ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား
ဒီအန်အေရဲ့ အချက်အလက် သိုလှောင်နိုင်စွမ်း
ကွန်ပျူတာပညာရှင်တွေဟာ အချက်အလက်အများကြီးကို သိုလှောင်သိမ်းဆည်းထားနိုင်ပြီး လိုအပ်တဲ့အချိန်မှာ ပြန်ရှာနိုင်တဲ့ ကိရိယာများစွာကို တီထွင်အသုံးပြုနေကြတယ်။ သိပ္ပံပညာရှင်တွေဟာ သက်ရှိတွေမှာတွေ့ရတဲ့ ဒီအန်အေရဲ့ သိုလှောင်နိုင်စွမ်းကိုတုပပြီးတော့ လက်ရှိသုံးနေတဲ့ အချက်အလက်သိုလှောင်နည်းစနစ်တွေကို တိုးတက်ကောင်းမွန်အောင်လုပ်ဖို့ မျှော်လင့်နေကြတယ်။
သုံးသပ်ကြည့်ပါ– သက်ရှိဆဲလ်တွေမှာတွေ့ရတဲ့ ဒီအန်အေဟာ ကိုယ်ခန္ဓာဖွဲ့စည်းပုံနဲ့ ပတ်သက်တဲ့ အချက်အလက် သန်းထောင်နဲ့ချီကို သိမ်းဆည်းထားနိုင်ပါတယ်။ “မျိုးသုန်းပျောက်ကွယ်သွားပြီဖြစ်တဲ့ အမွေးရှည်ဆင်ကြီးတွေရဲ့ အရိုးစုတွေကနေ ဒီအန်အေကို ထုတ်ယူပြီး သူ့တို့ရဲ့ကိုယ်ခန္ဓာဖွဲ့စည်းပုံကို ပုံဖော်ကြည့်လို့ရတယ်” လို့ ဥရောပတက္ကသိုလ်တစ်ခုက ပါမောက္ခ နစ်ဂိုးမန်က ပြောပြတယ်။ “ဒီအန်အေဟာ အလွန့်အလွန်သေးငယ်ပြီး အချက်အလက်သိုလှောင်ဖို့ ဘာစွမ်းအင်မှမလိုတဲ့အတွက် သိမ်းဆည်းဖို့၊ တစ်နေရာကနေတစ်နေရာပို့ပေးဖို့ လွယ်ကူပါတယ်။” ဒါဆိုရင် ဒီအန်အေမှာ လူတွေသိမ်းဆည်းလိုတဲ့ အချက်အလက်တွေကို သိမ်းထားနိုင်သလား။ သိမ်းထားနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။
ကွန်ပျူတာလိုပဲ စာတွေ၊ ရုပ်ပုံတွေ၊ အသံသွင်းထားတဲ့ဖိုင်တွေကို သိုလှောင်နိုင်တဲ့ ဒီအန်အေကို သိပ္ပံပညာရှင်တွေ ပြုလုပ်ဖန်တီးခဲ့ကြတယ်။ သုတေသီတွေဟာ ဖန်တီးထားတဲ့ဒီအန်အေထဲမှာ ထည့်သွင်းထားတဲ့ အချက်အလက်တွေကို ရာနှုန်းပြည့်အမှားအယွင်းမရှိဘဲ ပြန်လည်ထုတ်ယူနိုင်ကြတယ်။ အနာဂတ်မှာ ဒီလိုနည်းပညာကိုသုံးပြီးပြုလုပ်ဖန်တီးထားတဲ့ ၁ ဂရမ်လောက်သေးငယ်တဲ့ ဒီအန်အေ အစိတ်အပိုင်းလေးက စီဒီအချပ်ပေါင်း ၃‚၀၀၀‚၀၀၀ လောက်ထဲမှာ သိုလှောင်ထားနိုင်တဲ့ အချက်အလက်တွေကိုသိမ်းထားနိုင်တဲ့အပြင် နှစ်ပေါင်းရာချီ၊ ထောင်ချီပြီးတော့တောင် ထိန်းသိမ်းထားနိုင်မယ်လို့ သိပ္ပံပညာရှင်တွေ ယုံကြည်ကြတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာ ကွန်ပျူတာအချက်အလက်တွေကို ဒီနည်းကိုအသုံးပြုပြီး သိမ်းဆည်းထားနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအန်အေကို “အကောင်းဆုံး အချက်အလက်သိုလှောင်နည်းစနစ်” လို့ အမည်ပေးထားပါတယ်။
သင်ဘယ်လိုထင်ပါသလဲ။ ဒီအန်အေရဲ့ အချက်အလက်သိုလှောင်နိုင်စွမ်းက သူ့အလိုလိုဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ထားတာလား။