မိသားစုတွေအတွက်အကူအညီ | သားသမီးတွေကို ပြုစုပျိုးထောင်ခြင်း
ဖုန်းနဲ့ မဖွယ်မရာပုံတွေ၊ စာတွေပို့ခြင်းအကြောင်း သင့်ကလေးနဲ့ ပြောဆိုနိုင်ပုံ
ပြဿနာ
အခု ဆဲလ်ဖုန်းကိုင်တဲ့သူတွေ များလာပြီ ဖြစ်တဲ့အတွက် လူငယ်တွေကြားမှာ အန္တရာယ်ရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်တဲ့ ဆက်စ်တင် (sexting) ပို့တာ ခေတ်စားလာတယ်ဆိုတာ သင်ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ ‘အဲဒီအန္တရာယ်ကနေ ငါ့ရဲ့ကလေးကို ဘယ်လိုကာကွယ်ပေးနိုင်မလဲ’ ဆိုပြီး သင်စိုးရိမ်မိနိုင်တယ်။
အဲဒီအကြောင်းကို သင့်ကလေးနဲ့ ပြောဆိုဆွေးနွေးချင်မှာပဲ၊ ဒါပေမဲ့ ဘယ်လိုပြောမလဲ။ အဲဒီလိုမလုပ်ခင် လူငယ်တချို့ ဘာကြောင့် အဲဒီကိစ္စမှာပါဝင်ဖြစ်သွားသလဲ၊ ဘာကြောင့်စိုးရိမ်သင့်သလဲဆိုတာ အရင်သုံးသပ်ပါ။ *
ဖြစ်ရတဲ့အကြောင်းရင်း
-
ဆယ်ကျော်သက်လူငယ်တချို့ဟာ ဖိုမစိတ်ကိုကြွစေတဲ့ စာသားတွေကို သူတို့သဘောကျတဲ့သူဆီ မြူဆွယ်တဲ့အနေနဲ့ ပို့ပေးတယ်။
-
တချို့ကျတော့ ကောင်လေးက အတင်းဖိအားပေးလို့ ကောင်မလေးက မဖွယ်မရာပုံကို ပေးပို့လိုက်ရတယ်။
-
တစ်ခါတလေ ယောက်ျားလေးတစ်ယောက်က ကောင်မလေးတစ်ယောက်ရဲ့ မဖွယ်မရာပုံကို သူငယ်ချင်းတွေဆီ ပို့ပေးလိုက်တယ်။ အပျော်သဘောအနေနဲ့ ဒါမှမဟုတ် လမ်းခွဲပြီးနောက် ကလဲ့စားချေတဲ့အနေနဲ့ ဖြစ်နိုင်တယ်။
ဘာကြောင့်ပဲဖြစ်ဖြစ် သင့်ရဲ့ဆယ်ကျော်သက်ကလေးလက်မှာ ဆဲလ်ဖုန်းရှိနေတာကိုက ပြဿနာတွေတက်စရာ အကြောင်းရှိနေတယ်။ “ခလုတ်တစ်ချက်နှိပ်ပြီး ပို့လိုက်တာနဲ့” “ဆိုးကျိုးတွေအများကြီးဖြစ်ပေါ်နိုင်တယ်” လို့ စာအုပ်တစ်အုပ် (CyberSafe) မှာ ဖော်ပြထားတယ်။
အင်တာနက်ကတစ်ဆင့် ပုံတစ်ပုံပို့လိုက်ပြီဆိုရင် အဲဒီပုံအသုံးပြုပုံကို လိုက်ထိန်းချုပ်လို့မရတော့ဘူးဆိုတာကို လူများစွာ သတိမထားမိကြဘူး။ ၁၈ နှစ်အရွယ် မိန်းကလေးတစ်ယောက်က အဝတ်အစားမပါဘဲရိုက်ထားတဲ့ပုံကို သူ့ရည်းစားဆီပို့ပေးခဲ့တာကနေ အဲဒီပုံဟာ သူ့ကျောင်းက ကျောင်းသားအများကြီးဆီ ရောက်သွားတဲ့အတွက် အဲဒီမိန်းကလေးဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တယ်။ ကျောင်းသားတွေဟာ ကိုယ့်ဆီရောက်လာတဲ့ပုံကို တစ်ဆင့်ပြီးတစ်ဆင့် ပို့ပေးရာကနေ ပျံ့သွားပြီး အရှက်တကွဲဖြစ်ခဲ့တဲ့အတွက် အခုလို သတ်သေခြင်းဖြစ်တယ်လို့ အမေရိကန် စုံစမ်းစစ်ဆေးရေးအဖွဲ့ (FBI) ကထုတ်ပြန်ခဲ့တယ်။
