ယုံကြည်ခြင်းသည် သင့်ဘဝကိုပြောင်းလဲနိုင်
ယုံကြည်ခြင်းသည် သင့်ဘဝကိုပြောင်းလဲနိုင်
“ဘုရားသခင်မပါဘဲ မွန်မြတ်တဲ့အကျင့်စရိုက်တွေရှိနိုင်တာ သေချာပါတယ်။” ၎င်းသည် မသိဝါဒီတစ်ဦး၏ထင်မြင်ချက်ပင် ဖြစ်ခဲ့သည်။ သူသည် မြင့်မားသောကျင့်ဝတ်များဖြင့် သားသမီးများကို မွေးမြူခဲ့ပြီး သူတို့အားလုံးက တစ်ဖန် သူတို့သားသမီးများကို ဘုရားသခင်အားယုံကြည်ခြင်းမရှိဘဲ အလားတူမြင့်မားသောစံနှုန်းများနှင့် ပြုစုပျိုးထောင်ခဲ့သည်ဟုဆို၏။
ယင်းကြောင့် ဘုရားသခင်အားယုံကြည်ခြင်း လုံးဝမလိုအပ်ဟု ဆိုလိုပါသလော။ ဤသူသည် ထိုသို့ထင်မြင်ယူဆခဲ့ကြောင်း ထင်ရှားသည်။ ဘုရားသခင်အားယုံကြည်ခြင်းမရှိသူတိုင်းသည် လူဆိုးမဟုတ်သည်မှာမှန်၏။ ဘုရားသခင်ကိုမသိကြသော်လည်း “ကိုယ်အလိုအလျောက်တရားတော်ကိုကျင့်သော” “သာသနာပလူတို့” အကြောင်းကို တမန်တော်ပေါလုပြောခဲ့သည်။ (ရောမ ၂:၁၄) မသိဝါဒီများအပါအဝင် လူခပ်သိမ်းတို့သည် ကိုယ်ကိုကိုယ်သိသောစိတ်နှင့် မွေးဖွားလာခဲ့ကြသည်။ လူအများသည် အမှားအမှန်ကိုပိုင်းခြားနိုင်သော ပင်ကိုစိတ်ထည့်ပေးထားသော ဘုရားသခင်အား မယုံကြည်ကြသော်လည်း သူတို့၏ကိုယ်ကိုကိုယ်သိသောစိတ် ညွှန်ကြားသည့်အတိုင်း လုပ်ဆောင်ရန်ကြိုးစားကြသည်။
သို့သော် ဘုရားသခင်အားခိုင်ခံ့စွာ—ကျမ်းစာကိုအခြေပြုထားသည့်—ယုံကြည်ခြင်းသည် ကိုယ်ကိုကိုယ်သိသောစိတ်၏ အထိန်းအကွပ်မဲ့လမ်းညွှန်မှုထက် ကောင်းမှုကိုပြုလုပ်ရန် သာ၍အစွမ်းထက်သည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်၊ သမ္မာကျမ်းစာအပေါ် အခြေပြုထားသောယုံကြည်ခြင်းသည် ကိုယ်ကိုကိုယ်သိသောစိတ်ကို အသိပေးကာ အကောင်းအဆိုးကို ပိုမိုပိုင်းခြားသိမြင်စေသည်။ (ဟေဗြဲ ၅:၁၄) ထို့ပြင် ဖိစီးမှုအကြီးအကျယ်ခံရချိန်တွင် မြင့်မားသောစံနှုန်းများကို ထိန်းသိမ်းထားရန် ယုံကြည်ခြင်းကအထောက်အကူပြုသည်။ ဥပမာ၊ ၂၀ ရာစုအတွင်း ရည်မွန်သူတို့ကို ကြောက်မက်ဖွယ်ကြမ်းကြုတ်မှုများပြုကြရန် . . . လွှမ်းမိုးမှုကို နိုင်ငံများစွာခံခဲ့ရ၏။ သို့သော် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်းရှိသူများသည် အသက်စွန့်သည့်တိုင် သူတို့ခံယူထားသောမူများကို အလျှော့ပေးလိုက်လျောရန် ငြင်းပယ်ခဲ့ကြသည်။ ထို့ပြင် ကျမ်းစာအခြေပြုယုံကြည်ခြင်းသည် လူတို့ကို ပြောင်းလဲစေနိုင်၏။ ပျောက်လွင့်နေပုံရှိသူများကို ကယ်ဆယ်နိုင်၍ ကြီးလေးသောအပြစ်များကို ရှောင်ကြဉ်ရန် ကူညီပေးနိုင်သည်။ နမူနာအချို့ကို သုံးသပ်ကြည့်ပါ။
ယုံကြည်ခြင်းသည် မိသားစုဘဝကို ပြောင်းလဲစေနိုင်
“သင့်ယုံကြည်ခြင်းကြောင့် မဖြစ်နိုင်တာကို ဖြစ်စေခဲ့ပြီ။” ဂျွန်နှင့်တာနီယာတို့၏ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချသောအခါ အင်္ဂလိပ်တရားသူကြီးတစ်ဦးသည် ထိုသို့ပြောခဲ့သည်။ ဂျွန်နှင့်တာနီယာတို့သည် အာဏာပိုင်များ၏အရေးစိုက်မှုကိုခံရချိန်တွင် သူတို့သည် လက်မထပ်ထားသည့်အပြင် သူတို့၏အိမ်ထောင်ရေးသည် အလွန်ဆိုးရွားခဲ့သည်။ မူးယစ်ဆေးဝါးသုံးစွဲပြီး လောင်းကစားတတ်သော ဂျွန်သည် သူ၏အကျင့်ဆိုးများအတွက် ရာဇဝတ်မှုကျူးလွန်ခဲ့၏။ သူသည် ကလေးများနှင့်သူတို့၏မိခင်ကို လျစ်လျူရှုခဲ့သည်။ ထို့ကြောင့် အဘယ် “အံ့ဖွယ်အမှု” ဖြစ်ခဲ့သနည်း။
တစ်နေ့သောအခါ ဂျွန်သည် သူ၏တူငယ် ပြောဆိုလိုက်သည့် ပရဒိသုအကြောင်း ကြားခဲ့သည်။ သူသည် သိလိုစိတ်ဖြင့် ကလေး၏မိဘများကို မေးခဲ့သည်။ ဤမိဘများသည် ယေဟောဝါသက်သေများဖြစ်ကြသည့်အတွက် ဂျွန်ကို ကျမ်းစာမှ ယင်းအကြောင်း သင်ပေးခဲ့၏။ တဖြည်းဖြည်းနှင့် ဂျွန်နှင့်တာနီယာတို့သည် သူတို့၏ဘဝအသက်တာများကို ပြောင်းလဲစေခဲ့သည့် ကျမ်းစာအခြေပြုယုံကြည်ခြင်း တိုးများလာခဲ့သည်။ ထိုအခါ သူတို့သည် တရားဝင်လက်ထပ်ခဲ့ကြပြီး သူတို့၏အကျင့်ဆိုးများကို စွန့်လွှတ်ခဲ့ကြသည်။ သူတို့အိမ်ထောင်ကို စစ်ဆေးခဲ့ကြသော အာဏာပိုင်များသည် မကြာခင်ကပင် ဖြစ်နိုင်ပုံမပေါက်သည့်အရာ—သန့်ရှင်းသပ်ရပ်သောအိမ်တွင် ပျော်ရွှင်သောမိသားစု၊ ကလေးများကို ပြုစုပျိုးထောင်ဖို့ လက်သင့်ခံနိုင်သောနေရာ—ကိုတွေ့မြင်ခဲ့ကြသည်။ ဤ “အံ့ဖွယ်အမှု” မှာဂျွန်နှင့်တာနီယာတို့၏ တွေ့ခါစယုံကြည်ချက်ကြောင့်ဖြစ်သည်ဟု တရားသူကြီးဆုံးဖြတ်ချက်ချခဲ့ခြင်းသည် မှန်၏။
