သမ္မာကျမ်းစာရှုထောင့်
ကျန်းမာရေး
ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မစိုက်ဆိုတာ ဘုရားသခင် စိတ်ဝင်စားပါသလား
“စပျစ်ရည်သောက်ကြူးသောသူ၊ အမဲသားစားကြူးသောသူတို့ကို အပေါင်းအဖော်မလုပ်နှင့်။”—သုတ္တံ ၂၃:၂၀။
ဒီအကြောင်းသိဖို့ ဘာကြောင့်အရေးကြီးသလဲ။
သမ္မာကျမ်းစာက ဆေးပြဋ္ဌာန်းစာအုပ်မဟုတ်သလို ပြုမူကျင့်ကြံပုံတိုင်းအတွက်လည်း စည်းမျဉ်းစည်းကမ်းသတ်မှတ်မထားပါဘူး။ ဒါပေမဲ့ ကျန်းမာရေးအပေါ် ဘုရားသခင့်ရှုမြင်ပုံကို သမ္မာကျမ်းစာမှာဖော်ပြထားတယ်။ အဲဒါကိုသိထားမယ်ဆိုရင် သင် အကျိုးအများကြီးရနိုင်ပါတယ်။
သမ္မာကျမ်းစာပြောဆိုရာ–
ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်းနဲ့ပတ်သက်တဲ့ ဘုရားသခင့်သဘောထားကို သမ္မာကျမ်းစာရဲ့ကျမ်းပိုဒ်တော်တော်များများမှာ ဖော်ပြထားတယ်။ ဥပမာ၊ အရက်သောက်ကြူးတာနဲ့ စားကြူးတာအပါအဝင် အန္တရာယ်ရှိလောက်တဲ့ လွန်ကျူးမှုတွေကို သမ္မာကျမ်းစာက ရှုတ်ချထားတယ်။ (သုတ္တံ ၂၃:၂၀) ရှေးခေတ်အစ္စရေးလူမျိုးကိုပေးတဲ့ ဘုရားသခင့်ပညတ်တွေက ရောဂါမပြန့်ပွားအောင်၊ တချို့အခြေအနေတွေမှာ ရောဂါမဖြစ်အောင် ကာကွယ်ပေးတယ်။ အဲဒီပညတ်တွေထဲမှာ မတော်တဆထိခိုက်မှုမရှိအောင် ကာကွယ်ပေးတဲ့ သတ်သတ်မှတ်မှတ် ပညတ်ချက်တွေလည်းပါတယ်။ (တရားဟောရာ ၂၂:၈) သမ္မာကျမ်းစာက ကျွန်ုပ်တို့ကိုယ်ခန္ဓာကို ဂရုစိုက်ဖို့နဲ့ တတ်နိုင်သမျှစောင့်ရှောက်ဖို့ အားပေးထားတယ်ဆိုတာ ထင်ရှားပါတယ်။
ကျွန်ုပ်တို့ ဖျားနာရတဲ့အကြောင်းရင်းကို သမ္မာကျမ်းစာက ဘယ်လိုရှင်းပြသလဲ
“အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏။”—ရောမ ၅:၁၂။
လူတွေပြောဆိုရာ–
ဖျားနာမှုဆိုတာ ဆင့်ကဲဖြစ်စဉ်ရဲ့ ဘေးထွက်ဆိုးကျိုးလို့ ယုံကြည်တဲ့သူ အများကြီးရှိတယ်။ တချို့ကျတော့ ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးပြဿနာတွေက နတ်ဆိုးတွေလုပ်တာစသဖြင့် လျှို့ဝှက်ဆန်းကြယ်တဲ့စွမ်းအားတွေကြောင့်လို့ ယူဆကြတယ်။
သမ္မာကျမ်းစာပြောဆိုရာ–
သမ္မာကျမ်းစာအရ ကျွန်ုပ်တို့ဖျားနာရတာက ပထမဆုံးလူသားအာဒံ ဘုရားသခင်ကို ပုန်ကန်ခဲ့တဲ့အတွက်ဖြစ်တယ်။ (ရောမ ၅:၁၂) မပုန်ကန်ခင်မှာ လူသားတွေရဲ့ ကနဦးမိဘ အာဒံနဲ့ဧဝဟာ စုံလင်တဲ့ကျန်းမာရေးရှိခဲ့ကြတယ်။ ဘုရားသခင်ရဲ့ မေတ္တာပါစွာ ဂရုစိုက်မှုနဲ့ကင်းကွာသွားရင် သေရမယ်ဆိုတာ သူတို့ သိကြတယ်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) ဒါပေမဲ့ သူတို့ဟာ ဘုရားသခင်နဲ့မိတ်ဆွေဖြစ်ခွင့်ကို တမင်တကာ ဖြတ်တောက်ခဲ့ကြတဲ့အတွက် သူတို့ရရှိထားတဲ့စုံလင်မှုလည်း ဆုံးၡုံးခဲ့တယ်။ *
