“ရောဂါအပေါ်မှာပဲ စိတ်ရောက်မနေဘူး”
“တခြားသူတွေ ကူညီပေးမှ ကျွန်မ အိပ်ရာဝင်၊ အိပ်ရာထနိုင်တယ်၊ လမ်းလျှောက်ရင်လည်း အရမ်းနာတာပဲ။ အကိုက်အခဲပျောက်ဆေးကို မျိုလို့မရတဲ့အထိ ကျွန်မလည်ချောင်းက ကျပ်နေတယ်။ မပျောက်နိုင်တဲ့ အနာတွေပေါက်တယ်။ အနာတချို့ဆိုရင် ပုပ်သွားတဲ့အထိပဲ။ အစာအိမ်မှာ အနာပေါက်တယ်၊ ရင်ပူတယ်။ ဘာဖြစ်လို့ဖြစ်နေမှန်း မသိဘူး။ အဲဒီအချိန်မှာ ကျွန်မအသက်က ဆယ်နှစ်ပဲ ရှိသေးတယ်။”—အလီဆာ။
အရေပြားမာရောဂါကို ကမ္ဘာ့လူဦးရေ နှစ်သန်းခွဲခန့် ခံစားနေရတယ်။ ကလေးတွေမှာ အဖြစ်များတဲ့ ဒီရောဂါအမျိုးအစားက အရေပြားတစ်သျှူးမာသွားတဲ့ရောဂါ ဖြစ်တယ်။
အလီဆာမှာကျတော့ အသက်ဆယ်နှစ်ကစပြီး အရေပြားသာမက ကျောက်ကပ်၊ နှလုံး၊ အဆုတ်နဲ့ အစာအိမ်အူလမ်းကြောင်း စတဲ့ ကိုယ်တွင်းအင်္ဂါတွေပါ ထိခိုက်တဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ တစ်သျှူးတွေမာသွားတဲ့ ရောဂါဖြစ်နေတယ်။ အလီဆာကို ရောဂါကုပေးရင်တောင် နောက်ထပ် ငါးနှစ်ပဲ အသက်ရှင်မယ်လို့ ဆရာဝန်တွေက ပြောကြတယ်။ အခု အလီဆာဟာ နှစ်ဆယ့်လေးနှစ်ရှိနေပြီ။ ရောဂါမပျောက်သေးပေမဲ့ သူ့မှာ အကောင်းမြင်သဘောထားရှိတယ်။ သူ့ကျန်းမာရေးနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုအကြောင်း နိုးလော့! က သူ့ကို တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
ကျန်းမာရေးမကောင်းမှန်း ဘယ်တုန်းက စသိသလဲ။
ကျွန်မ ကိုးနှစ်အရွယ်မှာ တံတောင်ဆစ်ကွဲသွားတယ်။ တကယ်နာလိုက်တာ။ အနာကလည်း ကြီးသထက်ကြီးလာပြီး ပျောက်ကို မပျောက်နိုင်ဘူး။ ဒါနဲ့ သွေးစစ်လိုက်တော့ တစ်ကိုယ်လုံးက တစ်သျှူးတွေမာသွားတဲ့ ရောဂါရှိနေတယ်လို့ သိလိုက်ရတယ်။ ကျွန်မ ကျန်းမာရေးအခြေအနေ ဆိုးသထက်ဆိုးလာတဲ့အတွက် အရေပြားမာရောဂါကု ပါရဂူကို ရှာရတယ်။
ရှာလို့တွေ့သလား။
လေးဖက်နာရောဂါကုဆရာဝန်ကိုပဲ တွေ့ခဲ့တယ်။ ဓာတ်ကင်ရင် အရေပြားမာရောဂါ အဖြစ်နှေးမယ်လို့ သူက ပြောပြတယ်။ ပြီးတော့ ငါးနှစ်လောက် ဆက်အသက်ရှင်နိုင်မယ်၊ ရောဂါတောင် ပျောက်သွားနိုင်တယ်လို့လည်း ပြောတယ်။ ဒါပေမဲ့ ဓာတ်ကင်လိုက်ရင် ကိုယ်ခံအားနည်းလိမ့်မယ်။ အအေးမိရင်တောင် အသက်အန္တရာယ်ရှိနိုင်တယ်လို့ ကျွန်မကို ပြောပြတယ်။
ဆိုးဆိုးရွားရွား မဖြစ်ခဲ့ဘူးနော်။
ဟုတ်တယ်၊ ဒါကြောင့် အခုထက်ထိ အသက်ရှင်နေတာပေါ့။ ကျွန်မ အသက် ဆယ့်နှစ်နှစ်အရွယ်မှာ ရင်ဘတ်အောင့်တာ မိနစ်သုံးဆယ်လောက် ခံရတယ်၊ တစ်ခါတလေ တစ်နေ့ကို နှစ်ခါတောင်ဖြစ်တယ်။ နာလွန်းလို့ အော်နေရတယ်။