အင်္ဂလန်မှ မိုင်ထောင်ချီကွာဝေးသည့် အရှေ့ဖျားဒေသမှ ငယ်ရွယ်သောဇနီးတစ်ဦးသည် အလွန်ဝမ်းနည်းဖွယ်စာရင်းဝင်သူတစ်ဦးဖြစ်လာတော့မည်။ သူသည် နှစ်စဉ် ကွာရှင်းခြင်းနှင့်အဆုံးသတ်ခဲ့ကြသော သန်းချီသည့်အိမ်ထောင်သည်အဝင်ဖြစ်ရန် ကြံစည်နေခဲ့သည်။ သူ့မှာ ကလေးရှိသော်လည်း ခင်ပွန်းသည် သူ့ထက်များစွာအသက်ကြီးသည်။ ဤအကြောင်းပြချက်ဖြင့် သူ၏ဆွေမျိုးများက ကွာရှင်းရန်တိုက်တွန်းခဲ့ကြသောကြောင့် သူသည် ထိုအတိုင်းပြုလုပ်ရန် အစီအစဉ်များစတင်ဆွဲနှင့်နေပြီ။ သို့သော် သူသည် ယေဟောဝါသက်သေတစ်ဦးနှင့် ကျမ်းစာလေ့လာနေ၏။ ၎င်းအခြေအနေကို ထိုသက်သေခံသိသောအခါ အိမ်ထောင်မင်္ဂလာနှင့်ပတ်သက်သည့် ကျမ်းစာပြောဆိုချက်များ—ဥပမာ၊ အိမ်ထောင်မင်္ဂလာသည် ဘုရားသခင်ထံမှ ဆုဖြစ်သည့်အတွက် ပေါ့ပေါ့တန်တန်သဘောထားရမည့်ကိစ္စမဟုတ်ကြောင်း—ကိုရှင်းပြခဲ့သည်။ (မဿဲ ၁၉:၄-၆၊ ၉) ‘ဆွေမျိုးရင်းချာတွေက ကျွန်မတို့မိသားစုကိုပြိုကွဲစေချင်တဲ့အချိန်မှာ တစိမ်းဖြစ်တဲ့ဒီအမျိုးသမီးကျတော့ ကာကွယ်ဖို့ကြိုးစားနေပါလား’ ဟူ၍ ထိုအမျိုးသမီးကိုယ်နှိုက်စဉ်းစားခဲ့သည်။ သူဆည်းပူးနေခါစယုံကြည်ချက်သည် သူ၏အိမ်ထောင်မင်္ဂလာကို ထိန်းသိမ်းရန် ထောက်ကူပေးခဲ့၏။
မိသားစုဘဝနှင့်ပတ်သက်သည့် ဝမ်းနည်းဖွယ်စာရင်းတစ်ခုမှာ ကိုယ်ဝန်ဖျက်ချခြင်းဖြစ်သည်။ ကုလသမဂ္ဂမှတ်တမ်းတစ်ခုအရ နှစ်စဉ် မမွေးသေးသောကလေး အနည်းဆုံး ၄၅ သန်းသည် တမင်ဖျက်ချခံနေရသည်ဟု ခန့်မှန်းခဲ့သည်။ ဤဖြစ်ရပ်တစ်ခုစီသည် ဝမ်းနည်းဖွယ်ကောင်းလှ၏။ ၎င်းစာရင်းထဲ မပါဝင်ရန် ဖိလစ်ပိုင်ရှိအမျိုးသမီးတစ်ဦးကို ကျမ်းစာအသိပညာက ကူညီပေးခဲ့သည်။
ထိုအမျိုးသမီးသည် ယေဟောဝါသက်သေများနှင့်တွေ့ဆုံခဲ့၍ ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း * ဘရိုရှာနှင့်ကျမ်းစာသင်အံမှုကို လက်ခံခဲ့ပြီး ကျမ်းစာစတင်လေ့လာခဲ့သည်။ လအနည်းငယ်အကြာတွင် အဘယ်ကြောင့်ကျမ်းစာသင်အံမှု လက်ခံခဲ့ရခြင်းအကြောင်းကို သူရှင်းပြသည်။ သက်သေခံများသည် ဤအမျိုးသမီးထံ ပထမဆုံးလည်ပတ်ခဲ့စဉ်က သူ့မှာ ကိုယ်ဝန်ရှိနေ၍ သူနှင့်သူ့ခင်ပွန်းတို့က ကလေးကိုဖျက်ချရန် ဆုံးဖြတ်ချက်ချထားနှင့်သည်။ သို့ရာတွင် ဘရိုရှာ၏စာမျက်နှာ ၂၄ ရှိမမွေးသေးသောကလေးပုံသည် ထိုအမျိုးသမီး၏နှလုံးကို ထိမိခဲ့သည်။ ‘ဘုရားသခင်သည် အသက်၏ပင်ရင်းအမြစ်’ ဖြစ်သောကြောင့် အသက်သည်မြင့်မြတ်ကြောင်းကို ကျမ်းစာအခြေပြုတွဲဖက်ရှင်းပြချက်က ကိုယ်ဝန်ဆက်လွယ်ထားရန် သူ့ကိုတိုက်တွန်းခဲ့သည်။ (ဆာလံ ၃၆:၉) ယခု သူသည် ချစ်စရာကောင်းပြီး ကျန်းမာသောကလေး၏အမေ ဖြစ်နေပြီ။
ယုံကြည်ခြင်းသည် အထင်အမြင်သေးခံရသူများကို ကူညီပေး
အီသီယိုးပီးယားတွင် ဟောင်းနွမ်းစွာဝတ်ဆင်ထားသော အမျိုးသားနှစ်ဦးသည် ယေဟောဝါသက်သေများ၏ဝတ်ပြုရာအစည်းအဝေးကို တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးပြီးသောအခါ သက်သေခံတစ်ဦးသည် ဖော်ရွေသောအပြုအမူဖြင့် သူတို့နှင့်မိတ်ဆက်ခဲ့သည်။ ထိုသူတို့သည် မိမိတို့ကိုပေးကမ်းရန် တောင်းဆိုခဲ့ကြသည်။ သက်သေခံသည် ပိုက်ဆံမပေးဘဲ ယင်းထက်ကောင်းသောအရာကို သူတို့အားပေးခဲ့၏။ ‘ရွှေထက်သာ၍တန်ဖိုးရှိသော’ ဘုရားသခင်၌ယုံကြည်ခြင်းကို တိုးပွားစေရန် သူတို့အားပေးခဲ့သည်။ (၁ ပေတရု ၁:၇) တစ်ဦးမှာ တုံ့ပြန်ခဲ့ကာ ကျမ်းစာကို စတင်လေ့လာခဲ့၏။ ၎င်းသည် သူ၏အသက်တာကို ပြောင်းလဲစေခဲ့သည်။ သူသည် ယုံကြည်ခြင်းတိုးများလာသောအခါ ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ အကျင့်ပျက်ပြားခြင်းနှင့် ကာတ် (စိတ်ကြွဆေး) အသုံးပြုခြင်းတို့ကို စွန့်လွှတ်ခဲ့သည်။ တောင်းစားမည့်အစား ကိုယ့်အားကိုယ်ကိုးရမည်ကိုသိရှိလာကာ ယခု သန့်ရှင်းသပ်ရပ်အကျိုးရှိစွာနေထိုင်နေပြီ။
အီတလီတွင် ၄၇ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးသည် ထောင်ဒဏ်ဆယ်နှစ်ကျခံရပြီး စိတ်ရောဂါကုဆေးရုံတွင် အချုပ်ခံထားခဲ့ရသည်။ ထောင်အားလုံးတွင်ဝင်၍ ဝိညာဉ်ရေးထောက်မမှုပေးခွင့်ရထားသော ယေဟောဝါသက်သေတစ်ဦးသည် သူနှင့်ကျမ်းစာသင်အံမှုပြုလုပ်ခဲ့၏။ ဤသူသည် တစ်မုဟုတ်ချင်းတိုးတက်လာခဲ့သည်။ ယခု တခြား