ဆက်စ်တင်ကြောင့် တရားရေးကိစ္စတွေလည်းပဲ ပေါ်ပေါက်လာတယ်။ ဥပမာ၊ တချို့ဒေသတွေမှာ အရွယ်မရောက်သေးတဲ့ တခြားလူငယ်တွေဆီ လိင်ဆိုင်ရာမဖွယ်မရာဓာတ်ပုံတွေ ပေးပို့တဲ့ လူငယ်တွေကို ညစ်ညမ်းရုပ်ပုံစာပေ ပြစ်မှုကျူးလွန်တဲ့ကလေးအဖြစ် တရားစွဲဆိုပြီး လိင်ဆိုင်ရာပြစ်မှုကျူးလွန်သူအဖြစ် မှတ်တမ်းတင်ထားဖို့ တောင်းဆိုကြတယ်။ မိဘတစ်ဦးအနေနဲ့ ဖုန်းဝယ်တဲ့စာချုပ်မှာ သင့်နာမည်ပါတယ်ဆိုရင် ဒါမှမဟုတ် အဲဒီကိစ္စနဲ့ပတ်သက်ပြီး သင့်ကလေးကို ကြိုတင်ကာကွယ်မှုတွေ မလုပ်ပေးဘူးဆိုရင် သင့်မှာလည်း တာဝန်ရှိနိုင်ပါတယ်။
သင်လုပ်ဆောင်နိုင်ရာ
ရှင်းလင်းတဲ့စည်းကမ်းတွေ သတ်မှတ်ပေးပါ။ သင့်ရဲ့ဆယ်ကျော်သက်ကလေး ဆဲလ်ဖုန်းအသုံးပြုတာကို အပြည့်အဝ ထိန်းချုပ်လို့မရနိုင်ပေမဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို သေချာသိအောင်၊ ချိုးဖောက်ရင်ခံရမယ့် အကျိုးဆက်တွေကိုသိအောင် သင်လုပ်နိုင်တယ်။ မိဘတစ်ဦးအနေနဲ့ သင့်ရဲ့ ဆယ်ကျော်သက်ကလေးရဲ့ ဆဲလ်ဖုန်းကို စစ်ဆေးရမယ့်တာဝန်ရှိတယ်ဆိုတာ သတိရပါ။—ကျမ်းစာလမ်းညွှန်ချက်– ဧဖက် ၆:၁။
ပြဿနာကို ဆင်ခြင်တတ်အောင် ဆယ်ကျော်သက်ကလေးကို ကူညီပေးပါ။ သင်ဒီလိုပြောနိုင်တယ်– “ဖုန်းနဲ့ ဆက်စ်တင်ပို့တာတွေ ဒီမှာစပြီးလုပ်လာပြီဆိုတာ ကြားရတယ်။” “ဘယ်လိုပုံတွေပို့တာ မသင့်တော်ဘူးလို့ထင်လဲ။” “တချို့ဒေသတွေမှာ အရွယ်မရောက်သေးတဲ့သူကို နောက်အရွယ်မရောက်သေးတဲ့သူက မဖွယ်မရာပုံတွေပို့ပေးတာကို ပြစ်မှုကျူးလွန်တယ်လို့ သတ်မှတ်တယ်။ အဲဒီလိုသတ်မှတ်တာကို ဘယ်လို ထင်လဲ။” “ဆက်စ်တင်ပို့တာကို မကောင်းဘူးလို့ ဘာကြောင့်ပြောတာလဲ။” သူ့ရဲ့အဖြေကို သေသေချာချာနားထောင်ပါ၊ နောက်ဆက်တွဲဆိုးကျိုးတွေသိအောင် ကူညီပေးပါ။ —ကျမ်းစာလမ်းညွှန်ချက်– ဟေဗြဲ ၅:၁၄။
နောက်ဆက်တွဲဆိုးကျိုးတွေ သိအောင်ကူညီပေးပါ
