလာကြလိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ ရှစ်နှစ်ကြာကြိုးစားပြီးတဲ့နောက်မှာတောင် သူတို့ရဲ့မေတ္တာကို မျှော်လင့်နေရတုန်းပဲ။”—ဂလိုရီယာ။ *
နောက်အိမ်ထောင်ပြုပြီး မိထွေးပထွေးဖြစ်လာသူအများစုက အစပိုင်းမှာ ကြီးကြီးမားမား မျှော်လင့်ထားတတ်ကြတယ်။ မိဘဖြစ်သူတွေက အရင်အိမ်ထောင်တုန်းကအမှားမျိုးကို ရှောင်ဖို့၊ ပြုပြင်ဖို့နဲ့ အရင်အိမ်ထောင်မှာမရှိခဲ့တဲ့ လုံခြုံပြီးမေတ္တာလွှမ်းခြုံတဲ့ ဝန်းကျင်ဖြစ်ဖို့ မျှော်လင့်ကြတယ်။ တချို့မျှော်လင့်ချက်က စိတ်ကူးယဉ်ဆန်လွန်းနေနိုင်တယ်။ အဲဒီမျှော်လင့်ချက်တွေ ဖြစ်မလာတဲ့အခါ စိတ်ဖိစီးမှုဖြစ်လာတယ်။ “မျှော်လင့်သောအရာသည် ဖင့်နွှဲလျှင် စိတ်နှလုံးကိုပူပန်စေတတ်၏” ဆိုပြီး သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့အတိုင်းဖြစ်တယ်။ (သု. ၁၃:၁၂) ဖြစ်မလာတဲ့မျှော်လင့်ချက်တွေကြောင့် စိတ်ထိခိုက်နေတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။
သင်လုပ်ဆောင်နိုင်ရာ
စိတ်ပျက်စရာတွေ ပျောက်သွားမှာပါလို့မျှော်လင့်ရင်း သင့်ရဲ့ခံစားချက်တွေကို လျစ်လျူမရှုထားပါနဲ့။ အဲဒီအစား ဖြစ်မလာတဲ့ဘယ်မျှော်လင့်ချက်က သင့်ကို စိတ်ထိခိုက်စေသလဲဆိုတာ သိအောင်လုပ်ပါ။ ပြီးတဲ့နောက် ဘာကြောင့် သင် အဲဒီလိုမျှော်လင့်သလဲဆိုတာကို ဆန်းစစ်ကြည့်ပါ။ ဒါဆိုရင် မျှော်လင့်ရတဲ့အကြောင်းရင်းကို သင် တွေ့ရှိလာမယ်။ ပြီးတဲ့နောက် လောလောဆယ်အတွက် ပိုလက်တွေ့ကျရာကို မျှော်လင့်ပါ။ အောက်မှာဖော်ပြထားတာတွေက ဥပမာတချို့ဖြစ်တယ်–
၁။ အစကတည်းက သူ့ဘက်ကပါလာတဲ့ ကလေးတွေကို မေတ္တာပြမယ်၊ သူတို့လည်း ငါ့ကို ချစ်မှာပဲ။
မျှော်လင့်ရတဲ့အကြောင်းရင်း– နွေးထွေးပြီး ရင်းနှီးတဲ့မိသားစုဘဝကို ငါ အမြဲတမ်းတခဲ့တာ။
ပိုလက်တွေ့ကျရာ– နောက်တော့ ငါတို့တွေ တစ်ယောက်ကိုတစ်ယောက် ပိုချစ်လာကြမှာပါ။ အခုအချိန်မှာ ငါတို့မိသားစုအတွက် အရေးကြီးတာက လုံခြုံတယ်လို့ခံစားရဖို့နဲ့ တစ်ယောက်ကိုတစ်ယောက် လေးစားမှုရှိဖို့ပဲ။
၂။ မိသားစုအသစ်မှာရှိသူယောက်တိုင်းက မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲကြမှာပါ။