အကျဉ်းသားများပင် မိမိတို့၏အခက်အခဲများကို ဖြေရှင်းပေးရန် သူ့ထံမှ အကြံဉာဏ်တောင်းယူရသည့်အထိ ယုံကြည်ခြင်းက သူ၏ဘဝကို အကြီးအကျယ်ပြောင်းလဲစေခဲ့သည်။ သူ၏ကျမ်းစာအခြေပြုယုံကြည်ခြင်းကြောင့် ထောင်အာဏာပိုင်များ၏ အထင်ကြီးလေးစားမှုအပြင် ယုံကြည်စိတ်ချမှုကိုလည်းခံခဲ့ရသည်။မကြာသေးမီက သတင်းစာများသည် အာဖရိကမှ ပြည်တွင်းစစ်များအကြောင်းကို ဖော်ပြခဲ့သည်။ အထူးသဖြင့် တုန်လှုပ်ချောက်ချားစရာမှာ စစ်သားများဖြစ်ရန် လေ့ကျင့်ပေးခံခဲ့ရသော လူငယ်များအကြောင်းဖြစ်သည်။ ထိုကလေးများသည် သူတို့တိုက်ခိုက်ပေးနေသည့်အဖွဲ့ကိုသာ သစ္စာရှိကြောင်းတင်ပြရန် သူတို့ဆွေမျိုးများအား လူမဆန်စွာပြုမူဆက်ဆံရန် မူးယစ်ဆေးကျွေးခြင်း၊ ရက်စက်ကြမ်းကြုတ်စွာပြုခြင်း၊ အဓမ္မစေခိုင်းခြင်းခံရကြ၏။ ကျမ်းစာအခြေပြုယုံကြည်ခြင်းသည် ဤသို့သောလူငယ်များ၏အသက်တာကို ပြောင်းလဲစေနိုင်သည့်အထိ ထက်သန်ပါသလော။ အနည်းဆုံးအဖြစ်အပျက်နှစ်ခုက ထိုသို့ဖြစ်စေနိုင်ကြောင်းတင်ပြသည်။
လိုင်ဘေးရီးယား၌ အဲလက်စ်သည် ချာ့ခ်ျတွင် ဘုန်းကြီးအကူလုပ်ခဲ့သည်။ သို့သော် သူသည် အသက် ၁၃ နှစ်၌ စစ်အုပ်စုတစ်စုထဲဝင်ခဲ့ပြီး နာမည်ကျော်ကလေးစစ်သားတစ်ဦးဖြစ်လာခဲ့သည်။ တိုက်ပွဲတွင် ရဲစွမ်းသတ္တိရှိရန် သူသည် မှော်အတတ်ပညာဘက်သို့ ဦးလှည့်ခဲ့သည်။ အဲလက်စ်သည် သူ၏အပေါင်းအဖော်များစွာ အသတ်ခံခဲ့ရသည်ကို တွေ့မြင်ခဲ့သော်လည်း သူသည် အသက်ရှင်ကျန်နေ၏။ ၁၉၉၇ ခုနှစ်တွင် သူသည် ယေဟောဝါသက်သေများနှင့် တွေ့ဆုံခဲ့ပြီး သူတို့သည် သူ့ကို အထင်မသေးကြကြောင်းသိရှိ၏။ ယင်းအစား၊ သူတို့သည် အကြမ်းဖက်မှုနှင့်ပတ်သက်၍ ကျမ်းစာ၏ပြောဆိုချက်များကို သိရှိရန် ကူညီပေးခဲ့သည်။ အဲလက်စ်သည် စစ်မှထွက်ခဲ့၏။ သူ၏ယုံကြည်ခြင်းတိုးများလာသောအခါ “ဒုစရိုက် [မကောင်းမှု] ကိုလွှဲရှောင်၍ သုစရိုက် [ကောင်းမှု] ကိုပြုစေ။ သူတစ်ပါးနှင့် အသင့်အတင့်နေခြင်းကိုရှာ၍ မီအောင်လိုက်စေ” ဟူသော ကျမ်းစာပညတ်ကို လိုက်လျှောက်ခဲ့သည်။—၁ ပေတရု ၃:၁၁။