ဘာဖြစ်လို့လဲ။
ကျွန်မရဲ့ သွေးနီဥတွေ အရမ်းနည်းသွားလို့ ဦးနှောက်ထဲ သွေးရောက်စေဖို့ နှလုံးက အကြီးအကျယ် အလုပ်လုပ်နေရတာကို ဆရာဝန်တွေ တွေ့ရှိခဲ့တယ်။ ဒါနဲ့ ဆေးကု လိုက်လို့ နှစ်ပတ်၊ သုံးပတ်အတွင်းမှာပဲ သက်သာသွားတယ်။ ဒါပေမဲ့ အဲဒီတုန်းက ငါ မနက်ဖြန် ရှိပါ့ဦးမလားလို့ စဉ်းစားမိတာကို သတိရသေးတယ်။ အဲဒီအချိန်လောက် စိတ်ဓာတ်ကျခဲ့တဲ့အချိန် မရှိခဲ့ဖူးဘူး။
ရောဂါအခြေအနေကို သိခဲ့ရတာ ၁၄ နှစ်ရှိသွားပြီနော်။ အခု ကျန်းမာရေးအခြေအနေက ဘယ်လိုလဲ။
နာတာကျင်တာတွေတော့ အခုထိပဲ။ အရေပြားမာရောဂါနဲ့တွဲပြီး တခြားရောဂါတွေလည်း ဖြစ်တယ်။ အနာတွေ ပေါက်တယ်၊ အဆုတ် ရောင်တယ်၊ အစာမကြေလို့ ရင်ပူတယ်။ ဒါပေမဲ့ ရောဂါအပေါ်မှာပဲ စိတ်ရောက်မနေဘူး၊ ဝမ်းနည်းပက်လက်ဖြစ်မနေဘူး။ ကျွန်မမှာ တခြားလုပ်စရာတွေ အများကြီးရှိတယ်။
ဘာတွေများလဲ။
ပန်းချီဆွဲတယ်။ အဝတ်ချုပ်တယ်။ ဖန်စီနားကပ်လေးတွေ၊ လက်ကောက်လေးတွေ လုပ်တယ်။ အဲဒါတွေထက် ယေဟောဝါသက်သေတစ်ယောက်အနေနဲ့ ကျမ်းစာအကြောင်းပြောပြတယ်။ တခြားသူတွေရဲ့အိမ်ကို လမ်းလျှောက်မသွားနိုင်တဲ့ အခါတွေမှာတောင် ကျွန်မ ရပ်ကွက်မှာရှိတဲ့ လူတွေကို ကျမ်းစာသင်ပေးတဲ့ သက်သေခံတွေကို ကူညီပေးနိုင်တယ်။ ကျွန်မ ကိုယ်တိုင်မှာလည်း ကျမ်းစာသင်အံမှုရှိတယ်။ ဘုရားအမှုဆောင်ရတဲ့အတွက် ကျွန်မ ဘဝက အဓိပ္ပာယ်ရှိတယ်။
ကိုယ့်ပြဿနာနဲ့ကိုယ် ရှိနေရဲ့သားနဲ့ ဘာကြောင့် ဒီအလုပ်ကို လုပ်ရတာလဲ။
လူတွေကို ကျွန်မပြောပြတဲ့ သတင်းက တကယ်အရေးကြီးတယ်၊ အကျိုးလည်းရှိတယ်။ အဲဒီအပြင် တခြားသူတွေကို ဒီလိုကူညီပေးနိုင်တဲ့အတွက် ပျော်တယ်။ နောက်ပြီး ပိုလည်းကျန်းမာလာသလိုပဲ။ ဘုရားအလုပ်လုပ်နေတုန်းမှာ ကျွန်မ ရောဂါကို မေ့ပျောက်ထားနိုင်တယ်။
အကောင်းမြင်တဲ့ စိတ်ရှိဖို့ သမ္မာကျမ်းစာက ဘယ်လို ကူညီပေးသလဲ။
ကျွန်မနဲ့ တခြားသူတွေခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေဟာ မကြာခင် ပျောက်တော့မယ်။ ဗျာဒိတ် ၂၁:၄ မှာ အချိန်တန်တဲ့အခါ ဘုရားသခင်က “သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်” လို့ ပြောထားတယ်။ ဒီလိုကျမ်းချက်တွေကို ကျွန်မ စဉ်းစားလိုက်ရင် ဘုရားသခင်ပေးတဲ့ ကတိကို ပိုယုံလာတယ်။ ရောဂါဆိုးတွေရှိတဲ့သူတွေအတွက်သာမက တခြားသူတွေအတွက်လည်း အခြေအနေပိုကောင်းလာတော့မယ်။