မျှော်လင့်ရတဲ့အကြောင်းရင်း– ငါတို့အားလုံး ဘဝသစ်စဖို့ အဆင်သင့်ပဲ။
ပိုလက်တွေ့ကျရာ– မိထွေးပထွေးရှိတဲ့မိသားစုတွေ မိသားစုအတွင်း နေသားတကျဖြစ်ဖို့ များသောအားဖြင့် လေးနှစ်ကနေ ခုနစ်နှစ်ကြာတတ်တယ်။ ငါတို့မိသားစုအခြေအနေက တမူထူးနေတာမဟုတ်ဘူး။
၃။ ငွေနဲ့ပတ်သက်ပြီး အငြင်းအခုံဖြစ်မှာမဟုတ်တော့ဘူး။
မျှော်လင့်ရတဲ့အကြောင်းရင်း– ငါတို့ရဲ့မေတ္တာက အသေးအဖွဲကိစ္စတွေနဲ့ အငြင်းမပွားအောင် ကူညီပေးမှာပါ။
ပိုလက်တွေ့ကျရာ– အရင်အိမ်ထောင်မှာတုန်းက ငွေကြေးကိစ္စက အရမ်းရှုပ်ထွေးခဲ့တယ်။ ဒါကြောင့် ငါတို့တွေ ကိုယ့်ရဲ့ငွေအားလုံးကိုပေးဖို့ အဆင်သင့်ဖြစ်ကြသေးမှာမဟုတ်ဘူး။
အခက်အခဲ ၂– တစ်ယောက်ကိုတစ်ယောက် ဘယ်လိုနားလည်နိုင်မလဲ
“ကျွန်တော်တို့ မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲခဲ့ကြတယ်။ မိသားစုအသစ်မှာ မိသားစုဝင်ယောက်တိုင်းက ချက်ချင်းလိုလို နေသားကျသွားတယ်။”—ယိုရှီတို။
“ဆယ်နှစ်လောက်ကြာတော့မှပဲ ကျွန်တော့်ရဲ့ ဒီမိသားစုကို ပျော်ရွှင်သာယာအောင်လုပ်ဖို့ ကြိုးစားမယ်လို့ စိတ်ပိုင်းဖြတ်နိုင်ခဲ့တယ်။”—တာစူကီ၊ ယိုရှီတိုရဲ့ မယားပါသား။
ယိုရှီတိုနဲ့ တာစူကီတို့လိုပဲ မိထွေးပထွေးရှိတဲ့ မိသားစုတွေဟာ တစ်ယောက်ကိုတစ်ယောက် တကယ်တမ်းနားမလည်တာမျိုး ဖြစ်တတ်ကြတယ်။ တစ်ယောက်ကိုတစ်ယောက်နားလည်ဖို့ ဘာကြောင့်အရေးကြီးသလဲ။ ပြဿနာပေါ်လာတဲ့အခါ သင်က ချက်ချင်းဖြေရှင်းလိုက်ချင်ပါလိမ့်မယ်။ ဒါပေမဲ့ ထိထိရောက်ရောက်ဖြေရှင်းဖို့ အရင်ဆုံး သင့်မိသားစုဝင်တွေကို နားလည်ဖို့လိုတယ်။
စကားအပြန်အလှန်ပြောတာကောင်းပေမဲ့ ဘယ်လိုပြောမလဲဆိုတာကို ထည့်စဉ်းစားဖို့ အရေးကြီးပါတယ်။ အကြောင်းကတော့ စကားက တည်ဆောက်နိုင်စွမ်းရှိသလို ဖြိုဖျက်နိုင်စွမ်းလည်းရှိလို့ပဲ။ “လျှာသည် အသက်သေခြင်းနှင့် ရှင်ခြင်းကိုအစိုးရ၏” လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (သု. ၁၈:၂၁) သင်ပြောလိုက်တဲ့စကားက တစ်ယောက်နဲ့တစ်ယောက် စိမ်းကားသွားစေတဲ့ စကားမျိုးမဟုတ်ဘဲ နားလည်မှုပိုရလာစေတဲ့စကားမျိုး ဖြစ်သင့်တယ်။ ဘယ်လိုလုပ်နိုင်သလဲ။