ဖြစ်နိုင်ခြေရှိတဲ့ ဇာတ်လမ်းကိုပြောပြပါ။ သင့်ရဲ့သမီးကို ဒီလိုပြောနိုင်တယ်– ‘ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို သူ့ဆီ မဖွယ်မရာပုံတွေပို့ဖို့ ဖိအားပေးလာတယ်ဆိုပါစို့။ သူဘာလုပ်သင့်သလဲ။ ခင်မင်မှုပြတ်သွားမှာစိုးလို့ အလျှော့ပေးလိုက်မလား။ ငြင်းတော့ငြင်းလိုက်ပေမဲ့ အီစီကလီဆက်လုပ်နေမလား။ ခင်မင်မှုကို အဆုံးသတ်လိုက်မလား။ လူကြီးတွေကို ပြောပြမလား။’ သင့်သမီးဖြေလာတဲ့ အဖြေပေါ်မူတည်ပြီး ကူညီပေးပါ။ သင့်ရဲ့သားကိုလည်း ထပ်တူနည်းကိုသုံးပြီး မေးနိုင်ပါတယ်။—ကျမ်းစာ လမ်းညွှန်ချက်– ဂလာတိ ၆:၇။
ဆယ်ကျော်သက်ကလေးရဲ့ ကောင်းတဲ့သဘောထားကို ဖော်ထုတ်ပေးပါ။ ဒီလိုမေးခွန်းတွေမေးနိုင်တယ်– ‘နာမည်ကောင်းရှိဖို့ သမီးအတွက် ဘယ်လောက်အရေးကြီးသလဲ။ ဘယ်လိုအကျင့်စရိုက်ရှိတဲ့သူဆိုပြီး လူတွေကို သိစေချင်သလဲ။ သမီးက တစ်ယောက်ယောက်ကို မသင့်လျော်တဲ့ပုံ ပို့မိသွားလို့ အဲဒီသူ အရှက်ရသွားတယ်ဆိုရင် သမီးဘယ်လိုခံစားရမလဲ။ အရှက်ရအောင် မလုပ်ခဲ့ဘူးဆိုရင်ကော သမီးဘယ်လိုခံစားရမလဲ။’ သင့်ရဲ့ဆယ်ကျော်သက်ကလေးမှာ သန့်ရှင်းဖြူစင်တဲ့စိတ် ဆက်ရှိနေအောင် ကူညီပေးပါ။—၁ ပေတရု ၃:၁၆။
သင်ကိုယ်တိုင်ပုံသက်သေပြပါ။ ဘုရားသခင့်ဉာဏ်ပညာက စင်ကြယ်ပြီး အရေခြုံခြင်းမရှိဘူးလို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ယာကုပ် ၃:၁၇) သင့်ရဲ့အပြုအမူတွေက အဲဒီစကားတွေနဲ့ ကိုက်ညီပါသလား။ “ညစ်ညမ်းရုပ်ပုံ၊ ညစ်ညမ်းဝက်ဘ်ဆိုက်တွေ မကြည့်တဲ့နေရာမှာ ကိုယ်တိုင်ပုံသက်သေကောင်းပြဖို့လိုတယ်” လို့ စာအုပ်တစ်အုပ် (CyberSafe) မှာ ဖော်ပြထားတယ်။
^ အပိုဒ်၊ 5 “ဆက်စ်တင်” ဆိုတာက လိင်အကြောင်း ကွက်ကွက်ကွင်းကွင်း ရေးသားထားတဲ့စာ၊ ဓာတ်ပုံ၊ ဗီဒီယိုတွေကို ဆဲလ်ဖုန်းကနေတစ်ဆင့်ပေးပို့တာကို ပြောတာဖြစ်တယ်။ ပိုသိချင်တယ်ဆိုရင် jw.org/mya ဝက်ဘ်ဆိုက်ရဲ့ သမ္မာကျမ်းစာ သွန်သင်ချက်များ > ဆယ်ကျော်သက်များ ခေါင်းစဉ်အောက်က “လူငယ်များအမေး—ဆက်စ်တင်နဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ” ဆိုတာကို ကြည့်ပါ။