သမ္မာကျမ်းစာရှုထောင့်
ကမ္ဘာမြေကြီး
ကမ္ဘာမြေနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်က ဘာလဲ။
“မိုးကောင်းကင်ကိုဖန်ဆင်းတော်မူသော ထာဝရဘုရား၊ မြေကြီးကိုပြုပြင်ဖန်ဆင်း၍ အမြဲတည်စေတော်မူသောအရှင်၊ အချည်းနှီးဖန်ဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဖို့ ဖန်ဆင်းတော်မူသော ဘုရားသခင်မိန့်တော်မူသည်ကား၊” —ဟေရှာယ ၄၅:၁၈။
လူအများပြောဆိုရာ
ကမ္ဘာမြေက သူ့အလိုလို ဖြစ်လာတာပါဆိုပြီး လူတချို့ပြောတယ်။ ဘုရားသခင်က လူတွေကို ကောင်းကင်အသက်တာ ဆုချရမလား၊ မီးငရဲမှာ ထာဝစဉ် ညှဉ်းဆဲရမလားဆိုတာ ဆုံးဖြတ်နိုင်ဖို့ ကမ္ဘာမြေကြီးကို စမ်းသပ်နယ်မြေအဖြစ် အသုံးပြုတယ်လို့ ဘာသာရေးဆရာတချို့က သွန်သင်ကြတယ်။
သမ္မာကျမ်းစာပြောဆိုရာ
“ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏” ဆိုပြီး ကျမ်းစာမှာပြောတယ်။ (ကမ္ဘာဦး ၁:၁) ကိုယ်တော်က ပထမဆုံးလူသားစုံတွဲကို ဒီလိုပြောခဲ့တယ်– “အချင်းတို့ များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍နိုင်ကြလော့။ . . . အသက်ရှင်၍မြေပေါ်မှာလှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့။” (ကမ္ဘာဦး ၁:၂၈) မနာခံမှသာ သေရမယ်ဆိုပြီး ဖော်ပြခဲ့တယ်။ (ကမ္ဘာဦး ၂:၁၇) ဒါကြောင့် ကမ္ဘာမြေကြီးကို လူသားတွေအတွက် ထာဝရစံအိမ်အဖြစ် ဘုရားသခင်ရည်ရွယ်ခဲ့တယ်ဆိုတာ သိရတယ်။ ကမ္ဘာမြေကြီးကို ပြုစုစောင့်ရှောက်သွားမယ့် နာခံမှုရှိတဲ့ လူသားတွေနဲ့ ပြည့်နေဖို့၊ သူတို့တွေ ကမ္ဘာမြေကြီးပေါ်မှာ ထာဝစဉ်အသက်ရှင်နေထိုင်သွားကြဖို့ ဖြစ်တယ်။
ကမ္ဘာမြေကြီး ပျက်စီးသွားမှာလား။
“မြေကြီးအမြစ်ကို ကာလအစဉ်အမြဲ မရွေ့မလှုပ်စေခြင်းငှာ တည်တော်မူသောဘုရားပေတည်း။”—ဆာလံ ၁၀၄:၅။
လူအများပြောဆိုရာ
သိပ္ပံပညာရှင်တွေက ကမ္ဘာကြီးဘယ်လိုနည်းနဲ့ ပျက်စီးသွားမလဲ၊ ဘယ်လို လူသူဆိတ်သုဉ်းသွားမလဲဆိုတာကို စိတ်ကူးယဉ်ဇာတ်လမ်းအမျိုးမျိုးနဲ့ အဆိုပြုဖော်ပြကြတယ်။ ဧရာမမီးတောင်ကြီးတွေပေါက်ကွဲတာ၊ ကမ္ဘာချီပူနွေးလာတာ၊ ကမ္ဘာကို ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုခုက လာတိုက်မိတာ၊ နေစွမ်းအင်ကုန်ဆုံးသွားတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေအပြင် လူတွေကြောင့် ရုတ်တရက်ဖြစ်ပွားတဲ့ နျူကလီးယားစစ်ပွဲတွေ၊ အဏုဇီဝလက်နက်နဲ့ အကြမ်းဖက်မှုတွေကို လူသားမျိုးနွယ်ကို ခြိမ်းခြောက်နေတဲ့ ဘေးအန္တရာယ်များလို့ တစ်ခါတစ်ရံ ခေါ်ဆိုတယ်။
သမ္မာကျမ်းစာပြောဆိုရာ
ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်က မပြောင်းလဲပါဘူး။ “မြေကြီးမူကား အစဉ်အမြဲတည်၏” လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ (ဒေသနာ ၁:၄) ‘ဖြောင့်မတ်သူတွေက မြေကြီးကို ပိုင်ဆိုင်ရပြီး အဲဒီမှာ ထာ၀စဉ်နေထိုင်ရလိမ့်မယ်’ ဆိုပြီး ပြောထားတယ်။ ဒါကြောင့် ကမ္ဘာမြေကြီးပေါ်မှာ လူတွေ အမြဲနေထိုင်သွားမှာဖြစ်တယ်။—ဆာလံ ၃၇:၂၉၊ ကဘ။
ဘာကြောင့် အရေးကြီးသလဲ။
ကမ္ဘာမြေကြီးက တစ်ချိန်ချိန်မှာ ပျက်စီးသွားမယ်လို့ ယုံကြည်ကြတဲ့အတွက် အဖိုးတန်သယံဇာတတွေကို အလွန်အမင်း တူးယူသုံးစွဲကြတယ်။ တခြားသူတွေကျတော့ အနာဂတ်မှာ မျှော်လင့်ချက်မရှိတော့ဘူးလို့တွေးပြီး လက်ရှိအတွက်ပဲ အသက်ရှင်ကြတယ်။ အဲဒါက အဓိပ္ပာယ်မဲ့၊ ရည်ရွယ်ချက်မဲ့တဲ့ ဘဝအသက်တာမျိုးကို ဦးတည်စေတယ်။ ဒါပေမဲ့ ကမ္ဘာမြေကြီးပေါ်မှာ ထာဝစဉ်အသက်ရှင်နေထိုင်ရမယ်ဆိုတာကို လက်ခံယုံကြည်တာက အနာဂတ်အတွက်တောင် ကိုယ်တိုင်နဲ့မိသားစုအကျိုးရှိစေမယ့် ဆုံးဖြတ်ချက်မျိုးချအောင် ထောက်ကူပေးမှာဖြစ်ပါတယ်။
ကောင်းကင်ဟာ လူသားတွေ နောက်ဆုံးသွားနေရမယ့်နေရာလား။
“ကောင်းကင်ကား ထာဝရဘုရား၏ကောင်းကင်ဖြစ်၏။ မြေကြီးကိုကား လူသားတို့အား ပေးတော်မူပြီ။”—ဆာလံ ၁၁၅:၁၆။
လူအများပြောဆိုရာ
လူကောင်းအားလုံး ကောင်းကင်သွားမယ်လို့ လူအများက ယုံကြည်ကြတယ်။
သမ္မာကျမ်းစာပြောဆိုရာ
ကောင်းကင်က ဘုရားသခင့်စံမြန်းရာ၊ ကမ္ဘာမြေကြီးက လူသားတွေအတွက်ဖြစ်တယ်။ ကျမ်းစာမှာ “နောင်လာမည့် လူနေထိုင်ရာမြေကြီး” အကြောင်း ပြောထားတယ်။ (ဟေဗြဲ ၂:၅) ယေရှုက ပထမဦးဆုံး ကောင်းကင်တက်သွားတဲ့သူဖြစ်ပြီး ရွေးချယ်ခံထားရတဲ့လူတချို့လည်း ကောင်းကင်သွားမယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ သူတို့ဟာ ယေရှုနဲ့အတူ “ဘုရင်များအဖြစ် မြေကြီးကို အုပ်စိုး” ကြမှာဖြစ်တယ်။—ဗျာဒိတ် ၅:၉၊ ၁၀; လုကာ ၁၂:၃၂; ယောဟန် ၃:၁၃။
ဘာကြောင့် အရေးကြီးသလဲ။
လူကောင်းအားလုံး ကောင်းကင်သွားမယ်ဆိုတဲ့ ယုံကြည်ချက်က ကျမ်းစာသွန်သင်ချက်တွေနဲ့ မကိုက်ညီဘူး။ တကယ်လို့ လူကောင်းအားလုံးကို ဘုရားသခင်က ကောင်းကင်ကိုခေါ်မယ်ဆိုရင် ကမ္ဘာမြေအတွက် ကိုယ်တော့်မူလရည်ရွယ်ချက်အတိုင်း မလုပ်ဆောင်ပေးရာရောက်တဲ့အပြင် ကမ္ဘာမြေအပေါ် ထာဝစဉ်အသက်ရှင်ရမယ်ဆိုတဲ့ ကတိပေးချက်ကလည်း မှန်တော့မှာမဟုတ်ဘူး။ အဲဒီအစား ‘ယေဟောဝါကိုမျှော်လင့်ပြီး ကိုယ်တော့်လမ်းစဉ်အတိုင်း လိုက်လျှောက်ပါ။ သင့်ကို ကိုယ်တော် ချီးမြှောက်လိမ့်မယ်။ သင်က မြေကြီးကိုပိုင်ဆိုင်ရလိမ့်မယ်’ ဆိုပြီး ကျမ်းစာမှာ ကတိပြုထားတယ်။—ဆာလံ ၃၇:၃၄၊ ကဘ။