သင်လုပ်ဆောင်နိုင်ရာ
• တခြားသူရဲ့ ခံစားချက်ကို ပြစ်တင်ဝေဖန်တဲ့ပုံစံမျိုးနဲ့မဟုတ်ဘဲ စာနာမှုရှိရှိစိတ်ဝင်စားကြောင်းပြပါ။ ဥပမာ–
“အဖေ့ကို သတိရတယ်” လို့ သင့်ရဲ့သားက ပြောလာတဲ့အခါ သူ့ရဲ့ခံစားချက်ကို အသိအမှတ်ပြုပေးပါ။ “အခုအဖေက သားကိုချစ်တာပဲ၊ သားရဲ့အဖေအရင်းထက်တောင် သားအပေါ် ပိုကောင်းသေးတယ်” လို့ပြောမယ့်အစား “ဟုတ်မှာ၊ သားသတိရမိမှာပဲ။ သားအဖေနဲ့ပတ်သက်ပြီး ဘာကို သတိအရဆုံးလဲဆိုတာ အမေ့ကိုပြောပြပါလား” လို့ ပြောကြည့်ပါ။
သင့်ရဲ့အိမ်ထောင်ဖက်အသစ်ကို သင်ဘယ်လိုခံစားရကြောင်း ပြောပြတဲ့အခါ “ရှင်သာ မိဘကောင်းတစ်ယောက်ဖြစ်မယ်ဆိုရင် ရှင့်သား ဒီလောက်မိုက်ရိုင်းမှာမဟုတ်ဘူး” လို့ သူ့ကိုပါ စွပ်စွဲပြောဆိုမယ့်အစား ဒီလိုပြောကြည့်ပါ– “ရှင့်သားအိမ်ပြန်ရောက်လာတဲ့အခါ ခပ်တည်တည်နဲ့ သူစိမ်းတစ်ယောက်လို အိမ်ထဲဝင်မသွားဖို့ ပြောပေးနိုင်မလား။ သူ အဲဒီလိုလုပ်နေတာက ကျွန်မအတွက် အနေရခက်စေလို့ပါ။”
• တစ်ယောက်အကြောင်း တစ်ယောက်သိလာဖို့ အတူတကွ အစာစားပါ၊ အပန်းဖြေပါ၊ ဝတ်ပြုရေးမှာပါဝင်ပါ။
• မိသားစု စုံစုံညီညီတွေ့ဆုံဖို့ ပုံမှန်အချိန်ကို သတ်မှတ်ထားပါ။ အိမ်သားယောက်တိုင်းကို စကားပြောခွင့်ပေးပါ၊ ကြားဖြတ်မပြောပါနဲ့။ မိသားစုအသစ်နဲ့ပတ်သက်ပြီး ကောင်းတဲ့အချက်လေးတွေနဲ့စတင်ပါ၊ နောက်မှ လိုအပ်တာကိုပြောပါ။ သဘောမတူဘူးဆိုရင်တောင် လေးစားမှုပြပါ၊ သူတို့စိတ်ထဲမှာရှိတဲ့ ဖြေရှင်းနည်းကို ပြောခွင့်ပြုပါ။
အခက်အခဲ ၃– မိသားစုဝင်ဖြစ်တယ်လို့ ယောက်တိုင်းခံစားလာရအောင် ဘယ်လိုလုပ်မလဲ
“ကျွန်တော့်ဇနီးနဲ့ သူ့ကလေးတွေက ခေါင်းချင်းဆိုင်တိုင်ပင်ပြီးနောက်မှ ကျွန်တော့်ဆီလာကြတယ်။ ကျွန်တော်က အပြင်လူလိုလို၊ လူပိုလိုလိုခံစားရတယ်။” —ဝေါ့တ်။
မိသားစုထဲမှာ လူပိုတစ်ယောက်ဖြစ်မှာကို စိုးရိမ်ပူပန်မှုကြောင့် ဒီခံစားချက်နဲ့ ဘာမှမဆီမဆိုင်ပုံရတဲ့ ပြဿနာတွေဖြစ်လာနိုင်တယ်။ ဥပမာ–
• လက်မထပ်ခင်တုန်းကတော့ ကလေးတွေက မိထွေးပထွေးဖြစ်လာမယ့်သူတွေနဲ့ အဆင်ပြေကြပေမဲ့ လက်ထပ်ပြီးနောက်ပိုင်းမှာ ပြဿနာဖြစ်လာတယ်။