စုံလင်မှုဆုံးၡုံးသွားခဲ့တဲ့အတွက် အာဒံနဲ့ဧဝဟာ မစုံလင်မှုကိုပဲ ကျွန်ုပ်တို့ကို လက်ဆင့်ကမ်းပေးခဲ့တယ်။ ဒါကြောင့် လူသားတွေဟာ ရောဂါဝေဒနာတွေကင်းစင်ဖို့ ဘယ်လောက်ပဲကြိုးစားကြိုးစား ဖျားနာနေဆဲပါ။
သင်လုပ်ဆောင်နိုင်ရာ–
ဘုရားသခင့်ပညတ်တွေကို နာခံမယ်ဆိုရင် ဘုရားနဲ့ပြန်လည်သင့်မြတ်လာပြီး ပရဒိသုမှာ စုံလင်တဲ့ကျန်းမာရေးနဲ့ ပျော်မွေ့ခွင့်ရလိမ့်မယ်လို့ သမ္မာကျမ်းစာက ဖော်ပြထားတယ်။ (ဟေရှာယ ၃၃:၂၄) ဘုရားသခင်က နာကျင်မှု၊ ဖျားနာမှုနဲ့ သေခြင်းကိုပပျောက်စေမယ်လို့ ကတိပြုထားတယ်။—ဗျာဒိတ် ၂၁:၃၊ ၄။
ကျန်းမာရေးကုသမှုကို သမ္မာကျမ်းစာက ရှုတ်ချထားသလား
“ကျန်းမာသူတို့သည် သမားတော်ကို မလိုကြ။ ဖျားနာသူတို့သာ လိုကြ၏။”—မဿဲ ၉:၁၂။
လူတွေပြောဆိုရာ–
တချို့တွေက (ယုံကြည်ခြင်းကုထုံးလို့လည်းသိကြတဲ့) သဘာဝလွန်စွမ်းအားတွေနဲ့ကုသတာကို အားပေးတယ်။
သမ္မာကျမ်းစာပြောဆိုရာ–
သမ္မာကျမ်းစာခေတ်က ဘုရားသခင့်လူမျိုးမှာ ကျန်းမာရေး စောင့်ရှောက်ပေးသူတွေ ရှိကြပြီး သူတို့တွေရဲ့လုပ်ဆောင်မှုကို ကိုယ်တော် ခွင့်ပြုခဲ့တယ်။ (ကမ္ဘာဦး ၃၈:၂၈; ကောလောသဲ ၄:၁၄) သမ္မာကျမ်းစာမှာ ဆေးဖက်ဝင်အပင်တွေ၊ လိမ်းဆေးတွေ၊ သတ်သတ်မှတ်မှတ် အစားအသောက်တွေ၊ တခြားကျန်းမာရေးကုသမှုတွေကို ဘုရားသခင်မကြိုက်ဘူးဆိုပြီး ဖော်ပြထားတာမရှိဘူး။ ဒါ့အပြင် “ကျန်းမာသူတို့သည် သမားတော်ကို မလိုကြ။ ဖျားနာသူတို့သာ လိုကြ၏” ဆိုတဲ့စကားကိုကြည့်ရင် ဆေးဝါးကုသဖို့လိုကြောင်း ယေရှုလည်း အသိအမှတ်ပြုခဲ့တယ်။—မဿဲ ၉:၁၂။
ဒါပေမဲ့ ကုသမှုတိုင်းကိုတော့ သမ္မာကျမ်းစာက မထောက်ခံဘူး။ ဥပမာ၊ ဒီနေ့ခေတ်မှာပြုလုပ်နေတဲ့ ယုံကြည်ခြင်းကုထုံးကိုတော့ ကျမ်းစာက မထောက်ခံဘူး။ နတ်ဝိဇ္ဇာအတတ်နဲ့ကုသတာတွေကို ဘုရားသခင် မနှစ်သက်ဘူး။ (ဂလာတိ ၅:၁၉-၂၁) ဖျားနာပြီဆိုရင် သမ္မာကျမ်းစာမှာ ပြစ်တင်ရှုတ်ချထားတဲ့နည်းတွေကလွဲလို့ ရရှိနိုင်တဲ့တခြားသင့်တော်တဲ့ကုသမှုကို ချက်ချင်းရှာယူသင့်ပါတယ်။
^ အပိုဒ်၊ 10 ဒီဆောင်းပါးမှာ “စုံလင်” ဆိုတဲ့စကားလုံးက ပထမဆုံးလူသားမောင်နှံကို ဘုရားသခင်ပေးခဲ့တဲ့ ပြီးပြည့်စုံတဲ့ကျန်းမာရေးအခြေအနေ၊ ရောဂါဘယနဲ့ သေခြင်းမရှိတဲ့အခြေအနေကို ပြောတာဖြစ်တယ်။