ထိုအတောအတွင်း ကလေးစစ်သားဟောင်း ဆမ်မဆမ်သည် ယခု အဲလက်စ်နေထိုင်သောမြို့သို့ရောက်လာခဲ့သည်။ သူသည် ခရစ်ယာန်ဓမ္မတေးအဖွဲ့ဝင်ဖြစ်ခဲ့သော်လည်း ၁၉၉၃ ခုနှစ်တွင် စစ်သားဖြစ်လာကာ မူးယစ်ဆေးအလွဲသုံးခြင်း၊ နတ်ဝိဇ္ဇာအတတ်လိုက်စားခြင်းနှင့် အကျင့်ယိုယွင်းမှုတို့ကို ပြုလုပ်ခဲ့၏။ ၁၉၉၇ ခုနှစ်တွင် သူသည် စစ်တပ်မှအထုတ်ခံခဲ့ရ၏။ သူသည် မွန်ရိုးဗီးယားသို့သွား၍ အထူးလုံခြုံရေးတပ်ထဲဝင်ရန် စီစဉ်နေချိန်တွင် သူငယ်ချင်းတစ်ဦးက ဆမ်မဆမ်ကို ယေဟောဝါသက်သေများနှင့် ကျမ်းစာသင်အံမှုပြုလုပ်ရန် တိုက်တွန်းခဲ့သည်။ ရလဒ်ကား၊ သူသည် ကျမ်းစာအခြေပြုယုံကြည်ခြင်း တိုးများလာခဲ့သည်။ ယင်းကြောင့် သူ၏စစ်မက်လမ်းစဉ်ကို စွန့်ပစ်ရန် သတ္တိရှိလာခဲ့သည်။ ယခု အဲလက်စ်နှင့်ဆမ်မဆမ်နှစ်ဦးစလုံးတို့သည် ကိုယ်ကျင့်တရားကောင်းသော အေးဆေးငြိမ်သက်သည့်အသက်တာဖြင့် နေထိုင်လျက်ရှိကြသည်။ . . . အသက်တာများကို ကျမ်းစာအခြေပြုယုံကြည်ခြင်းမှလွဲ၍ အဘယ်အရာက ပြောင်းလဲစေနိုင်မည်နည်း။
ယုံကြည်ခြင်းအစစ်အမှန်
၎င်းတို့သည် ကျမ်းစာအခြေပြု စစ်မှန်သောယုံကြည်ခြင်း၏တန်ခိုးကို ပေါ်လွင်ထင်ရှားစေရန် ဖော်ပြနိုင်သော ဥပမာများစွာအထဲမှ အချို့မျှသာဖြစ်သည်။ မှန်ပါသည်၊ ဘုရားသခင်အားယုံကြည်ပါသည်ဟု ဆိုရုံမျှဆိုကြသူတိုင်းသည် ကျမ်းစာ၏မြင့်မားသောစံနှုန်းများနှင့်အညီ နေထိုင်ကြသည်မဟုတ်ပါ။ ဘုရားမဲ့ဝါဒီအချို့သည် အမည်ခံခရစ်ယာန်အချို့ထက်ပင် ပို၍ကောင်းစွာအသက်ရှင်နေထိုင်ကြပေမည်။ ထိုသို့ဖြစ်ရခြင်းမှာ ကျမ်းစာအခြေပြုယုံကြည်ခြင်းသည် ဘုရားသခင်အားယုံကြည်ပါသည်ဟု ဆိုရုံထက်မကပါဝင်သောကြောင့်ဖြစ်သည်။
ယုံကြည်ခြင်းသည် “မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသောအရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်းဖြစ်၏” ဟူ၍ တမန်တော်ပေါလုဆိုခဲ့သည်။ (ဟေဗြဲ ၁၁:၁) ထို့ကြောင့် ယုံကြည်ခြင်းတွင် မချေပနိုင်သော သာဓကအပေါ်အခြေပြုသည့် မမြင်ရသေးသောအရာများ၌အခိုင်အမာစိတ်ချယုံကြည်ခြင်းပါဝင်၏။ အထူးသဖြင့် ဘုရားသခင်တည်ရှိသည်၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို စိတ်ဝင်စားသည်၊ ကိုယ်တော်၏အလိုတော်ဆောင်ရွက်သူများကို ကောင်းချီးပေးမည်အကြောင်း သံသယလုံးဝမရှိခြင်း ပါဝင်သည်။ တမန်တော်က “ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည်ကိုလည်းကောင်း ယုံကြည်ရမည်” ဟူ၍လည်းပြောခဲ့သည်။—ဟေဗြဲ ၁၁:၆။