• ကိုယ့်အိမ်ထောင်ဖက်ရဲ့ ခြောက်နှစ်အရွယ်ကလေးကို မနာလိုဖြစ်လာတယ်။
• အသေးအဖွဲကိစ္စလေးနဲ့တောင် အကြီးအကျယ် အငြင်းပွားလာကြတယ်။
လူပိုတစ်ယောက်ဖြစ်မှာကို စိုးရိမ်ပူပန်မှုကြောင့် မိထွေးပထွေးမိသားစုမှာ စည်းလုံးဖို့အခက်တွေ့လာတဲ့အခါ မိဘအရင်းဖြစ်သူတွေကိုတောင် ထိခိုက်မှုရှိလာတယ်။ “ကျွန်မခင်ပွန်းနဲ့ ကလေးနှစ်ယောက်ကြားမှာ ဖျန်ဖြေပေးနေရတာ အရမ်းပင်ပန်းတယ်” လို့ကာမန်ပြောတယ်။
ဒီအခက်အခဲကိုဖြေရှင်းရာမှာ ရွှေပညတ်လို့ လူအများသိထားကြတဲ့ ကျမ်းချက်က ကူညီပေးတယ်။ “သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့” လို့ ယေရှုပြောတဲ့အချက်ဖြစ်တယ်။ (မဿဲ ၇:၁၂) မိထွေးပထွေးရှိတဲ့မိသားစုမှာ ယောက်တိုင်းက မိသားစုဝင်ဖြစ်တယ်လို့ ခံစားလာရအောင် ဘယ်လိုလုပ်ဆောင်နိုင်သလဲ။
သင်လုပ်ဆောင်နိုင်ရာ
• သင့်အိမ်ထောင်ဖက်ကို ဦးစားထားပါ။ (ကမ္ဘာဦး ၂:၂၄) သင့်အိမ်ထောင်ဖက်အသစ်ကို အချိန်ပေးပါ၊ မိသားစုမှာ သူ့ရဲ့အနေအထားကို သင့်ကလေးတွေကို ရှင်းရှင်းလင်းလင်းပေးသိထားပါ။ ဥပမာ၊ ဖခင်အနေနဲ့ နောက်အိမ်ထောင်မပြုခင် ကိုယ့်ကလေးတွေကို ဒီလိုပြောထားနိုင်တယ်– “အဖေက ဒေါ်အယ်နာကို ချစ်တယ်။ မကြာခင် သူက အဖေ့ရဲ့ဇနီးဖြစ်လာတော့မယ်။ သူ့ကို ကလေးတို့ ရိုသေကြမယ်ဆိုတာ အဖေသိပါတယ်။”
• သင့်ကလေးတစ်ယောက်ချင်းစီကို အချိန်ပေးဖို့ သတ်မှတ်ထားပါ။ သတ်သတ်မှတ်မှတ်အချိန်ဖယ်ထားတာက သူတို့ကို သင်ချစ်တယ်၊ သူတို့က သင့်အတွက် အရေးပါတဲ့သူတွေဖြစ်တယ်ဆိုတာ ဖော်ပြတာဖြစ်တယ်။
• အိမ်ထောင်ဖက်ကနေပါလာတဲ့ ကလေးတွေကို အချိန်ပေးပါ။ ဒါဆိုရင် သူတို့နဲ့ ဆက်ဆံရေးကောင်းရှိနိုင်ပါတယ်။ မိဘအရင်းကလည်း ဒိုင်လူကြီးလုပ်ပေးစရာ လိုမှာမဟုတ်တော့ဘူး။
• အရင်မိသားစုကို အဆက်ဖြတ်ဖို့၊ မေ့ပစ်ဖို့မလိုဘဲ မိသားစုအသစ်မှာ ပါဝင်လာဖို့ ကလေးတွေကို ခွင့်ပြုပေးပါ။ မိထွေးပထွေးကို “အဖေ၊” “အမေ” လို့ အတင်းမခေါ်ခိုင်းတာက အကောင်းဆုံးဖြစ်တယ်။ အရွယ်ရောက်နေပြီဖြစ်တဲ့ကလေးတွေက အစပိုင်းမှာ “မိသားစု၊” “ငါတို့” ဆိုတဲ့ အသုံးအနှုန်းတွေသုံးတဲ့အခါ စိတ်မသက်မသာခံစားရနိုင်တယ်။
• ကလေးယောက်တိုင်းကို ကိုယ်စီအိမ်အလုပ်လေးတွေ ပေးထားပါ၊ ထိုင်ခုံနေရာ၊ အိမ်မှာ သူတို့အတွက်သီးသန့်နေရာတွေ သတ်မှတ်ထားပေးပါ။ ကွဲသွားတဲ့အိမ်ထောင်ဖက်နဲ့ နေတာများပြီး ကိုယ့်ဆီခဏတဖြုတ်လာနေတဲ့ကလေးအတွက်လည်း အဲဒီလိုသတ်မှတ်ပေးထားပါ။
• အိမ်သားအသစ်တွေကို သူစိမ်းတွေဖြစ်တယ်ဆိုတဲ့ ခံစားချက်မ၀င်စေဖို့ အိမ်အသစ်ကိုပြောင်းရွှေ့ဖို့ ဒါမှမဟုတ် လက်ရှိအိမ်ကို အပြောင်းအလဲပြုလုပ်ဖို့ စဉ်းစားပါ။
အခက်အခဲ ၄– ကလေးတွေကို ဆုံးမရာမှာ
“ကာမန်ရဲ့ကလေးတွေကို ကျွန်တော်ဆုံးမတဲ့အခါတိုင်း သူက ကျွန်တော့်ဘက်ပါမယ့်အစား ကလေးတွေကိုပဲ သွားချော့နေတယ်။”—ပါဘလို။
“ပါဘလိုက ကျွန်မကလေးတွေကို ကြမ်းကြမ်းတမ်းတမ်းနဲ့ဆက်ဆံတဲ့အခါတိုင်း ကျွန်မအသည်းနှလုံး အမွှန်းခံရ သလိုပဲ။”—ကာမန်။
မိထွေးပထွေးရှိတဲ့မိသားစုမှာ ကလေးတွေကို ပြုစုပျိုးထောင်တဲ့အခါ ဘာကြောင့် သဘောထားချင်းမတိုက်ဆိုင်တာတွေ ဖြစ်နိုင်သလဲ။ မိသားစုကို တစ်ယောက်တည်းကြည့်ရှုရချိန်တုန်းက ကလေးတွေကိုဆုံးမတဲ့နေရာမှာ လစ်ဟင်းခဲ့နိုင်တယ်။ မိထွေး/ပထွေးက မိသားစုထဲဝင်လာတဲ့အခါ သူက ကလေးတွေအပေါ် တွယ်တာစိတ် အပြည့်အဝမရှိသေးတာ ဖြစ်နိုင်တယ်။ ဒီလိုဆိုရင် ဘာဖြစ်လာနိုင်သလဲ။ မိဘအရင်းဟာ ကလေးတွေအပေါ် အရမ်းအလိုလိုက်လွန်းတယ်လို့ မိထွေး/ပထွေးဖြစ်သူက ယူမှတ်နိုင်ပြီး မိထွေး/ပထွေးဖြစ်သူက ကိုယ့်ရဲ့ကလေးတွေအပေါ် ခက်ထန်လွန်းတယ်လို့ မိဘအရင်းဖြစ်သူက ယူမှတ်နိုင်တယ်။
သားသမီးပြုစုပျိုးထောင်ရာမှာ မျှတမှုရှိဖို့ သမ္မာကျမ်းစာက ဒီလိုအားပေးတယ်– ‘သားသမီးများကို စိတ်ဆိုးစေရန် မပြုကြနှင့်။ ယေဟောဝါဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် စိတ်သဘောတော်အတိုင်း မွေးမြူလျက်နေကြလော့။’ (ဧဖက် ၆:၄) ဒီကျမ်းချက်မှာ အလေးပေးချင်တာက သင့်ကလေးရဲ့အပြုအမူကို ထိန်းချုပ်ရုံလောက်သာမဟုတ်ဘဲ အတွေးအခေါ်ကို လေ့ကျင့်ပေးဖို့ဖြစ်တယ်။ တစ်ချိန်တည်းမှာ ကလေးတွေအတွက် စိတ်ဆိုးစရာမဖြစ်အောင် မိဘတွေက မေတ္တာပါပါ ကြင်နာစွာဆုံးမဖို့ဖြစ်တယ်။
သင်လုပ်ဆောင်နိုင်ရာ