၎င်းယုံကြည်ခြင်းမျိုးသည် ဤဆောင်းပါးတွင်ဖော်ပြခဲ့သော ဂျွန်၊ တာနီယာနှင့် အခြားသူများ၏ အသက်တာများကို ပြောင်းလဲစေခဲ့၏။ ဆုံးဖြတ်ချက်များချဖို့လမ်းညွှန်မှုရရှိရန်အတွက် ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာကို သူတို့အား အပြည့်အဝယုံကြည်စိတ်ချစေခဲ့သည်။ အဆင်ပြေသော်လည်း လမ်းမှားဖြစ်နေသည့်လမ်းစဉ်ကို မလိုက်မိစေရန် ခေတ္တအနစ်နာခံဖို့ ယင်းက သူတို့ကိုထောက်ကူပေးခဲ့သည်။ တွေ့ကြုံမှုအသီးသီးသည် ကွဲပြားခြားနားကြသော်လည်း တစ်ပုံစံတည်းစတင်ခဲ့သည်။ ယေဟောဝါသက်သေတစ်ဦးသည် ထိုသူတို့နှင့်ကျမ်းစာသင်အံမှုပြုလုပ်ခဲ့ကြရာ ကျမ်းစာဆိုသည်အတိုင်း ‘ဘုရားသခင်၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၍ တန်ခိုးနှင့်ပြုပြင်၏’ ဟူသည့်အချက် မှန်ကန်ကြောင်းကို သူတို့တွေ့ရှိလာခဲ့ကြသည်။ (ဟေဗြဲ ၄:၁၂) ဘုရားသခင်၏နှုတ်မြွက်စကားတော်တန်ခိုးက သူတို့တစ်ဦးစီ၏အသက်တာကို သာ၍ကောင်းသွားစေရန် ခိုင်ခံ့သောယုံကြည်ခြင်းကို သူတို့တွင်တည်ဆောက်ပေးခဲ့၏။
ယေဟောဝါသက်သေတို့သည် နိုင်ငံပေါင်းနှင့်ကျွန်းများ ၂၃၀ ကျော်တွင် တက်ကြွစွာအမှုဆောင်လျက်ရှိကြသည်။ ကျမ်းစာသင်အံမှုပြုလုပ်ရန် သင့်အားသူတို့ဖိတ်ခေါ်ပါသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား ကျမ်းစာအခြေပြုယုံကြည်ခြင်းသည် သင့်အသက်တာကိုလည်း အကြီးအကျယ်တိုးတက်ကောင်းမွန်လာစေနိုင်ကြောင်း သူတို့စိတ်ချယုံကြည်သောကြောင့်ဖြစ်ပါသည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 10 ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ မြန်မာမှထုတ်ဝေသည်။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
ကျမ်းစာအခြေပြု ယုံကြည်ခြင်းသည် အသက်တာများကို သာ၍ကောင်းစေ
[Picture Credit Line on page 2]
Title card of Biblia nieświeska by Szymon Budny, 1572