• အိမ်စည်းကမ်းတွေကို ရှိနေပြီးသားစည်းကမ်းတွေနဲ့ အစပြုသတ်မှတ်ပါ။ အဲဒီလိုစည်းကမ်းတွေချမှတ်ထားခြင်းရဲ့ အကျိုးကျေးဇူးကို အောက်ပါအခြေအနေမှာ သုံးသပ်ကြည့်ပါ–
မိထွေး– နီလာ၊ ဒီအိမ်ရဲ့စည်းကမ်းက အိမ်စာမပြီးမချင်း တီဗီမကြည့်ရဘူး။
နီလာ– ရှင်က ကျွန်မအမေမဟုတ်ဘူး။
မိထွေး– ဟုတ်တယ်၊ ဒါပေမဲ့ အခုလောလောဆယ်တော့ ငါက မိဘကိုယ်စား အုပ်ထိန်းသူဖြစ်တယ်။ အိမ်စည်းကမ်းက အိမ်စာမပြီးမချင်း တီဗီမကြည့်ရဘူး။
• စည်းကမ်းအများကြီး သတ်မှတ်ထားတာ ဒါမှမဟုတ် အမြဲလုပ်နေကျ လုပ်ရိုးလုပ်စဉ်ကို ချက်ချင်းပြောင်းလိုက်တာမျိုးကို ရှောင်ပါ။ မိထွေးပထွေးဘက်က အသေးအဖွဲတောင်းဆိုချက်လို့ထင်ရတဲ့အရာဟာ အစကတည်းက ဘဝတစ်ခုလုံး ကပြောင်းကပြန်ဖြစ်နေတယ်လို့ ခံစားနေရတဲ့ ကလေးအတွက်ကျတော့ ၀န်ထုပ်ကြီးဖြစ်နေနိုင်တယ်။ တချို့စည်းမျဉ်းအသစ်တွေ ချဖို့လိုအပ်တယ်ဆိုတာတော့ အမှန်ပါပဲ။ အထူးသဖြင့် မိထွေးပထွေးရှိတဲ့မိသားစုမှာ အရွယ်ရောက်နေပြီဖြစ်တဲ့ ကလေးတွေရှိမယ်ဆိုရင် မိသားစုဝင်တွေရဲ့ အခန်းထဲ၀င်ထွက်တဲ့ကိစ္စလိုမျိုး သူ့စည်းကိုယ့်စည်းရှိရမယ့်နေရာတွေ၊ အိမ်နေရင်းအချိန်တွေမှာတောင် ဘယ်လိုအဝတ်အစားမျိုးမဝတ်ရဘူးဆိုတဲ့ စည်းမျဉ်းတွေ ဖြစ်တယ်။
• သဘောမတူတာတွေရှိရင် ကလေးတွေရှေ့မှာမဟုတ်ဘဲ သီးသန့်ဆွေးနွေးပါ။ ကလေးရဲ့ သတ်သတ်မှတ်မှတ်အပြုအမူတစ်ခုကို အာရုံစိုက်ပါ၊ အရင်မိသားစုမှာ လေ့ကျင့်ပေးမှုညံ့ဖျင်းတာတွေကို ထုတ်ပြောရမယ့်အချိန်မဟုတ်ပါဘူး။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 7 ဒီဆောင်းပါးတွဲတွေမှာ နာမည်တချို့ကို ပြောင်းထားပါတယ်။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
မိထွေးပထွေးရှိတဲ့မိသားစုတစ်စု စည်းလုံးပျော်ရွှင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အိပ်မက်တစ်ခုလို့ ထင်ရနိုင်
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
ယောက်တိုင်းရဲ့ခံစားချက်နဲ့ စိုးရိမ်ပူပန်မှုတွေကို နားလည်လာအောင် သေသေချာချာနားထောင်ပေးပါ
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
မိဘတွေအနေနဲ့ သဘောမတူတဲ့ကိစ္စတွေရှိရင် သီးသန့်ဖြေရှင်းသင့်